Sunday, August 2, 2009

ကဗျာ



ကဗျာ

လမ်းတလျှောက်မှာ နှင်းမှုန်ကျဲကျဲနဲ့
လေစိမ်းတွေက လွင့်နေတယ်
သစ်ပင်အိုကြီးရှိရာ သူအရောက်လာခဲ့တယ်။

သူကပြောတယ်
ကဗျာကိုမြတ်နိုးလို့လာခဲ့တာပါ
ကဗျာဆိုတာ ဘယ်နေရာ
ကဗျာရေးဖို့ ကဗျာအတွေးသင်ပေးပါ တဲ့။

သစ်ပင်အိုက ပြန်ပြောတယ်
ကဗျာဆိုတာ ကမ္ဘာမက ကျယ်ပြန့်တယ်
စကြ၀ဠာကို ခြေရာမလပ် သတိမှတ်နိုင်ဖို့လိုအပ်တယ်
ဝမ်းနည်းပါတယ် ပြန်လိုက်ဦးကွယ် တဲ့။

သူကပြောတယ်
စကြ၀ဠာသိန်းသန်းမက
မျိုချထားနိုင်တဲ့ နှလုံးသားပိုင်ရှင်ပါ
ကဗျာကိုမြတ်နိုးလို့လာခဲ့တာ
ကဗျာဆိုတာ ဘယ်နေရာ
ကဗျာရေးဖို့ ကဗျာအတွေးသင်ပေးပါ တဲ့။


သစ်ပင်အိုက ပြန်ပြောတယ်
ကဗျာဆိုတာ ဒုက္ခဆင်းရဲတို့ရဲ့ ဖွားဖက်တော် ဖြစ်တယ်
မျက်ရည်ပင်လယ် အတိမ်အနက် မှန်းခက်လှပါတယ်
ဝမ်းနည်းပါတယ် ပြန်လိုက်ဦးကွယ် တဲ့။

သူကပြောတယ်
လှိုင်းလေထန်တဲ့ ပင်လယ်တစ်စင်းကို
ရင်ခွင်ထဲသွင်းလို့ အားတင်းခံပါ့မယ်
ကဗျာကိုမြတ်နိုးလို့လာခဲ့တာ
ကဗျာဆိုတာ ဘယ်နေရာ
ကဗျာရေးဖို့ ကဗျာအတွေးသင်ပေးပါ တဲ့။

သစ်ပင်အိုက ပြန်ပြောတယ်
ကဗျာဆိုတာ ၀ိညာဉ်လှုပ်ပူး တစ္ဆေတွေ ကွန့်မြူးမှ
စိမ့်ထွက်လာတဲ့ လျှပ်တပြက်သက်တမ်းသာ ဖြစ်တယ်
ဝမ်းနည်းပါတယ် ပြန်လိုက်ဦးကွယ် တဲ့။

သူကပြောတယ်
အသက်ကိုနှင်းအပ် လောင်းကြေးထပ်လို့
တဒင်္ဂကို ထုပ်ပိုး တန်ဖိုးထားပါ့မယ်
ကဗျာကိုမြတ်နိုးလို့လာခဲ့တာ
ကဗျာဆိုတာ ဘယ်နေရာ
ကဗျာရေးဖို့ ကဗျာအတွေးသင်ပေးပါ တဲ့။


သစ်ပင်အိုက ပြန်ပြောတယ်
စကားလုံး အသံတို့ရဲ့ ဝေါဟာရဒီပနီအကျယ်
ဘာသာစကားရဲ့ ဖြားယောင်းမှုက တောနက်လွန်းတယ်
ဝမ်းနည်းပါတယ် ပြန်လိုက်ဦးကွယ် တဲ့။

သူကပြောတယ်
အရိုးနဲ့အရေပြား အသွေးအသားခန်းပါစေ
ပြားပြားဝပ်ဝပ် ကျမ်းစာတွေ ထွေးရွတ်ပါ့မယ်
ကဗျာကိုမြတ်နိုးလို့လာခဲ့တာ
ကဗျာဆိုတာ ဘယ်နေရာ
ကဗျာရေးဖို့ ကဗျာအတွေးသင်ပေးပါ တဲ့။

သစ်ပင်အိုက ပြန်ပြောတယ်
သီအိုရီဒဿန ဂိုဏ်းဂဏတို့ရဲ့ ပဋိပက္ခရယ်
အတတ်ပညာ ကဝေမာယာတွေက ဖမ်းစားတတ်တယ်
ဝမ်းနည်းပါတယ် ပြန်လိုက်ဦးကွယ် တဲ့။

သူကပြောတယ်
စိတ်အာရုံမထွေပြား တရားကိုမြဲမြဲဆုပ်
ကျောက်ရုပ်ဆင်းထု တူရူကိုတည့်တည့်ရှုပါ့မယ်
ကဗျာကိုမြတ်နိုးလို့လာခဲ့တာ
ကဗျာဆိုတာ ဘယ်နေရာ
ကဗျာရေးဖို့ ကဗျာအတွေးသင်ပေးပါ တဲ့။


သစ်ပင်အိုက သက်ပြင်းချတယ်
ဝမ်းနည်းပါတယ်
ရိုးသားမှုဆိုတာ သင်ယူလို့မရဘူးကွယ် ... တဲ့


လမ်းတလျှောက်မှာ နှင်းမှုန်ကျဲကျဲ
လေစိမ်းတွေက လွင့်နေတုန်းပဲ။




ပန်ဒိုရာ



17 comments:

Maydarwii said...

ကဗျာလေးကို သဘောကျလိုက်တာ။
အဟုတ်ပဲ …
ရိုးသားမှုက သင်ယူလို့မရဘူး … ။

ဒါနဲ့ “စကြ၀ဠာ” လို့ စာလုံးပေါင်းတယ် ပန်ရေ .. ။
ကကြီးပေါ်မှာ --င်္ လေး မပါဘူး။

ပန်ပန့်ကဗျာလေးကို စင်းလုံးချောလေး ဖြစ်စေချင်လို့ ပြင်ပေးတာနော် ... စိတ်ဆိုးနဲ့။ :)

ဖုန်းမြင့် said...

ကဗျာရေးချင်ရင် ကိုယ့်ဘဝကို ကျောက်တုံးနဲ့ခတ်လို့...အဲ့ဒီကထွက်ကျလာတဲ့ မီးပွားလေးတွေက တပိုင်းတစ ကဗျာတွေလို့
ပြောလိုက်ပါဦးကွယ်....း)

ခင်မင်စွာဖြင့်

Angel Shaper said...

နှင်းမှုန်ကျဲကျဲ လေစိမ်းတွေလွင့်နေတဲ့ လမ်းတစ်လျှောက်မှာ ရိုးသားမှုတွေ ရှာတွေ့ လိုက်ပါတယ်။ ကဗျာလေးက တဆင့်ပေါ့။
အရမ်းကောင်းတယ်။
ဘာမှ မပြောတတ်တော့ဘူးနော်။

imaginary clouds no 2 said...

ကဗျာရော ၊ ပုံရော သေချာဖတ်ကြည့်သွားပါတယ် အမ ။ ကဗျာက အရင်ကရေးနေတဲ့ ပုံစံမျိုးမဟုတ်ဘူးနော် ၊ ပုံထဲက ရေဆေးလို အရသာမျိုးရအောင် ဘယ်လိုလုပ်သလဲ ။ ကျနော်တော့ မစမ်းဘူးတော့ မသိဘူး ။ ကွန်ပျူတာနဲ့ ဆွဲရတာကို အားမသန်ဘူး ။ မလုပ်တတ်တာလဲပါတယ် ။

Winkabar said...

" ရိုးသားမှုက သင်ယူလို့မရဘူး" ..
ကဗျာလေးအရမ်းမိုက်တယ်အစ်မရေ။

မေလေးညို said...

ပထမဆုံးဝင်ကြည့်ပြီး ရင်မှာထိသွားပါတယ်။

သစ်ပင်အိုက ပြန်ပြောတယ်
ကဗျာဆိုတာ ၀ိညာဉ်လှုပ်ပူး တစ္ဆေတွေ ကွန့်မြူးမှ
စိမ့်ထွက်လာတဲ့ လျှပ်တပြက်သက်တမ်းသာ ဖြစ်တယ်

ဒီအပိုဒ်လေးကိုတော့ အကြိုက်ဆုံးပဲ။

အားပေးလျှက်ပါ။

rose of sharon said...

ကဗျာလေးကကောင်းလိုက်တာ...

MANORHARY said...

နှင်းမှုန်တွေဝဲ
လေစိမ်းတွေကတော့လွင့်နေတုန်းပဲ
လေစိမ်းတွေကလည်း..ကဗျာ..

အိန္ဒြာ said...

ပန်...

ရိုးမှုဆိုတာ သင်ယူလို့မရပေမယ့်..

ရိုးသားချင်ယောင်ဆောင်တာတွေကို သင်ယူနေကြတာနော်....

ကဗျာဟာ...
စိတ်အမှုန်အမွှားတွေအနယ်ကျထားတဲ့..
ပုံဆောင်ခဲတစ်ခုပါ....

ကဗျာလေး...ကို..အထပ်ထပ်ဖတ်နေမိတယ်...
သစ်ပင်အိုကြီးဟာ.....
ကဗျာလား....
ကဗျာတွေ သိမ်းဝှက်ပေးထားတဲ့
သမာဓိဂုဏ်မြောက် မြင့်မြတ်မှု ရှင်သန်နေထိုင်ခြင်းလား..
တွေးသွား..ငေးသွား..ကြိုက်သွားပါတယ်...

ပန်..။

ကျော်ညိုသွေး said...

ကဗျာလေးက ရိုးရိုးလေးနော်

mirror said...

လာရောက်ဖတ်ရှုလေ့လာသွားကြောင်းပါအစ်မရေ..။
ထပ်ထပ်ခါခါဖတ်မိတယ်၊အသုံးအနှုန်းလေးတွေ
ဂရုတစိုက်နဲ့ ဆင်ခြင်လေ့လာမိတယ်..။
နှစ်သက်မိပါတယ်ဆိုတာထက် ဘာမှပိုမပြောတတ်ပါဘူးလေ..။

လေးစားခင်မင်လျက်
ညီမ
Mirror

ကြည်ဖြူပိုင် said...

ဒီကဗျာလေးကို ဖတ်လိုက်ရတော့
ကဗျာရဲ့အဓိပ္ပါယ်တွေ အများကြီးသိသွားပါတယ် မပန်ရေ.
စိတ်ဝင်စားစရာကောင်းသလိုဆွဲဆောင်နိုင်တယ်

Kay said...

ကဗျာလေးက..အရမ်းကို ကောင်းပါတယ်။
( အရိုးသားဆုံး မှတ်ချက်ပေးသွားပါတယ်)

အိမ်ချမ်း said...

ကဗျာလေးကို ဖတ်ရှုသွားတယ် မပန်ရေ...
အဲဒီသစ်ပင်အောက်ကို တကယ်ရောက်သွားသလိုကို ခံစားရပါတယ်...

(လာတယ်နော်.. မလာဘူး စိမ်းကားတယ် မပြောနဲ့.. စိမ်းကားတာက.. သူ)
း)

Mhu Darye said...

ကဗျာ ဆိုလို့ လာဖတ်သွားတယ်။
း)

Andy Myint said...

ရိုးသားမှုက သင်ယူလို့ ရပါတယ်။ ကျွန်တော့်အထင် ပြောတာပေါ့လေ။ ကွဲလွဲနိုင်ပါတယ်။ ကျွန်တော်တို့ဟာ မွေးရာပါ ရိုးသားကြတာ မဟုတ်ပါဘူး။ စာပေတွေ တရားတွေကြောင့် ရိုးသားကြတာပါ။ အခုခေတ် ကျွန်တော်တို့ တော်ရုံတန်ရုံ မရိုးသားကြဘူးဆိုပေမယ့် စာပေတွေ တရားတွေသာ မရှိရင် ဒီထက်ပိုဆိုးကြမယ် ထင်ရဲ့။ တကယ်တော့ ကျွန်တော် ကဗျာ တစ်ပုဒ်လုံးကို (ထုံးစံအတိုင်း) နားမလည်ပါဘူး။ ဒီ Statement လေးက Highlight လုပ်ထားသလို ဖြစ်နေလို့ပါ။ မောင်တိန် ပြောသလိုပဲ ပုံမှာ Effet ထည့်ထားတာလေးက ကြည့်ရဆန်းတယ်။အထူးသဖြင့် နောက်ခံ အပြာတွေက ရေဆေးလိုမျိုးဖြစ်နေတာ..

Andy Myint said...

အဟီး ကျန်ခဲ့လို့ .. ကျွန်တော်က လူတွေရဲ့ ရိုးသားမှု Honesty ကိုပြောတာပါ။ ကဗျာထဲမှာ ခံစားလိုက်ရတဲ့ အနုပညာ ပင်ကိုဓါတ်ခံရှိမှု Originality (ကိုယ်ပိုင်ဟန်) ကိုပြောတာ မဟုတ်ပါဘူး။