Sunday, May 31, 2009

ဘုရားသခင်က လွှတ်လိုက်တယ်

ဘုရားသခင်က လွှတ်လိုက်တယ်



ဘုရားသခင်က..
လွှတ် လိုက် တယ်
ပြည်ဝင်ခွင့်မှာ အကျုံးဝင်ဖို့
ဘုရားသခင် ထိုးပေးလိုက်တဲ့ လက်မှတ်လိုတယ်
ဘုရားသခင်ရဲ့ ကိုယ်စားလှယ်ခင်ဗျား
လိုအပ်ချက်များ ပြည့်စုံမှ
နောက်တခေါက်ပြန်ကြွခဲ့ပါ။


ဘုရားသခင်က
လွှတ် လိုက်.. တယ်
ဘုရားသခင်က လွှတ်ပေးလိုက်တိုင်း
ဘာဒင်းမို့လို့ လွတ်ရမှာလဲ
ဘုရားသခင် အမိန့်ကိုပယ်ချ
အပါယ်ဝမှာ ထီမထင်
ရီ(ရယ်)တောင်ရီလိုက်ချင်သေးတယ်။


ဘုရားသခင်က လွှတ်..
လိုက် တယ်
ဘုရားသခင်က ဒီဘက်က လိုက်ရင်
ဟိုနောက်ကွယ်က ပတ်ပြေးမယ်
ဘယ်ခြောက်ကာ ညာလှမ်းလို့
သမင်လိုက်ခန်းတောင် ကလိုက်ဦးမယ်။


စကားရှုပ်ယှက်ရှင်းနဲ့
တရားထုပ်တက်နင်းပေါ့
ဘုရားသခင်…
ကိုယ်တိုင်ဆင်းခဲ့ပါ့။


ပန်ဒိုရာ

Expand..

Saturday, May 30, 2009

ကယ်လီဖိုးနီးယားသို့ စံပယ်ပန်းတကုံး ပေးပို့ခြင်း




ကယ်လီဖိုးနီးယားသို့ စံပယ်ပန်းတကုံး ပေးပို့ခြင်း

ကယ်လီဖိုးနီးယားက
ကန်ထုတ်လိုက်တဲ့ ဘောလုံးတလုံး
ငါ့ပြတင်းပေါက်ထဲ ၀ုန်းဆို ခုန်ဝင်လာတယ်
ဘောလုံးဟာ
ဂိုးတိုင်မမြင်ရတဲ့ အရပ်မှာ
အကန်အကျောက်ခံရင်း
ဦးတည်ရာမဲ့ ဆက်လိမ့်နေမှာလား။

ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့
ကဗျာစာရွက်တရွက်
ဘောလုံးတလုံးကို ဖက်ထားတဲ့
ဆယ်ကျော်သက်ကောင်လေးရဲ့
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က အိပ်မက်ထဲမှာ
အိပ်ရာထဲ ကျဲဖြန့်ထားတဲ့ စံပယ်ပန်းတွေပါခဲ့တယ် ဆိုပဲ။

နက္ခတ်တွေ ပြိုမကျခင်က
ပုံပြင်လှလှတွေထဲမှာတော့
ကန်သုံးဆင့်နားက ဖြတ်တိုက်သွားတဲ့ လေကို
ဆန်နင်းလာတဲ့ စက်ဘီးတစ်စီးပေါ်မှာ
ကံကြမ္မာက နှောင်ကြိုးဖြတ်ချမှာကို မသိသေးတဲ့
အဖြူအစိမ်းဝတ် စုံတွဲတတွဲရဲ့ ခိုးခိုးခစ်ခစ် ရယ်သံတွေ ကပ်ပါနေမယ်
အဲဒီနောက်တော့
သံတိုင်တွေနောက် ရောက်သွားခဲ့တဲ့
ငယ်ရွယ်နုပျိုမှုရဲ့
တောက်ခေါက်သံတချက် ထွက်လာတယ်
လရောင်ကို ဆာလောင်ခဲ့တဲ့
အမှောင်ည တွေထဲမှာ
စံပယ်တွေ တစ္ဆေခြောက်ခဲ့တယ်..တဲ့။

ဖူးပွင့်မှုကို
တန်ဖိုးမထားတဲ့အရပ်မှာ
ဝတ်မှုန်တို့က ရုတ်သိမ်းထားတဲ့
ရနံ့တွေကို လိုက်ရှာရတာ
အနှစ်နှစ်ဆယ်စာမက မောခဲ့တာပေါ့
သစ်ညိုပင်ကြီးတစ်ပင်အောက်က
ကျောင်းတွေပြန်အဖွင့်မှာ ပျောက်သွားခဲ့တဲ့
စံပယ်ပန်းနဲ့ လရောင်တွေဟာ
ဆူရှီဘားထဲကနေ အရည်ပျော်ပြီး
အတ္တလန္တိတ် သမုဒ္ဒရာထဲ မြုပ်သွားလေသတဲ့
ငါတို့အိပ်မက်တွေရဲ့ ဇာတ်သိမ်း
ဘယ်သူအတိတ်စိမ်းပေးသွားခဲ့တာလဲ။


ပန်ဒိုရာ

(အနှစ်နှစ်ဆယ်ကျော် ပျောက်ဆုံး ဖဲရှုံးလာတဲ့ အသည်းကွဲ ကဗျာဆရာ ခရစ္စတိုဖာ ကိုလန်ဘတ်စ် အတွက်)




Expand..

Monday, May 25, 2009

နေ့ကောင်းရက်သာများ




နေ့ကောင်းရက်သာများ

သမ္မာဒေ၀တို့က ဓမ္မကို စောင့်လာသည့်နေ့
ရေပြင်ထက် ပေါလောပေါ်နေသော ကျောက်ဖျာများ နစ်မြုပ်နိုင်မည့်နေ့
ကြက်ဆူပင်တို့ ခေါင်းမဖော်ဝံ့ဘဲ အနှစ်ရှိတောများသာ မင်းမူမည့်နေ့
နာသည်ကို နာသည်ဟု ပြောနိုင်မည့်နေ့
ဆာသည်ကို ဆာသည်ဟု ပြောနိုင်မည့်နေ့
ဘုရားက ဘုရားနေရာ မျောက်က မျောက်နေရာ
ခြင်္သေ့က ခြင်္သေ့နေရာ ဖားသူငယ်က ဖားသူငယ်နေရာ
ထို့သို့အစီအစဉ်တကျဖြစ်ရန် ဦးတည်လာမည့်
နေ့ကောင်းရက်သာများဝယ်
တွေ့ဆုံချင်ပါသည် ဟု ဆိုလိုခဲ့သည်။

ပန်ဒိုရာ



Expand..

Sunday, May 24, 2009

စိတ်မပါလက်မပါ ညနေခင်းတွေ




စိတ်မပါလက်မပါ ညနေခင်းတွေ


ဘာအရည်နဲ့မှ ဖျော်စပ်လို့မရ
ပျစ်ခဲနေတဲ့ဆေးတွေဟာ
တိမ်တွေကိုခြယ်လို့မရဘူး။

အမျိုးအမည်မသိ-မရှိ ငှက်တစ်ကောင်
သူပျံလိုရာကို ပျံသွားတာကို ငေးရင်း
ကြားဖူးတဲ့ ပုံပြင်တွေထဲက
နတ်သမီးကိုလည်း လိုက်မရှာတော့ပါ။

မပြတ်မြည်နေတဲ့ တယ်လီဖုန်းတစ်လုံးက
အင်အားကုန်လို့ အခန်းထောင့်မှာ ငြိမ်ကျသွားတယ်။

အပြင်လောကနဲ့ မိမိ
ပြတင်းပေါက်တစ်ပေါက်စာ ကွာဝေးနေချိန်
နေရောင်ဖျဖျက တိုက်တာခေါင်မိုးတွေထဲ တဖြည်းဖြည်းပျော်ဝင်နေတယ်။

ကြုံးဝါးကြွေးကြော်သံများ ဆိတ်သုဉ်းလျက်ရှိသော
တယောအိုတစ်လက် တအီအီမြည်တွန်နေသော
လူသွားလမ်းဘေးဝယ် တရွတ်တိုက်မျောပါနေသော
စားပွဲပုလေးပေါ် မေးတင်ငိုက်မျဉ်းနေသော
ကြေမွတွန့်ခေါက် ညနေခင်းကလေးကို
ကောက်ကိုင်လိုက်မှ ဖြတ်ခနဲ အက်ကွဲသွားလေတယ်။


ပန်ဒိုရာ

Expand..

Saturday, May 9, 2009

တတိယအနားကိုပြန်ညှိခြင်း

ခုတလော ၀တ္ထုအသစ် ရေးဖို့ကြိုးစားပေမယ့် ထွက်မလာပါ။ ရေးဖြစ်ခဲ့တဲ့ တစ်ပုဒ်တော့ လောကအလှကို ပေးလိုက်ပါတယ်။ အခုတော့ စာဖတ်စရာတွေ ရှိလာပြန်တယ်။ ဒါကြောင့် ဒီအတောအတွင်းမှာ အဟောင်းတချို့ကို ပြန်တင်ပေးပါမယ်။

မနှစ်က ဂျူလိုင်မှာ ထွက်ခဲ့တဲ့ သံလွင်အိပ်မက်မှာ ဖော်ပြထားတဲ့ တတိယအနား ဆိုတဲ့ ၀တ္ထုတစ်ပုဒ်ကို ဘလော့ဂ်မှာ ပြန်တင်လိုက်ပါတယ်။ ဖတ်ဖူးသူများ နောက်တစ်ခေါက် ပြန်ဖတ်ပေါ့နော်။ မဖတ်ရသေးသူတွေ အတွက်တော့ အသစ်ပေါ့။

----------

တတိယအနား






အဲသည် အပြိုင်မျဉ်းနှစ်ကြောင်းကို သူ ငေးစိုက် ကြည့်နေသည်မှာ အတော်ကြာပြီ။ လွန်ခဲ့သော တနာရီခန့်က ထိုမျဉ်းနှစ်ကြောင်းကြားတွင် တစုံတရာသည် ရုတ်တရက် လွင့်စင်ကြေမွ သွားခဲ့သည်။ ထိုတနာရီမတိုင်ကတော့ ထိုတစုံတရာသည် သက်ရှိအနေဖြင့် သူလိုငါလို အများအကြားတွင် လှုပ်ရှားသွားလာ နေထိုင်ခဲ့မည်။ အခုတော့..။

“လုပ်ချင်ရင်လည်း သည်လိုနေရာမှာမှ ဒါမျိုး လုပ်ရသတဲ့လား။ အိပ်ဆေးသောက် ပိုးသတ်ဆေးသောက်။ ငြိမ်ငြိမ်သက်သက်နဲ့ နည်းလမ်းတွေမှ အများကြီး။ အခုတော့ လူအများ အထိတ်တလန့်ဖြစ်ရတယ်။”

“အေးလေ.။ ရုံးသွား နောက်ကျပြီ။”

“ဒီက လေဆိပ်သွားမလို့။ ခရီးစဉ် နောက်ကျတော့မှာပဲ။”

“အို… ဖြစ်မှဖြစ်ရလေ..။ သူ့ခမျာ ဘာတွေများ ဒီလောက်စိတ်ညစ်နေပါလိမ့်။”

“သတ္တ၀ါအများ ကျန်းမာချမ်းသာကြပါစေ။ ဘုရားသခင် စောင့်ရှောက်ပါစေ။”

“သွားပြီ။ ကြည့်မိသွားတယ်။ ကြောက်စရာကြီး။ ဒီနေ့တော့ အစားအသောက် ပျက်ပါပြီ။”

“ဒီနိုင်ငံလေးမှာ ဒါမျိုးတွေ သိပ်ခေတ်စားတယ်နော်။ ဟိုတလောကလည်း အရှေ့ဘက်က ဘူတာမှာ တယောက်။”

“အဲဒါ လူစားတာဖြစ်နိုင်တယ်။ တနှစ်တယောက်တော့ အနည်းလေးပဲ။”

ရဲတွေ သတင်းသမားတွေ တစတစ ရှင်းပြီ။ အာမေဋိတ်သံများ ကြောက်လန့်တကြား အော်ဟစ်သံများ တီးတိုးဝေဖန်သံများ တဖြည်းဖြည်း ပါးလျပြီ။ ကျွတ်… ငါနဲ့မဆိုင်တဲ့ အရာတခုကို ဘာလို့ အချိန်ကုန်ခံပြီး ဒီလောက်တောင် ငေးနေမိသလဲ။ ဘူတာရုံကို သူ ကျောခိုင်းထွက်လာတော့ အသံများက ဝေးကာကျန်ခဲ့သည်။


……….

“ဒီအဖြစ်မျိုးတွေ ကြားရတာ များလှပြီ။ ဘ၀ကို ဘာလို့ သည်လို အဆုံးသတ်ချင်ရတာလဲကွာ။”

အိမ်ရောက်တော့ အခန်းဖော် သူငယ်ချင်းကို ပြောပြဖြစ်သည်။

“နာကျင်မှုတွေကို နာကျင်မှုတခုနဲ့ အဆုံးသတ်လိုက်တာ။”

သူငယ်ချင်းက မီးပူတိုက်နေရာမှ လှည့်မကြည့်ပဲ ပြောသည်။

“ဟုတ်ပြီလေ။ အဆုံးသတ်ရင်လည်း တခြားနည်းလမ်းတွေ အများကြီးရှိတာပဲ။ ဒီလောက်တောင်မှ နာနာကျင်ကျင် လုပ်ရသလား။”

“နာကျင်မှုဟာ ခံစားမှုတမျိုးပဲ။ အဲဒါကိုလည်း လူတွေက သာယာနိုင်ကြတယ်။ တခါတလေကျတော့ ကျေနပ်မှုကို အဲသည်မှာ ရှာနိုင်တယ် လို့ငါထင်တယ်။ ”

သူ နားမလည်ပါ။

“အဲဒါတော့ ငါမသိဘူး။ တခုတော့ရှိတယ်။ ငါကတော့ အဲသည်လိုနည်းလမ်းနဲ့ အဆုံးသတ်ဖြစ်မှာ မဟုတ်တော့ဘူး။ အခု ဒါမျိုးတွေကို တွေ့မိတယ်။ မကောင်းဘူးလို့ မြင်တယ်။ ပြောပြမိတယ်။ ငါတော့မလုပ်ဘူး။”

“ဒါက တပ်အပ်မပြောနိုင်ဘူး။”

သူငယ်ချင်းက ပြုံးပြီး သူ့ဘက် လှည့်ကာ ပြောလာသည်။

“ဘယ်လို”

“မင်း Basic Instinct ကြည့်ဖူးတယ် မဟုတ်လား။”

သူ မျက်ခုံးပင့်သွားသည်။ ဘာဆိုင်လို့လဲ။

“ ဟေ့ လျှောက်မတွေးနဲ့။ ဒီလိုပါ။ ငါပြောချင်တာ အဲဒီ ဇာတ်လမ်းမှာ မင်းသမီး စာရေးဆရာမက သူ့ဝတ္တုထဲမှာ ဘယ်လိုပုံစံနဲ့ လူသတ်မယ်ဆိုတဲ့ ဇာတ်ကွက်တွေကို ထည့်ရေးထားတယ်။ သူကိုယ်တိုင် လူသိရှင်ကြား ရေးခဲ့တဲ့အတွက် အပြင်မှာ ဒီလိုပုံစံနဲ့ပဲ သူက လူသတ်နိုင်မလားဆိုတာ မဖြစ်နိုင်တော့ဘူးလို့ အငြင်းပွားစရာ ဖြစ်တယ်။ သူက အဲဒါကို အလီဘိုင်ပြပြီး လှည့်စားလိုက်တာ။ တကယ်ကျတော့ အဲဒီအတိုင်း တကယ် လိုက်လုပ်ခဲ့တာပဲ။”

“ဒီတော့”

“ဆိုလိုတာက လူ့စိတ်က တမျိုးကွ။ တမင်ဖြစ်စေ အမှတ်တမြဲ့ဖစ်စေ မင်းကိုယ်တိုင် ဖြစ်ရပ်တခုခုကို တဖွဖွ ပြောခဲ့ဖူးလို့ တကယ့်တကယ်ကျတော့ တချိန်မှာ အဲဒါကို မလုပ်တော့ဘူးလို့ တပ်အပ် မဆိုနိုင်ဘူး။”

သူ ငိုင်တွေသွားသည်။ ဘာပြန်ပြောရမှန်း မသိ။

“လုပ်မယ် လို့လည်း တပ်အပ် မဆိုနိုင်ပါဘူးကွာ။”

သူငယ်ချင်းက သူ့ပခုံးကို နှစ်သိမ့်သလို တချက်ပုတ်ကာ ဆက်ပြောပြီး အ၀တ်တထပ်ကြီးကို မကာ အခန်းထဲဝင်သွားသည်။

ရင်ထဲမှာ ဟာတာတာနှင့် ကျန်ခဲ့သည်။ ဟာ.. ဆိုးလိုက်တာ..။ ဒီကောင် တော်တော်ကြောင်တာပဲ။ သူ စိတ်ထဲက တိတ်တိတ် ကျိန်ဆဲလိုက်သည်။ “စိတ်ထဲက…” ဟုတ်သည်။ စိတ်ထဲက။ ဒါက သူ့ရဲ့ထုံးစံ။ သူက စိတ်ထဲမှာပဲ အရာများစွာကို မျိုချထားတတ်သူ။

……….


သည်နိုင်ငံလေးကို သူ ရောက်နေတာ ဆယ်စုနှစ် တခုနီးပါး ကြာလှပြီ။ သည်အတောအတွင်း သူ မျိုချထားခဲ့ရတာတွေ အတော်များလှပြီ။ သူ့ရဲ့ ဘ၀ကြီးတခုလုံးထဲမှာ ထည့်သွင်း မျိုချထားရသည့် ဘ၀သေးသေးလေးတွေ များစွာရှိသည်။ ဒါတွေကို မျိုချဖို့အတွက် ၀ါသနာများ၊ အပန်းဖြေခရီးများ၊ ပျော်ပွဲရွှင်ပွဲများ၊ မိသားစုဘ၀၊ နွေးထွေးသော ညစာ၊ အိပ်ရေးဝခြင်း၊ ဟိုငေးသည်ငေးအချိန်များ စတာတွေကို သူထွေးထုတ်ခဲ့ရသည်။

သူ့စိတ်ကိုယ်တိုင်ကိုလည်း သူမျိုချ လို့ တခုခုဆုံးဖြတ်သည့် နေရာတိုင်းမှာ ကိုယ်ကလွဲ၍ ကျန်အရာများကို ထည့်တွက်ရန် ကျင့်သားရခဲ့တာ ကြာပြီ။ သည်အဆင်ကို ၀တ်လျှင် သူများအမြင်မှာ ကြည့်ကောင်းမယ် ထင်ရဲ့။ သည်ဘွဲ့ကိုယူလျှင်ဖြင့် အလုပ်အကိုင် အဆင်ပြေနိုင်ရဲ့ ။ သည်မိန်းမ ကိုယူရင်ဖြင့် မိဘများ စိတ်တိုင်းကျနိုင်ရဲ့။ ဒီနိုင်ငံကို လာအလုပ်လုပ်လျှင် သူတို့တွေအတွက် အဆင်ပြေနိုင်ရဲ့ စသည်...။

သူရခဲ့တဲ့ ဆုတံဆိပ်တွေ ဂုဏ်ထူးဆောင် လက်မှတ်တွေ အောင်မြင်မှုဟု ခေါ်ကြသော အရာတွေတိုင်းရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မသိတဲ့ ချွေးစက်အေးအေးတွေ ပုန်းအောင်းနေခဲ့သည်။

သူ့ရဲ့ ပထမဆုံး အတွေ့အကြုံတခုကို မှတ်မိနေသေးသည်။ အဲသည် အချိန်က ငါးနှစ်သားလောက်သာ ရှိသေးသည်။ ကလေးကဗျာတွေ အတော်များများကို အလွတ်ရသော သူ့ကို ရည်မှန်းချက်ကြီးသော အမေက စင်ပေါ်တွင် တက်ကာ ကဗျာရွတ်ဆို သရုပ်ဖော်ပြိုင်ပွဲ ၀င်စေချင်သည်။ သူ ကြောက်လန့်ရင်ခုန်စွာ ငြင်းဆန်ခဲ့။ သား.. ကြောက်တယ် မေမေ..။ ဟဲ့.. ဘာငိုမဲ့မဲ့  ဖြစ်နေတာလဲ။ အဖြစ်မရှိဘူးလား။ အိမ်မှာ ဒီလောက်ကျင့်ထားတာပဲ။ တက်လိုက်တက်လိုက်။ သွား.. သွားတော့။ လူတွေရဲ့ လက်ခုပ်သံက သူ့ရင်ကို ပိုခုန်စေသည်။ စင်အောက်က လူတွေ အများကြီးကို စင်မြင့်ပေါ်ကနေ တယောက်တည်း ကြည့်ရင်း မီးရောင်အောက်မှာ မျက်လုံးတွေေ၀၀ါးလာခဲ့သည်။ မလုပ်ချင်သော သို့သော် လုပ်ရမည်ဖြစ်သော အလုပ်တခုကို သူဘာတွေ လုပ်ခဲ့သလဲ။ ဆုတံဆိပ်တခုက သူ့ရင်ဘတ်ထဲ ပစ်ကျသည်။ အမေက ပျော်ရွှင်လို့။ ဂုဏ်ယူလို့။ သူ့လက်ဖ၀ါးတွေက အေးစက် ဖျော့တော့လို့။

သည်လိုနှင့် သူ့ကို တွန်းတွန်းပို့တင်လိုက်တဲ့ စင်မြင့်တွေ များများလာခဲ့သည်။ စင်အောက်မှာ လူများကတော့ သူ့ကို ငေးမောလျက်။ ပြာနှမ်းနေသော သူ့လက်တွေကို ဘယ်သူမှ မမြင်။ စေးထန်းထန်း ချွေးစက် တွေကို ဘယ်သူမှ မမြင်။

အတွေးတွေကို ခါယမ်းထုတ်ရင်း ဘေးနားက တယ်လီဖုန်းကို အလိုအလျောက် ကောက်ကိုင်လိုက်သည်။ တယ်လီဖုန်း ခေါ်ခတွေက သူ့နိုင်ငံအတွက်မှ ဘာလို့ ဈေးကြီးနေရတာလဲ။ ပြီးတော့ အိမ်နဲ့စကားပြောတိုင်း ဘာလို့ သူ့ဘက်ကပဲ စစ ခေါ်ပေးနေရတာလဲ။ တခါတလေ အိပ်ရာထဲမှာ မအီမသာ ဖျားနာတဲ့ ညမျိုးဆိုလျှင် မိုင်ပေါင်းများစွာက ဖြတ်သန်းလာမည့် တယ်လီဖုန်းသံတခုကို မဖြစ်နိုင်မှန်း သိပေမယ့်လည်း သူမျှော်မိသေးသည်။

သတိရလို့ ဆိုသော စကား နေကောင်းကြလားဟင် ဆိုသောစကား သူ့လည်ချောင်းဝက ထွက်မလာခင် တဖက်မှ စကားလုံးများ ဆက်တိုက် သူ့နားထဲ ဖြတ်စီးဆင်းသည်။ အတော်ပဲ ဖုန်းစောင့်နေတာ။ ဟိုနေ့က ပို့မယ် ပြောထားတဲ့ဟာ ဘယ်တော့ရောက်မှာလဲ။ ကုန်ဈေးနှုန်းတွေက အခုတလောတော်တော် ကြီးလာပြီ။ နောက်လကျရင် ပိုက်ဆံ နည်းနည်း ပိုပို့လိုက် သိလား။ အမေနဲ့ပြောဦး။ ရော့ရော့.. ဒီမှာ။ ပြောရဦးမယ်။ မင်းညီအငယ်ဆုံးက လာမယ့်လမှာ စာမေးပွဲပြီးမယ်။ အခုကတည်းက သူ့အတွက် အလုပ်ရှာထားလိုက်တော့။ သူလာရင်နေဖို့ အိမ်ရှာထားဦး။ ကလေးတွေကို ဒီနှစ် ကျောင်းပြောင်းမယ်။ ဒါမှ ဟိုရောက်ရင် စာလိုက်နိုင်မှာ။ အဲဒီကျောင်းမှာထားရင် ဒေါ်လာနဲ့…... တီ.. တီ။ ဖုန်းပြတ်သွားပြီ။

သူ ဖုန်းပြန်မခေါ်ဖြစ်တော့။ သူ့ကို သူတို့တွေက လိုအပ်ကြသတဲ့လား။ သူ့ကို လူတွေအများကြီးက တကယ် လိုအပ်လို့လား ဟု မကြာခဏ တွေးဖူးသည်။ သူကတော့ အမြဲ တခုခု လိုနေတဲ့ လူတစ်ယောက် ဖြစ်သတဲ့။ သူ့မန်နေဂျာက သူ့ဆရာတွေက သူ့မိသားစုက အားမလိုအားမရ မကြာခဏ ပြောဖူးသည်။

“နိုင်ငံခြားသားဖြစ်ရုံနဲ့ နှိမ်ထားတာ မဟုတ်ပါဘူး။ မင်းရထားတဲ့ဘွဲ့နဲ့ အသက်အရွယ်နဲ့ တကယ်တော့ ဒီ့ထက်မြင့်တဲ့ ရာထူးကို ရသင့်တာ ငါတို့သိတယ်။ ဒါပေမယ့် မင်းက ဆက်သွယ်ရေးမှာ တခုခုလိုတယ်နော်။ မင်းကဘာလို့ စကားပြောနည်းရတာလဲ။ အမှားအယွင်းတွေနဲ့ ပြောရတာလဲ။ အင်္ဂလိပ်ဘာသာစကားမှာ အခက်အခဲရှိနေတာလား။ မင်းသိတဲ့အတိုင်း တို့အလုပ်သဘာဝက အများကြီး သွက်လက်ပြီး ပြောနိုင်ဆိုနိုင်ဖြစ်ဖို့ လိုတယ်။ သည်အလုပ်ကို ရတာကိုက မင်းအများကြီး ကံကောင်းနေပြီ။ ဒါကြောင့်မင်းရဲ့ ခံစားခွင့်တွေကတော့ သူများတွေထက်စာရင်…”

မဟုတ်သေးဘူး။ သူတခုခု ပြန်ပြောချင်ခဲ့သည်။ နှုတ်က ချက်ချင်း ထွက်မလာ။ ထွက်မလာတာလည်း ကောင်းသေးသည်။ ထွက်လာလျှင် ထုံးစံအတိုင်း အထစ်ထစ်အငေါ့ငေါ့ အမှားမှား အယွင်းယွင်း ဖြစ်ဦးမည်။ တခြားသူတွေ သွက်သွက်လက်လက် ငြင်းခုန် ဆွေးနွေးနေလျှင် ကြားဖြတ် ပြောချင်စိတ် ကုန်ခန်းတတ်တာ။ ပြောချင်တာတွေနဲ့ ပြောမိတာတွေနဲ့ ကွဲပြားသွားတတ်တာ…။ သူ့ကိုယ်သူလည်း နားမလည်တော့။ တကယ်တော့ သူပြောချင်သော စကားတွေကို သူက ဘယ်တုန်းက ပြောထွက်ခဲ့လို့လဲ။ နားထောင်ပေးမည့် လူတယောက်ရော သူ့မှာရှိပါရဲ့လား။

ခဲတံနှင့်စာရွက်ကို သူက ကောက်ကိုင်လိုက်ပြန်သည်။ စိတ်ရှုပ်ထွေးလာလျှင် မျဉ်းကြောင်းကလေးတွေကို သူရေးခြစ်လေ့ရှိသည်။ မျဉ်းဖြောင့်နှစ်ကြောင်းတည်းကို ဘောင်ခတ်ကြည့်ရန် အမျိုးမျိုး ကြိုးစားနေတတ်သေးသည်။

တကယ်က ပြင်ညီ ပုံသဏ္ဍာန်တခု ဖြစ်လာရန် ဘောင်ခတ်ဖို့ အနည်းဆုံး အနားဖြောင့် သုံးနားတော့ လိုမည်ပေါ့။ အဲဒါကို တြိဂံဟုခေါ်သည်။ တြိဂံဟာ အခိုင်မာဆုံး ဖွဲ့စည်းပုံ တခုလည်း ဖြစ်သတဲ့။ အဆောက်အဦ အမြင့်တွေကို တြိဂံအခြေခံတဲ့ ပုံသဏ္ဍာန်နဲ့ တည်ဆောက်ရင် အခိုင်ခန့်ဆုံး ဖြစ်သတဲ့။ သူက တြိဂံတွေကို အားကျတတ်သူ။ သူ တြိဂံတခု ဖြစ်နိုင်ဦးမှာလား။

တကယ်လို့ လူတယောက်ရဲ့ ဘ၀မှာ ပေးထားချက်ဟာ အနားဖြောင့်နှစ်ခုသာ ဆိုပါစို့။ ဘ၀ကို လှပစွာ ဘောင်ခတ် တည်ဆောက်ဖို့ ပထမဦးဆုံးတော့ ထိုမျဉ်းနှစ်ကြောင်း ဒီဂရီအနည်းငယ် ဖြစ်ဖြစ် စုဆုံလာဖို့လိုမည်။ ပြီးတော့ တတိယအနားတခုဖြင့် အပြီးသတ်ရမည်။ သူလိုလူ တစ်ယောက်ကို ပေးထားတဲ့ အနားနှစ်ခုက ဘယ်လိုပါလိမ့်။ ခပ်တင်းတင်း မျဉ်းနှစ်ကြောင်းကြားမှာ ဘယ်နေရာကတိုင်းတိုင်း အကွာအဝေးတွေက တူညီနေသည်လေ။ သည်တော့ လျှောက်မိသော လမ်းကို ဆက်ကြည့်လိုက်လျှင် တမျှော်တခေါ်။ ဘယ်တော့မှဆုံးမှာလဲဟင်။ အနန္တအထိ မရပ်မနားလား ..။ အနားမသတ်နိုင်သော ပုံသဏ္ဍာန်တခုရဲ့ ဟိုးဝေးဝေးမှာ ဘာမှမမြင်ရဘူး။ ဟို.. ရထားလမ်းတွေလို..။ မောလိုက်တာ။

သူ ခုတင်ပေါ်ကို ပစ်လှဲလိုက်သည်။ သွားစမ်းပါ။ အားလုံး လဲသေလိုက်။ သူငယ်ချင်းကို ကျိန်ဆဲ။ သူ့အလုပ်က မန်နေဂျာကို ကျိန်ဆဲ။ သူ့ဘေးက တယ်လီဖုန်းကို ကျိန်ဆဲ။ ငါ့ကိုယ်ငါ ပိုင်တယ်။ ငါလုပ်နေတာတွေဟာ ငါလုပ်ချင်လို့လုပ်နေတာပဲ။ ဟော..။ သူ့ပါးစပ်က ထွက်ကျလာသော စကားလုံးတွေကို သူ့ဘာသာ မယုံကြည်နိုင်စွာ အလန့်တကြား ပြန်ထထိုင်မိသည်။

----

အခုတော့ သူအိပ်မက် မက် နေလေသည်။ အိပ်မက်မက်သည်ဟု ထင်သည်။ မီးလင်းနေသည့် စင်မြင့်တခုက အဆင်သင့်။ သွား.. စင်ပေါ်ကို တက်တော့။ တယောက်ယောက်က တွန်းပို့ပြန်ပြီ။ လူတွေအများကြီးက မျက်လုံးပေါင်းများစွာဖြင့် သူ့ကို ၀ိုင်းကြည့်နေပြန်ပြီ။ မေမေ.. မသွားချင်ဘူး..။ မင်း သတ္တိမရှိဘူးလား။ တသက်နှင့်တကိုယ် ကိုယ်တိုင်အတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက် ဘယ်မလဲ…။ မင်းကိုယ်မင်း ပိုင်တယ်..။ မင်းကံကြမ္မာကို မင်းပိုင်တယ်။ မင်းရဲ့ အစကို မပိုင်ခဲ့တောင်မှ.. မင်းရဲ့အဆုံးကို မင်းပိုင်တယ်..။

သိပ်ကို လိုအပ်ခံချင်တဲ့ကောင်…။ ကမ္ဘာလောကကြီး တခုလုံးမှာ သူ့ကို အမှန်တကယ် လိုအပ်နေတာ တနေရာတော့ ရှိရမည်ပေါ့။ ဟောဟိုမှာ.. ပြိုင်နေသော မျဉ်းနှစ်ကြောင်း။ အနားနှစ်ခုက ယိမ်းယိုင် ပေါင်းဆုံစပြုပြီလား။ အဆုံးသတ် ဘောင်ခတ်ဖို့ တတိယအနား ကိုသာ စောင့်နေပြီ။

မီးရောင်ဝင်းဝင်း နှင့် အရှိန်ပြင်းပြင်း ပြေးလာနေသော သဏ္ဍာန်တခု။ သွားလိုက်တော့.. သွားလိုက်တော့..။ ကြိတ်ဖြတ်တော့မည့် အရာနှင့် လုံလောက်သော အကွာအဝေး။ ခန္ဓာကိုယ်ကြီး တခုလုံး ၀ုန်းခနဲ။ ပြင်းထန်သော တခဲနက်အရှိန်။ ပြိုင်နေသော သံချောင်းနှစ်ချောင်းကြားမှာ ဘီးလုံးများ။ အသားကို ကြိတ်ပွတ်သော အတွေ့။ တကိုယ်လုံး နေရာအနှံ့မှ ဖျိုးဖျဉ်း စူးရှ ဝေဒနာ…။ မျက်လုံးထဲမှာ အနီ.. အပြာ… အနက်..။ အော်ကြည့်သည်။ ရုန်းထွက်ကြည့်သည်။ လေးလံလှချည့်..။ တစက္ကန့် တစက္ကန့်တိုင်းဟာ အခုတော့လည်း ..။ ဒါဟာ တကယ်ပဲလား။

အိပ်မက်လား တကယ်လား သိချင်လျှင် အသားကို ဆွဲဆိတ်ကြည့်ရသတဲ့။ အဆုံးစွန် ဝေဒနာ ခံစားထုံကျင်နေသူရဲ့ အသားလေးတမျှင်ကို ဆွဲဆိတ်ကြည့်ရုံနှင့် ဘာများထပ်မံ ခံစားသိနိုင်မှာလဲ။ ထားတော့။ မနိုးမချင်းတော့ ဒါဟာ အိပ်မက်ပဲဖြစ်သည်။



ပန်ဒိုရာ




Expand..

Monday, May 4, 2009

ပြောမဆုံးပေါင်

စိတ်ပင်လယ် စာတန်း ထဲက အက်ဆေးတစ်ပုဒ် တင်လိုက်ပါတယ်။ ဆရာတွေရဲ့ နုစဉ်ကာလက လက်ရာလေးတွေပေါ့။ ရှေ့မှာလည်း ပြောခဲ့တဲ့အတိုင်း ပိုင်ဆိုင်သူထံက ခွင့်ပြုချက် ရယူတာမျိုးတော့ မလုပ်နိုင်ခဲ့ပါ။ (ကိုယ်သိသလောက်) ဒီစာအုပ်က ရှားပါးပြီး နောက်တကြိမ် ပြန်ထုတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆတဲ့အတွက် ပျောက်ပျက်မသွားအောင်နဲ့ မြန်မာစာပေ မြတ်နိုးသူတွေ ဖတ်ရှုလို့ရအောင် အက်ဆေး တချို့ကို ဒီဘလော့ဂ်မှာ အခါအားလျော်စွာ တင်ပေးဖို့ ဆုံးဖြတ်ထားတာပါ။ မူပိုင်ခွင့် ပိုင်ဆိုင်သူက ကန့်ကွက်လာရင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။ နောက်ထပ် အခြားနေရာမှာ ကူးယူဖော်ပြဖို့ ခွင့်ပြုနိုင်ခွင့်တော့ ပန်ဒိုရာမှာ မရှိပါ။

စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဆရာမောင်ထွန်းလူရဲ့ အထ္ထုပတ္တိ အကျဉ်းလေးပါ ရေးပေးလိုက်တယ်။ စာလုံးပေါင်းတွေကတော့ မူရင်းအတိုင်းပါ။

မောင်ထွန်းလူ
၁၉၆၆ တွင် မြန်မာစာ ၀ိဇ္ဇာဘွဲ့ ရခဲ့သည်။ ယခုပညာ ဆက်လက်သင်ကြားဆဲ ကျောင်းသား တဦးဖြစ်သည်။ စာပေလေ့လာခြင်းကို ၀ါသနာ အထုံဖြစ်သည့်အလျောက် ရံဖန်ရံခါ ကဗျာ၊ စာညွန့်၊ ၀တ္ထုများ ရေးသားနေသူဖြစ်သည်။

ပြောမဆုံးပေါင်



အင်းဝခေတ် စာဆိုအကျော် ရှင်အဂ္ဂသမာဓိက နေမိဘုံခန်းတွင် ဗီရဏီနတ်သမီး၏ စကားသံကို `ငယ်သံတွတ်တွတ်´ ဟုဖွဲ့သည်။ မိန်းကလေးတို့သည် ငယ်မူငယ်ရာ ငယ်သံကလေးဖြင့် တွတ်တီးတွတ်တာ ပြောတတ်ကြသည်။ နှစ်လို့ဖွယ်၊ မြတ်နိုးစဖွယ်ကလေးပင် ဖြစ်၏ဟု မိန့်ခဲ့သည်။

ကျွန်တော့်အတွက်မူ ထိုငယ်သံတွတ်တွတ်သည်ပင် နားမချမ်းသာစရာ။ ကျွတ်စီကျွတ်စီနိုင်လှ၏။ မုန်းစရာဖြစ်နေ၏။ စိတ်ပျက်ဖွယ်ဖြစ်နေ၏။ သူတို့အသံကို ကြားရလျှင် ခေါင်းရှုပ်ရသည်။ ဦးနှောက် မူးဝေလာသည်။ စိတ်နောက်ကျိလာသည်။ ကျွန်တော် ထင်ပါသည်။ ကမ္ဘာပေါ်တွင် စကား အလွန်ပြောနိုင်သော သတ္တ၀ါတို့ကို ပြပါဆိုလျှင် အနှီမာတုဂါမများကိုသာ ပြရပေလိမ့်မည်။

အနောက်နိုင်ငံ စာရေးဆရာတဦးက မိန်းမတွေကို `စကားအလွန်များသောပစ္စည်း´ ဟု တင်စားသည်။ မော်တော်ကားပေါ်တွင် သရက်သီးစင်းလုံးပြည့်တင်လျှင် အသံမမြည်။ စပါးစင်းလုံးပြည့် တင်လျှင်လည်း အသံမကြားရ။ သို့သော် ထိုကားတွင် မိန်းမတယောက်၊ နှစ်ယောက်သာ ပါလျှင်မူ တကားလုံးညံသောဟူ၏။ ဆူသောဟူ၏။ အကောင်သေးလျက် အသံကျယ်သည့်၊ ပုရစ်ကဲ့သို့ မျိုးပါတည်း။

တနှစ်က ကျွန်တော် တောင်ကြီးသို့ သွားဖြစ်ပါသည်။ အပြန်တွင်ကားဖြင့် သာစည်ထိဆင်း၏။ ကားပေါ်တွင် မိန်းမကြီးတယောက် ပါလေသည်။ သူသည် ကားထွက်စကတည်းက ကားမောင်းသူကို စကားမရှိ စကားရှာကာပြောလာသည်။ သူ့အကြောင်း၊ သူ့ယောက်ျားအကြောင်း၊ သူ့သားသမီးများအကြောင်း စုံတကာစေ့။ လမ်းကလည်း အကွေ့အကောက် အပြတ်အလပ်များသော အဆင်းလမ်း။ သတိနည်းနည်း ချွတ်လျှင် နံဘေးကချောက်ထဲသို့ ကျဖို့သာရှိသည်။ ချောက်တွေလည်း နက်ပါဘိ။ ကားမောင်းသမားခမျာ သူ့ကိုလည်း စကားဧည့်ခံ၊ ကားကိုလည်း သတိထား မောင်းနေရနှင့်၊ ချွေးသီးချွေးပေါက်များပင်ကျလာသည်။ သူ့ဒုက္ခက ကြီးလှပါဘိ။

ကြာတော့ ကျွန်တော့်မှာ ထိုမိန်းမအသံစာစာကို နားကြားပြင်းကတ်လာသည်။ အလိုလို မုန်းလာမိသည်။ ကားသမားအစား စိတ်တိုလာသည်။ စကားက အရေမရ၊ အဖတ်မရ၊ အဆက်ကလည်းမပြတ်။ သူ့စီးပွားရေးမို့လားမသိ၊ ကားသမားကတော့ စိတ်ရှည်သည်။ ကျွန်တော်သာဆိုလျှင် စိတ်တိုဒေါပွပြီး ကားပေါ်မှ ကန်ချမိကောင်း ကန်ချမိမလားမပြောတတ်။ ကွေ့တကွေ့တွင် ထိုမိန်းမကြီးကို စကားလှည့်ပြောခိုက် အောက်မှ တက်လာသော ကားတစင်းနှင့် တိုက်မိမလိုဖြစ်ပြီး ချောက်ထဲ ကျလုမတတ် ဖြစ်ခဲ့ရ၏။ သည်တော့မှ ထိုမိန်းမကြီးမှာ ခြေမကိုင်မ၊ိ လက်မကိုင်မိ၊ မျက်လုံးပြူး၊ မျက်ဆံပြူး၊ ကြောက်ဒူးများတုန်တော့သည်။ `ကံကြီးပေလို့သာ မသေ´ ဟုဆိုသည်။ ထိုအကြောင်းကိုလည်း ပြောမဆုံးပေါင် တောသုံးတောင် ချဲ့နေတော့သည်။

အကယ်၍ သာစည်တွင်မရပ်ဘဲ တကမ္ဘာလုံး ပတ်နေလျှင် တချိန်လုံးများ စကားပြောနေနိုင်မလားမဆိုနိုင်။ စကားပြောတိုင်းသာ ကားများ၊ စက်ဘီးများလို လေထိုးလေဖြည့်ရလျှင် ခက်ချိမ့်မည်။ လေထိုးခနှင့်ပင် မွဲရချိမ့်မည်။

သို့ကြောင့်ပင် မိန်းမများ စကားအနည်းဆုံးပြောလိုက်ရသောလသည် ဖေဖေါ်ဝါရီလ ဖြစ်သတည်းဟု ဟာသဖြစ်လာခဲ့ဟန်တူသည်။

မိန်းကလေးတို့ကို ပန်းပွင့်လှလှကလေးများနှင့် နှိုင်းနိုင်ပါသေးသည်။ ပန်းပွင့်ကလေးတို့ကမူ စကားမများတတ်ကြ၊ မိန်းမများကမူ စကားများသည်ဖြစ်၍ ပန်းပွင့်ထဲတွင် ပိတုံးဝင်နေသည်နှင့် တူပါတော့သည်။ တဒီဒီ၊ တ၀ီဝီ…။ နားငြီးစရာ။ အဘယ်မှာလျှင် ငယ်သံတွတ်တွတ်ဟု ဆိုနိုင်ပါမည်နည်း။

သူတို့သည် ကားစီးရင်းလည်း စကားများသည်။ ရထားစီးရင်းလည်း စကားပြောသည်။ ကျောင်းခန်းတွင်လည်း ကျွက်ကျွက်ညံ၏။ ဘုရားပေါ်တွင်လည်း သူတို့အသံ။ ဥပုသ်စရပ်၌လည်း ညံမစဲ။ ဈေးထဲသွားမလား အုတ်အုတ်ကျက်ကျက်။ သူတို့မှာ စကားသာ ပြောနေရလျှင် ထမင်းမေ့၊ ဟင်းမေ့၊ တလောကလုံးကိုမေ့သည်။ မိန်းကလေးနှစ်ယောက်သာရှိ။ လက်ပံပင် ဆက်ရက်ကျသထက် ဆိုးရော့မည်။ မိန်းကလေးသိုက် ကျားဝင်ကိုက်လျှင်လည်း သိမည်မဟုတ်ဟုဆိုရသော် ရကောင်းအံ့ ထင်သေး၏။

ကျွန်တော်တွင် အမနှစ်ယောက်ရှိပါသည်။ ကျွန်တော်တို့ သုံးယောက်မှာ ကိုယ့်ခရီးနှင့် ကိုယ်ဖြစ်၍ ညမှပြန်ဆုံမိကြသည်။ ပြန်လာလျှင် ကျွန်တော့်မှာ ရင်တထိတ်ထိတ်၊ ညအိပ်ရမှာကို ကြောက်မိသည်။ သူတို့သည် အိပ်ရာဝင်သည့်တိုင် စကားစမပြတ်တတ်။ ကြာတော့ ကျွန်တော့်မှာ နားမခံသာတော့။ မနက်မှထပြောကြရန် တောင်းပန်ယူရသည်။ သို့သော် အချည်းနှီး။ သူတို့ကမူ မီးခိုးမဆုံး မိုးမဆုံး။ တတွတ်တွတ် တွတ်ထိုးတုန်း။ ပြောမ၀၊ ဆိုမ၀။ အကြောင်းက မျိုးစုံလှသည်။ စီကာပတ်ကုံးလည်းပြောတတ်သည်။ နောက်ဆုံး နှစ်ယောက်ချင်း ပြောစကားကိုပင် အတိုင်အဖောက်၊ အချက်အကျကျ ပြန်ပြောတတ်၏။ သည်အရာတွင် သူတို့မှတ်ဥာဏ်ကောင်းလှ၏။ အားလုံးမမေ့။ ထိုဥာဏ်ကို အတတ်ပညာ တခုခုတွင် အသုံးချလိုက်က အဘယ်မျှ ကောင်းလေမည်နည်း။ အသိပညာရှင်ကြီးများ၊ အတတ်ပညာရှင်ကြီးများ ဖြစ်မည်မုချ။ သို့သော် ကျွန်တော့် အမကြီးသည် လေးတန်းကို အနိုင်နိုင်အောင်ခဲ့ရ၏။ အမငယ်က ဆယ်တန်းတွင် တဘုံးဘုံးကျကောင်းတုန်း။

သည်မျှထိစကားပြောနိုင်သော မိန်းမများနှင့် ရှေးပဝေသဏီ ကျောက်ခေတ်မှ ယနေ့ထိ တိုင်သော ယောက်ျားကြီးများသည် မည်သို့များနေထိုင်လာခဲ့သနည်းဟု ကျွန်တော် စဉ်းစားနေမိပါသည်။ သည်းခံ နေထိုင်လာခဲ့သော ယောက်ျားကြီးများကိုလည်း ကျွန်တော် ချီးကျူးနေမိပါသည်။ သို့သော်…။

သို့သော်….. ကျွန်တော်တခုတော့ စိုးရိမ်ကြောက်မိနေပါသည်။ ထိုတခုမှာ ကျွန်တော်နှင့် တွေ့ချိန်တွင် ကျွန်တော့ချစ်သူ နှုတ်ဆိတ်နေမည်ကိုသာတည်း။


မောင်ထွန်းလူ
(စိတ်ပင်လယ်စာတန်း ၁၉၆၇ မှ)




Expand..

Saturday, May 2, 2009

ငဝန်ဧရာ ပမ္မဝတီ ရွေးနဒီ တကြော မျောလာတဲ့ ဒိုက်တစ်မျှင်



ငဝန်ဧရာ ပမ္မဝတီ ရွေးနဒီ တကြော မျောလာတဲ့ ဒိုက်တစ်မျှင်


တိတ်ဆိတ်နေတဲ့ ပင်လယ်
ကြယ် မကြွေ၊ တော် မလဲ
လက်နက် ဝင်းလက် မပြိုးပြက်
သမားရိုးကျရက်တွေထဲက တစ်ည
ဘုရားသခင် စွန့်ပစ်လိုက်တဲ့ အမှိုက်တစ်စ
င၀န်မြစ်ညာအရပ်က ကျလာတယ်။

ပန်းခက်တွေရေးထားတဲ့
ဖျင်ထီးရောင်စုံ
ငဝန်မြစ်ဝမှာ ငယ်မူကြွ လှနေတုန်း
အပြာမှာ အ၀ါဆင်
ပွင့်ဖူးတလွင်လွင်နဲ့
ဗေဒါပင်ကို အားကျ
ရေကျော်ဝကနေ ချောင်းထဲဝင်
လတာပြင်ကို မိတ်ဖွဲ့လို့
ဂျွမ်းအတတ်ကို ငဖျံဆီမှာသင်
ဒိုက်အဆင် ဒိုက်အသွေးကိုမေ့လို့
ခပ်ရေးရေး စိတ်ကြီးဝင်ခဲ့သေးတယ်။

ဘုတ်မက အီနေတုန်း
ကျူရိုးရှင်က ပီနေတုန်း
ပမ္မ၀တီရဲ့ ရေချိုရေငန်စပ်မှာ
ဗေဒါတွေကျပ်
ဗျိုင်းဖြူတွေ တောင်ပံခတ်ချိန်အထိ
အစုန် အဆန် ဆင်းခဲ့တယ်
နေလုံး မှိန်ပြန်တော့
အိမ်.. ဆိုတာရဲ့ ဒဿန
ချ မပြချင်သေးတဲ့အခါ
ဆည်းဆာချိန် တိမ်အတွေးထဲမှာ
သဲသောင်ပြာပြာက တနံတလျားကျယ်သွားခဲ့တယ်။

တွေးခဲ့ဖူးတယ်….
ဧရာဝတီသင်္ဘောရဲ့ အထက်တန်းအိပ်စင်က
ပစ်ချလိုက်တဲ့ ဘီယာဗူးခွံတစ်လုံးကို
ငှက်သမ္ဗာန်တစ်စင်းရဲ့ နံဘေးကနေ
ငေးကြည့်ရင်း တွေးခဲ့ဖူးတယ်
ကောင်းကင်နဲ့မြေသား
အလွှာအထပ်ထပ်တွေကြားမှာ
ဘီယာဗူးတစ်လုံးစာ ခြားနားနေသလား။

တွေးခဲ့ဖူးတယ်…
စပါးတွေ ဆားတွေ ငါးတွေကိုပေးတဲ့
ကြွယ်ဝတဲ့မြစ်ချောင်းတွေကြား
ဓနိပင် လမုတန်း နုံးစပ်စပ်မှာ
ကဏန်းနှိုက်နေကြတဲ့ အင်္ကျီမပါတဲ့ကလေးတွေ
ရွှံ့ရောင်မွဲနေတဲ့ တောသူတောင်သားတွေ
ကမ်းမကပ်နိုင်တဲ့ ဒိုက်ဖတ်တွေ အတွက်
နက္ခတ်တွေ လင်းမပြနိုင်တဲ့အခါ
ဘယ်အရာက ချည်ထုံးထားခဲ့တာကြောင့်လဲ။

တွေးခဲ့ဖူးတယ်…
တကယ်လို့များ
အိန္ဒုမြစ်က ရေ
နိုင်းမြစ်ကရေ
သိန်းမြစ်က ရေ
မြစ်ဝါမြစ်က ရေ
ဗော်လဂါမြစ်က ရေ
ကမ္ဘာ့မြေပုံထဲက ရေတွေအားလုံးက
ဆာတယ်ဆာတယ်လို့
သံပြိုင်တက်တက် အိပ်မက်စိမ်းပေးလာကြတဲ့အခါ
ဘယ်အရာနဲ့ မွတ်သိပ်မှုပြေစေမလဲ။

တွေးခဲ့ဖူးတယ်…
မြစ်တစ်စင်းထဲမှာ ရေနှစ်ခါချိုးလို့မရဘူး တဲ့
နှစ်ခါမက ထပ်ထပ်မှားခဲ့တဲ့ အမှားတွေကို
ဘယ်မြစ်ရေမှာ ဘယ်လိုဆေးကြောရပါ့
ရွေးမြစ်ကမ်းလှလှက
ဆားငန်ရေ ၀ သွားတဲ့ ဒိုက်မျှင်ဟာ
ငရဲတံခါး ဖြတ်ကျော်ရင်
သံသရာကိုပါ မေ့လျော့စေတဲ့ မြစ်မှာ
ကူးခပ်ရင်းနစ်နေပြီလားကွယ်။

အချိန်ဆိုတာ
လူတွေသတ်မှတ်ထားတဲ့ ရေစီးကြောင်း
အနာဂတ်ဆိုတာ
စိတ်ကူးမြစ်တို့စုဆုံရာ ပင်လယ်
ကံကြမ္မာဆိုတာ
အရာရာ အစိုးမရနိုင်တဲ့ လေထု
ရေပြင်ကျယ်တကြော
မျောလာတဲ့ ငွေ့ရည်တွေဟာ
ရူးသွပ်သွေးဆာ သွားတဲ့အခါ
မာယာတွေဖွဲ့ ဗျူဟာတွေချဲ့တယ်
တံပိုးခရာသံ အသစ်နဲ့
နာဂစ်တံဆိပ်ကိုကပ်ထားတဲ့
မေ ၂ ရဲ့ စစ်ကြေညာသံက
မျှော်လင့်ချက်တွေကို အငိုက်မိ လန့်နိုးစေတယ်။

အချစ်ကိုသာ သယ်လာဖူးတဲ့
ဂန္ထ၀င်မြစ်တွေဟာ
သည်စစ်ပွဲမှာ အလဲအကွဲပေါ့
မိစ္ဆာတွေရဲ့ ညှီစို့စို့ ရနံ့တွေကို
ရေငန်တရိုးက စောင်းသံနဲ့ မလှန်နိုင်ခဲ့
ပင်လယ်ထဲက မှိန်းတစ်လက်နဲ့
နက်ပကျွန်းက ဂုတ်ခွစီးလာချိန်
ပုဆိန်တွေ ၀ှက်ထားတဲ့ မြစ်စောင့်နတ်က
ဝိညာဉ်နှစ်သိန်းကျော်နဲ့
ယာဇ်ပူဇော် ဖို့ဆင့်ခေါ်လိုက်ချိန်
အနောက်ဘက်မှာ ငှက်တွေ အုပ်လိုက်ထပျံတယ်။

လေနီကြမ်းဆိုတာ
ထန်းလက်နဲ့ ကာလို့မရဘူး
သိမှု နဲ့ဝန်တာ
နမူနာ ချပြလိုက်တဲ့ မြစ်တို့ရဲ့လင်္ကာဟာ
ကွဲအက်တုန်ခါ ငိုသံပါနေတယ်
ပြာမလော့ ဟိုဘက်ခြမ်းက
ပဲ့ကျသွားတဲ့ မြစ်ကမ်းပါးဟာ
နှလုံးသားတွေကိုပါ တိုက်စားသွားတယ်
သယ်ကယ်သောင်စွန်းက
စုန်းစုန်းမြုပ်သွားတဲ့ မြေနုကျွန်းထဲ
ရင်အစုံတွေ ကွဲကြေသွားတယ်
ကယ်ပါယူပါ လက်တွေအကမ်းမှာ
ဒေါင်လိုက်ရမ်းသွားတဲ့လေဟာ
အရှေ့အရပ်ထိ အဖျားခတ်ရင်း
ပြတ်တောက်ကျန်ခဲ့တဲ့
ဒုက္ခတရားရဲ့ မြစ်ကျိုးအင်းတွေကို
ဇွတ်အတင်း ထားရစ်ခဲ့တော့တယ်။

………
………
………
စစ်.. တွေ ပြီးပြီလား
မြစ်တွေကတော့ စီးနေဆဲ
မြစ်ရဲ့အလှ
မြစ်ရဲ့ဘဝ
မြစ်ရဲ့ဓမ္မ မှာ
တရားမရနိုင်ရှာသေးတဲ့
သည်ငမိုက် သည်ဒိုက်ကတော့ ကမ်းမကပ်သေးဘူး
ရုပ်သက်သက်နဲ့ကျိုလောင်းထားတဲ့
လူလုပ်မြောင်းတစ်ခုထဲမှာ
မလှုပ်တလှုပ်မျောပါရင်း
ဧရာဝတီရဲ့ မကျက်တကျက်ဒဏ်ရာတွေကို
အဝေးကနေ နာ ရုံလေး နာ နေလေရဲ့။


ပန်ဒိုရာ

(မေ ၂ သို့)






video




video

(မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးထားတဲ့ ဗွီဒီယိုဖိုင်လေးတွေပါ)


Expand..