Technical help
Tuesday, June 5, 2007
မှန်အိမ်ထဲကငါး
မှန်အိမ်ထဲကငါး
အဲဒီ အလှအပ ဆိုတာကြောင့်ပေါ့
ငါ့မှာ အကျဉ်းချခံနေရတယ်
ထင်ယောင်ထင်မှားအားကျသူတွေကို ဖျော်ဖြေဖို့
ပကာသန အရေခြုံ အပြုံးတွေနဲ့
ဟန်ရေးတပြပြ နေရတယ်
အမျိုးမတူ အရောင်မတူသူတွေနဲ့လည်း
အလွမ်းသင့်အောင် ကြိတ်မှိတ်ပေါင်းရသေးတယ်
အချိန်တန်ရင် ဗိုက်တာမင်အတုတွေ အဖြည့်ခံနေရပြီး
ရင်သပ်ရှုမော အဆာပလာ တွေ ၀န်းရံနေလည်း
လေးဘက်လေးတန် ပိတ်နေတဲ့
အဲဒီရုပ်ဝတ္ထုတွေက ငါ့အိမ်မှမဟုတ်တာ
အဆိုးဆုံးကတော့
ဟို ထွက်ပေါက်လိုလိုဘာလိုလိုနဲ့
ထွင်းဖောက်မြင်အောင်လုပ်ထားတဲ့ အရာတစ်ခု
အမှတ်မရှိတဲ့ငါ မျှော်လင့်ချက်နဲ့ ထွက်ပြေးမိတိုင်း
နံရံပဲ ၀င်ဝင်တိုက်နေတော့ နာနာကျင်ကျင် နောက်ဆုတ်ပြန်ခဲ့ရတယ်။
ပန်ဒိုရာ
၎၊၆၊၂၀၀၇
6 comments:
  1. မပန်.. ဂျစ်တို့တတွေ မှန်အိမ်ထဲကငါးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြတာ သိပ်တော့ မထူးဆန်းပါဘူး ။ ဒါပေမယ့် မှန်အိမ်ထဲကရုံးထွက်နိုင်တဲ့ သတ္တိ ရှာကြတာပေါ့ ။
    မပန်ကဗျာကို ကိုယ်ပိုင်ခံစားချက်တွေနဲ့ ဖတ်ပြီး ပြန်သွားတယ် ။
    ReplyDelete
  2. ငါးနေတဲ့ မှန်အိမ်လို့လဲ ပြောရင် ရတယ်။ ပျော်ရာမှာ နေချင်တိုင်းနေလို့ ရတာ မဟုတ်ဘူး။ တော်ရာမှာပဲ နေရတာ။ ရေထဲကငါး ကုန်းပေါ် မရောက်ဖို့ ပိုပြီး အရေးကြီးတယ်။ ရေနွေးအိုးထဲမှာ မုန်တိုင်းမြင်နေရင်တော့ အမြင်မှန် မဖြစ်နိုင်ဘူးဗျာ။
    ဟုတ်လား မသိဘူး။ ပြောကြည့်တာနော်။
    ReplyDelete
  3. မှန်အိမ်ကလဲ လှလှပပတန်ဆာဆင်ထားသလို ဖြစ်နေတာကိုး..။
    ReplyDelete
  4. တစ်ခုခုတော့ တစ်ခုခုပဲ...။ အင်း.. ဘာလဲတော့ မသိဘူး..။
    ReplyDelete
  5. ဖြားယောင်းခြင်းခံထားရတဲ့ဘ၀၊
    အဲဒီဘ၀မှာ နေပျော်အောင် ဟန်ဆောင်နေရ၊
    သဘာဝတော့မကျ …
    နောက်ဆုံးမတော့
    ထွက်ပေါက်အစစ်ကို လိုက်ရှာရင်း …
    မှန်အိမ်လေးထဲမှာပဲ ဘ၀ဆုံးပါးသွားခဲ့ကြ။
    အင်း …
    ကဗျာဖတ်ပြီး သက်ပြင်းသာ ချခဲ့ရပါတယ် … ။
    ပန်ဒိုရာရဲ့ ဖန်တီးမှုအား …
    လေးစားစွာဖြင့် ..
    မေဓာဝီ
    ReplyDelete
  6. အလှကြည့် မှန်အိမ်ထဲကငါး၊
    ဘေးကင်းတယ်လို့ ဆိုကြပြန်တယ်။
    ဒါပေမဲ့ သူလည်း လွတ်လပ်ချင်မှာပဲနော်။
    သတ္တဝါအားလုံးဟာ မြုံးမိတဲ့ ငါးတွေလိုပါပဲ။
    ဒီကဗျာလည်း ကောင်းတာပဲ။
    လေးစားပါတယ် ဒေါ်ပန်။
    ReplyDelete