Technical help

Sunday, July 27, 2008

ဒီစစ်ပွဲကြီးပြီးရင်





ဒီစစ်ပွဲကြီးပြီးရင်

ဖိုက်ဘာကြိုးမျှင်ကိုစီး
ခရီးထွက်ခဲ့တာကြာ
ခြေကုန်လက်ပန်း ငါနွမ်းလှပြီ
ဒီစစ်ပွဲကြီးပြီးရင်……။

အဆိုးမြင်လူမှုရဲ့
သွန်းထုလက်ကျန်သားကောင်များ
ဖန်ပေါင်းချောင်ထဲထားရစ်ခဲ့ရပြီ
ဒီစစ်ပွဲကြီးပြီးရင်…။

ယဉ်ကျေးမှုများ ပြားချပ်လာစဉ်
တွင်းအောင်းလူသား
ဂုဏ်ယူတန်ဖိုးထားနိုင်ကြစေသတည်း
နိုင်သူများ အကုန်ယူသွားကြပါလေ
ဒီစစ်ပွဲကြီးပြီးရင်…..။

ချစ်သူတို့ရှင်ကွဲ ကိုယ်ကျိုးနည်းကြသည်မှာ
ဗုံးဆန် အမြှောက်မှန် ယမ်းခိုးဝေမှ မဟုတ်ပါ
စစ်၏ အဘိဓမ္မာ ပြန်ရှာကြရင်း
တကွေ့မှာ တွေ့ကြဦးမည်လား
ဒီစစ်ပွဲကြီးပြီးရင်….။

“ဟိုး..ရှေးရှေးက” အစမချီပါ
“အနာဂတ်ဆိုတာ….”
အိပ်ရာထပုံပြင်များ
ကလေးတို့ ကြားနာကြကုန်
ဒီစစ်ပွဲကြီးပြီးရင်….။

စကားလုံးအတုံးအတစ်နှင့်
ခပ်ပျစ်ပျစ်ကဗျာတစ်ပုဒ်ကို
ဗျစ်ခနဲ ထွေးထုတ်လိုက်၏
လူဆိုသည်မှာ စိတ်ကူးယဉ်သတ္တ၀ါ
အင်း… ဒီစစ်ပွဲကြီးပြီးရင်….။

ပန်ဒိုရာ


12 comments:

  1. ဒီစစ်ပွဲ ကြီး ... ပြီးရင် ...

    ဟုတ်ကဲ့ ... ပြီးအောင် လုပ် ဖို့ အရင် ကြိုးစား ကြတာပေါ့ ဗျာ ...

    ဒါလဲ စိတ်ကူးယဉ် များ ဖြစ်နေဦးမလား ပဲ :P

    ReplyDelete
  2. မ...
    ဒီစစ်ပွဲကြီးပြီးရင်...
    မ ဆွဲထားတဲ့ပန်းချီထဲကလို အလောင်းအမှတ်စဉ်တွေ တန်းစီနေမှာလား၊ သွေးချောင်းတွေ စီးနေမှာလား၊
    အဲဒါထက် ညီမလေးရဲ့အမြင်တွေပဲ မှားယွင်းနေမလားပဲ။
    ပေးသော်ကား ပေး၏၊ မရ ဆိုတာလိုမျိုးပေါ့။

    အားပေးလျက်
    အေးချမ်းသူ

    ReplyDelete
  3. ဒီစစ်ပွဲကြီးပြီးရင်… အိမ်ပြန်မယ်ဗျာ…
    အော် နိုင်တော့မှ စစ်ပွဲကြီးပြီးမှာနော်…

    ReplyDelete
  4. ခက်သားလားဗျ..နော်...

    ကဗျာလေးမိုက်တယ်ဗျာ....

    အားပေးလျက်ပါ...

    ReplyDelete
  5. ကဗျာကိုကြိုက်တယ် ..

    ဒီစစ်ပွဲကြီးပြီးရင်
    ယိုယွင်း ပျက်စီး စစ်ရဲ့နောက်ဆက်တွဲတွေကြား
    ရုန်းကန် ရင်ဆိုင်ဖို့ ခုတည်းက အားမွေးကြရမယ် ။

    ReplyDelete
  6. လူဆိုသည်မှာ စိတ်ကူးယဉ်သတ္တ၀ါ
    အင်း… ဒီစစ်ပွဲကြီးပြီးရင်….။
    ..................................။
    ကဗျာလေးကို သဘောကျတယ် မပန်ရေ..

    စိတ်ကူးယဉ် သတ္တ၀ါ ဆိုတော့လဲ ဆက်ပြီး စိတ်ကူးယဉ်ကြတာပေါ့ =)

    ReplyDelete
  7. ကြိုက်တယ်ဗျာ.

    အဆိုးမြင်လူမှုရဲ့
    သွန်းထုလက်ကျန်သားကောင်များ
    ဖန်ပေါင်းချောင်ထဲထားရစ်ခဲ့ရပြီ


    ယဉ်ကျေးမှုများ ပြားချပ်လာစဉ်
    တွင်းအောင်းလူသား
    ဂုဏ်ယူတန်ဖိုးထားနိုင်ကြစေသတည်း


    ရွှင်လန်းချမ်းမြေ့ ပါစေ

    ReplyDelete
  8. ဒီစစ်ပွဲကြီးပြီးရင်.....
    ဖိုင်ဘာကြိုးမျှင်တွေစီး
    ခရီးထွက်ခဲ့စဉ်ခဏ
    ဒေါသသံတွေ ခပ်မဆိတ်
    ငြီးညူသံတွေ တိုးတိတ်ပြီး
    ပျော်ရွှင်မှုတွေ
    ရှင်သန်မှုတွေ
    တက်ကြွမှုတွေ
    လတ်ဆတ်မှုတွေ
    မျှော်လင့်ချက်တွေ
    လန်းလန်းဝေစွာ
    တို့ပြည်ရွာတခွင်
    တွေ့မြင်တန်ကောင်းပါရဲ့....
    ဒီစစ်ပွဲကြီးပြီးရင်ပေါ့လေ။

    ReplyDelete
  9. မပန်ရေ -
    တစ်ပုဒ်ထက်တစ်ပုဒ်၊ တစ်ကြောင်းထက်တစ်ကြောင်း ကောင်းလာနေတယ်ဗျာ။ သိပ်သဘောကျတာပဲ။ ဒီစစ်ပွဲကြီးပြီးရင် ... ကော်ဖီလိုက်တိုက်နော်။

    ReplyDelete
  10. စိတ်ကူးယဉ်သတ္တ၀ါ ဆိုတော့ စိတ်ကူးယဉ်ကြည့်သွားတယ်..။

    အင်း… ဒီစစ်ပွဲကြီးပြီးရင်….
    အရီးရေ.. ရွာထိပ်က ညောင်ပင်အောက်မှာထုပ်စည်းတိုးရအောင်... လို့ .. နော်..။

    ReplyDelete
  11. အားပေးသူများ အားလုံး ကို ကျေးဇူးတင်ပါတယ်။ စစ်ကြီးပြီးရင် ဆုံကြတာပေါ့။

    ReplyDelete
  12. ကောင်းတယ်ဗျာ။
    မျှော်လင့်ချက်တစ်ခုတော့ ရှိမှာပါး)

    ReplyDelete