Technical help

Thursday, October 9, 2008

ကိတ်မုန့်တစ်လုံးကို ဘယ်လိုခွဲဝေမလဲ


“ဒီမှာ ကိတ်မုန့် တစ်လုံး ရှိတယ်။ စားမယ့်လူက အယောက်နှစ်ဆယ် ရှိတယ် ဆိုပါစို့။ ဘယ်လိုခွဲဝေနိုင်မလဲ။”

ဆရာက သူ့လက်ထဲက ကိတ်မုန့်ကို စားပွဲပေါ် ချထားလိုက်ပြီး ကျောင်းသားများ မျက်နှာကို တစ်ဦးချင်း လိုက်ကြည့်လေသည်။ ရှေ့ဆုံးတန်းတွင် ထိုင်နေသော ကျောင်းသား တစ်ယောက်က အရင်ဆုံး လက်ထောင်လိုက်သည်။


“အလယ်ကနေ နှစ်ခြမ်းအရင် ခြမ်းမယ်။ ပြီးတော့ တစ်ခြမ်းကို ဆယ်စိတ်အညီအမျှ ရအောင်စိတ်မယ်။”

ဆရာက သင်ပုန်းပေါ် ရေးမှတ်လိုက်သည်။

“ဆိုလိုချင်တာက တူညီတဲ့ အစိတ် နှစ်ဆယ် ရအောင် ပိုင်းမယ်ဆိုပါတော့။ ဟုတ်လား။”

“ဟုတ်ပါတယ် ဆရာ”

“ကျနော်ကတော့ ဒီလို မခွဲဘူး။”

ခပ်၀၀ ကျောင်းသားတစ်ယောက်က ပြောလေသည်။ သူ့မျက်နှာပေးက ခပ်ပြုံးပြုံး။ သူက ပျော်တတ်ပုံရသည်။

“ကိုယ်ခန္ဓာ အချိုးအစားအလိုက် ခွဲမယ်။ ၀တဲ့လူတွေကို အစိတ်ကြီးကြီးပေးမယ်။ ပိန်တဲ့လူတွေကို အစိတ်သေးသေးပေးမယ်။”

တတန်းလုံး ၀ါးခနဲ ရယ်မောလိုက်ကြသည်။ အတန်းက ပိုပြီး အသက်ဝင်လာသည်။

မိန်းကလေးတစ်ယောက်က ခပ်သွက်သွက် ၀င်ပြောလိုက်သည်။

“ဘယ်ဟုတ်မလဲဆရာ။ မိန်းကလေးတွေကို ဦးစားပေးတဲ့အနေနဲ့ အစိတ်ကြီးကြီးတွေ ပေးရမယ်။ ယောင်္ကျားလေး တွေက အစိတ်သေးသေးယူရမယ်။”

“ဟုတ်တယ် ဟုတ်တယ်။” မိန်းကလေးများ ဘက်မှ ထောက်ခံသံများ ထွက်လာသည်။

ဟစ်ပ်ဟော့ပ်စတိုင် ပေါက်နေသော ကျောင်းသား တစ်ယောက်က အားကျမခံ ပြောလိုက်ပြန်သည်။

“ဟာ.. ဒီလိုပြောကြေးဆိုရင် အသက်ပေါ် မူတည်ပြီး ခွဲသင့်တာပေါ့။ အသက်ကြီးတဲ့လူတွေက ကိတ်မုန့်ကို ပိုပြီး စောစောစားဖူးလို့ နည်းနည်းပဲ ယူသင့်တယ်။ ငယ်တဲ့သူတွေက များများယူရမယ်။ သာမန်အားဖြင့် ဆိုရင် ငယ်တဲ့လူတွေက ဘ၀မှာ အချိန်ကြာအောင် ဆက်အသက်ရှင် နေရဦးမယ် မဟုတ်လား။ သူတို့ကို ဦးစားပေးသင့်တယ်။”

ထိပ်ပြောင်ပြောင်နှင့် ကျောင်းသားတစ်ယောက်က ကပျာကယာ ကန့်ကွက်လိုက်ပါသည်။

“ဟေ့ဟေ့.. မောင်ရင်ပြောတာက ပြောင်းပြန်တွေ ဖြစ်နေပါပြီ။ အသက်ကြီးသူတွေကို အရိုအသေ ပေးတဲ့အနေနဲ့ ပိုပြီး များများပေးသင့်တာ မဟုတ်ဘူးလား။”

မျက်မှန်ထူထူ တပ်ထားသော ကျောင်းသားတစ်ယောက်က လက်ခါရမ်းလိုက်သည်။

“တခုမှ မဟုတ်သေးဘူး ထင်တယ် ဆရာ။ ဦးစားပေးတယ် ဆိုရင်လည်း ဘယ်သူ့ကိုပဲပေးပေးလေ တကယ်စားနိုင် မစားနိုင်က သိဖို့ လိုသေးတယ်။ မကြိုက်တဲ့ လူကလည်း ရှိဦးမယ်။ ဘယ်သူ စားချင်သလဲ။ ဘယ်လောက် စားနိုင်သလဲ။ မေးပြီးမှ လိုသလို ခွဲပေးတာ ကောင်းမယ် ထင်ပါတယ်။ နို့မို့ရင် အလဟသတွေ ဖြစ်ကုန်မှာ စိုးရတယ်လေ။”

ဆရာက ပြောသမျှ နည်းလမ်းတွေကို သင်ပုန်းပေါ်မှာ ချရေးလိုက်ပါသည်။

“ဟုတ်လာပြီ ဟုတ်လာပြီ။ ကဲ .. ဆက်စဉ်းစားပါဦး။”

အအေးဓာတ်ကဲသော အခန်းထောင့်တနေရာတွင် ထိုင်နေသည့် အနွေးထည်ထူထူ ၀တ်ထားသော ကျောင်းသား တစ်ယောက်က လက်ထောင်လိုက်သည်။

“ကျနော် စဉ်းစားမိတာ ပြောပါရစေ။”

သူကတော့ စကားပြောတာ တုံ့နှေးနှေး နိုင်လှသည်။ သူ့ထံမှ စကားသံ ထွက်လာရန် စက္ကန့်အနည်းငယ်ကြာ စောင့်လိုက်ရသည်။

“ကိတ်မုန့်မှာ သစ်သီးတချို့လည်း ပါနေတယ်။ လှီးလိုက်တဲ့အခါ အစိတ်တိုင်းမှာတော့ သစ်သီးတစ်ခု ပါမသွားနိုင်ဘူး။ နောက်တခုက ပဲ့တာရွဲ့တာ တွေလည်း ဖြစ်နေနိုင်တယ်။ စားချင်သူ စားနိုင်သူတိုင်းကို လိုသလို ခွဲပေးရရင် မျှတဖို့အတွက် ခက်တယ်ဆရာ။ ကျနော်ကတော့ လုပ်အားစိုက်ထုတ်တဲ့ အပေါ်မှာ မူတည်ပြီး ခွဲချင်ပါတယ်။”

“ဟုတ်ပြီ။ ဒီတော့…”

“ဒီကိတ်မုန့်ကို သယ်လာရတဲ့လူ၊ ခွဲဝေဖို့ ဓားနဲ့လှီးပေးတဲ့လူ၊ ပြီးတော့ စားဖို့ ပန်းကန်တွေ ဆေးကြောပေးရတဲ့လူ၊ စားသောက်ပြီးရင် သန့်ရှင်းရေးလုပ်ပေး အမှိုက်ပစ်ပေးတဲ့လူ .. စတဲ့ လူတွေဟာ ကိတ်မုန့် ခွဲဝေစားသုံးတဲ့ ကိစ္စမှာ ကမကထ လုပ်ပြီး သူတို့ရဲ့လုပ်အားကို စိုက်ထုတ်ပေးတဲ့အတွက် သူတို့ လိုချင်တဲ့အပိုင်းကို အရင် ရွေးခွင့်ပေးသင့်ပါတယ် ဆရာ။”

“ဟာ.. ဒါဆို သူတို့က အကြိုက်ဆုံး အကောင်းဆုံးတွေ ယူသွားပြီး တခြားလူတွေ အတွက် မကျန်ရင် ဘယ်လိုလုပ်မလဲ။”

တချိန်လုံး ငြိမ်နေခဲ့သည့် ဆံပင်ရှည်ရှည် ကျောင်းသားတစ်ယောက်က ထအော်လိုက်သည်။

ဆရာက ခေါင်းတဆတ်ဆတ် ညိတ်ရင်း ချရေးလိုက်ပြန်သည်။

“ကဲ ဟုတ်ပြီ။ ဒီလောက်ဆိုရင်တော့ စဉ်းစားကြတာ လုံလောက်သလောက် ရှိပါပြီ။ အားလုံး ပြောတာတွေ ခြုံကြည့်လိုက်ရင် ဒီလို မှတ်ချက်ချရမယ်။ ပထမဆုံး ပြောရမှာကတော့ ကိတ်မုန့်တစ်လုံး ခွဲဝေရတာ ထင်သလောက် မလွယ်ဘူးပဲ။”

ကျောင်းသားများ ၀ါးခနဲ ရယ်လိုက်ကြပြန်ပါသည်။ ဆရာက ဆက်ပြောသည်။

“အညီအမျှဖြစ်ခြင်း(equality) နဲ့ မျှတခြင်း(equity) ဆိုတာ မတူဘူး။ မတူညီတဲ့ အခြေခံတွေပေါ်ကို အညီအမျှ သွားလုပ်လိုက်လို့ မမျှမတ ဖြစ်သွားတာတွေ ရှိတတ်တယ်။ မျှတဖို့အတွက် ညီညီမျှမျှ မဟုတ်ပဲ ခွဲဝေရတာတွေ ရှိတတ်တယ်။ ဦးစားပေးသင့်တာတွေကို ထည့်တွက်ဖို့ လိုသလို လုပ်အားစိုက်ထုတ်မှု ကိုလည်း ထည့်တွက်ရမယ်။ အလေအလွင့် မရှိအောင်လည်း တွက်ချက်ရမယ်။ အဲဒီလို မျှတအောင် လုပ်ရမယ့် စဉ်းစားပုံတွေက ဒီအတိုင်း ညီညီမျှမျှ အပိုင်းတွေ ပိုင်းချလိုက်တဲ့နည်းထက် ပိုရှုပ်ထွေးတယ်။ ခွဲဝေပုံတွေ စဉ်းစားတဲ့အခါ ကိုယ့်အကျိုးစီးပွား တွေနဲ့လည်း ပြိုင်ဆိုင်နေတတ်တယ်။ အလွဲသုံးစား မလုပ်စေဖို့လည်း လိုတယ်။ ဒါကြောင့် အများသူငါရှေ့မှာ ရှင်းရှင်းလင်းလင်းဖြစ်ဖို့နဲ့ ထောက်ပြခွင့် ရှိဖို့တော့ လိုမယ်။ နောက်ထပ် ဘာတွေ ရှိဦးမလဲ ဆက်စဉ်းစားကြတာပေါ့။ ဒီနေ့တော့ ဒီလောက်ပဲ။ ဆရာဝယ်လာတဲ့ ကိတ်မုန့်ကိုလည်း လက်တွေ့ တကယ်စားလိုက်ကြပါဦး။”

ဆရာက ဓားတစ်ချောင်းကို ကိတ်မုန့်ဘေးသို့ ချပေးလိုက်ရင်း ရယ်သံစွက်ကာ ပြောလိုက်ပါသည်။

“ကဲ တရားအမျှတဆုံး ဖြစ်အောင် ခွဲပြီး စားကြပေတော့။ ဆရာ့ဖို့လည်း တစ်စိတ်ချန်ထားဦးနော့ ”

ကျောင်းသားများ ပျော်ရွှင်စွာ ရယ်မောရင်း ကျောင်းဆင်းလိုက်ကြပါသည်။


ပန်ဒိုရာ

(ကျောင်းသားဘ၀ စာသင်ခန်း အတွေ့အကြုံ တစ်ခုမှ ဆင့်ပွား ခံစားထားပါသည်။)



23 comments:

  1. ဘာဖြစ်လို့ ဆရာက ကိတ်မုန့်အသေးကလေးတွေ တယောက်တလုံး ၀ယ်မကျွေးတာလဲ။ ၀ယ်ကတည်းက တပည့်အယောက် ၂၀ အတွက် လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အငြင်းပွားဖွယ်မဖြစ်နိုင်တဲ့ မုန့်မျိုး စဉ်းစားသင့်တယ်။
    စီမံခန့်ခွဲမှု သတိလစ်လိုက်တာနဲ့ နောက်ဆက်တွဲ ပုစ္ဆာတွေ ကပ်ပါလာတတ်တာ သင်ခန်းစာပေါ့ဗျာ။

    ReplyDelete
  2. ကိတ်မုန့်တလုံးပဲ ရအောင်ခွဲရမယ်ဆိုရင် ဘယ်လိုပဲခွဲခွဲ သာတယ် နာတယ် မရှိပါဘူး။ သူငယ်ချင်းတွေ စားတာပဲလေ။ ကိုယ်ကတော့ ကျေနပ်ပါတယ်။

    ReplyDelete
  3. သူ့ အတွက် ဝေစုချန်ခိုင်းနေတဲ့ ဆရာက နာသုံးနာ ပြည့်ဖို့ တစ်စိတ်လိုနေသလိုပဲ။
    ပို့ စ်ထဲမှာ ကျွန်တော့်နာမည် က ဇာတ်ကောင် ကျောင်းသားလေးပြန်ဖြစ်သွားလိုက်သေးသကိုး။

    ReplyDelete
  4. ခွဲဝေမှုမတတ်လို့ပြဿနာဖြစ်နေတဲ့လူတွေကိုဒီပို့စ်လေး
    ပေးဖတ်ချင်တယ်ဗျာ..ဆရာကလူလည်လုပ်လိုက်တာဘဲ
    ဗျ..အစိတ်၂၀ခွဲခိုင်းပြီးတော့မှနောက်ဆုံးသူ့အတွက်ပါ
    တစိတ်ကျန်အောင်ခွဲခိုင်းသေးသကိုး..

    ReplyDelete
  5. ဆရာ့အတွက်တစ်စိတ်ချန်ပြီး နောက်ဆုံးတော့ ဘယ်လို စိတ်လိုက်လဲ...

    ReplyDelete
  6. ကိတ်မုန့်တလုံးမို့ ပြသနာတက်နေတာပါဗျာ။

    ရေတပုံးဆို ပြသနာက အဲလောက် မခက်ခဲဘူးထင်တယ်

    ဖောက်ထွက်တွေးကြည့်တာပါး)

    ReplyDelete
  7. ဖတ်ရတာ စိတ်ဝင်စားစရာပဲ ။ တကယ်လို့သာ ဒီအဖြစ်အပျက်ထဲက ကျောင်းသားတွေဟာ တကယ် အပြင်မှာ ရှိခဲ့ရင် ၊ တကယ် အဲလို ပြောဆို ဆွေးနွေးခဲ့ကြတယ်ဆိုရင် အဲဒီအတန်းဟာ အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ အတန်းတတန်းပဲ ။

    ရှုထောင့်အမျိုးမျိုးက ကြည့်ထားတဲ့ သူတို့အတွေးတွေကို သဘောကျတယ် ။

    ReplyDelete
  8. ကိတ်မုန့်ထဲက ခပ်သေးသေး တစ်စိတ်စိတ်၊ လူ၁၉ယောက်ကို မျှပေး။ ကျန်တဲ့ အစိတ်ကြီးကို ကိုယ်ယူ။

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. Let's say your teacher bought it for $5 for that cake, I'll chip in $2.50. This entitled me to 1/2 of the cake regardless of how many people will have to share for the other 1/2. And I will divide that 1/2 piece into 6 equal pieces; sell a piece for 60cents.

    Hey .. I make $1.10 profit!!

    Too much of stock and share crisis + Tax matters make me think that way. Seriously, I have been looking at Dow Jones' Graph for sometimes now. :(

    ReplyDelete
  11. စစတုန်းကတော့ ကိတ်မုန်ကို စိတ်ဝင်စားတယ်..
    ကွန်မန့် ဖတ်မိတော့ ကိုဝေလင်းနဲ့  ကိုမောင်ရင်တို့ ဟာကို စိတ်ဝင်စားသွားတယ်..

    ဘယ်လိုလုပ်ပြီး ဒီလိုတွေးမိကြတာပါလိမ့်... ဒါမျိုးကို ဖောက်ထွက်တွေးခြင်းလို့  ဆိုလိုလား..

    ကိတ်မုန်ခွဲတာ မခတ်ပါဘူး.. ဂျစ်တူးပြောသလိုပဲ.. အတန်းက စိတ်ဝင်စားဖို့ ကောင်းခဲ့တဲ့ပုံ..

    ပုံရိတ်နဲ့ က သူငယ်ချင်လေနော်.. ဟဲ..ဟဲ

    ReplyDelete
  12. ဒါ Management ဘာသာရဲ့  သဘောလား...။

    ဒါတွေကြောင့် Management ဆိုတဲ့ ဘာသာရပ်ကို သင်ယူချင်တဲ့သူတွေ ပေါများလာတာလား...။

    ဟုတ်မလိုလိုနဲ့  ကျောင်းသားတွေဆီက နည်းလမ်း အသွယ်သွယ်တွေ မေးပြီး နောက်ဆုံးကျတော့ မင်းတို့  လုပ်ချင်သလိုလုပ် ခွဲချင်သလိုခွဲ ငါ့ဖို့  တစ်စိတ် ကျန်ရင်ပြီးရော ဆိုတဲ့သဘောက နာသုံးနာနဲ့  ပြည့်စုံတဲ့ ဆရာတစ်ယောက်မှာ ထားရှိသင့်တဲ့ သဘောလား... မစဉ်းစားတတ်တော့ပါ...။
    ဥာဏ်မမှီလို့ ဖြစ်ပါလိမ့်မယ်... :-P

    ထောင့်အမျိုးမျိုး.. နည်းလမ်းအမျိုးမျိုးကနေ တွေးပြထားတာတော့ အရမ်းကောင်းတယ်...။

    ReplyDelete
  13. fair ဖြစ်တယ်ဆိုတာ တစ်ယောက်ချင်းစီ နဲ့ အများစု က သတ်မှတ်ရပါလိမ့်မယ်.. တကယ့်လက်တွေ့ဘ၀ မှာတော့ absolute fairness ကတော့ မရှိနိုင်ပါဘူး...

    ReplyDelete
  14. ကျောင်းသားတွေရဲ့ အမြင်ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ပေးတဲ့ ဆရာကို ချီးမွမ်းပါတယ်။
    ဘာကြောင့်လဲဆိုတော့ စင်္ကာပူက တက္ကသိုလ်တွေမှာတောင် အဲသည်လို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်မရှိလို့ဘဲ။ စင်္ကာပူက တက္ကသိုလ်တွေက အနာဂတ်ရဲ့ ခေါင်းဆောင်တွေကို ထုတ်ပေးရမဲ့အစား ဘွဲ့ရစက်ရုပ်တွေကို ထုတ်ပေးနေခြင်းသာဖြစ်ပါသတဲ့။ ပြီးခဲ့တဲ့ အပတ်ကတောင် အင်န်တီယူက ကျောင်းသားတွေ သူတို့ ကျောင်းသတင်းစာမှာ ရေးတဲ့ သတင်းဆောင်းပါးကို တက္ကသိုလ်အာဏာပိုင်တွေက ဆင်ဆာဖြတ်ပိတ်ပင်လို့ ပြီးခဲ့တဲ့အပတ်က စပီကားစ် ကော်န်နာမှာ ဆန္ဒပြကြသေးတယ်။ www.theonlinecitizen.com

    ReplyDelete
  15. အဲဒီလူကြီးက စင်္ကာပူ မကောင်းကြောင်း တော်တော်ပြောတယ်နော်... သူက ဘယ်ကလဲဟင်...

    ReplyDelete
  16. စိတ်ဝင်စားဖို့ကောင်းတယ်..အန်တီပန်ရေ..။ အဲ့လိုအတန်းလေး ရှိရင် အန်တီဂျစ်ပြောသလိုပဲ ဘယ်လောက်ကောင်းလိုက်မလဲနော်။ ရှုထောင့်တွေက အတွေးတွေကို ပုံစံမျိုးစုံ ပုံဖော်စေတာပါပဲ။း)

    ReplyDelete
  17. ကိုဝေလင်း.. ဖောက်ထွက်တွေးတယ်ပေါ့။ ဒါပေမယ့် နောက်ကျသွားပြီ။ ကိတ်မုန့်က စားပွဲပေါ်ရောက်နေပြီ။ ပြဿနာကလည်း ရောက်နေပြီ။ ထွက်ပြေးလို့မရတော့ဘူးဗျ။

    မမိုးချိုသင်း... စိတ်ကောင်းရှိတဲ့ အစ်မရဲ့အတွေးလေးက ချစ်စရာပါ။

    ကိုမောင်ရင် ကိုဆောင်း... ဘာလို့ ဆရာ့ကို အတင်း အနစ်နာခံခိုင်းနေလဲဗျ. မုန့်ကသူပေးတာလေ။ သူလည်း တောင်းပိုင်ခွင့်ရှိဘူးလား

    ပီတိ.... သိချင်ရင် မုန့်တစ်လုံး ၀ယ်လာခဲ့။ လက်တွေ့ပြမယ်။

    ကိုအောင်သာငယ်... အရက်တစ်ပုံး ဆိုရင်တော့ ပြဿနာ ပိုကြီးမှာထင်တယ်။ ထပ်ဖောက်ထွက်ကြည့်တာပါ.

    ဂျစ်ရေ... ရှိခဲ့ပါတယ်...။

    ပုံရိပ်... ဒီလိုလူမျိုးမလွယ်ဘူးပဲ။

    စု... capitalist အမြင်က မလွယ်ပါလား။ ရောင်းပိုင်ခွင့် ရှိမရှိ ပြန်စစ်ရမယ်။

    တေးမွန်... မရဘူး ပို့စ်ကိုပဲ စိတ်ဝင်စားရမယ် ပြန်ဖတ်။

    မသက်ဝေ... မှတ်ချက်အတွက်ကျေးဇူးပါ. စဉ်းစားစရာတွေကတော့ အများကြီးပေါ့နော်။

    အမည်မသိ... ပြောတာကို သဘောတူပါတယ်။

    ကိုပေါ.. ဒီအတန်းက စင်္ကာပူက မဟုတ်ဘူးလို့ ဘယ်သူပြောလဲဗျ။

    ဒုတိယအမည်မသိ... အနော် ကွန်မန့် ပြန်မပေးဝူးနော်။

    တိုလီရေ... အဲဒီအတန်းမျိုး တနေရာမှာ တကယ်ရှိတာပေါ့။

    အားလုံးသို့

    တကယ်တော့လည်း တခြား အခြေအနေတွေ ဖြစ်လာနိုင်သေးတာပါပဲ။ ကိတ်မုန့်ကို ခွဲရင် အခွင့်အရေးရမှာကို လိုချင်ဇောနဲ့ မခွဲတတ်ခွဲတတ် ခွဲလို့ ကိတ်မုန့်ပျက်စီးမှာတို့။ ဒါကတော့ ကိုယ်မလုပ်တတ်ရင် လုပ်တတ်သူကို လွှဲပေးသင့်တယ်ပေါ့နော်။ ဒီ့ထက်ပိုကံဆိုးရင် ကိတ်မုန့်လှီးတဲ့ဓားကို ခွဲတဲ့နေရာမှာ မသုံးပဲ ခြိမ်းခြောက်ပြီး ကိတ်မုန့်ကို အပိုင်စီးလိုက်မှာတို့ပေါ့။ လူအများကို ဝေမျှရမယ့် ကိစ္စကို မောင်ပိုင်စီး ပြီး စားချင်ရင်တော့လည်း စားပိုးနင့်မှာပေါ့ဗျာ။ ကိုယ်ရမယ့် တစ်စိတ် ရသင့်ကြောင်း ကိုယ့်ဘာသာ သိဖို့လည်း လိုတယ်။

    ReplyDelete
  18. ဆရာက ကိတ်မုန့် ခွဲတတ်ဖို့ တင် သင်ပေးတာမဟုတ်ပါဘူး။ ကလေးတွေကို ဘယ်အရာမဆို ရှုထောင့်အမျိုးမျိုးကနေ စဉ်းစားလို့ ရတယ်။ မင်းတို့ ဥာဏ်ရှိသလိုစဉ်းစားကြဆိုပြီး သင်ပေးတာဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက လူ့ လောကကြီးမှာ အများကြီးတွေ့ နိုင်တာပဲ။ ဟော.. အခုပဲ အဝေမတည့်တော့ ကျွန်တော်တို့ နိုင်ငံမှာ လူကြီးတွေ စကားများနေကြပြီ ... ဒီလိုစာသင်ခန်းမျိုးတွေလည်း မြန်မာပြည်မှာ အများကြီးရှိစေချင်ပြီ ...

    ReplyDelete
  19. ဒီပို့ စ်ကို ဖတ်ပြီး သိတ်ကျေနပ်တယိ။
    ကလေးတွေကိုဗဟို ပြုထားတဲ့ problem based learning က ပွင့်လင်းတဲ့ ဒီမိုကရေစီပညာရေးစနစ်ရှိတဲ့နိုင်ငံတွေရဲ့ အားရစရာ သင်ကြားနည်းစနစ်ဖြစ်နေတာကိုး။
    ကိတ်မုန့် အပိုင်း၂၀ ပိုင်းတာထက် ကလေးတွေကို လက်တွေ့ ကျကျ ကိုယ်တိုင်ပါဝင်လို့ ထောင့်ပေါင်းစုံကစဉ်းစားတတ် ဖြစ်နိုင်တဲ့ နည်းတွေရှာဖွေစေတတ်တဲ့ သင်ကြားရေး။
    အဲ့ဒီစာသင်ခန်းမှာ ဆရာက ၁၀မိနစ်လောက်ပဲပြောခဲ့မှာလေ။
    ကျမတို့ ရဲ့ ဆရာပြောတာလိုက်ရေး သင်ပေးတာအလွတ်ကျက်တဲ့ ဆရာဗဟိုပြု တဲ့ ဟုတ်ကဲ့နဲ့ ခေါင်းညိတ်တတ် တာ တပည့်ကောင်းလို့ သတ်မှတ်တဲ့ ကြက်တူရွေးနုတ်တိုက်နဲ့ တော့ကွာပါ့။
    အယ်ဇီ

    ReplyDelete
  20. အညီအမျှဖြစ်ခြင်း နဲ့  မျှတခြင်းအကြောင်း အတော်တွေးလို့ ကောင်းတာပဲ..။

    လေးမတော့ သိပ်ခေါင်းခြောက်မခံဘူး...တစ်ယောက်တစ်ဖဲ့ စီ လာစားလှည့်ကြလို့  အော်လိုက်မယ်...။ ဟိ..။

    ReplyDelete
  21. လက်ဝဲ ကိတ်မုန့်ဝေနည်း... :D

    ပထမဦးဆုံး ဂျုံခင်းကို ပြည်သူပိုင် သိမ်းပါမယ်။ နောက်ပြီး မြေယာ ဝေခြမ်းရေး လုပ်ပါမယ်။ ပြီးရင် အဲဒီ စုပေါင်းလယ်ယာက ဂျုံတွေထဲက ရာခိုင်နှုန်း အနည်းငယ်ကို ရာရှင်အဖြစ် ချန်ထားစေပြီး ဂျုံကို အစိုးရကို တင်သွင်း လာတဲ့အခါ ပြည်သူတွေ အတွက် ရာရှင်တွေထဲ ရောက်မယ်။

    အဲဒီအခါ ကျောင်းသား မိဘတွေက ရာရှင် အနေနဲ့ ရလာတဲ့ ဂျုံမှုန့်တွေကို အညီအမျှ စုပြီး ကျောင်းကို ယူလာရမယ်လို့ အမိန့်ထုတ်မယ်။

    နောက်... အဲဒီ မုန့်ဖုတ်မဲ့ နေ့ကျ ဂျုံ ယူမလာတဲ့ ကျောင်းသားကို လူတန်းစား ညီမျှရေးကို လက်မခံသူ ဖောက်ပြန်ရေးသမား ဆိုပြီး မုန့်မကျွေးဘဲ ထားမယ်။ (အဲဒါဆို လှီးပေးရမဲ့ အစိတ် နည်းနည်း လျော့သွားတာပေါ့)

    နောက် မုန့်ဖုတ်ရမှာ ၀င်မကူသူကို ဓနရှင်ဆန်ပြီး ရဲဘော်စိတ် မရှိသူတွေ အဖြစ် ထပ်ဖယ်။ နောက် စားခါနီးလို့ လှီးတော့မယ်လို့ ဆိုတဲ့အချိန် အိမ်ကနေ ဇွန်းယူလာတဲ့ ကလေးတွေ ရှိရင် လူတန်းစား ညီမျှအောင် အဲဒီ ဇွန်းတွေသိမ်း၊ နောက် အဲဒီကလေးတွေကိုလည်း ဖယ်ထားလိုက်...

    အဲဒါဆို နည်းနည်းပဲ ကျန်မယ်။ အဲဒီ ကိတ်မုန့် မခွဲရခင်မှာ ထောက်လှမ်းရေးတွေက သိသွားပြီး အစိုးရက အဲဒီ တားမြစ်သော ပုဂ္ဂလိက ဇိမ်ခံမှုဆန်တဲ့ အစားအစာ ဖြစ်သော ကိတ်မုန့်ကို ပြည်သူပိုင် သိမ်းလိုက်ရော...

    ကဲ... မအေးဘူးလား... ဟားဟား

    ReplyDelete
  22. တော်တော်မတရားတဲ့လူတွေ.. ဆရာက ကိတ်မုန့် မြင်ထဲကသွားရေကျနေတဲ့ဟာကို...

    ReplyDelete
  23. ထူးမြတ်ရဲ့ လက်ဝဲ ကိတ်မုန့်ဝေနည်းက စနစ်အတိုင်း သဘာဝကျပါပေတယ်။ ပြောလို့မရဘူး အဲလိုခေတ်မှာ ဖြစ်သွားနိုင်တယ်။

    အမည်မသိရေ.. လာဖတ်တဲ့အတွက် ကျေးဇူးပါ။

    ReplyDelete