Technical help
Sunday, March 1, 2009
ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၂
ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၂
ဆောင်းလေပြင်းတွေ မတိတ်သေးဘူးလား ဂျွန်
သစ်ရွက်တွေ စင်သွားတဲ့ အရိုးပြိုင်းပြိုင်းပင်တွေ တစ္ဆေခြောက်လို့
ရယ်မောဖို့စောင့်ရတာ မျက်လုံးတွေညောင်းလို့
ပါးစပ်တွေဟောင်းလောင်းနဲ့ နားတွေပြားကပ်လို့
ရှုံးပြီး ရှင်ကျန်သူတွေကို ကူတိုက်ဖို့
ပိတ်မိနေတဲ့ ရဲဘော်တွေကို တူးထုတ်ဖို့
စစ်သတင်းတွေ တကျီကျီ လွှင့်ထုတ်နေတဲ့ ရေဒီယိုတွေကို ထားခဲ့ဖို့
ငါတို့စစ်မြေပြင်ကို ပြန်သွားကြမယ်ကွယ်…
ဟောဟိုမှာ အဆောက်အဦအပျက်တွေကြား
အရွေ့တွေတိုင်းမှာ အကွေ့တွေတိုင်းမှာ အတွေ့တွေတိုင်းမှာ
အချိန်မရွေး ခြုံခိုတိုက်ခိုက်မှုတွေ ရှိနိုင်တယ်
အရပ်သားတွေက ပစ်မှတ်ထဲ ၀င်ဝင်လာတယ်
မိန်းမတွေ ကလေးတွေ ဘေးကိုဖယ်ကြပါကွဲ့
အချိန်သိပ်မကြာတော့ပါဘူး ဂျွန်
နောက်တစ်နှစ်မှာ တပ်တွေ ရုပ်သိမ်းပြီးရင်
နောင် ဆယ်နှစ် အနှစ် နှစ်ဆယ် ကြာရင်
ငါတို့နာမည်တွေ ရုပ်တုတွေ ရေးထိုးထားကြမယ် (ထင်တယ်…)
ငါတို့ဟာ ကယ်တင်သူတွေ လွတ်လပ်ရေးကို ခေါ်လာသူတွေ (ထင်တယ်..)
ငါတို့ဟာ ဦးဆွေးဆံမြည့် ထမ်းရွက်သူတွေ (ထင်တယ်.. ငါထင်တယ်)
စစ်မြေပြင်ကိုပဲ ပြန်သွားကြပါစို့ ဂျွန်ရယ်
နေရောင်ကျဲကျဲထဲ တံလျှပ်တွေက တလက်လက်နဲ့
ဖုန်မှုန့်တွေ ဗလုံးဗထွေးနဲ့
ကန္တာရက ဖြားယောင်းတယ်
မသေချာဘူး ဘာမှ မမြင်ရဘူး
နေ့ဘက်မှာ လင်းလွန်းလို့မမြင်ရဘူး
ညရောက်တော့ မှောင်လွန်းလို့မမြင်ရဘူး
မှန်တဲ့ဘက်ဆိုတာ အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတယ်
မှားတဲ့ဘက်မှာလည်း အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတာပဲ
သူတို့လက်တွေနဲ့ ညွှန်.. လို့
သူတို့ပါးစပ်တွေနဲ့ ပြော… လို့
ငါတို့ခေါင်းကိုတော့ တည့်တည့်ချိန်ထားလေတယ်
ငါတို့ရင်ဘတ်တွေနဲ့ တွန်းတွန်းပြီး ရှေ့တက်ကြမယ်
ဂျွန်ရေ…
သတင်းတွေကလည်း မထူးသေးပါလားကွယ်
ငါတို့ဒဏ်ရာတွေကိုပဲ အရည်ဖျော်လို့
သစ်သီးဆန်ဆန်ဝိုင်ကလေးကိုဖောက်ပြီး
ကန္တာရထဲသွန်းချလိုက်ကြမယ်
ပြီးရင်အားလုံးကို မေ့လိုက်ကြမယ်
အလိုရှိတဲ့အချိန်မှာ စတင်ပြီး
အလိုရှိတဲ့အချိန်မှာ မရပ်စဲနိုင်ခဲ့တာ စစ်ပွဲတွေပဲ.. တဲ့
တင့်ကားတွေ သေနတ်တွေ အမြောက်တွေ
ပေါက်ကွဲသံတွေ ငိုယိုသံတွေ အသေခံဗုံးတွေ
ဖျက်ဆီးခံလိုက်ရတဲ့ သောက်ရေတိုင်ကီတွေ
ပဲ့ရွဲ့သွားတဲ့သစ်သီးတွေ ပုတ်ချခံလိုက်ရတဲ့ အစားအသောက်တွေ
ကလေးငယ်တွေရဲ့ စူးစူးဝါးဝါးအကြည့်တွေ
သွေးစက်တွေကြားကိုပဲ ပြန်သွားလိုက်ကြပါစို့ ဂျွန်ရယ်..။
ပန်ဒိုရာ
(၀ိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် - ၁ သို့)
30 comments:
  1. ကျနော်က တိုက်တိုက်ဆိုင်ဆိုင် အခုတလော Band of brothers ဇာတ်လမ်းတွဲကြီးကို အကြိမ်ကြိမ် ပြန်ကြည့်နေမိတယ်။
    သင်ခန်းစာ ယူစရာတွေပါသလို၊ စစ်အကြောင်းကို လည်း ဆင်ခြင်နေမိတယ်။ တချိန်က ဥရောပဟာ အချင်းချင်း စစ်ခင်းခဲ့ရာ၊ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်၊ စစ်အေးတိုက်ပွဲတွေ ဆင်ခဲ့ရာ၊ အခု တော့ ကွာခြားနေတယ်။
    "အလိုရှိတဲ့အချိန်မှာ စတင်ပြီး
    အလိုရှိတဲ့အချိန်မှာ မရပ်စဲနိုင်ခဲ့တာ စစ်ပွဲတွေပဲ.. တဲ့" ဟုတ်လိုက်လေ...
    ကျနော်တို့လည်း ဘယ်တော့များမှ စစ်တွေရပ်ရပါ့။
    ReplyDelete
  2. ရှုံးပြီး ရှင်ကျန်သူတွေကို ကူတိုက်ဖို့ တတ်အားသရွေ့ ပါဝင်ပါရစေ ပန်ပန်ရေ..
    ကဗျာလေးက ခံစားရလွန်းတယ်။
    ReplyDelete
  3. မကြီးပန်ရေ
    သရုပ်ဖော်ထားတဲ့ပုံရော
    ကဗျာရော ကောင်းလှပါတယ်ဗျာ
    ချီးကျူးဖို့တောင်မရဲအောင်ပါပဲ
    ReplyDelete
  4. ကိုယ်တိုင်ရေးတာနော်။ မယုံနိင်ဘူး။ ဒီလိုရေးတတ်တယ်။ လူလေး နုနုနယ်နယ်နဲ့။
    ReplyDelete
  5. အလိုရှိတဲ့အချိန်မှာ စတင်ပြီး
    အလိုရှိတဲ့အချိန်မှာ မရပ်စဲနိုင်ခဲ့တာ စစ်ပွဲတွေပဲ..
    ..............
    မပန်ရေ..
    အထက်က မောင်လေး တစ်ယောက် ပြောသလို ပဲ
    ကောင်းတယ် လို့ ချီးကျူး ရမှာ အားနာတယ်
    ဒိထက်ပိုကောင်းတဲ့ စကားလုံးလေး ရှာမတွေ့ လို့ပါ
    တဆက် ထဲ..ကျမတို့ ရင်ထဲများ.. အချစ် နဲ့ အလွမ်း ကဗျာတွေ ပဲ ရှိနေတတ်တာ..ဒီကဗျာလေး ဖတ်ပြီး
    ရှက် တက်တက်....း(
    ReplyDelete
  6. ဂျွန်ကပြောတယ်အားလုံးမြစ်ဆီသို့ ဆိုတဲ့ခေါင်းစဉ်လေး
    တစ်ခုကိုပြေးသတိရမိလိုက်ပေမယ့် ကဗျာကိုဖတ်လိုက်တော့
    အပြင်းစားဖြစ်နေတယ် ဒါပေမယ့် ဒါ ပန်ဒိုရာဆိုတဲ့
    နာမည်နဲ့တွဲမိနေတဲ့အရေးအသားပါပဲ..CARRY ON !!
    ReplyDelete
  7. အလိုရှိတဲ့အချိန်မှာ စတင်ပြီး
    အလိုရှိတဲ့အချိန်မှာ မရပ်စဲနိုင်ခဲ့တာ စစ်ပွဲတွေပဲ.. တဲ့...
    သိပ်မှန်တာပဲဗျာ...ဒီထက်ပိုပြီး ဘာမှမပြောတတ်တော့ဘူး မပန်ရေ...
    ReplyDelete
  8. ဂျွန် ၁ ကို အရင်သွားဖတ်ဖြစ်တယ်ဗျ နောက်တော့ ဒီကဗျာလေးလာပြန်ဖတ်တယ် ဖော်ကျူးထားတာလေး မိုက်တယ် ကဗျာက ဟန်နဲ့ မာန်နဲ့ ဖတ်ရတာ ကောင်းတယ် သတိရမိသေး သဲအောက်က ဓားလား သေချာမမှတ်မိလို့ အဲ့ကဗျာလေးထဲက ဒီလိုလက်ရာလေးတွေ သတိထားမိတယ် ။
    ReplyDelete
  9. ကိုယောဟန်အောင်က ဟုတ်လိုက်လေလို့ ပြောတဲ့ ကဗျာနှစ်ကြောင်းကိုပဲ ကိုးကားမလို့ ညီမပန်ရေ။ သူက ဦးသွားပြီ ... ။ အလိုရှိတဲ့အချိန်မှာတောင် မရပ်စဲနိုင်တဲ့ စစ်ပွဲတွေကြားမှာ ငြိမ်းချမ်းရေးဆိုတာကို ရှာဖွေနေမိတာ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ရူးများနေပြီလားလို့ စဉ်းစားမိတယ်။
    ReplyDelete
  10. ကောင်းလိုက်တဲ့ ကဗျာလေး..
    ခုတလော..ကဗျာသမားတွေကလည်း ခက်ခက် ခဲခဲ ဆို့ဆို့နင့်နင့်တွေပဲ စပ်နေကြပါလား။း(
    ReplyDelete
  11. စိတ်ကူးတေးသီ ကနေပြန်လာတော့ ရင်မောလာတယ်... ဟိုသည် လျှောက်သွားရင်းနဲ့ မွန့်ရဲ့ အော်သံကို တိုးတိုးတိတ်တိတ် ကြားလိုက်ရပြီးတဲ့နောက်
    ရှင်သန်ခြင်းတွေ ဖြန့်ခင်းထားတဲ့နေရာကို အရောက်မှာ စစ်ပွဲတွေနဲ့ တွေ့လိုက်တော့ အမောဆို့သွားတယ်...
    တခွက်ထဲနဲ့ မလောက်တော့ဘူး...
    ReplyDelete
  12. ဒီကဗျာကိုလဲ ဂျွန် ၁ လိုပဲကူးသွားလိုက်ပါတယ်..
    ""ဂျွန်ရေ…
    သတင်းတွေကလည်း မထူးသေးပါလားကွယ်
    ငါတို့ဒဏ်ရာတွေကိုပဲ အရည်ဖျော်လို့
    သစ်သီးဆန်ဆန်ဝိုင်ကလေးကိုဖောက်ပြီး
    ကန္တာရထဲသွန်းချလိုက်ကြမယ်
    ပြီးရင်အားလုံးကို မေ့လိုက်ကြမယ်
    အလိုရှိတဲ့အချိန်မှာ စတင်ပြီး
    အလိုရှိတဲ့အချိန်မှာ မရပ်စဲနိုင်ခဲ့တာ စစ်ပွဲတွေပဲ.. တဲ့
    တင့်ကားတွေ သေနတ်တွေ အမြောက်တွေ
    ပေါက်ကွဲသံတွေ ငိုယိုသံတွေ အသေခံဗုံးတွေ
    ဖျက်ဆီးခံလိုက်ရတဲ့ သောက်ရေတိုင်ကီတွေ
    ပဲ့ရွဲ့သွားတဲ့သစ်သီးတွေ ပုတ်ချခံလိုက်ရတဲ့ အစားအသောက်တွေ
    ကလေးငယ်တွေရဲ့ စူးစူးဝါးဝါးအကြည့်တွေ
    သွေးစက်တွေကြားကိုပဲ ပြန်သွားလိုက်ကြပါစို့ ဂျွန်ရယ်..။""
    ဘာပြောရမလဲ..
    သေချာတာက
    သိပ်ကောင်းမှာပဲ..နော်...
    ReplyDelete
  13. အစ်မပန်ရေ ကဗျာလေးခံစားသွားတယ်ဗျာ နက်နက်ရှိုင်းရှိုင်း ကြိုက်တယ် ကောင်းသောနေ့ပါဗျာ :)
    ReplyDelete
  14. ကဗျာလေး နင့်နင့်သည်းသည်းခံစားသွားပါတယ်..။
    ReplyDelete
  15. အရီးး
    အချိန်ကာလသည်ကား သွေးစက်တွေဆီပြန်သွားဖို့ ဦးတည်နေလေ၏... လို့များ အစချီရလေမလားပဲ..။ သေချာတာကတော့ စစ်တွေ မပြီးနိုင်သေး။ အဲဒီအခါ ဂျွန်နဲ့ လိုက်ရမယ်လားဟင်..။ ၀ိုင်နီနီတွေ ကြိုက်ပေမဲ့ သွေးနီနီတွေတော့ ကြောက်တယ်..။ ခက်တယ်နော်..။
    ReplyDelete
  16. ရှုံးပြီး ရှင်ကျန်သူတွေကို ကူတိုက်ဖို့ သွေးစက်တွေကြားက စစ်မြေပြင်ကို
    ပြန်သွားတဲ့အခါကျ အားလုံး အတူတူ
    သွားကြတာပေါ့ လေ.. နော်...
    ReplyDelete
  17. ကမ္ဘာဟာ စစ်ကို မလိုအပ်ပဲ ရရနေတယ်
    စစ်ဟာ ကမ္ဘာကို လိုအပ်ပေမယ့်
    ကမ ၻာဟာ စစ္ကို မလိုအပ္ခဲ့ဘူး။
    ဆိုတဲ့ သူငယ်ချင်းကဗျာဆရာရဲ့ စာသားလေးကိုပဲ ရေးပေးလိုက်ပါတယ်။ မပန်ရဲ့ကဗျာလေးကိုလည်း ကြိုက်သွားပြီ။ ခင်မင်လေးစားလျက်။
    ReplyDelete
  18. ပြီးတော့ မနော်လိုပဲ `ဂျွန်ကပြောတယ်အားလုံးမြစ်ဆီသို့´ ဆိုတဲ့ ကဗျာလေးကို ပြေးသတိရလိုက်မိသေးတယ်။ ဆရာရာမျိုးလားမသိဘူး။ ရေးတာက။ အဲဒီကဗျာလေးထဲက `ဂျွန်ရေ ကိုယ့်လက်ကို ယုံကြည်မှုရှိခဲ့ရင် တစ်နှစ်သုံးကိုရေမယ်၊ ငါတို့ ဟာ အညံ့စားတွေ မဟုတ်ဘူး´ ဆိုတဲ့ စာသားလေးကိုတောင်မှတ်မိနေသေးတယ်။
    ReplyDelete
  19. လွှတ်ကောင်း... အန်တီပန်..။
    ReplyDelete
  20. ငါတို့ ရင်ဘတ်တွေနဲ့ တွန်းတွန်းပြီး စစ်မြေပြင်ကို သွားကြမယ်…
    ဂျွန်ရေ… ဂျွန်ဘေးမှာငါ…
    ပန်… ဂျွန်ဖတ်တိုင်း ရင်ထဲမှာ ခံစားရလွန်းလို့ ….
    ReplyDelete
  21. ရယ်မောဖို့ စောင့်ရတာ မျက်လုံးတွေတောင် ညောင်းလို့ ....
    အသုံးလေးလှတယ် ။ ၀ိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၁ ကိုပါ ခံစားသွားပါတယ် ။း)
    ReplyDelete
  22. မပန်ရေ ကျွန်တော်မှားသွားလို့ ဗျာ။ အပေါ်မှာ ရေးထားတဲ့ 'ဂျွန်က ပြောတယ် အားလုံးမြစ်ဆီသို့  ဆိုတဲ့ကဗျာက မောင်သိန်းဇော် ရေးတာပါ။ ပြီးတော့ စာသားတွေကလည်း လွဲနေတယ်။ မောင်သိန်းဇော်ရဲ့ကဗျာလေးကိုတော့ တပိုင်းတစ ရပေမယ့်  မရေးလိုက်တော့ပါဘူး။ အဲဒါလေး လာပြောတာပါ။
    ReplyDelete
  23. ကဗျာအပြင်းစားတပုဒ်ပါပဲ။
    ReplyDelete
  24. စစ်ဆိုတာ..... ရေစစ်တောင်မကောင်းဘူးဗျာ..
    ကဗျာထဲက ပုံရိပ်တွေကို ချရေးကြည့်မိပါတယ်..
    တစ်ကယ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ..
    မိုးကြယ်
    ReplyDelete
  25. ပထမ၀ိုင်ပုလင်းက ပိုပြင်းတယ်
    ဒုတိယ၀ိုင်ပုလင်းလည်း ကောင်းတာပဲ
    ချီးမကျူးတော့ပါဘူးနော။
    ReplyDelete
  26. ဂျွန်...
    ဝိုင်မြစ်ချို
    ပြီးတော့...ပန်....ဒို...ရာ
    အားလုံးကို....ပြောလိုက်ချင်တာက...
    အခုအထိတော့ ဘာမှ လုပ်လို့မရသေးဘူး....
    နင်းပြားဘဝတွေပါဘဲ။...နှစ်ပေါင်း၄၀ ကျော်ပြီ...
    ပိုဆိုးတာက...ပိုဆိုးလာတာပါဘဲ....
    ReplyDelete
  27. ပန်ဒိုရာစံ ရေ…
    သတင်းတွေကလည်း မထူးသေးပါလား ကွယ်
    ငါတို့ရဲ့ ဒါဏ်ရာတွေကိုပဲ အရည်ဖျော်လို့ ပြည်သူတွေ သောက်သုံးမဲ့ အချိန်ကို စောင့်နေသတဲ့ကွယ်။
    ReplyDelete
  28. ဂျွန်ရေ…
    သတင်းတွေကလည်း မထူးသေးပါလားကွယ်...။
    တိုက်ပွဲအတွက်တဲ့....
    စင်္ကြာဝဠာအပြင်ဖက်အထိ ထွက်လို့ရရင်
    ထွက်ကြဦးမဲ့ ဦးဆောင်သူတွေ
    သူတို့ရဲ့ ဦးဆွေးဆံမြေ့ထမ်းဆောင်မှုကို
    ဦးညွှတ်လို့အလေးပြုမယ်ကြံတုန်း
    ဗျုန်းဆို...အသံတစ်ခုကြားလိုက်တယ်...
    အစိုးရအဖွဲ့အကွဲအပြဲနဲ့...
    လစာမပေးဘဲထားတာနဲ့...
    ရံပုံငွေတွေ စာရင်းပျောက်တာနဲ့...
    ပဲ့ရွဲ့ထွက်ကျတဲ့အသံ
    မဟန်ဘူး..ဂျွန်ရေ...
    ကလေးငယ်တွေရဲ့ စူးစူးဝါးဝါးအကြည့်တွေ
    သွေးစက်တွေကြားကိုပဲ ပြန်သွားလိုက်ကြပါစို့ ဂျွန်ရယ်..။
    ReplyDelete
  29. "နေ့ဘက်မှာ လင်းလွန်းလို့မမြင်ရဘူး
    ညရောက်တော့ မှောင်လွန်းလို့မမြင်ရဘူး"
    ဆိုတော့ အချိန်တိုင်း မမြင်ရဘူးဆိုတဲ့အရာဟာ စက္ခုအာရုံမြင်ကွင်းတွေ သက်သက်တော့မဟုတ်တော့ဘူး။ အ၀ိဇ္ဖာမျက်လုံးနဲ့ နှလုံးသားတွေနဲ့ ခင်းကျင်းတဲ့စစ်ပွဲတွေ..ကြောင့် ကန်းနေတဲ့အချိန်တွေ နေ့ ည တွေ ကိုမြင်လာရတဲ့ ကဗျာစကားလုံးတွေဆီက သွေးညှီနံ့ တောင်ရလိုက်သလို..
    မှန်တဲ့ဘက်ဆိုတာ အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတယ်
    မှားတဲ့ဘက်မှာလည်း အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတာပဲ..
    လူအသက်တစ်ချောင်းဟာ လူတွေပညတ်ထားတဲ့ အမှန်အမှားဆိုတဲ့စကားလုံးတွေ၊သတ်မှတ်ချက်တွေ လောက်တန်ဖိုးမရှိတော့ဘူး..
    အားကြီးတဲ့တစ်ဘက်က တောရိုင်းဥပဒေသနဲ့ အနိုင်ယူတယ်။ အားနည်းတဲ့ ရှုံးနိမ့်သူဘက်ကအသက်တွေနဲ့ လဲရတယ်။ အားကြီးသူရော အားနည်းသူရော ကလူသားတွေဖြစ်နေတယ်။
    နိုင်သူရော ရှုံးသူရော နှစ်ဘက်စလုံးမှာပေးဆပ်မှုတွေရှိနေတာပဲ။ ၀မ်းနည်းစရာကောင်းတာက မျိုးဆက်သစ်ကလေးတွေအတွက်စဉ်းစားမှု ဆိုတာတွေမပါဘူး..
    ဒီကဗျာ ကို ဒီကွန်မန့် ရေးဖို့ အကြိမ်ကြိမ်လာဖတ်ခဲ့ကြောင်းပါ။
    ReplyDelete