Technical help
Tuesday, April 28, 2009
ဆုံတွေ့ကြတဲ့အခါ…
တွေ့ဖူးချင်တဲ့လူ ၁၀ ယောက်တဲ့… မတန်ခူးကရော မနော်ကပါ တက်ဂ်ထားပါတယ်။
ကိုယ့်ကိုယ်ကို ပြန်တွေးမိတယ်။ ကိုယ်က ခက်တယ်။ လူမှုရေးနဲ့ ပတ်သက်ရင် မခင်မင်တာလည်း မဟုတ်ပဲနဲ့ တခါတခါ လူတွေနဲ့ ဝေးရာကို ပြေးပြေးနေတတ်တယ်။ အခုလည်း ဆက်ဆံရေးတွေ ကျဲနေတာ ကြာလှပေါ့။
သူများတွေ ဘယ်သူ့ကို တွေ့ချင်သလဲ လိုက်ကြည့်တော့ တချို့ကတော့ သူငယ်ချင်းဘလော့ဂါတွေ အပြင် နာမည်ကျော်ပုဂ္ဂိုလ်တွေ ဆယ်လစ်ဘရစ်တီတွေလည်း ပါရဲ့။
ကိုယ့်အတွက်တော့ တွေ့လို့မဖြစ်နိုင်တာတွေ၊ တွေ့လို့ရပေမယ့် မတွေ့ဖြစ်သေးတာတွေ၊ မတွေ့ချင်ပေမယ့် တွေ့ချင်နေတာတွေ၊ တွေ့ချင်ပေမယ့် မတွေ့ချင်နေတာတွေ…။ ကိုယ်ကိုက ရှုပ်ထွေး အတွေးခေါင်တတ်ပါတယ်။
ဘယ်လိုဖြစ်ဖြစ် ချစ်သူတွေကိုသာ တွေ့လိုပါတယ်။ မုန်းသူဆိုတာ မရှိချင်ပါ။ ဒီစာကို ဖတ်ဖြစ်တဲ့ လူအားလုံးကို တနေ့နေ့မှာ လှိုက်လှိုက်လှဲလှဲ ဆုံတွေ့ချင်တယ် လို့ မှတ်ယူလိုက်ကြပါ။ ချစ်ခင်သူတွေ အားလုံးအတွက် ကဗျာလေး တစ်ပုဒ် လက်ဆောင် ပေးလိုက်ပါတယ်။ ကျေနပ်ကြပါနော်။ ဆုံတွေ့ကြတဲ့အခါ ….
ဆုံတွေ့ကြတဲ့အခါ
ယမ်းငွေ့တွေစဲပြီ
ခေါင်းလောင်းသံတွေ ဒေါင်ဒင်မြည်
ဝိုင်ချိုစည်တွေ ဖောက်ကြ
အသားကင်တွေကို လှီးဖြတ်ကြ
အိမ်ရှင်မတွေက ပန်းအိုးတွေ ပြင်လို့
ကလေးသူငယ်တွေက ၀တ်ကောင်းစားလှတွေနဲ့ မြူးထူးလို့
မိုးပျံပူဖောင်းတွေ ခရာတွေ ဦးထုပ်ချွန်တွေနဲ့
ပွဲတော်ညမှာ အားလုံး နိုးထလာကြပြီ
အနာဂတ်ရနံ့ သင်းထုံလတ်ဆတ်နေတဲ့ ညစာစားပွဲမှာ
ကလေးငယ်တွေ ရေးဆွဲထားတဲ့ ပန်းပွင့်ပုံတွေအကြောင်းကို
ရေးကြီးခွင်ကျယ် စိတ်ဝင်စား ဆွေးနွေးကြမယ်
ဝတ်စုံအောက်မှာဖုံးထားတဲ့ ဆတ်ဆတ်ခါ အနာရွတ်တွေအကြောင်း
သဲတွေလူးသွားခဲ့တဲ့ အေးစက်စက် စားမြိန်ထုပ်တွေအကြောင်း
ပြန်ပေါ်မလာတော့တဲ့ ခြောက်သွေသွေ့ ခြေရာတွေအကြောင်း
အို... စစ်ကြီးတုန်းက ဆိုတာတွေကိုတော့
ယောင်လို့များတောင် ခွန်းဟမသီကြပါနဲ့တော့ကွယ်
သစ်ရွက်ချွန်တွေကြားက ညလေပြည်ပုဝါပါးဟာ
လေမှုတ်တူရိယာ တေးသွားထဲ တိုးတိုးသဲ့သဲ့ စိမ့်ဝင်လို့
ချိုးဖြူငှက်တကောင် တငြိမ့်ငြိမ့် ပျံသန်းသွားတဲ့အခါ
အားလုံးမော့ကြည့် လက်ခုပ်တီးလိုက်ကြပေါ့ကွယ်
လှိုက်လှိုက်လှဲလှဲ ရယ်သံချိုလွင်တွေ
ရင်ခွင်ချင်း ချိတ်ဆက်ထားတဲ့ လက်တွေ
တလျှပ်လျှပ် မီးပုံနံဘေး နွေးထွေးလှုပ်ခါနေ
မာယာကင်းစင်သွားတဲ့ ပင်လယ်ထဲက လှိုင်းတွေလည်း
စည်းချက်မှန် တေးသွားနဲ့ အသာချော့သိပ် လို့
အားလုံး ပြုံးပြီး အိပ်မောကျသွားတော့မှ
ဟိုအဝေးတောတန်းက ၀ံပုလွေသံတွေ နားစွင့်ရင်း
ဒဏ်ရာတွေ သံပတ်တင်းလာတဲ့အခါ
တိတ်တိတ် မျက်ရည်ဝဲကြတာပေါ့ သူငယ်ချင်းရယ်။
ပန်ဒိုရာ
Type the rest of your post here.
29 comments:
  1. သတိ ။ အတူတွေ့တဲ့အခါ မျက်နှာချင်းဆိုင် မရယ်ရ ။ အဟေးဟေး
    ReplyDelete
  2. ပြန်ဆုံကြရင် ဝိုင်ချိုချိုနဲ့ ဆိုရင်တော့ လောက်မယ်တောင် မထင်ဘူး။ :D
    ReplyDelete
  3. ပန်ပန်နဲ့လည်း တွေ့ချင်ပါတယ်။ လူချင်းမတွေ့ဖူးခင်၊ ဓါတ်ပုံအရင်ပြ။ :)
    ReplyDelete
  4. ကဗျာလာဖတ်ပါတယ် ကောင်းသောနေ့ပါ မပန် :)
    ReplyDelete
  5. ကျနော်ကတော့ မပန်နဲ့ တွေ့ချင်ပါတယ်...
    ReplyDelete
  6. မြူခိုးအနားသတ်
    ကန့် လန့် ကာ တချက်ပွင့်နေပြီ
    လျှိုထွက်လို့ ရရင် ထွက်ခဲ့
    အပြည့်ဖွင့်လို့ ရရင် ဖွင့်ခဲ့
    ဘာပဲဖြစ်ဖြစ်
    ဒို့ တွေ အပြင်ရောက်ကြမှာပဲလေ။
    ReplyDelete
  7. ဆုံတွေ့ကြတဲ့အခါ …
    ဝေဒနာတွေ သက်သာ
    ဒဏ်ရာတွေ ပျောက်ကင်း
    သတင်းတွေ ဖလှယ်
    ရယ်သံတွေ ဝေစည်
    တူစုံညီ လက်တွဲ
    တသားထဲ စုဝေး
    မီးပုံလေး နံဘေးမှာ
    ဂီတသံ သာသာနဲ့
    မြူးထူးစွာ က-ကြမယ် …
    ဘယ်ဒေသရောက်ရောက်
    တခေါက်တော့ ဆုံရအောင်
    မမှောင်ခင် လာခဲ့ကြ …
    ငါတို့ရဲ့ ညချမ်း
    အပြုံးပန်း ဝေဆာ
    သာယာကြစေဖို့
    ဆုံတွေ့စို့ အတူ
    နှင်းမြူမှုန်ဝေကင်း
    အရုဏ်ကျင်း လင်းသည်ထိ
    ဟောဒီ့ နေရာလေးမှာ …
    လွတ်လပ်စွာ ….
    ပျော်ရွှင်စွာ ….
    ငြိမ်းချမ်းစွာ ….
    …. …. …. ….
    …. …. …. ….
    …. …. …. ….
    ***
    MDW
    27.4.09
    20:32 pm
    ReplyDelete
  8. ကျွန်မလည်း မ နဲ့  တွေ့ ချင်ပါတယ်။
    ReplyDelete
  9. သြော် ကလေးကတော့ တွေ့ဖူးချင်တဲ့လူဆိုရင် ... မပန်ကို ထည့်ရေးလို့မရတော့ဘူး ... ကလေးက မပန်နဲ့ဆုံဖူးတယ်.. ငါကွ :-P
    ReplyDelete
  10. တနေ့နေ့မှာ....ဟုတ်ပါတယ်မပန်ရေ...တနေ့နေ့မှာပေါ့ဗျာ............
    ခင်မင်လျက်
    ReplyDelete
  11. အော်..ဒီပန်ဒိုရာကတော့ ပညာရှိ..း)
    အရင်က ဖွင့်ခဲ့တဲ့သေတ္တာက သူ့လက်ထဲသာအပ်ခဲ့ရင်
    ခုလိုနေ့တွေရှိမှာမဟုတ်တော့ဘူးနော်......
    ReplyDelete
  12. “ဒဏ်ရာတွေ သံပတ်တင်းလာတဲ့အခါ
    တိတ်တိတ် မျက်ရည်ဝဲကြတာပေါ့ သူငယ်ချင်းရယ်။”
    တစ်ခါတုန်းက ကိုမင်းခက်ရဲ ရေးတဲ့ စစ်ကြီးပြီးရင် ဆိုတဲ့ကဗျာလေးကိုတောင်အမှတ်ရတယ်..။
    မိတ်ဆွေတွေ ချစ်ရခင်ရတဲ့သူတွေ ကျန်းမာအေးချမ်းပါစေ..။
    အမုန်းတရားနဲ့ လောကကိုကြည့်တတ်သူတွေ နှစ်တွေပြောင်းလာလို့ စိတ်တွေ “ကောင်း” လာပါစေ..။
    ReplyDelete
  13. ညီမမပန်ရေ ကဗျာလေးကောင်းလိုက်တာ မပန်ပြောတဲ့ကာလရောက်ရင် ကျနော်တို့မောင်နှမတွေတွေ့ခြင်တယ်ဗျ အဲ့ဒီအခါကြရင် ကျနော်ကိုယ်တိုင်ထုဆစ်ထားတဲ့သီချင်းတပုဒ် ညီမမပန်ကို ဆိုပြမယ်ဗျာ ငြိမ်းချမ်းရေးသီချင်းတပုဒ်ပါ။
    ReplyDelete
  14. အမပန် ကဗျာလေးက အသက်ဝင်လိုက်တာဗျာ။
    ချိုးဖြူငှက်တကောင် တငြိမ့်ငြိမ့် ပျံသန်းသွားတဲ့အခါ
    အားလုံးမော့ကြည့် လက်ခုပ်တီးလိုက်ကြပေါ့ကွယ်
    လက်ခုပ်တီးကြတာပေါ့ဗျာ
    ReplyDelete
  15. အားလုံး ပြုံးပြီး အိပ်မောကျသွားတော့မှ
    ဟိုအဝေးတောတန်းက ၀ံပုလွေသံတွေ နားစွင့်ရင်း
    ဒဏ်ရာတွေ သံပတ်တင်းလာတဲ့အခါ
    တိတ်တိတ် မျက်ရည်ဝဲကြတာပေါ့ သူငယ်ချင်းရယ်။
    အရမ်းကောင်းတဲ့စာသားလေးဗျာ။ ထိတယ်။
    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်
    ReplyDelete
  16. ကဗျာလေးက ကောင်းတယ်
    မျက်လုံးထဲမြင်မိလို့
    ReplyDelete
  17. တွေ့ချင်လွန်းလို့ အရှည်ဆုံး လှေကားအသစ်နဲ့ လာပါတယ်။
    အဆင်ပြေ ပျော်ရွှင်ပါစေ
    ReplyDelete
  18. ကဗျာကို ဖတ်လိုက်ရတာ မပန်နဲ့ အရှင်လတ်လတ် တွေ့လိုက်ရသလိုပါပဲ
    ReplyDelete
  19. စာဖတ်သွားပြီ
    တွေ့ချင်တယ်ပေါ့နော်
    ReplyDelete
  20. ချစ်သူတွေမို့ အမြဲတွေ့ရတယ်လို့ မှတ်လိုက်မယ်နော်...ဝေးရာကိုတော့ မပြေးရဘူး... သိလား...
    အတင်း လိုက်ဆွဲမှာပဲ...
    (ဒါထက် စကားမစပ် မနက်ဖြန် Shopping သွားကြမယ်လေ.. နော်...)
    တွေ့ အုံး မှာ. . . .
    ReplyDelete
  21. ကျေးဇူးပါပန်ရေ…
    ပို့ စ်ချိုချိုလေးအတွက်ရော…
    မျှော်လင့်ချက်တွေ ထည့်ဖျော်ထားတဲ့ ကဗျာကောင်းကောင်းလေး အတွက်ရော…
    လက်ချင်းမက နှလုံးသားချင်းတွေပါ တွဲချိတ်ထားတဲ့ ပန်းချီလှလှလေး အတွက်ရော…
    အနာဂတ်ရနံ့ သင်းထုံလတ်ဆတ်တဲ့ ညနေခင်းလေးတခု ရှေ့ မှာ စောင့်နေတယ်လို့  ဆက်ယုံကြည်ချင်သေးတယ်…
    ထပ်ဆုံချင်သေးပါတယ်… အရင်က ပန်ဒိုရာမှန်းမသိတဲ့ ပန်ဒိုရီရဲ့ သွက်သွက်လက်လက် ချစ်စရာ ဇနီးချောလေးအဖြစ်သာ ဆုံခဲ့ဖူးတာမို့ … အမလေ ပန်ဒိုရာနဲ့ ဆုံချင်သေးတယ်…
    ReplyDelete
  22. မ..ရေ...တွေ့ကြဦးစို့နော်......
    ကဗျာလေးကကောင်းလိုက်တာ....
    ReplyDelete
  23. ဟုတ်တယ်..
    အဲဒီအတိုင်း အတိအကျပဲ..
    တိတ်တိတ် မျက်ရည်ဝဲကြ.. ခပ်ပါးပါးရယ်ကြ.. တခါတလေ အတိတ်ကို အားတုံ့အားနာ သတိရကြ..
    တမ်းတမ်းတတ ရေရွတ်ကြ...
    အရေးကြီးတာကတော့ ပြုတ်ခဲ့ဖူးတဲ့ လက်တွေ ပြန်တွဲဖြစ်ကြဖို့ပါပဲ..။
    ReplyDelete
  24. ဆုံတွေ့ရတဲ့ နေ့တွေကို တစ်ကယ်ရောက်ဖြစ်ခဲ့ရင် ဦးသူခေါ်စတမ်းနော် ပန်ပန်
    ReplyDelete
  25. Beautiful..heart beat...
    Thax
    ReplyDelete
  26. Beautiful..Sound
    Thanks..a lot
    ReplyDelete
  27. ကဗျာကောင်းတစ်ပုဒ် ဆိုတာထက်ကို ကောင်းပါတယ် ။ အဓိပ္ပါယ်ပြည့်ဝလွန်းတယ် ။
    ReplyDelete
  28. I'm really love this poem..But..I feel like as...
    I'm really familiar with this poem last six ,seven years ago..
    Anyway...thanks for getting a dream...
    :)
    ReplyDelete
  29. ဆုံတွေ့ကြတဲ့ အခါ-------
    ReplyDelete