Technical help
Saturday, May 2, 2009
ငဝန်ဧရာ ပမ္မဝတီ ရွေးနဒီ တကြော မျောလာတဲ့ ဒိုက်တစ်မျှင်
ငဝန်ဧရာ ပမ္မဝတီ ရွေးနဒီ တကြော မျောလာတဲ့ ဒိုက်တစ်မျှင်
တိတ်ဆိတ်နေတဲ့ ပင်လယ်
ကြယ် မကြွေ၊ တော် မလဲ
လက်နက် ဝင်းလက် မပြိုးပြက်
သမားရိုးကျရက်တွေထဲက တစ်ည
ဘုရားသခင် စွန့်ပစ်လိုက်တဲ့ အမှိုက်တစ်စ
င၀န်မြစ်ညာအရပ်က ကျလာတယ်။
ပန်းခက်တွေရေးထားတဲ့
ဖျင်ထီးရောင်စုံ
ငဝန်မြစ်ဝမှာ ငယ်မူကြွ လှနေတုန်း
အပြာမှာ အ၀ါဆင်
ပွင့်ဖူးတလွင်လွင်နဲ့
ဗေဒါပင်ကို အားကျ
ရေကျော်ဝကနေ ချောင်းထဲဝင်
လတာပြင်ကို မိတ်ဖွဲ့လို့
ဂျွမ်းအတတ်ကို ငဖျံဆီမှာသင်
ဒိုက်အဆင် ဒိုက်အသွေးကိုမေ့လို့
ခပ်ရေးရေး စိတ်ကြီးဝင်ခဲ့သေးတယ်။
ဘုတ်မက အီနေတုန်း
ကျူရိုးရှင်က ပီနေတုန်း
ပမ္မ၀တီရဲ့ ရေချိုရေငန်စပ်မှာ
ဗေဒါတွေကျပ်
ဗျိုင်းဖြူတွေ တောင်ပံခတ်ချိန်အထိ
အစုန် အဆန် ဆင်းခဲ့တယ်
နေလုံး မှိန်ပြန်တော့
အိမ်.. ဆိုတာရဲ့ ဒဿန
ချ မပြချင်သေးတဲ့အခါ
ဆည်းဆာချိန် တိမ်အတွေးထဲမှာ
သဲသောင်ပြာပြာက တနံတလျားကျယ်သွားခဲ့တယ်။
တွေးခဲ့ဖူးတယ်….
ဧရာဝတီသင်္ဘောရဲ့ အထက်တန်းအိပ်စင်က
ပစ်ချလိုက်တဲ့ ဘီယာဗူးခွံတစ်လုံးကို
ငှက်သမ္ဗာန်တစ်စင်းရဲ့ နံဘေးကနေ
ငေးကြည့်ရင်း တွေးခဲ့ဖူးတယ်
ကောင်းကင်နဲ့မြေသား
အလွှာအထပ်ထပ်တွေကြားမှာ
ဘီယာဗူးတစ်လုံးစာ ခြားနားနေသလား။
တွေးခဲ့ဖူးတယ်…
စပါးတွေ ဆားတွေ ငါးတွေကိုပေးတဲ့
ကြွယ်ဝတဲ့မြစ်ချောင်းတွေကြား
ဓနိပင် လမုတန်း နုံးစပ်စပ်မှာ
ကဏန်းနှိုက်နေကြတဲ့ အင်္ကျီမပါတဲ့ကလေးတွေ
ရွှံ့ရောင်မွဲနေတဲ့ တောသူတောင်သားတွေ
ကမ်းမကပ်နိုင်တဲ့ ဒိုက်ဖတ်တွေ အတွက်
နက္ခတ်တွေ လင်းမပြနိုင်တဲ့အခါ
ဘယ်အရာက ချည်ထုံးထားခဲ့တာကြောင့်လဲ။
တွေးခဲ့ဖူးတယ်…
တကယ်လို့များ
အိန္ဒုမြစ်က ရေ
နိုင်းမြစ်ကရေ
သိန်းမြစ်က ရေ
မြစ်ဝါမြစ်က ရေ
ဗော်လဂါမြစ်က ရေ
ကမ္ဘာ့မြေပုံထဲက ရေတွေအားလုံးက
ဆာတယ်ဆာတယ်လို့
သံပြိုင်တက်တက် အိပ်မက်စိမ်းပေးလာကြတဲ့အခါ
ဘယ်အရာနဲ့ မွတ်သိပ်မှုပြေစေမလဲ။
တွေးခဲ့ဖူးတယ်…
မြစ်တစ်စင်းထဲမှာ ရေနှစ်ခါချိုးလို့မရဘူး တဲ့
နှစ်ခါမက ထပ်ထပ်မှားခဲ့တဲ့ အမှားတွေကို
ဘယ်မြစ်ရေမှာ ဘယ်လိုဆေးကြောရပါ့
ရွေးမြစ်ကမ်းလှလှက
ဆားငန်ရေ ၀ သွားတဲ့ ဒိုက်မျှင်ဟာ
ငရဲတံခါး ဖြတ်ကျော်ရင်
သံသရာကိုပါ မေ့လျော့စေတဲ့ မြစ်မှာ
ကူးခပ်ရင်းနစ်နေပြီလားကွယ်။
အချိန်ဆိုတာ
လူတွေသတ်မှတ်ထားတဲ့ ရေစီးကြောင်း
အနာဂတ်ဆိုတာ
စိတ်ကူးမြစ်တို့စုဆုံရာ ပင်လယ်
ကံကြမ္မာဆိုတာ
အရာရာ အစိုးမရနိုင်တဲ့ လေထု
ရေပြင်ကျယ်တကြော
မျောလာတဲ့ ငွေ့ရည်တွေဟာ
ရူးသွပ်သွေးဆာ သွားတဲ့အခါ
မာယာတွေဖွဲ့ ဗျူဟာတွေချဲ့တယ်
တံပိုးခရာသံ အသစ်နဲ့
နာဂစ်တံဆိပ်ကိုကပ်ထားတဲ့
မေ ၂ ရဲ့ စစ်ကြေညာသံက
မျှော်လင့်ချက်တွေကို အငိုက်မိ လန့်နိုးစေတယ်။
အချစ်ကိုသာ သယ်လာဖူးတဲ့
ဂန္ထ၀င်မြစ်တွေဟာ
သည်စစ်ပွဲမှာ အလဲအကွဲပေါ့
မိစ္ဆာတွေရဲ့ ညှီစို့စို့ ရနံ့တွေကို
ရေငန်တရိုးက စောင်းသံနဲ့ မလှန်နိုင်ခဲ့
ပင်လယ်ထဲက မှိန်းတစ်လက်နဲ့
နက်ပကျွန်းက ဂုတ်ခွစီးလာချိန်
ပုဆိန်တွေ ၀ှက်ထားတဲ့ မြစ်စောင့်နတ်က
ဝိညာဉ်နှစ်သိန်းကျော်နဲ့
ယာဇ်ပူဇော် ဖို့ဆင့်ခေါ်လိုက်ချိန်
အနောက်ဘက်မှာ ငှက်တွေ အုပ်လိုက်ထပျံတယ်။
လေနီကြမ်းဆိုတာ
ထန်းလက်နဲ့ ကာလို့မရဘူး
သိမှု နဲ့ဝန်တာ
နမူနာ ချပြလိုက်တဲ့ မြစ်တို့ရဲ့လင်္ကာဟာ
ကွဲအက်တုန်ခါ ငိုသံပါနေတယ်
ပြာမလော့ ဟိုဘက်ခြမ်းက
ပဲ့ကျသွားတဲ့ မြစ်ကမ်းပါးဟာ
နှလုံးသားတွေကိုပါ တိုက်စားသွားတယ်
သယ်ကယ်သောင်စွန်းက
စုန်းစုန်းမြုပ်သွားတဲ့ မြေနုကျွန်းထဲ
ရင်အစုံတွေ ကွဲကြေသွားတယ်
ကယ်ပါယူပါ လက်တွေအကမ်းမှာ
ဒေါင်လိုက်ရမ်းသွားတဲ့လေဟာ
အရှေ့အရပ်ထိ အဖျားခတ်ရင်း
ပြတ်တောက်ကျန်ခဲ့တဲ့
ဒုက္ခတရားရဲ့ မြစ်ကျိုးအင်းတွေကို
ဇွတ်အတင်း ထားရစ်ခဲ့တော့တယ်။
………
………
………
စစ်.. တွေ ပြီးပြီလား
မြစ်တွေကတော့ စီးနေဆဲ
မြစ်ရဲ့အလှ
မြစ်ရဲ့ဘဝ
မြစ်ရဲ့ဓမ္မ မှာ
တရားမရနိုင်ရှာသေးတဲ့
သည်ငမိုက် သည်ဒိုက်ကတော့ ကမ်းမကပ်သေးဘူး
ရုပ်သက်သက်နဲ့ကျိုလောင်းထားတဲ့
လူလုပ်မြောင်းတစ်ခုထဲမှာ
မလှုပ်တလှုပ်မျောပါရင်း
ဧရာဝတီရဲ့ မကျက်တကျက်ဒဏ်ရာတွေကို
အဝေးကနေ နာ ရုံလေး နာ နေလေရဲ့။
ပန်ဒိုရာ
(မေ ၂ သို့)
(မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးထားတဲ့ ဗွီဒီယိုဖိုင်လေးတွေပါ)
20 comments:
  1. ဟေး... တို့ ၁ ကွ
    Happy Birthday ပါ ပန်ပန်...
    ReplyDelete
  2. အမှန်က တို့ တစ်ပါ။ သက်ဝေကိုဦးစားပေးလိုက်တာ. သူငယ်ချင်းမို့လို့။။တို့က စောင့်နေတာ။ တစ်မဖြစ်ချင်လို့။
    ဘာမှန်းမသိလည်း သေချာတယ်။
    happy birthday ပန်ပန်။
    လိုရာဆုပြည့်ပါစေ။
    ReplyDelete
  3. 2 May 09, 00:13
ုkom: စာရေးထားတာ သိတ်ကောင်းတယ။် တို့ ကွန်မက်ပေးရမှာအားနာလို့ ပညာရှင်တွေ အတွက်ချန်ခဲ့တယ်။ စစ်တွေ..ပြီးပြီလား။ မြစ်တွေ ကတော့စီးနေဆဲဆိုတာလေး အဖွဲ့ကလေးကိုကြိုက်တယ်။ တို့သာဆိုရင် မရေးတတ်ဘူး.တစ်နစ်လုံးရေးတောင် မရ
    ReplyDelete
  4. ဒီနေ့ က မမွေးနေ့ လား။
    ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ မ...
    “ဧရာဝတီရဲ့ မကျက်တကျက်ဒဏ်ရာတွေကို
    အဝေးကနေ နာ ရုံလေး နာ နေလေရဲ့။”
    ရင်ထဲ တည့်တည့်ရောက်လို့  အပေါက်ကလေးတောင် ဖြစ်သွားပါတယ်...
    ReplyDelete
  5. ဒီနှစ်တော့ မနှစ်ကလို ၀မ်းမနည်းရလောက်ပါဘူး။ :)
    ဒါပေမယ့် စိတ်ထဲမှာ သတိရနေတုန်းပဲ။
    မပန်..ပျော်ရွင်ပါစေ။ သူတို့လည်း .. ကောင်းရာမွန်ရာရောက်ကြပါစေ။ ဒုက္ခမှ ကင်းဝေးနိုင်ကြပါစေ။
    ReplyDelete
  6. သိပ်ကောင်းတာပဲ ပန်ပန်။
    နှစ်ခါမက ထပ်ထပ်မှားခဲ့တဲ့ အမှားတွေကို
    နက္ခတ်တွေ မလင်းသေးဘူး။
    လေထဲမိုးထဲမှောင်ထဲမှာ ငိုသံတွေ ကြားနေရတုန်း..
    ReplyDelete
  7. အိန္ဒြာMay 2, 2009 at 12:55 AM
    မပန်ရေ..
    မြင်ကွင်းတွေကို ပြန်မြင်ယောင်နေပြီး..
    ဘာမှချမရေးနိုင်လောက်အောင်ဖြစ်နေတာ...
    ခု..ရင်ဝကို..တည့်တည့်ချိန်ပစ်တဲ့မြားနဲ့
    ပက်ပင်းတိုး တော့တယ်...။
    ReplyDelete
  8. Initial = Final
    ဒိုက်တစ်မျှင်
    အမှိုက်တစ်စ
    င၀န်မြစ်ညာအရပ်က ကျလာတယ်။
    A beautiful scene
    ဘုတ်မက အီနေတုန်း
    ကျူရိုးရှင်က ပီနေတုန်း
    ပမ္မ၀တီရဲ့ ရေချိုရေငန်စပ်မှာ
    ဗေဒါတွေကျပ်
    ဗျိုင်းဖြူတွေ တောင်ပံခတ်ချိန်အထိ
    အစုန် အဆန် ဆင်းခဲ့တယ်
    နေလုံး မှိန်ပြန်တော့
    အိမ်.. ဆိုတာရဲ့ ဒဿန
    ချ မပြချင်သေးတဲ့အခါ
    ဆည်းဆာချိန် တိမ်အတွေးထဲမှာ
    သဲသောင်ပြာပြာက တနံတလျားကျယ်သွားခဲ့တယ်။
    Suffering from Malnutrition
    ကမ္ဘာ့မြေပုံထဲက ရေတွေအားလုံးက
    ဆာတယ်ဆာတယ်လို့
    သံပြိုင်တက်တက် အိပ်မက်စိမ်းပေးလာကြတဲ့အခါ
    ဘယ်အရာနဲ့ မွတ်သိပ်မှုပြေစေမလဲ။
    Philosophy
    တွေးခဲ့ဖူးတယ်… 1,2,3,4 and
    အချိန်ဆိုတာ
    လူတွေသတ်မှတ်ထားတဲ့ ရေစီးကြောင်း
    အနာဂတ်ဆိုတာ
    စိတ်ကူးမြစ်တို့စုဆုံရာ ပင်လယ်
    ကံကြမ္မာဆိုတာ
    အရာရာ အစိုးမရနိုင်တဲ့ လေထု
    Danger smell
    အချစ်ကိုသာ သယ်လာဖူးတဲ့
    ဂန္ထ၀င်မြစ်တွေဟာ
    သည်စစ်ပွဲမှာ အလဲအကွဲပေါ့
    မိစ္ဆာတွေရဲ့ ညှီစို့စို့ ရနံ့တွေကို
    ရေငန်တရိုးက စောင်းသံနဲ့ မလှန်နိုင်ခဲ့
    Peril in distress
    သယ်ကယ်သောင်စွန်းက
    စုန်းစုန်းမြုပ်သွားတဲ့ မြေနုကျွန်းထဲ
    ရင်အစုံတွေ ကွဲကြေသွားတယ်
    ကယ်ပါယူပါ လက်တွေအကမ်းမှာ
    ဒေါင်လိုက်ရမ်းသွားတဲ့လေဟာ
    အရှေ့အရပ်ထိ အဖျားခတ်ရင်း
    ပြတ်တောက်ကျန်ခဲ့တဲ့
    ဒုက္ခတရားရဲ့ မြစ်ကျိုးအင်းတွေကို
    ဇွတ်အတင်း ထားရစ်ခဲ့တော့တယ်။
    Initial = Final
    လူလုပ်မြောင်းတစ်ခုထဲမှာ
    မလှုပ်တလှုပ်မျောပါရင်း
    ဧရာဝတီရဲ့ မကျက်တကျက်ဒဏ်ရာတွေကို
    အဝေးကနေ နာ ရုံလေး နာ နေလေရဲ့။
    So nice a poem.
    a Strength Poem.
    I absorbed by hart.
    Bino
    ReplyDelete
  9. မပန်ရေ.. တကယ့်ကို ထိထိမိမိ ခံစားရတဲ့ ကဗျာဇာတ်လမ်း ပါလားဗျာ။
    ReplyDelete
  10. တွေးရင် ဖတ်ရင်း ဖတ်ရင်း တွေးရင်း နဲ့ ...................။
    ReplyDelete
  11. ၂၀၀၇ထဲက မေလကျကာမှ ပန်ဒိုရာဘလော့ကို ဖတ်ဖူးပြီး ကဗျာတွေအဖတ်မှာ ဖျားသွားခဲ့တယ်။
    ပြီးတော့ ဆီလိဗီယာ ပလသ်လို.. ကြည်အေးလို... ပန်ဒိုရာ့ကဗျာစုစည်းမှုဆိုတာကို ခဏခဏ စိတ်ကူြး ကည့်မိဖူးတယ်..။ ခုဆို .. ပန်ဒိုရာကို ချစ်ခဲ့ရတာတောင် ၂နှစ်ရှိပြီကော အရီးရေ...။
    ခုလည်း နာဂစ် မေ ၂ ကို ခံစားရတာ.. အဲဒီမှာ အကုန်ပါပဲလေ...။ :(
    ReplyDelete
  12. အမရေ .. မွေးနေ့မှာပျော်ရွှင်နိုင်ပါစေ ။
    အရင်တနှစ်ကလို ဒီတနှစ်လည်း တွေ့ကြရအောင် ။ တစ်နှစ်ဆိုတဲ့အချိန်က တွေးကြည့်ရင် သိပ်ကြာနေသလို ... တကယ်ဖြတ်သန်းကြည့်တော့လည်း ခဏလေးနဲ့ ရောက်သွားသလိုပဲ ...
    ဘ၀ရဲ့ နှစ်တိုင်းမှာ ကဗျာတွေနဲ့ ရွှင်လန်းချမ်းမြေ့နေနိုင်ပါစေ ။
    - ညီမ -
    ReplyDelete
  13. နတ်ဆိုးရဲ့ နာဂစ်ပိုစ့်အောက်မှာ ခုလိုရေးထားခဲ့တယ် ..
    နာဂစ်တစ်နှစ်ပြည့်ဟာ
    မှတ်တမ်းတင်ထားတဲ့ အထိမ်းအမှတ်၊
    တသသနာကျင်နေမိတဲ့ အဖြစ်အပျက်၊
    အချိန်ရဲ့ကုစားမှုကြောင့် လျော့ပေါ့သွားစေတဲ့ အတိတ်၊
    ဆုတောင်းတွေပဲမျောပါသွားတဲ့ ပစ္စုပ္ပန်၊
    အဲလိုတွေနဲ့ပဲ ရပ်တန့်မနေဖို့ အရေးကြီးတယ်။
    ReplyDelete
  14. မကြီးပန်ရေ
    ဘာကိုပိုရေးစေချင်သလဲဆိုတုန်းက
    အလည်လာတိုင်း ကဗျာလို့ ဗုတ်ထည့်ခဲ့တာ
    ဒီတပုဒ်နဲ့တင် ကျေတယ်ဗျာ
    ReplyDelete
  15. မြစ်တွေကစီးဆင်းနေဆဲ
    ပင်လယ်ဆီ
    ပင်လယ်ကတော့
    ငါတို့ရင်ထဲစီးဆင်းရင်း
    မုန်တိုင်းတွေထန်လို့
    လေဆန်ကိုပျံတက်နေရမှတော့
    .............
    ...............
    ReplyDelete
  16. ကဗျာအရမ်းကောင်းတယ်ဗျာ..
    ဖွဲ့နွဲ့မှု၊ စကားလုံး အားလုံး..အားလုံးကောင်း၏။
    မိုးကြယ်
    ReplyDelete
  17. တော်တော်ကောင်းတယ် မပန်။ ပုံရိပ် ကဗျာအကြောင်းနားမလည်ပေမယ့် ဖတ်သူ ခံစားသူ တယောက်အနေနဲ့ ပုံရိပ်တွေ၊ နိမိတ်ပုံတွေကို ပြတ်ပြတ်ထင်ထင် ခံစားနိုင်တယ်။ စကားလုံးတွေလည်း သုံးတာ ကောင်းလိုက်တာ။ မပန်ရဲ့ ကဗျာရေးနိုင်စွမ်းကို အားကျမိတယ်။ ဘာလိုလိုနဲ့ နာဂစ်ဟာ တစ်နှစ်တောင် ပြည့်ခဲ့ပေါ့။
    မပန်ရဲ့ မွေးနေ့အတွက် ဆုတောင်းပေးခဲ့ပါတယ်။ (မသက်ဝေ ပြောသွားတာကို ကြည့်ပြီးတော့လေ..)
    ReplyDelete
  18. ကိုငယ်May 5, 2009 at 12:27 AM
    မပန်ရေ.. ဘယ်လိုစကားလုံးမျိုးနဲ့ ကျွန်တော် စကားစရမလဲ.. အရမ်းကောင်းလွန်းလို့ ရင်ထဲမှာဆို့နင်ပြီး..
    နှုတ်တွေ ဆွံ့အ သွားရတယ်.. ကွန်မန့်ရေးမယ့်လက်တွေကို တန့်သွားစေတယ်..
    ဒါပါပဲဗျာ...
    ReplyDelete
  19. "ငဝန်ဧရာ ပမ္မဝတီ ရွေးနဒီ တကြော မျောလာတဲ့ ဒိုက်တစ်မျှင်" ကို လူလုပ်မြောင်းထဲက နောက်ထပ် ဒိုက်တမျှင်က တကူးတက ပြန်ရှာပြီး နာကျင်စွာ လာဖတ်သွားပါတယ်ဗျာ။
    ReplyDelete