၂၀၀၉ ရဲ့ ဂျွန်လရက်စွဲတွေမှာ အရှေ့ဥရောပက မြို့လေးတမြို့ကို စိတ်ကူးထဲ ပြန်ပုံဖော်ကြည့်လိုက်တယ်။ မြို့လယ်ခေါင်ရင်ပြင်မှာ လူတွေဟာ စိတ်အေးလက်အေး အပန်းဖြေရင်း စကားဝိုင်းဖွဲ့ နေခဲ့ကြမယ်။ ရုပ်တုတွေ အောက်က လှေခါးထစ်တွေပေါ်မှာ။ တန်းစီခင်းကျင်းထားတဲ့ ကော်ဖီဆိုင်လေးတွေ ထဲမှာ။ မလှမ်းမကမ်းက ဘုရားရှိခိုးကျောင်းထဲမှာ။
ရင်ပြင်ထောင့် တနေရာမှာတော့ အရောင်စိုတောက်တဲ့ ပန်းမျိုးစုံ ခင်းကျင်းထားတဲ့ ပန်းဆိုင်တွေ ရှိမယ်။ အဲဒီနားမှာ ခိုတွေက ၀ိုင်းစုပျံသန်းလိုက် နားလိုက်ပေါ့။ သလင်းကျောက်ဝါနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းချပေးတဲ့ ဈေးဆိုင်တန်းတွေမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေက ဟိုဟိုဒီဒီ ကြည့်ရှုနေကြမယ်။ လမ်းဘေးမှာ အုပ်စုလိုက်ဖြစ်ဖြစ် တစ်ဦးချင်းဖြစ်ဖြစ် ဖျော်ဖြေနေတဲ့ အပျော်ထမ်း တီးခတ်တေးဆိုနေသူတွေကို တချို့က ငေးကြည့်နေမယ်။ နွေရာသီရဲ့ ကောင်းကင်က ကြည်လင်နေပါလိမ့်မယ်။ မိုးဖွဲဖွဲနဲ့ အုံ့ရုံလေးအုံ့ နေတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။
ပိုလန်နိုင်ငံ ရဲ့ ချုပ်နှောင်တင်းကျပ်တဲ့ စနစ်တခု ကျဆုံးခဲ့ရတာ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တာ အနှစ်နှစ်ဆယ် တိုင်ခဲ့ပါပြီ။
“၁၉၈၉ အဖြစ်အပျက်တွေဟာ အခုတော့ သမိုင်းမှတ်တိုင်မှာ အထင်ကရ ကျန်ခဲ့ပြီလေ” အခုအချိန်မှာ လုပ်ငန်းပိုင်ရှင် တစ်ယောက်ယောက်က ဒီလိုမျိုး ပြောပြနေနိုင်ပါလိမ့်မယ်။ “ဒီကနေ့ ပိုလန်ဟာ ကျွန်တော်တို့ အိပ်မက်ထဲက ပိုလန်ပါ”
CIA Factbook မှတ်တမ်းအရဆိုရင် ၂၀၀၈ ခုနှစ်မှာ ပိုလန်ဟာ ကမ္ဘာ့ ပို့ကုန်တင်သွင်းမှုမှာ အဆင့် ၂၂ ရှိခဲ့တယ်။ သြစတြေးလျ နဲ့ အိန္ဒိယ တို့ကိုတောင် သာလွန်ခဲ့တယ်။ ဥရောပရဲ့ စီးပွားရေးမြေပုံမှာ ထင်ရှားတဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပြီ။ ကွန်မြူနစ်စနစ်အောက်က တင်းကျပ်တဲ့ မီဒီယာချုပ်ကိုင်မှုတွေဟာလည်း အခုတော့ အနှစ်နှစ်ဆယ် အဝေးမှာ ကျန်ရစ်ခဲ့ပြီ။ ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှု ပြဿနာတွေကိုလည်း အတိုင်းအတာတခုအထိ ဖြေရှင်းနိုင်ခဲ့ပြီ။
ကမ္ဘာစစ်တွေရဲ့ ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ နိုင်ငံလေးမှာ၊ စနစ်ဆိုးတစ်ခုနဲ့ နုံနုံနဲ့နဲ့ ခရီးဆက်ခဲ့ရတဲ့ နိုင်ငံလေးမှာ၊ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ဘယ်လို မြော်မြင်မှုမျိုး ရှိခဲ့သလဲ။ သူတို့ရဲ့ လွတ်မြောက်မှုကို သူတို့ကိုယ်တိုင်က စတင်ခဲ့ကြပါတယ်။ ပိုပြီးကောင်းမွန်တဲ့ လူမှုဘ၀တွေကို ထူထောင်နိုင်ဖို့ “လူထုအခြေပြု အဖွဲ့အစည်းတွေကို အင်အားကောင်းလာအောင် ပျိုးထောင်ခြင်း” ဟာ သူတို့ရဲ့ တိုက်ပွဲအောင်မြင်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခု လို့ ဆိုပါတယ်။ လူထုကို အောင်ပွဲခံစိတ်ဓာတ် ရလာဖို့က အရေးကြီးတယ်လို့ “Solidarity” ရဲ့ ခေါင်းဆောင်တွေက ပြောခဲ့တယ်။
၂၀၀၉ ရဲ့ ဂျွန်လ ၄ ရက်မှာပဲ ကမ္ဘာ့မြေပုံထဲက အထင်ကရ အခြားနိုင်ငံကြီးတစ်နိုင်ငံရဲ့ မြို့လယ်ရင်ပြင် တခုမှာတော့ လူတချို့ဟာ သွေးညှီနံ့တွေကို ပြန်ခေါ်သတိရနေလိမ့်မယ်။ သူတို့ရဲ့ အသံတွေဟာ တုန်ယင်နေမယ်။ ကျစ်လျစ်ထားတဲ့ လက်သီးဆုပ်တွေ မဖြည်သေးသူတွေ ရှိလိမ့်မယ်။
“တိမ်ယင်မင် ရင်ပြင် အရေးအခင်း” လို့လူသိများခဲ့တဲ့ အဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ပေကျင်းမြို့ ရဲ့ အဲဒီရင်ပြင်မှာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအနှစ်နှစ်ဆယ် နောက်ပိုင်း ယနေ့နဂါးကြီးဟာ အခိုးအငွေ့လျှံနေတဲ့ မီးတောက်တွေ နဲ့ လူးလွန့်အားကောင်းလာခဲ့တာကို တွေ့ကြရမယ်။ ဒီတော့ ဘာတွေ ဖြစ်ခဲ့ပြီလဲ။ သူတို့ ဘာတွေရခဲ့ပြီလဲ။ ဒီ့အတွက် ဘာတွေကို လျစ်လျူရှုခဲ့သလဲ။ ရခဲ့တာတွေက ဘယ်လောက်အထိ အားကောင်းခိုင်ခန့်လာဦးမလဲ။ လူတွေ လိုချင်တောင့်တခဲ့တာ ဒါပဲလား။ ဒါဟာအကောင်းဆုံးနည်းလမ်းလား မေးခွန်းထုတ်သံတွေ ဆူညံနေသေးတယ်။ မဟာတံတိုင်းကြီးပေါ်က လွင့်နေတဲ့ တိမ်တွေကို အရောင် လိုက်ဖမ်းရနေသလိုပဲ ဖြစ်လိမ့်မယ်။
ကမ္ဘာလုံးလုံးကြီးပေါ်မှာ သမိုင်းမြစ်တွေက အတူတူ စီးဆင်းခဲ့ပါတယ်။ အဖြစ်အပျက် ဆင်တူတွေက တချို့နေရာတွေမှာ တပြိုင်နက်ဖြစ်စေ မရှေးမနှောင်းဖြစ်စေ ဖြစ်ပွားခဲ့တယ်။ အောင်မြင်ခဲ့တယ်။ ကျရှုံးခဲ့တယ်။ ရပ်တန့်ခဲ့တယ်။ ဆက်လက်နေခဲ့တယ်။ အားကောင်းလာခဲ့တယ်။ အားပျော့လာခဲ့တယ်။ လမ်းကြောင်းတွေ ဖြောင့်မတ်လာတယ်။ ကွေ့ယိုင်လာတယ်။ တယောက်ချင်းမှာ မူတည်နေတယ်။ အားလုံးမှာ မူတည်နေတယ်။ အဲဒီတုန်းက မျှော်လင့်ချက်တွေကတော့ ဘယ်သူမှ မလျော့ခဲ့ကြပါဘူး။ ကိုယ့်အမိမြေအတွက် အခုအချိန်ကနေ မျှော်ကြည့်လိုက်တဲ့ နောင်လာဦးမယ့် အနှစ်နှစ်ဆယ်အတွက်ရော…။ မသက်ဝေ တက်ဂ်ထားတဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ် ဆိုတဲ့ ခေါင်းစဉ်ကို ရေးမယ်ဆိုပြီး ဂျွန်လ လောက်က အကြမ်းရေးထားခဲ့တာပါ။ ဒါပေမယ့်လည်း အတွေးတွေက ပြန့်သွားလို့ ဆက်မပြင်ဖြစ်ခဲ့။
အခုတလော သဘာဝဘေးဒဏ် ခံရတာတွေ ဆက်တိုက် ကြားနေရတယ်။ အာတိတ် ရေခဲပြင်ကြီးဟာ လာမယ့် အနှစ်၂၀ အတွင်းမှာ လုံးဝပျောက်ကွယ်တော့မယ် ဆိုတဲ့ သတင်းလည်း ဖတ်ရလေရဲ့။ ကမ္ဘာကြီးက ပူနွေးလာတယ်။ ဂေဟစနစ်ကို မှီခိုနေကြတဲ့ သတ္တ၀ါတွေ ဒုက္ခရောက်၊ ပြီးရင်တော့ ပြင်းထန်လာတဲ့ ရာသီဥတုအပြောင်းအလဲမှာ အနှစ် ၂၀ အတွင်း ဘာတွေ ဆက်ဖြစ်မှာပါလိမ့်။
၂၀၁၂ လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကြီးကတော့ ရုံတင်ဖို့ တာစူနေပြီ။ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်အရတို့၊ တခြား နက္ခတ်ပညာရှင်တွေရဲ့ တွက်ချက်မှုအရတို့ ကမ္ဘာကြီးဟာ ၂၀၁၂ ဒီဇင်္ဘာ ၂၁ မှာ အပြီးတိုင်အခြေအနေ ရောက်တော့မယ်လို့ ကောလဟလ တွေလည်း ကြားနေရလေရဲ့။ မှန်မယ်ဆိုရင်တော့လည်း ၃နှစ်ပဲ လိုတော့တာ ပဲလေ။ အနှစ် ၂၀ အထိ လှမ်းမျှော်ဖို့ မလိုအပ်တော့ဘူး။ ခေါင်းစား သက်သာတယ်။ ၃ နှစ်အတွင်း ပျော်သလို နေလိုက်ကြရုံပဲ။
အခုတလောမှာတော့ အမေရိကန် သမ္မတ အိုဘားမား ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရတာနဲ့ပတ်သက်ပြီး ဆူညံဆူညံတွေလည်း ကြားနေရလေရဲ့။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို ဆာလောင်မွတ်သိပ်နေတယ်။ ငြိမ်းချမ်းရေးဆုကို ပိုက်ထားရတဲ့ အိုဘားမားဟာ အကျပ်အတည်းတွေကို ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဘောင်ခတ်ခံလိုက်ရတာလား။ နောက်အနှစ် ၂၀ အတွင်းမှာ အမေရိကန်က စူပါပါဝါကနေ ကျဆင်းလာမယ့် အကြောင်း တွက်ချက်မှုတွေ ပိုမှန်လာမယ်လို့လည်း ပြောကြတယ်။
မဇီဇ၀ါ ဘလော့ဂါမှာ ရေးထားတဲ့ အမေရိကန်ဒေါ်လာ ကျဆင်းလာတဲ့ ကိစ္စ နဲ့ ခန့်မှန်းချက်တွေကလည်း ပံ့ပိုးပေးနေတယ်။ ဒီလိုနဲ့ နောက်ဆက်တွဲ ဒီမိုကရေစီစနစ် အရင်းရှင်စီးပွားရေးစနစ် ဆိုတာတွေ နောက်လာမယ့် အနှစ်၂၀မှာ ဘယ်အခြေအနေ ဆိုက်ရောက်နေမလဲ။ သမိုင်းဘီးဟာ လည်ပတ်နေတယ် လို့တော့ ကြားဖူးခဲ့တယ်။
အနှစ်၂၀ ဆိုတာ လူတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ဘ၀တွေကိုလည်း အဆိုးအကောင်း ဆုံးဖြတ်ပေးဖို့ လုံလောက်တဲ့ ကာလတစ်ခုဖြစ်တယ်။ အိုဟင်နရီရဲ့ နာမည်ကြီးဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့
After twenty years ကိုလည်း သတိရသွားမိတယ်။ အဲဒီအထဲမှာ သူငယ်ချင်းနှစ်ယောက်ဟာ အနှစ် နှစ်ဆယ် ကြာတဲ့အခါ ပြန်တွေ့ကြမယ် လို့ နေရာတခုမှာ ချိန်းထားခဲ့တယ်။ ပြန်တွေ့တဲ့အခါ တစ်ယောက်က ရဲ၊ တစ်ယောက်က တရားခံပြေး ဖြစ်နေခဲ့တဲ့အကြောင်း လှပတဲ့ အဆုံးသတ်နဲ့ ဇာတ်လမ်းလေးပါ။ နောက်အနှစ် ၂၀ မှာ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေလည်း ဘယ်လိုဖြစ်နေမလဲ။ ဘ၀တွေ ခြားနားသွားတာလည်းရှိမယ်။
နောင်လာမယ့် အနှစ် ၂၀ မှာ ကိုယ်ပိုင်မိသားစုဘ၀က ဘယ်လိုနေမလဲ။ ဘယ်မှာ နေထိုင်နေကြမလဲ။ စီမံကိန်း ချဖို့ ခက်ခဲနေသေးတယ်။ လူတိုင်းလိုလို ပြောနေကြသလိုပဲ၊ ဖြစ်နိုင်ရင် ပြန်ချင်တာပေါ့။ အဲဒီအချိန်မှာတော့ ကိုယ်က မိန်းမကြီးအရွယ် ဖြစ်သွားပြီ။ သာမန်သက်တမ်းစေ့ နေရမယ် ဆိုရင်တော့ မသေလောက်သေးဘူးပေါ့လေ။ ဒါပေမယ့် အိုစ နာစပြုနေပြီပေါ့။ သားသမီးရှိရင်တော့ အဲဒီအချိန်မှာ ကလေးက အသက်၂၀ မပြည့်သေးဘူး ဆိုတော့ လက်မလွတ်လောက်သေးဘူး။ ပညာရေးအတွက် ပံ့ပိုးပေးရဦးမယ့် အရွယ် ဖြစ်နေနိုင်သေးတယ်။ ဒါဆိုရင်တော့ လုပ်ငန်းခွင်က စောစောစီးစီး နားလို့ မရလောက်သေးဘူးပေါ့။
အနှစ်၂၀ အတွေးကတော့ ဟိုရောက်ဒီရောက်ပါပဲ။ မောစရာတွေက များနေတယ်။ ဒါပေမယ့်လည်း ကိုယ်ပိုင်ဘ၀အတွက်၊ ကိုယ့်အမိမြေအတွက်၊ အားလုံးနေထိုင်ကြတဲ့ ကမ္ဘာကြီးအတွက် မျှော်လင့်ချက် ခပ်ဝါးဝါးနဲ့ ရှင်သန်နေထိုင်ကြရဦးမှာပဲ။ Wall-E ရုပ်ရှင်ထဲက စကားလေး သတိရသွားပြန်တယ်။
I don’t want to survive. I want to live. တဲ့။
ပန်ဒိုရာ
(ဘလော့ဂ်ထဲမှာတော့ ဒီအကြောင်းက တော်တော်များများ ရေးပြီးသွားကြပါပြီ။ မြို့မေတ္တာခံယူတဲ့
ကိုပေါ ကို ထူးထူးခြားခြား တက်ဂ်ချင်စိတ် ပေါက်နေတယ်။ ရေးဗျာ။ ၂ ရက်အတွင်း။)