Technical help

Thursday, October 1, 2009

အားလုံးကို ပြတ်သွားအောင် …

ကိုယ်ကပဲ ထင်လို့လားမသိ။ ဘလော့ဂ်သက်ကလေး အတော်ရလာသူတွေ ရေးတာ နှေးကွေးလာတာကို တွေ့ရတယ်။ (ကိုယ်တိုင် ပို့စ်တင်ကျဲတာနဲ့ အမှုတွဲလိုက်တာ။) မကေ ကတော့ပြောဖူးတယ်။ ဘလော့ဂ်မှာ အတက်အကျ အချိန်တခုရှိတယ် ဆိုတာမျိုး။ ကိုယ့်အတွက်ကတော့ တစိတ်တပိုင်း မှန်နိုင်ပါတယ်။ ဒါပေမယ့် တဖက်ကလည်း အပြင်လောကမှာ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုလာတဲ့ တာဝန်တွေ လုပ်စရာတွေက အချိန်ကို မလောက်မင ဖြစ်လာစေတယ်။

တချိန်က စာတွေ အများကြီးရေးခဲ့တဲ့ ဂျစ်တူးကတော့ ဘလော့ဂ်ကို ဆက်မရေးတော့ပဲ ပိတ်လိုက်တာ ကြာပြီ။ ဟိုတလောကတော့ မသက်ဝေ ဘလော့ဂ်မှာ ဘလော့ဂ် ဆက်ရေးနိုင်အောင် အချိန်တွေကို နေရာချဖို့အတွက် မျက်နှာစာအုပ် (facebook) ထဲက အလှမွေးအကောင်လေးတို့ လယ်စိုက်တာတို့ကို ဖြတ်တယ် ဆိုတာ ဖတ်လိုက်ရတယ်။ ပန်ဒိုရာကတော့ မျက်နှာစာအုပ်မှာ အချိန် သိပ်မသုံးဖြစ်တဲ့အတွက် အဲဒီဘက်မှာ အထူး ဖြတ်တောက်စရာ မရှိပါ။ GTalk မှာ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတဲ့ အချိန်တွေကို နေ့ဘက်ရော ညဘက်ပါ ဖြတ်တောက်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အလုပ်ချိန်ထဲမှာ GTalk လို MSN တို့လို တမဟုတ်ချင်း ဆယ်သွယ်စကားပြောလို့ရတဲ့ messenger တွေကို ဖွင့်ထားနိုင်တာတို့ အင်တာနက်ကို သုံးစွဲခွင့်ပြုတာတို့ ဟာ (အလွန်အကျွံမသုံးရင်) ၀န်ထမ်းတွေကို ထုတ်လုပ်မှု ပိုစေတယ် ဆိုတဲ့ စစ်တမ်းတခုကိုလည်း ဟိုတလောက ဖတ်မိပါတယ်။ အိပ်မငိုက်အောင်တို့ စိတ်ကျေနပ်မှုရတာတို့ကြောင့် ဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ်။

ဘလော့ဂ်ထဲမှာ တွေ့ဆုံကြတဲ့ ဘလော့ဂ်ရေးသူ အချင်းချင်းဖြစ်ဖြစ် စာဖတ်သူတွေနဲ့ဖြစ်ဖြစ် အပြန်အလှန် တမဟုတ်ချင်း ဆက်သွယ်ပြောဆိုနိုင်တဲ့ အွန်လိုင်းမှာ ချိတ်ဆက် ပြောဆိုမိကြတဲ့အခါ တယောက်နဲ့တယောက် ပိုခင်မင်ကြ နားလည်ကြနဲ့ လူမှုရေးမှာ ပိုရင်းနှီးလာနိုင်ပါတယ်။ တခါတလေ နားလည်မှုလွဲပြီး ရန်ဖြစ်ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဘယ်လိုဖြစ်ဖြစ် မိတ်ဆွေသစ် ရှာသူများအတွက် ကောင်းကျိုးတွေ အများကြီးရှိမှာပါ။

တကယ်က GTalk ကို ၀င်ချိန် နည်း-နည်းလာတာ လ နဲ့ ချီနေပါပြီ။ အခုတော့ မြန်မာပြည်နဲ့ ပြောစရာရှိတဲ့အခါမျိုးက လွဲလို့ ဘယ် GTalk account ကိုမှ log in (လုံးဝ) မ၀င်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ မတွေ့ရင် စိတ်မပူပါနဲ့။ ကိစ္စရှိရင် email ပို့လို့ရပါတယ်။ တနေ့ တစ်ကြိမ်တော့ email စစ်ဖြစ်မှာပါ။ အကြောင်းပြန်ပေးပါမယ်။

ဘလော့ဂ်ရေးခြင်းရဲ့ အဓိက ရည်ရွယ်ချက်က စာရေးဝါသနာပါလို့ ရေးထားတာတွေကို သူများတွေ ဖတ်လို့ရအောင် အလကားလည်းရ လွတ်လည်းလွတ်လပ်တဲ့ နေရာမှာ လာတင်ထားတာ ဖြစ်တဲ့အတွက် တခုခုရေးဖြစ်တဲ့အခါ ပို့စ်အသစ် တင်ပါမယ်။ တခြားဘလော့ဂ်တွေကို ဖတ်တဲ့အခါလည်း မှတ်ချက်ရေးစရာရှိရင် ရေးသွားမှာပါ။ အလည်အပတ်တွေမှာ ခြေရာချန်တာ နည်းသွားမယ်ဆိုရင် မေ့မေ့ပျောက်ပျောက် ဖြစ်ကောင်းဖြစ်သွားကြမယ်။ လမ်းကြုံရင် လာဖတ်ပေါ့နော်။

ပန်ဒိုရာ


22 comments:

  1. လမ်းမကြုံလဲ တနေ့တခေါက်တော့ ရောက်ဖြစ်တယ်။ ပန်ပန့်ဆီကမှတဆင့် အသစ်တင်တဲ့တခြားဘလော့တွေဆီ သွားတာမို့။
    မမေလည်း ကိုယ့်ဘလော့မှာ အသစ်မတင်ဖြစ်ပေမဲ့ ဖတ်တော့ဖတ်ဖြစ်တယ်။ ခုတော့ ... ဖတ်တာပါ ဖြတ်မှ ဖြစ်တော့မယ်။ စာမေးပွဲက နီးနေပြန်ပြီ။
    အစစ အဆင်ပြေပါစေ ... ပန်ရေ .. ။

    ReplyDelete
  2. စိမ်းကားတဲ့စကားတွေ မဆိုပါနဲ့.........

    ReplyDelete
  3. လမ်းကြုံလို့ လာဖတ်သွားပြီ။ ဟုတ်ပ။ အတက်အကျ အချိန်တွေ ရှိတယ်။

    ReplyDelete
  4. အစ်မပန် .... မေ့မေ့ပျောက် ပျောက် ဖြစ်ရမယ့် ဘလော့မှ မဟုတ်ပဲ ကိုဗျာ .... အစ်မ အားတဲ့ အခါမှ တင်တဲ့ ပိုစ်ဒ့်တိုင်း ကို စောင့်နေမယ်ဗျ ...
    အဆင်ပြေပါစေ အစ်မပန်ရေ ....
    ခင်တဲ့
    ရန်ကုန်သား :))

    ReplyDelete
  5. မင်္ဂလာပါ။ လာဖတ်သွားပါတယ်။ ကျွန်မလည်း ဘလော့ဂ် ရေးပြီးတလလောက်ကြာတာနဲ့ မအားတဲ့အချိန်က ပိုများလာလို့ ဒီလို အခက်အခဲကို စကြုံရပါတယ်။ ဘလော့ဂ် ရေးတဲ့ သက်တမ်းရှည်သူတွေမှ မဟုတ်ပါဘူး။

    ReplyDelete
  6. အလုပ်တဖက်တွေနဲ့ ဆိုတော့ မလွယ်ဘူး ဗျို့
    လူတိုင်းကနားလည်ပေးကြပါတယ်

    ReplyDelete
  7. အခုတော့ ဘလော့လေးနဲ့ အသက်ရှင်နေရတာမို့ အောက်စီဂျင် ဖြတ်သလိုတော့ မဖြတ်ပါရစေနဲ့ဦးနော် ပန်ပန်ရေ...

    မသီတာ

    ReplyDelete
  8. ရက်စက်တော့မှာလားး) လုပ်ပါနဲ့

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  9. ဖြတ်နိုင်တဲ့သူတွေကို အားကျမိပါတယ်။

    ReplyDelete
  10. တကူးတက လာဝင်ဖတ်သွားတာမပန်ရေ...
    တဂ်ထားတာကိုတော့ အဆင်ပြေလို့ စိတ်ပါတဲ့အချိန်မှာ ရေးပေးစေချင်ပါ၏....

    ReplyDelete
  11. အား... နောက်တယ်..
    အသစ် ဆိုလို့..ပြန်လည် စီးဆင်း လာပြီလားလို့..အပြေးလာလိုက်တာ.. ပြတ်သွားအောင်.. တဲ့..
    ဒါဆိုလဲ..မေးမယ်ကွာ..
    ( မင်း..တကယ်ပြတ်နိုင်လို့လား..) :D

    ReplyDelete
  12. khin oo may said...
    စိမ်းကားတဲ့စကားတွေ မဆိုပါနဲ့.........

    မခင်ဦးမေစကားပဲ သံယောင်လိုက် သွားပါတယ်။ အဲဒီ အတိုင်းပါပဲ..။

    ReplyDelete
  13. အင်း...
    နားလည်တဲ့သူတွေကတော့ ဖြတ်ကုန်ပြီပေါ့လေ...
    ကိုယ်တွေသာ... တနေ့နေ့ရောက်ရင် လို့တော့ စဉ်းစားနေမိတာပါပဲ...
    လောလောဆယ်တော့ အချိန်ရရင် ရသလို G Talk မှာ ရှိနေဖြစ်တယ်... စကားမပြောဖြစ်ရင်တောင် အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင် စတဲ့ အရောင်တွေ ကိုယ်စီနဲ့၊ စိတ်ဝင်စားစရာ Status Message အမျိုးမျိုးနဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး ပျော်နေတာလေ...

    ReplyDelete
  14. လောကီအာရုံ ကာမဂုဏ်၊ ဂျီတော့ခ်နှင့် ကြုံသောအခါ၊ အာရုံကို ဖြတ်နိုင်ခဲလှပါတယ်… ဖြစ်နေတယ်ပေါ့….း-)

    ReplyDelete
  15. ဒီဟာဖတ်ဖို့အကြာကြီးစောင့်နေရတာ....

    ReplyDelete
  16. မရေ..ဘာပဲဖြစ်ဖြစ်...
    လမ်းမကြုံကြုံအောင်လာမယ်..
    မုန့်ကျွေးနော်......

    ReplyDelete
  17. သတိရနေဦးမှာပါလေ =)

    ReplyDelete
  18. ပန်ပန်ရေ
    တို့ကတော့ မဖြတ် တဖြတ်၊ ဘာဖြစ်လို့လဲဆိုတော့ တို့က ဂျီပုန်း။
    ဂျီပုန်း ဆိုလို ပေါက်ကရ မထင်နဲ့နော်။ G Talk မှာ Invisible လုပ်ထားတာကိုပြောတာ။ :))

    ReplyDelete
  19. မမရေ
    မမပြောတာတွေ မှန်လိုက်တာ..
    တူတူပဲသိလား....
    အချိန်တွေကို လိုက်ဖမ်းနေမယ့်အစား...
    ရှိနေတဲ့ အချိန်တွေကို မှန်မှန်ကန်ကန်သုံးဖို့က
    ဒီနည်းတွေပဲရှိတယ်လေ...
    လုပ်သင့်တာလုပ် ဖြတ်သင့်တာဖြတ်..းးး)))
    စာတွေတော့ရေးပါနော်...


    နှင်း

    ReplyDelete
  20. Gtalk က သူငယ်ချင်းတွေနဲ့ အမြန်ဆုံးဆက်သွယ်ဖို့ အထောက်အကူ ရပေမယ့် တခါတလေမှာကျတော့ စကားတွေများများ ပြောမိပြီး အာရုံတွေရှုပ်ထွေး...နောက် အလုပ်လုပ်လို့မရတော့လို့ ရုံးချိန်မှာတော့ Gtalk မှာ Online မဝင်ဖြစ်အောင် နေနေမိပါတယ်။ အချိန်သိပ်ရှားပါးလာတဲ့ ဒီလိုခေတ်မှာ အစ်မပြောတာတွေ အားလုံးကို အပြည့်အဝ နားလည်မိပါတယ်။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက် ဖြစ်ရမယ့်ဘလော့တစ်ခု မဟုတ်တာတော့ အမှန်ပါပဲ အစ်မရယ်။ အမြဲတလေးတစား လာဖတ်နေဦးမှာပါ...

    ReplyDelete
  21. လမ်းကမကြုံကြုံအောင် ၀င်နေတာပါ။
    အဆင်ပြေသလိုသာ လုပ်မပန်ရေ......
    တွေ့ ရင်ပြေးလာမယ်။
    အဆင်ပြေပျော်ရွှင်ပါစေနော်။

    ReplyDelete