Technical help

Saturday, January 16, 2010

Avatar (သို့မဟုတ်) ခရမ်းပြာတောအုပ်က သဘာဝနဲ့ ရစ်ပတ်နွယ်ငင်


ပုံ ဒီက

James Cameron ရဲ့ Avatar ကို လူပြောများနေတာကြာပါပြီ။ ကြည့်ရင်ကောင်းမလား စဉ်းစားနေတုန်း မိတ်ဆွေတစ်ယောက်က တိုက်တွန်းလာတာနဲ့ 3D version ကိုသွားကြည့်ဖြစ်ခဲ့ပါတယ်။

James Cameron ဟာ ဒီဇာတ်လမ်းကို စိတ်ကူးခဲ့တာ ကြာပေမယ့် ဇာတ်လမ်းနဲ့ လိုက်မီဖို့ နည်းပညာ တိုးတက်မှုအတွက် အချိန်ယူ စောင့်ခဲ့ရတယ် လို့ဆိုပါတယ်။ ဒီဇာတ်ကား အကြောင်းကို ဘလော့ဂ်ထဲမှာ တခြားသူတွေလည်း အတော်များများ ပြောကြပြီးဖြစ်ပါတယ်။ မှတ်မိသလောက် တောကျောင်းဆရာက နောက်ခံအကြောင်းအရာတွေကို အဓိကထားပြီး
ဒီနေရာမှာ ပြောခဲ့ပြီး ညီလင်းဆက်ကလည်း ဇာတ်လမ်းအကျဉ်းကို ဒီမှာ ဖော်ပြခဲ့ပါတယ်။ ဒါတွေကို တော့ အသေးစိတ် ပြန်မပြောတော့ပါဘူး။ အဲဒီမှာပဲ အရင် သွားဖတ်ကြပါ။ ကိုယ်ကတော့ တွေးတောမိတဲ့ အပိုင်းတွေကို အဓိက ပြောချင်ပါတယ်။

ဇာတ်လမ်းစစချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်စေတဲ့ (3D ကိုပထမဆုံး ကြည့်ဖူးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်) ရိုက်ကူးချက်တွေကို စတွေ့ရတယ်။ ဇာတ်လိုက်မင်းသား Jack က Na’vi မျိုးနွယ်ရဲ့ ကိုယ်ခန္ဓာထဲကို သူ့စိတ်ဝိညာဉ်ကူးပြောင်းဖို့ စက်ထဲဝင်တဲ့အချိန်မှာ ပထမဆုံး သွားသတိရမိတာကတော့ Matrix ရုပ်ရှင်ပါ။ (Avatar မှာတော့ သိပ္ပံနည်းအရ လုပ်တဲ့ DNA ဘာညာတွေ ရှင်းပြထားပါသေးတယ်။) Matrix ထဲမှာက ဒီဘက်ကစိတ်နဲ့ ဆက်သွယ်ဝင်ရောက်သွားပြီး အခြားတဖက်က ပြန်ထွက်လာတဲ့ သဏ္ဍာန်ဟာ virtual world ထဲမှာပါ။ အခု Avatar မှာကတော့ အခြား သက်ရှိ ကိုယ်ခန္ဓာ တစ်ခုမှာဖြစ်တယ်။

Matrix ဇာတ်ကားက ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဒိုင်ယာလော့ခ်တွေ ပါတယ်လို့ နာမည်ကြီးခဲ့ပါတယ်။ အခုဇာတ်ကားမှာလည်း ဗုဒ္ဓဘာသာရဲ့ သဘောတရား တွေကို ဖြတ်ခနဲ ဖြတ်ခနဲ ခံစားနေရတယ်။ ထင်ရှားတာ တစ်ခုက ဇာတ်လမ်းထဲမှာ Na’vi ကိုယ်ခန္ဓာနဲ့ Na’vi မျိုးနွယ်အုပ်စုထဲကို ရောက်သွားတဲ့ မင်းသား Jake ကို ဘာလာလုပ်သလဲ လို့ မေးပါတယ်။ သူက ဒီမျိုးနွယ်တွေဆီက သင်ယူချင်လို့ လာတာပါဆိုတော့ Na’vi အုပ်စုအကြီးအကဲရဲ့ အမျိုးသမီးက “ပြည့်နှက်နေပြီးသား ခွက်တစ်လုံးထဲ ထပ်ဖြည့်ရတာခက်တယ်” လို့ ပြောတယ်။ ဒီတော့ မင်းသားက “ငါ့ခွက်က အလွတ်တစ်လုံးပါ ” လို့ပြန်ပြောတယ်။

သတိရသွားတာက ဒလိုင်းလားမား လူဝင်စားကို လိုက်ရှာတဲ့ ဇာတ်လမ်းဖြစ်တဲ့ Little Buddha ရုပ်ရှင်က ဇာတ်ဝင်ခန်းတစ်ခုပါ။ တိဘက်ဘုန်းကြီးက ရေနွေးခွက်ထဲကို ရေနွေးတွေ လောင်းချတယ်။ ပြည့်နေလည်း ဆက်လောင်းတော့ ဖိတ်လျှံမှောက်ကျကုန်တယ်။ အဲဒါကို ပြပြီး ပြည့်နေရင် ဘာမှထပ်ဖြည့်လို့မရတာကို ဥပမာ ပေးတယ်။ မကြာသေးခင်ကမှ ကြည့်ခဲ့တဲ့ 2012 ရုပ်ရှင်မှာလည်း အဲဒီလို အခန်းတစ်ခန်း ပါပါတယ်။ ဟိမ၀န္တာတောင်တန်းက တရုတ်ဆရာတော်ကြီးနဲ့ ဦးဇင်းငယ် တို့ ပြောဆိုကြတဲ့ အခန်းမှာ ဒါမျိုးကိုပဲ ဥပမာ ပေးထားခဲ့တယ်။ အရှေ့ရဲ့ ဇင်ဗုဒ္ဓဘာသာ ဆန်ဆန် သဘောတရားတွေကို ထည့်ချင်ရင် အဲဒီ ပြည့်နေတဲ့ရေခွက် ဥပမာကို အနောက်နိုင်ငံသား ဒါရိုက်တာတွေ အကြိုက်တွေ့ကြတယ် ထင်ပါတယ်။

ဒီဇာတ်ကားထဲက ပန်ဒိုရာလို့အမည်ရတဲ့ ဂြိုဟ်ရံလ တလုံးပေါ်မှာ ကျက်စားနေထိုင်ကြတဲ့ Na’vi မျိုးနွယ်တွေဟာ လူနဲ့တူတယ်။ ကိုယ်ခန္ဓာမြင့်မား သန်စွမ်းတယ်။ ပြာလဲ့လဲ့အဆင်း ရှိတယ်။ အမြီးပါတယ်။ မျက်နှာက ကြောင်လိုလို ခြင်္သေ့လိုလို တောတိရစ္ဆာန်ဆန်တယ်။ သဘာဝနဲ့ လိုက်လျောညီထွေ နေထိုင်တယ်။ သူတို့ရဲ့ ကိုးကွယ်ယုံကြည်ပုံက စိတ်ဝင်စားစရာပါ။ သူတို့မှာ Eywa နတ်ဘုရားဆိုတဲ့ ကိုးကွယ်မှု တစ်ခုကို တွေ့ရပေမယ့်လည်း အယူသည်းသည်းနဲ့ တစုံတရာကို ကြောက်လန့် ကိုးကွယ်တာမျိုး မဟုတ်ဘဲ အဲဒီထက် အဆင့်မြင့်သာလွန်တဲ့ ယုတ္တိဗေဒနဲ့ အယူအဆတွေကို ပြောပြထားတယ်။

Na’vi တွေဟာ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရင် I see you လို့ နှုတ်ဆက်လေ့ ရှိပါတယ်။ အဲဒီစကား ဟာ “မင်းရဲ့နှလုံးသားနဲ့ ငါ့နှလုံးသား၊ မင်းရဲ့စိတ်နဲ့ ငါ့ရဲ့စိတ်၊ ပြီးတော့ ဘုရားရဲ့ နှလုံးသားနဲ့စိတ် အားလုံးဟာ တသားထဲ ရှိတာကို ငါခံစားနားလည်ပါတယ်” ဆိုတဲ့ အဓိပ္ပါယ်မျိုးအထိ ကျယ်ဝန်းစေတယ်။ ဒါကို နေရာအတော်များများမှာ ထင်ဟပ်ပြထားခဲ့တယ်။ မင်းသား Jack နဲ့ မျိုးနွယ်စုအကြီးအကဲရဲ့ သမီး Neytiri စတွေ့တွေ့ချင်းမှာ မင်းသမီးက ပြောတယ်။ မင်းဟာ ကလေးလေးလိုပဲ ဘာမှမသိဘူး တဲ့။ ဒါဆို ငါ့ကို သင်ပေးပါ လို့Jack က ဆိုတယ်။ Neytiri က ပြောတယ်။ မင်းတို့ sky people (သူတို့ဆီကို လူသားတွေလာရင် ယာဉ်တွေနဲ့ ပျံလာလေ့ရှိလို့ sky people လို့ခေါ်တာ ထင်ပါတယ်) တွေက ဘယ်တော့မှ သင်ယူမှာမဟုတ်ဘူး “Sky People cannot learn, you do not see.” လို့ပြောတယ်။ Jack က “Then teach me how to see.” ဆိုတော့ “No one can teach you to see.” လို့ ပြောတယ်။ ဒီရုပ်ရှင်ထဲက “See” ဆိုတဲ့ စကားရဲ့ အတိမ်အနက်ကို တွေးတောဖို့ပါ။

နောက်တော့ Jack ကို Neytiri က Na’vi တွေရဲ့ ဘာသာစကားနဲ့ နေထိုင်ပုံကို လေ့ကျင့်သင်ကြားပေးရပါတယ်။ သူတို့ဟာ သစ်ပင်တောတောင်တွေကို ဖြတ်သန်း သွားလာကြတယ်။ Jack ကို အမြင့်ကြီးကနေ မြေပေါ်ခုန်ချခိုင်း တဲ့အခါ Jack က ကြောက်နေခဲ့တယ်။ “မင်းကိုယ်ခန္ဓာကို ယုံကြည်လိုက်ပါ” လို့ မင်းသမီးက ပြောပါတယ်။ Trust ဆိုတာရဲ့ အရေးပါမှုဟာ စိတ်ဝင်စားစရာ။

Na’vi တွေမှာ ခေါင်းနောက်ပိုင်း ကနေ သွယ်တန်းကျလာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တခုဖြစ်တဲ့ ကျစ်ဆံမြီးဆန်ဆန် ကြိုးတစ်ချောင်းရှိတယ်။ အဲဒီမှာ ထိုးထိုးထောင်ထောင် အာရုံကြော ဖြူဖြူလေးတွေ ရှိတယ်။ အဲဒီ အာရုံကြောတွေကို မြင်း (မြင်းလိုအကောင်)တို့ နဂါးပျံ (ဒိုင်နိုဆောလိုလို နဂါးလိုလို ပျံနိုင်တဲ့ သတ္တ၀ါ) တို့ စီးတဲ့အခါ အဲဒီသတ္တ၀ါတွေမှာ ရှိတဲ့ အာရုံကြောနဲ့ ဆက်သွယ်ရတယ်။ ပလပ်ပေါက် ထိုးသလိုပါပဲ။ အဲဒီအခါ သတ္တ၀ါနဲ့ ကိုယ့်ရဲ့စိတ်ဟာ တသားတည်း ဖြစ်သွားတယ်။ ကိုယ်ကောင်းရင်ကောင်းသလို ကိုယ်ဆိုးရင် ဆိုးသလို ကြောက်နေရင်လည်း ကြောက်နေသလို ကိုယ့်ထိန်းချုပ်မှုအတိုင်းပါပဲ။ စိတ်ကိုထိန်းချုပ် ကိုယ်တွယ်တတ်ခြင်း စိတ်ထားတတ်ခြင်းဟာ အခြားသက်ရှိသက်မဲ့တွေနဲ့ Na’vi တွေနဲ့ ဆက်သွယ်မှုရဲ့ အဓိကသော့ချက်ပဲ။ ကိုယ်ဟာ ကိုယ့်စိတ်သာဖြစ်တယ် လို့ဆိုလိုဟန်ရှိတယ်။

ဝိညာဉ်နဲ့ ပရလောက ဆန်ဆန် အကြောင်းအရာတွေကိုလည်း တွေ့ရတယ်။ Na’vi တွေရဲ့ အာရုံကြိုးဟာ သစ်ပင်ပေါ်က တွဲလွဲကျနေတဲ့ နွယ်ကြိုးတွေရဲ့ အာရုံကြိုးနဲ့ ဆက်သွယ်လိုက်တဲ့အခါ သေလွန်သွားတဲ့ ဘိုးဘွားတွေကို ကြားရတယ် ခံစားရတယ်။ လူခန္ဓာကိုယ်ထဲက ၀ိညာဉ်ကို စက်တွေအကူအညီမပါပဲ Na’vi တွေရဲ့ စိတ်အာရုံကြိုးတွေ ဆက်စပ်ကာ Eywa နတ်ဘုရားကို တိုင်တည်ပြီး Na’vi ခန္ဓာကိုယ်ထဲကို ဖလှယ်ခေါ်ယူတဲ့ အခန်းကိုလည်း တွေ့ရပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ရေမြေတောတောင်တွေ၊ သဘာဝဖြစ်စဉ်တွေ၊ အရာဝတ္ထု သက်ရှိ သက်မဲ့ အချင်းချင်း ဆက်စပ်ပတ်သက် မှီတည်နေတဲ့ ဂေဟစနစ်၊ ဒါတွေကို ဒီရုပ်ရှင်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားစေတယ်။ ဒီဇာတ်လမ်းအရ လူသားတွေက သဘာဝရဲ့ လက်ဆောင်တွေကို ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုအတွက် အသုံးချ (exploit) ဖို့ပဲ ကြိုးစားနေကြတယ်။ သတ္ထုတူးဖော် ရောင်းစားဖို့ ပန်ဒိုရာလပေါ်က သစ်ပင်ကြီးကို လာဖြိုတာကို ပြထားတယ်။ ပန်ဒိုရာ လ မှာနေထိုင်တဲ့ မျိုးနွယ်တွေကတော့ သဘာဝရဲ့ တန်ဖိုးကို နားလည်ပြီး သဘာဝနဲ့ အပြန်အလှန်မှီတည် နေထိုင်ကြတဲ့သဘော ကို ထင်ဟပ်ထားတယ် လို့ တွေ့မိပါတယ်။ ဇာတ်လမ်းထဲက သိပ္ပံပညာရှင် အမျိုးသမီးကလည်း ဒါဟာ ကွန်ယက်လို ဆက်နွယ်နေတဲ့ သဘောတစ်ခု network ပဲလို့ ရှင်းပြထားတာ တွေ့ရပါတယ်။

တောထဲမှာ ညဘက် တိရစ္ဆာန်ရိုင်းတွေ ၀ိုင်းကိုက်လို့ ဒုက္ခရောက်နေတဲ့ Jake ကို ကယ်တင်ခဲ့စဉ်က မင်းသမီးက တိရစ္ဆာန်ရိုင်းတွေကို တိုက်ခိုက်သတ်ဖြတ်ရတဲ့အခါ ဒီအကောင်တွေ သေဖို့မလိုအပ်ဘူး မင်းအမှားပဲ (မင်းအနေအထိုင်မတတ်လို့) ဆိုပြီး Jake ကို အပြစ်တင်ပါတယ်။ သဘာဝထဲက အရာတွေကို တိုက်ခိုက်ရန်မူခြင်း ဖျက်ဆီးခြင်းက Na’vi တွေရဲ့ အသက်ရှင်နေထိုင်ပုံမှာ အရေးပါတဲ့ နေရာမှာ မရှိပုံပါ။ သို့သော်လည်း ဇာတ်သိမ်းပိုင်းမှာတော့ ပန်ဒိုရာလကို တိုက်ခိုက်ဖျက်ဆီးလာတဲ့ လူတွေကို လပေါ်မှာ ရှိတဲ့ သတ္တ၀ါအားလုံးက ထွက်လာပြီး ပြန်တိုက်ခိုက်ကြပုံကို ပြထားတယ်။ ဒါဟာ ကိုယ့်စိတ် ကိုယ့်လုပ်ရပ်ဟာ ကိုယ့်ကံဖြစ်တယ်။ ကောင်းရင် ကောင်းသလို မကောင်းရင်မကောင်းသလို ခံရမယ် ဆိုတဲ့ အကျိုးနဲ့အကြောင်း သဘောတရားကို ဆိုလိုလိုက်တာလား။ Na’vi တွေ ဆုတောင်းကြတဲ့ Eywa နတ်ဘုရားရဲ့ ကယ်တင်မှုလား။ နတ်ဘုရားနဲ့ တသားတည်း ဖြစ်နေတဲ့ သဘာဝရဲ့ အလိုအလျောက် တုန့်ပြန်မှုလား။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတဲ့
Pantheism နဲ့ Panentheism ဆိုတဲ့ ဝေါဟာရ နှစ်ခု အကြောင်းကိုလည်း နည်းနည်း ပြောချင်ပါတယ်။ Na’vi တွေရဲ့ ကိုးကွယ်မှုဟာ Pantheism ဆိုတဲ့ “အရာရာဟာ ဘုရားဖြစ်တယ်” လို့အယူအဆ နဲ့တချို့အပိုင်းတွေမှာ ဆင်ပါတယ်။ ဒီသဘောတရားက ဘုရားဟာ သဘာဝထဲမှာရှိတယ်။ စကြ၀ဠာမှာ၊ ရေမြေတောတောင်တွေမှာ၊ သင့်ခန္ဓာကိုယ်ထဲမှာ ဆိုတာမျိုး။ Panentheism ကတော့ “အရာရာက ဘုရားရဲ့ အထဲမှာ ရှိနေတယ်” သဘာဝဖြစ်စဉ်တွေက ဘုရားရဲ့အောက်မှာ၊ ဘုရားက အားလုံးရဲ့ အထက်မှာ ဆိုတာမျိုး။ Eywa ဆိုတဲ့ သူတို့ရဲ့ ဘုရားကို Na’vi တွေ ဆုတောင်းဝတ်ပြုကြတဲ့ အခါမှာ ဒီ Panentheism သဘောမျိုးရှိတယ်။ ဒါပေမယ့်လည်း အဲလို ဆုတောင်းဝတ်ပြုတဲ့အခါ သူတို့ရဲ့ အာရုံကြိုးတွေအားလုံးကို ဆက်သွယ်ထားပုံက ဘုရားနဲ့ တသားတည်း ဖြစ်ဟန်တူလို့ Pantheism ပြန်ဆန်နေပြန်ပါရော။

ပြောစရာတွေ ကျန်ဦးပေမယ့် ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါမယ်။ ဒီဇာတ်ကားမှာ ကြောက်လန့်စရာ ရွံရှာစရာ အခန်းတွေ ပါတယ်လို့ မမြင်ပါ။ ရှည်ရှည်လျားလျားတွေ ခုလို လျှောက်မတွေးချင်လည်း လူကြီးတွေရော ကလေးတွေအတွက်ပါ ဒီခေတ်အနေနဲ့ ထွန်းထွန်းပေါက်ပေါက် သာမန်ထက်ထူးခြားတဲ့ ဖျော်ဖြေမှုမျိုး ပေးစေတယ်လို့ ထင်မိပါတယ်။ အတွေးအခေါ်နဲ့ ပေးချင်တဲ့ message တွေကတော့ အသစ် ဖြစ်ချင်မှဖြစ်ပါမယ်။ အဲဒီ message ကို ယူဆောင်လာပုံက ဆန်းသစ်တာ ဖြစ်မယ်။ မေးကြည့်မိသလောက် လူအတော်များများဟာ ဒီရုပ်ရှင်ကို နှစ်ခါ သုံးခါ ပြန်ကြည့်ကြတာ တွေ့ရပါတယ်။ ကိုယ့်သဘောအရ ပြောရမယ် ဆိုရင်လည်း ဒီရုပ်ရှင်ဟာ ဖြစ်နိုင်ရင် အနည်းဆုံး နှစ်ခါ ပြန်ကြည့်သင့်တဲ့ ကားပါ။ ပထမ တစ်ခါက ဖျော်ဖြေမှုနဲ့ နည်းပညာဆန်းတွေကို စိတ်သွင်းပြီး ခံစားဖို့အတွက်၊ ဒုတိယတစ်ခါက ဇာတ်ကားက ပေးတဲ့ တွေးတောစရာတွေကို စောင့်ကြည့်ပြီး သယ်ယူလာနိုင်ဖို့အတွက်ပါ။

ဒါရိုက်တာက ပေးစရာရှိတာ ပေးဖို့ အကောင်းဆုံး ကြိုးစားပြီးတဲ့အခါ သူ့တာဝန် ကျေသွားပါပြီ။ ကြည့်သူတွေအတွက်တော့ ခံစားတွေးတောစရာတွေက တယောက်နဲ့တယောက် တူချင်မှလည်း တူပါလိမ့်မယ်။ တူစရာလည်း လိုမယ်မထင်ပါ။ လူတွေဟာ ကိုယ်ရှာတာ ကိုယ်ရတယ် မဟုတ်လား။ Thanks, James Cameron. I hope “I see you”.


ပန်ဒိုရာ

(Wall-E တုန်းက တိုက်တွန်းခဲ့သလို အခုလည်း ကြည့်ဖြစ်အောင် တိုက်တွန်းခဲ့တဲ့ မိတ်ဆွေကို အထူးကျေးဇူးတင်ပါတယ်။)





18 comments:

  1. အရမ်းကောင်းတာပဲ။ ဇာတ်လမ်းထက် အဲ့ဒီလို တွေးရတာကို ပိုကြိုက်တယ်။ ဒါပေမယ့် ကိုယ်တိုင်က အများကြီးချဲ့ကားလေးနက်စွာ မတွေးနိုင်သူမို့ တီပန့်အတွေးတွေ အများကြီးကို ဖတ်သွားတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။ James Cameron ကို The king of the world လို့ အမည်တပ်တာ ဒီနိုင်ငံထုတ် မဂ္ဂဇင်းတစ်ခုမှာ ဖတ်လိုက်ရတယ်။

    ReplyDelete
  2. မောင်တွေ အစ်မတွေကတော့ သွားကြည့်ပြီးသွားကြပြီ။ မမေတယောက်ပဲ မကြည့်ရသေးတာ။ သဘာဝလွန်အဖြစ်အပျက်တွေ သိပ်မကြိုက်လို့။ (2012 လဲ ပြီးအောင် မကြည့်ဖြစ်ဘူး။) ဒီဇာတ်ကားကို တော်တော်များများကတော့ ညွှန်းကြတာပဲ။ မမေကတော့ သဘာဝလွန်ဇာတ်လမ်းတွေနဲ့စာရင် လူ့လောကထဲက သဘာဝကျကျ အဖြစ်အပျက်လေးတွေကို ခပ်ရိုးရိုးတင်ပြတာမျိုး ပိုသဘောကျတယ်။ ဒါပေမဲ့ ကြုံရင်တော့ ကြည့်ပါအုံးမယ်။

    ReplyDelete
  3. မမပန်ပြောသလို တွေးစရာတွေ အများကြီးနဲ့ဇာတ်ကားပါ။ ဇွန်လည်းကြိုက်လွန်းလို့ နှစ်ခေါက်ကြည့်ဖြစ်ပါတယ်။ ရိုးရိုးတစ်ခေါက်၊ 3Dနဲ့တစ်ခေါက်။ နောက်တစ်ခေါက်ထပ်ကြည့်ဖို့တောင် စဉ်းစားမိသေးတယ်။ လနာမည်က ပန်ဒိုရာဆိုလို့ အစ်မဘလော့ကိုတောင် သတိရလိုက်သေးတယ်။း)

    ReplyDelete
  4. ကြည့်လိုက်အုံးမယ်.. မကြုံသေးလို့..

    ReplyDelete
  5. I see you, Pan Pan.
    သွားကြည့်အုံးမယ်။

    ReplyDelete
  6. ရှည်ရှည်ဝေးဝေးတွေးနေနိုင်ဘူးဗျ။ နည်းပညာကို ပါးစပ်အဟောင်းသားဖြစ်နေတာနဲ့။ ဒါနဲ့ မင်းသားရဲ့ ဘီးတပ်ကုလားထိုင်က မော်တာတပ်ဘီးတပ်ကုလားထိုင် မဟုတ်တာတော့ ဆိုးသဗျာ။

    ReplyDelete
  7. သွားကြည့်ဖို့ အခုလို တိုက်တွန်းတဲ့
    ပန်ပန့်ကို အထူး ကျေးဇူးတင်ပါတယ်။ ကြည့်ဖြစ်အောင် ကြိုးစားလိုက်ပါအုံးမယ်...း))

    ReplyDelete
  8. Yes...we B discuss..later...enjoy ur weekend :)

    ReplyDelete
  9. ရေနွေးခွက်ထဲ ဖြည့်တဲ့ ဥပမာက Forbidden Kingdom ထဲမှာလည်း ဂျက်ကီချန်းက သူ့တပည့်လေးကို ပြတယ်ဗျား..။ ဇင်ဘာသာတရားရဲ့ နာမည်ကျော် ဥပမာ ဥပမေယျနဲ့ တူပါရဲ့။ ဘာပဲဖြစ်ဖြစ်.. I see You စာတန်းလေးကတော့ စွဲငြိစေတယ် အစ်မရေ

    ReplyDelete
  10. ၂၀၀၉ တစ်နှစ်လုံး ကြည့်ဖြစ်သမျှထဲမှာ အကြိုက်ဆုံးကားပါပဲ အစ်မပန်ဒိုရာ။ ပန်ဒိုရာလနဲ့ မိတ်ဆက်တဲ့နေရာမှာ အစ်မပန်ဒိုရာကိုတောင် သတိရလိုက်မိပါသေးတယ်း) တွေးစရာတွေ Message တွေကို တင်ပြပုံ ထူးထူးဆန်းဆန်းနဲ့ သေသေသပ်သပ် ပြသွားတာ ၁၆၂ မိနစ်လုံးလုံး ကိုယ်ပါ ပန်ဒိုရာပေါ်ရောက်သွားသလိုပါပဲ။ ညီမလည်း ဒုတိယအကြိမ် ပြန်ကြည့်ဖို့ စဉ်းစားနေမိပါတယ်။ အခု အစ်မရေးထားတာဖတ်ပြီး ပြန်ကြည့်ရရင် အတွေးသစ်တွေ ထပ်ရမှာပဲ...

    ReplyDelete
  11. ခရမ်းရောင်နွယ်မျှင်တွေနဲ့

    အဘိုးအဘွားတွေရဲ့စကားကို ကြားချင်တယ်

    ReplyDelete
  12. အဲဒီနေ့က မလိုက်ရလို့ ငိုနေတယ် :P

    ReplyDelete
  13. အဲဒီကားကို ကြည့်မယ် ကြည့်မယ်နဲ့သွားမကြည့်ဖြစ်သေးဘူး..။ အစ်မပြောမှ ပိုပြီးအားတက်လာတယ် ဒီတစ်ပတ်သွားကြည့်ဖြစ်အောင်သွားမယ်...။ ခုလို Avatar ကိုအစ်မအမြင်လေးနဲ့ရှင်းပြပေးသွားတာ
    ကျေးဇူးတင်ပါတယ်...။ Thanks “Pandora” I see you...

    ReplyDelete
  14. I see you, too.
    ပန်ဒိုရာလပေါ်ကို သုံးနာရီနီးပါး ရောက်သွားလို့ ကျေနပ်မိတယ်၊
    ပျံသန်းတဲ့အကောင်ကို စီးပြီး ကိုယ်လည်း ပျံချင်တယ်၊
    နောက်ခံသီချင်းကလည်း ကောင်းတော့ အသက်ဝင်နေတယ်။
    အဲဒီကို တကယ် သွားချင်မိတယ်။

    ReplyDelete
  15. ကျနော်တို့ ဆီမှာ4D နဲ့ ပြနေပြီ။world first လို့ ပြောတယ်။သွားကြည့် အုံးမယ်။

    ReplyDelete
  16. ကျွန်တော်လည်း ကြည့်တော့ကြည့်ပြီးသားပဲ..ဒါပေမယ့် အစ်မပြောသလို နောက်တစ်ခေါက်ပြန်ကြည့်ကြည့်ဦးမယ်

    ReplyDelete