Technical help
Tuesday, January 11, 2011
လူပြိန်းများ မြို့ကိုသိမ်းပိုက်စဉ်
လူပြိန်းတွေဟာ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာတယ်
မဟာတံတိုင်းကြီးကို ကုတ်ကတ်ဖက်တက်တယ် ထရိုဂျန်မြင်းရုပ်ကြီးကို ၀မ်းသာအားရ မြို့ထဲ မောင်းသွင်းလာတယ်
ရောမကိုရောက်တော့ နှီးဝါးများနဲ့ နေ့ချင်းပြီး မြို့တည်ဖို့ ရောမလိုကျင့်ကြတယ် ကြံကြတယ်
လူပြိန်းတွေဟာ ဆီဇာရဲ့နောက်ကျောကို ဓါးနဲ့ထိုးတယ် အန်တိုနီက မိန့်ခွန်းလည်းပြောရော
ဘရူးတပ်စ်ရဲ့နောက်ကျောကို ဓါးနဲ့ထပ်ထိုးပြီး ဆီဇာ ဆီဇာ ဆီဇာ လို့ သုံးကြိမ်သုံးခါ ဟစ်ကြွေးလိုက်ကြတယ်
လူပြိန်းရောဂါ စွဲကပ်လာ လျှင်စွာကုဖို့ပြင်၊ မကုစားပဲ အပြိန်းစွဲတော့ လူပြိန်းဗိုင်းရပ်စ်ဟာ လေကနေတဆင့် ကူးစက်တယ်
လူပြိန်းပေါ့စတစ်ဖြစ်တာနဲ့ ဦးခေါင်းအပူချိန်မြင့်လာမယ် ဒွာရကိုးပေါက်က စကားလုံးများယိုစီးမယ်
နောက်တော့ နှစ်ဆယ့်လေးနာရီအတွင်းမှာ လုံးဝပြိန်းသွားတော့တာပဲ တဲ့
လူပြိန်းပိုးမ၀င်သေးသူတွေကို လူပြိန်းတွေက တံတွေးနဲ့လှမ်းထွေးတယ် လျှာနဲ့လျက်ကြတယ် သွားနဲ့ကိုက်ကြတယ်
တဖြည်းဖြည်းနဲ့ လူပြိန်းဦးရေက ပွားပွားလာတော့ လူပြိန်း မဟုတ်သူတွေဟာ ပြိန်းချင်ယောင် ဆောင်နေကြရတယ်
လူပြိန်းကြည့်ပုံ လူပြိန်းလမ်းလျှောက်ပုံ လူပြိန်းဝတ်စားဆင်ယင်ပုံ လူပြိန်းအလုပ်လုပ်ပုံ လူပြိန်းစားပုံအိပ်ပုံ လူပြိန်းကွန်ပြူတာစာစီစာရိုက်ပုံ လူပြိန်းဖက်ရှင်တွေနဲ့ လူပြိန်းနဲ့လူမပြိန်းတွေဟာ ခွဲလို့တောင်မရတော့ဘူး
သိဒ္ဓတ္ထဟာ ကဏ္ဍကမြင်းကိုစီးပြီး လူပြိန်းလွတ်ကင်းရာကို တောထွက်သွားရတယ်
ဉာဏ်အလင်းပွင့်ပြီးမှ ပြန်လာပြီး လူပြိန်းတွေ ရှေ့နားက ဘုရားမတ်မတ် စက်ဆုံရပ်၍ အတပ်ပင်ဟောကတဲ့ လုပ်ရတယ်
လူပြိန်းတွေးတွေးတဲ့ လူပြိန်းတွေနားလည်ဖို့ လူပြိန်းကြိုက်တရားကို ဗားရှင်းတွေ နှိမ့်ချပေးရတယ် ဒီလိုနဲ့ ဟောရင်းနဲ့သာ ဓမ္မကထိကများ ပျံလွန်တော်မူသွားကြတယ်
လူပြိန်းတွေဟာ ခရစ်တော်ယေရှုကို ကားစင်တင်လိုက်ကြတယ် လေဒီဒိုင်ယာနာကို လုပ်ကြံလိုက်ကြတယ် မာရီလင်မွန်ရိုးနဲ့ မိုက်ကယ်ဂျက်ဆင်ကို တောနင်းရှာကြတယ်
တိုက်ဂါးဝုဒ်ရဲ့ ဂေါ့ဖ်တံကို ရိုက်ချိုးလိုက်ကြတယ် ဆိုကရေးတီးရဲ့ အဆိပ်ခွက်ကို ၀ိုင်းလုသောက်ကြတယ်
လူပြိန်းတွေဟာ အများညီတော့ ဤ ကို ကျွဲ လို့ဖတ်လိုက်ကြတယ် ပေါင်မုန့် မရှိတဲ့အခါ ကိတ်မုန့်ကို စားကြတယ်
လူပြိန်းတွေဟာ မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်ကို ရွာပြင်ထုတ်လိုက်ကြတယ် နယူးယောက်က လေဘာတီရုပ်တုကြီးကို ဘဂ္ဂဒက်ကို ရွှေ့သွားကြတယ်
လူပြိန်းတွေဟာ အိုင်စတိုင်းကို အက်တမ်ဗုံး လုပ်ခိုင်းပြီး လှေနံကို ဓါးထစ်လိုက်ကြတယ်
ထိုကဲ့သို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူပြိန်းများ ကျင်လည်ကျက်စား ပျော်ပါးနေကြစဉ်
အုန်းကနဲ “မိုးပြိုပြီ” ဟူသည့် အသံကြီး တခဲနက်မြည်ဟီးလာလေရာ
လူပြိန်းများ သောသောရုတ်ရုတ် အုတ်အုတ်ကျက်ကျက် ၀က်ဝက်ကွဲကွဲ လဲလဲပြိုပြို။
ပန်ဒိုရာ
၁၁၊၀၁၊၁၁
16 comments:
  1. ခုမှတကယ်ပြိန်းသွားတော့တယ်
    ReplyDelete
  2. OMG
    မပန် လူပြိန်းရာဇ၀င် ကောင်းလိုက်တာ..
    ကိုယ်တိုင်လည်း လူပြိန်းလား လူမပြိန်းလား မဝေခွဲတတ်တော့ဘူး
    ချစ်ခင်စွာ
    မေညို
    ReplyDelete
  3. လန်ထွက်နေတာပဲဗျို့..
    သူလည်း T-Virus လိုပါပဲလားကွယ်ရို့..
    >>
    Craton
    ReplyDelete
  4. လုပ်ပြန်ပြီ ... ဒေါ်ပန်
    လူပြိန်းနားလည်အောင် ရေးပါဆိုမှ ...
    လူပြိန်းစကားလုံးများစွာဖြင့် ချယ်မှုန်းထားသော လူပြိန်းများကဗျာကို လူပြိန်းကြီးတယောက် အခေါက်ခေါက် ဖတ်ပြီး ပြိန်းသည်ထက် ပြိန်းသွားလေတော့သည်။
    ပုံ
    မေဓာပြိန်း
    ReplyDelete
  5. လူပြိန်းတစ်ယောက် ဖတ်သွားသည်.။
    မိုးပြိန်း
    ReplyDelete
  6. Sophistication in simple world is seemed to be a sin.
    ReplyDelete
  7. မြို့ကို ဘယ်တော့မှ ပြန်မပေးတော့ဘူး။ ပုံ လူပြိန်း
    ReplyDelete
  8. လူပြိန်းလို့ ပြောရမလား.. လူမပြိန်းဘူးလား ကိုယ့်ကိုယ်လည်း မသိတော့ပါဘူး..
    ReplyDelete
  9. လူပိန်းတယောက်လဲ သူ့ကိုသူလူပိန်းလို့ကြေငြာပြီး လူပိန်းတွေရေးတဲ့ ကဗျာကို ခပ်တည်တည်ဖတ် လူပိန်းလို ကဗျာတွေရွတ်ပြီး လူပိန်းတွေရှိရာတောထဲမှာ
    ReplyDelete
  10. ကျနော် က လူလည်းပိန်တယ် ပြိန်းလည်းပြိန်းတယ်း)
    ပိန်ပြိန်း မောင်မျိုး
    ReplyDelete
  11. အင်း..ခင်ဗျားတို့က ဘလောဂ်တစ်ခု ဖွင့်ပြီး..လူပြိန်းထက်သာအောင် ရေးနိုင်တော့ သူများထက် ထူးပြီး နဖူးမှာ ဟိုဟာပေါက်နေတာပေါ့နော်
    ReplyDelete
  12. ကောင်းလိုက်တာ..
    ဇူးလည်း ခပ်ပြိန်းပြိန်းထဲကပဲ...
    ReplyDelete
  13. ရေကြည်ရာမြက်နုရာလဲလှည့်သွားမယ်၊
    ထရိုဂျင်မကဘူး၊ထရိုဆင်ကြီးလဲခေါ်လာဦးမယ်
    ...ခွိခွိ
    ReplyDelete
  14. http://www.youtube.com/watch?v=PsFOZxkIK6Q&feature=mfu_in_order&list=UL
    အထက်ပါ ဗီဒီယိုကို ကြည့်ပြီးမှ ဤကဗျာကို ဖတ်ပါက ပို၍ နက်ရှိုင်းစွာ နားလည်နိုင်ပါလိမ့်မည်။
    ReplyDelete
  15. လူပြိန်းတွေဟာ ကျနော်နေထိုင်ရာ မြို့လေးကို နှစ်ပေါင်းများစွာတိုင်အောင် သိမ်းပိုက်ထားခဲ့ကြ ဒီလိုနဲ့ပဲ ကျနော်ဟာ မြို့လေးထဲက မိုးကောင်းကင်တွေ ပြိုကျတာကိုသာ သက်ပြင်းပေါင်း များစွာနဲ့အတူ တည်ငြိမ်စွာ မော့ကြည့်လာနိုင်ခဲ့ရပေါ့
    ReplyDelete
  16. Hi, Greetings from Santa Marta, Colombia. Congratulations on your blog. I am an educator and I have a blog magazine about literature, film and philosophy. If you want to visit, the address is:
    http://alvarogomezcastro.over-blog.es
    ReplyDelete