ကဗျာတွင် ပြောသူနာမ်စား၏အရေးပါမှု နှင့် ကဗျာရေးသူကိုဖတ်ရှုခြင်း
အင်တာနက်ထဲမှာ တွေ့ရတဲ့ စာတွေကဗျာတွေရဲ့ ဝိသေသတစ်ခုကတော့ စာဖတ်သူတွေဟာ
သိလျက်နဲ့ဖြစ်စေ မသိလိုက် မသိဘာသာဖြစ်စေ စာကိုသာမက စာရေးသားသူကိုပါ
အစဉ်တစိုက် လိုက်လံဖတ်ရှုကြတာ ဖြစ်တယ်။ ဒီလိုဖြစ်ရခြင်းဟာ
ပုံနှိပ်စာပေနဲ့မတူတဲ့ အင်တာနက်ရဲ့ အပြန်အလှန်
တုန့်ပြန်နိုင်စွမ်းမြန်ဆန်မှု ကြောင့် ဖြစ်ပါတယ်။ (ဒါဟာ အတွေ့အကြုံအရ
သတိပြုမိခြင်းသာဖြစ်လို့ အတည်ပြုဖို့ သီအိုရီ ကိုးကားရတာတော့ ခက်ခဲပါတယ်။
ပြန်လည် ငြင်းချက်ထုတ်လိုကလည်း ထုတ်နိုင်ကြပါတယ်။) စာရေးသူကို
လိုက်လံဖတ်ရှုတဲ့နေရာမှာ စာ၊ကဗျာရဲ့ ဆွဲဆောင်နိုင်စွမ်းတစ်ခုဖြစ်တဲ့
ပုဂ္ဂလိကဆန်မှု ဟာ အရေးပါလာတယ်။ လူတွေရဲ့ စူးစမ်းတတ်တဲ့ သဘာဝအရ ရေးသူဟာ
ဘယ်လိုလူမျိုးလဲ၊ ဒီနေ့ ဘယ်လိုစိတ်အခြေအနေရှိသလဲ၊ မနက်ဖြန်
ဘာဇာတ်လမ်းကိုပြောပြမလဲ ဆိုတာမျိုးကို စိတ်ဝင်စားလေ့ရှိပါတယ်။
ဒါကြောင့်လည်း နိုင်ငံအသီးသီးမှာ နာမည်အကြီးဆုံး ဘလော်ဂါလို့ ပြောလိုက်ရင်
မိမိရဲ့ ပုဂ္ဂလိကဘဝအတွေ့အကြုံတွေကို နေ့စဉ်မပြတ် update လုပ်နေတဲ့
ဘလော့ဂ်မျိုးတွေဟာ ထိပ်တန်းမှာ ရောက်နေတာဖြစ်တယ်။
ကဗျာအနုပညာဖက်ကို ဗဟိုပြုပြီး လေ့လာရမယ်ဆိုရင်တော့ ဒီကနေ့ အင်တာနက်
ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့မြင်ရတဲ့ ကဗျာရေးသူတွေထဲမှာ Minerva Jupiter ဆိုတဲ့
account ပိုင်ရှင် မီနားဗား ရဲ့ ကဗျာတွေအကြောင်း စူးစမ်းချင်ပါတယ်။
မီနားဗား ဆိုတဲ့ အမည်ကတော့ ရောမနတ်သမီးတစ်ဦးရဲ့ အမည်ဖြစ်ပြီး
အမျိုးသမီးကိုယ်စားပြု နာမည်တစ်ခုဖြစ်ပါတယ်။ မီနားဗားရဲ့ ကဗျာတွေမှာ
စီးဆင်းမှုလေသံ အေးဆေးပုံ၊ ခံစားချက် အရောင်ပါပုံ၊ မိမိနဲ့ပတ်သက်တဲ့
အကြောင်းအရာတွေကို ပြောပြနေပုံတွေက confessional ဆန်တဲ့
အပိုင်းတွေဖြစ်ပါတယ်။ ပြောသူနာမ်စားကို မကြာခဏ အသုံးပြုကာ ခံစားချက်တွေ၊
မိမိရဲ့ပုဂ္ဂလိကဘဝ အတွေ့အကြုံတွေကို အခြေပြု ရေးသားတဲ့ ကဗျာမျိုးကို
confessional poetry လို့ခေါ်ပြီး အမေရိကန်ကဗျာမှာ ၁၉၅၀၊ ၆၀ ခုနှစ်တွေလောက်က
စတင်ခေတ်စားခဲ့ပါတယ်။ မီနားဗားဟာ အမျိုးသမီးတစ်ဦးရဲ့
ပုဂ္ဂလကိုယ်ပိုင်နာမ်စား တစ်ခုဖြစ်တဲ့ ကျွန်မ (သူ့ရဲ့ စာလုံးပေါင်းအရတော့
“ကျမ”) ဆိုတာကို ကဗျာတိုင်းလိုလိုမှာ ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါဟာ
သူ့ကဗျာတွေရဲ့ ထူးခြားတဲ့ တသမတ်တည်း ပုဂ္ဂလိကဆန်မှု ဖြစ်တယ်။ ဒါဟာ
ဘာကြောင့်လဲ။ စာဖတ်သူတွေများအောင် အမျိုးသမီးတစ်ဦးအနေနဲ့ ဆွဲဆောင်ဖို့
ဆိုတဲ့ အပေါ်ယံ ယူဆချက်မျိုးထက် ပိုလေးနက်တဲ့ လေ့လာမှုမျိုးကိုပဲ
စိတ်ဝင်စားပါတယ်။
ခေတ်သစ်အင်္ဂလိပ်ဘာသာစကားမှာ မိမိကိုယ်ကို ရည်ညွှန်းတဲ့ နာမ်စားတွေဟာ
ကတ္တားပုဒ်နေရာမှာ I နဲ့ We ဆိုပြီး ပုဂ္ဂလနဲ့ အများပိုင် နှစ်မျိုးရှိပေမဲ့
မြန်မာစာမှာ ပိုမိုရှုပ်ထွေး စုံလင်တယ်။ ကျားမဖြစ်တည်မှု၊ လေသံ၊
လူမှုအဆင့်အတန်း၊ အသက်အရွယ်၊ ရင်းနှီးမှု အစရှိတဲ့ အခြေအနေတွေ အပေါ်မူတည်ပြီး
ငါ၊ ကျွန်တော်၊ ကျွန်မ၊ ကျွနု်ပ်၊ ကျုပ်၊ မိမိ၊ ကိုယ်၊ ငါတို့၊
ကျွန်တော်တို့၊ ကျွန်မတို့၊ ကျွန်ုပ်တို့၊ ကျုပ်တို့၊ မိမိတို့၊ ကိုယ်တို့
စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ နေ့စဉ်သုံးစကားတွေထဲမှာ သူများက၊ ခင်က၊
မောင်က၊ သားက၊ သမီးက ၊ ဘုန်းကြီးက စတာတွေ နာမည်အတိုကောက်တွေ
သုံးစွဲကြတာလည်း ရှိတယ်။ ကြားနာသူနာမ်စားတွေဟာလည်း ပြောသူနာမ်စားနဲ့
ဆက်စပ်ပြီး လိုက်လျောညီထွေစွာ ကွဲပြားပါတယ်။ အဲဒီလို
မတူညီတဲ့သုံးစွဲမှုတိုင်းရဲ့ နောက်ကွယ်မှာ ကွဲပြားတဲ့ အဓိပ္ပာယ်၊ အနှစ်သာရ၊
ဆက်နွယ်မှု တစ်ခုခုရှိနေပါတယ်။
ပုဂ္ဂလနာမ်စားသုံးခြင်းဟာ ရေးသူက ဖတ်သူနဲ့ ဆက်သွယ်မှု ပြုလုပ်ပြီး
ဖတ်သူကို အဓိကထား ချိန်ရွယ်ပြောပြသလို ပိုဖြစ်စေပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ I
ကို ထည့်စရာမလိုပဲ ရေးသားလို့ ရတဲ့ဝါကျတည်ဆောက်ပုံတွေ ရှိသလို
မြန်မာဘာသာစကားမှာ ပြောသူကတ္တားပုဒ် မပါဘဲ အဓိပ္ပာယ်ရှိ ပြီးပြည့်စုံတဲ့
ဝါကျတွေ အများကြီးရေးလို့ရပါတယ်။ ဒါကြောင့် ပြောသူနာမ်စားကို ကတ္တားနေရာမှာ
ထည့်မယ်ဆိုရင် မဖြစ်မနေမဟုတ်ဘဲ ရေးသူရဲ့ ရွေးချယ်မှုတစ်ရပ်လို့
ပြောလို့ရပါတယ်။ အနုပညာမြောက် အဖွဲ့အနွဲ့တစ်ခု ရေးသားတဲ့နေရာမှာ
အဲဒီကတ္တားကို ရွေးချယ် သုံးစွဲလိုက်တဲ့အခါ အနုပညာဆိုင်ရာ
ရည်ရွယ်ချက်တစ်ခုခု ရှိမယ်လို့ ခန့်မှန်းရတယ်။
မြန်မာဘာသာစကားရဲ့ နာမ်စားနဲ့ပတ်သက်တဲ့ ချဲ့ထွင်ဖွဲ့နွဲ့နိုင်မှုဟာ လေ့လာစရာကောင်းတဲ့ အချက်တစ်ချက်ကို ပေးစွမ်းလာပါတယ်။
အနုပညာလက်ရာတစ်ခု
ရေးသားတဲ့အခါ ရေးသူဟာ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ၊ ကျားမ
မထင်ရှားသူဖြစ်စေ၊ ပြောသူနာမ်စားကို မိမိနှစ်သက်သလို မိမိရဲ့
ရည်ရွယ်ချက်အတိုင်း ရေးသားနိုင်တာက ရေးသူရဲ့ အခွင့်အရေးပါ။ ယခုလေ့လာမှုမှာ
ကဗျာရေးသူမီနားဗားရဲ့ ကဗျာတွေကို ဖတ်မိတဲ့အခါ - အမျိုးသမီးတစ်ဦးရဲ့
အကြောင်းအရာတွေလား။ အမျိုးသမီးတစ်ဦးရဲ့ ခံစားချက်တွေလား။
အမျိုးသမီးကိုယ်စားပြုတဲ့အတွက် ကဗျာရဲ့ လေသံနဲ့ အကြောင်းအရာမှာ
ဘာထူးခြားသွားသလဲ။ ကျွန်မဆိုတဲ့ နေရာတွေမှာ ကျွန်မကို ဖြုတ်ပြီး ကျွန်တော်
ဖြစ်ဖြစ် ငါ ဖြစ်ဖြစ် ဘာမှမထည့်ဘဲ ဖြစ်ဖြစ် ပြင်ဆင် ဖတ်ကြည့်ရင် ကဗျာအရသာ
အနှစ်သာရ ဘာတွေပြောင်းလဲသွားမလဲ။ - လို့ မေးခွန်းတွေ
ထုတ်ကြည့်မယ်ဆိုရင်တော့ ဖတ်ရှုသူရဲ့ လွတ်လပ်စွာ စိတ်ဝင်စားနိုင်ခွင့်
ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ကျွန်ုပ်၊ မိမိ ဆိုတဲ့ အသုံးတွေက ကျားမ မကွဲပြားတဲ့
ထုံးတမ်းစဉ်လာ အခန့်သုံး ဖြစ်တယ်။ ငါ ဆိုရင် ရိုင်းတယ်လို့
ယူဆတာလည်းရှိတယ်။ ရင်းနှီးတဲ့ အရိပ်အယောင်ပါတယ်။ ကျားမမခွဲခြားတဲ့
အသုံးဖြစ်တယ်။ မိမိကိုယ်ကိုမိမိ တိုင်တည်ပြောဆိုတဲ့အခါ ငါ ကို သုံးတာနဲ့
ဆီလျော်တယ်။ ပြင်းထန်လေးနက်တဲ့ အကြောင်းအရာတွေကို ရေးရင် ကျွန်ုပ် တို့ ငါ
တို့ သုံးရင် ပိုပြီး မာန်ပါတယ်။ ကျွန်တော် ကျွန်မ အသုံးကို
ပိုယဉ်ကျေးတယ်လို့ သတ်မှတ်ကြတဲ့အတွက် ပရိသတ် ဒါမှမဟုတ် အခြားတစ်ယောက်ကို
တိုင်တည်ပြောဆိုတဲ့အခါမှာတော့ ကျွန်တော် ကျွန်မ က ပိုလိုက်ဖက်ဟန်ရှိတယ်။
မြန်မာစကားရဲ့ ရှုပ်ထွေးမှုမှာ နိုင်ငံရေးဆန်နေတဲ့ အချက်တစ်ချက်ကတော့
စာလုံးပေါင်းသတ်ပုံဖြစ်တယ်။ ကျွန်တော် ကျွန်မ ဆိုတဲ့ အသုံးအနှုန်းပေါ်မှာ
အယူအဆတစ်ရပ်ကြောင့် ကျနော် ကျမ လို့ ရွေးချယ်သုံးစွဲတဲ့
မျိုးဆက်တစ်ဆက်ရှိတယ်။ တစ် လို့စာလုံးပေါင်းရမယ်ဆိုတဲ့ ရေတွက်ပုံတွေကို တ
လို့ပဲ ဆက်ပေါင်းကြသူတွေရှိတယ်။ ဒီအယူအဆကို
ယနေ့ခေတ်ပြိုင်လူငယ်တွေထဲမှာတော့ သိပ်မတွေ့ရပါ။ ကျမ ဆိုတဲ့
စာလုံးပေါင်းပုံနဲ့ သပ်ရပ်တိကျတဲ့ လက်ရာတွေဟာ ကဗျာရေးသူရဲ့
သက်လတ်ပိုင်းအတွေ့အကြုံနဲ့ ခိုင်မာတဲ့ကဗျာရေးသက်တန်းကို ညွှန်ပြနေတယ်။
စာမျက်နှာအကန့်အသတ်ကြောင့် မီနားဗားရဲ့ ကဗျာတွေကို အသေးစိတ် ကောက်နုတ်
လေ့လာချက်တွေ အများအပြား မဖော်ပြတော့ပါ။ မီနားဗားဟာ လေသံတူပေမဲ့
အကြောင်းအရာ၊ တင်ပြပုံ၊ သုံးစွဲတဲ့စကားလုံးတွေ မထပ်ဘဲ လှပစုံလင်တဲ့
ကဗျာအများအပြားကို အချိန်တိုအတွင်းမှာ ရေးခဲ့တယ်။ “ကျမ” “ကျမတို့” ဆိုတဲ့
အသုံးကြောင့် မီနားဗားရဲ့ကဗျာတွေကို ဖတ်တဲ့အခါ စီးဆင်းမှု
ပျော့ပြောင်းညင်သာတဲ့ အရသာကို ခံစားရတယ်။ ဖတ်သူအနေနဲ့ အမျိုးသမီးတစ်ဦးရဲ့
ခံစားချက် ဆိုတာကို အာရုံထဲရှိနေတဲ့အခါ ရေးသူပြောချင်တဲ့
သတင်းအချက်အလက်တွေ ဖွဲ့နွဲ့မှုတွေ အိုင်ဒီယာတွေကို နားဝင်အောင် ဖြည်းဖြည်း
ပြောပြနေသလို ပိုဖြစ်တယ်။ တချို့ကဗျာတွေဟာ အမျိုးသမီး အကြောင်းအရာဆန်တယ်
ဥပမာ “တောင်နဲ့မြူ”၊ “နှင်းလူ” ။ ဒါပေမဲ့ အများစုကတော့
အမျိုးသမီးရဲ့တင်ပြချက် ဖြစ်စရာ တကူးတက မလိုအပ်တဲ့ အတွေးအခေါ်တွေ၊
တင်စားချက်တွေ ဖြစ်တယ်။ တချို့ကဗျာတွေမှာတော့ ပြောသူနာမ်စားကို မထည့်လည်း
ရနိုင်လောက်တယ်။ ဥပမာ “မြို့သစ်” ဆိုတဲ့ ကဗျာမှာ ပြောသူနာမ်စား မပါဘဲ
တလျှောက်လုံးမှာ မြို့သစ်ရဲ့အကြောင်းတွေကို ဗဟိုပြု ဖွဲ့ဆိုလာပြီး
နောက်ဆုံးဝါကျ ရောက်ခါမှ “ကျမစိတ်ထဲဝါးတားတားပဲ” လို့
ထည့်ဖြစ်အောင်ထည့်လိုက်တယ်။ ဒီနေရာမှာ ကျမ ဆိုတဲ့ နာမ်စားမပါဘဲ
“စိတ်ထဲဝါးတားတားပဲ” လို့ပြောလိုက်ရင်လည်း ဒါက ကဗျာရေးသူရဲ့စိတ်ထဲ လို့
ဆိုလိုမှန်း နားလည်နိုင်လောက်တဲ့ ဝါကျတည်ဆောက်ပုံဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် Minerva Jupiter ရဲ့ ကဗျာတွေ ဆက်တိုက်စီးဆင်းလာမှုဟာ
စောင့်ဖတ်သူတွေအဖို့ စိတ်ဝင်စားစရာကောင်းတယ်။ “ကျမ” ဆိုတဲ့ နာမ်စားဟာ
သူ့ကဗျာတွေမှာ အထူးပံ့ပိုးနေတာ ထင်ရှားတယ်။ အခြားသော
ရှာဖွေတွေ့ရှိမှုတွေလည်း ရှိနိုင်ပါသေးတယ်။ - မီနားဗားရဲ့ “ကျမ” ဟာ
ရေးဟန်တစ်ခု တည်ဆောက်ရုံသက်သက်ပဲလား။ ရေးသူဟာ အမျိုးသမီးတစ်ယောက်ရဲ့ အသံ
ဆိုတာကို ဖတ်သူကို မပြတ် သတိပေးချင် သတင်းပို့ချင် နေရုံပဲလား။ အဲဒါဟာ
ကဗျာတည်ဆောက်မှုမှာ ဘယ်လို ပိုအရေးပါသွားမလဲ။ တမင်တကာ ရွေးချယ်ထားတဲ့
ပြောသူနာမ်စားကို ရေးသူဟာ ဘယ်လိုရည်ရွယ်ချက် (ကဗျာဆိုင်ရာရည်ရွယ်ချက်)
ကြောင့် ကဗျာထဲမှာ တကူးတက ထည့်သွင်းသလဲ။ တစ်ဖက်ကလည်း ကဗျာရေးသူက
ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အဲဒီလိုထည့်လိုက်တဲ့အတွက် ကဗျာရဲ့
လေသံ၊ ပေးချင်သောအချက်အလက်၊ နောက်ဆက်တွဲ အနက်ဂယက် စတာတွေအပေါ်
ဘယ်လိုထင်ဟပ်ခဲ့သလဲ - ဆိုတာတွေဟာ မြန်မာဘာသာစကားနဲ့ မြန်မာကဗျာအတွက်
စိတ်ဝင်စားစရာ လေ့လာချင်စရာကောင်းတဲ့ အချက်တွေလို့ ထင်မြင်မိတဲ့အတွက်
ကဗျာလေ့လာသူတွေ ဆက်လက်တွေးတောနိုင်အောင် တင်ပြလိုက်ပါတယ်။
ရည်ညွန်း။ ။ မီနားဗား၏ စာမျက်နှာ link https://www.facebook.com/profile.php?id=100008148947868&fref=ts
ပန်ဒိုရာ
၂-၇.၃.၂၀၁၅
(နှင်းဆီဖြူဂျာနယ် အတွဲ၁ အမှတ် ၃ တွင် ဖော်ပြပါရှိ)
