Technical help

Wednesday, October 10, 2007

ဟင်းလင်းပြင်ထဲက လင်းလက်တဲ့သံစဉ်တွေ

အမှန်တရားဆိုတာ
လမ်းမတွေပေါ်မှာ စီတန်းလှည့်လည်တယ်
သံတိုင်တွေနောက်မှာ အံကြိတ်ခံတယ်
မီးသဂြိုလ်စက်ထဲက တိတ်တိတ်ပုန်း ပြာတွေနဲ့အတူ ပျံ့လွင့်တယ်
တကယ်တော့ အမှန်တရားဆိုသာ
ဆေတန်နတ်ဆိုး ကွယ်လျှိုးထားတဲ့
နက္ခတ်တာရာတွေဖြစ်တယ်။

ခေတ်ကြီးကိုက မကောင်းလှပေဘူး
တက်မပါ လက်ဗလာနဲ့ လှော်ရတဲ့ခေတ်
ရေနစ်သူဆွဲတဲ့ကောက်ရိုး ပိုးထိုးနေတဲ့ခေတ်
သစ္စာတရား ခြစားခံထားရတဲ့ခေတ်။

စင်္ကြာဝဠာကို ဆုပ်ကိုင်ကြည့်ချင်သေးတဲ့
ဒီကောင်ရဲ့လက်တွေကတော့ သေးကွေးလွန်းလှပါတယ်
ကြယ်ဖြစ်ခွင့်မရသေးတဲ့ ဂြိုဟ်ပဲ့မို့
နဂါးငွေ့တန်းကိုတမ်းတတယ်
လရောင်ကိုချဉ်ခြင်းတပ်ကာမှ
နေပူပြင်းတွေပဲ တစ်စင်းပြီးတစ်စင်း ထွက်လာတယ်။

ဟင်းလင်းပြင်ရဲ့ နိယာမက
အေးစက်တောင့်တင်းလှတယ်
ယုံကြည်ချက်တွေ တွင်းနက်ထဲပြိုကျ
မကြာခဏ ပုံစံပျက်ယွင်း
မလင်းမချင်းတော့ ဖြစ်တည်နေရဦးမယ်။

တချို့က ကောင်းကင်ကိုရှာတယ်
တချို့က အလင်းရောင်ကိုရှာတယ်
တချို့က ဂြိုဟ်စီးဂြိုဟ်နင်းတွေကြည့်တယ်
အဲဒီကြားကနယ်နိမိတ်တွေကို
ဒစ်ဂျစ်တယ်တံခါးနဲ့ ဆွဲဖွင့်လိုက်တော့
ကမ္ဘာကြီးတစ်ခုလုံး ပွက်လောရိုက်စေတယ်။

ပေါက်ကွဲခြင်းဆိုတာ
စကြာင်္ဝဠာအသစ်တောင် အစဖြစ်စေသတဲ့
ပြိုကွဲပွန်းရှ ထွက်ကျလာတဲ့
လွတ်လပ်ခြင်းရဲ့ လင်းလက်တဲ့ သံစဉ်တွေ
ယုံယုံကြည်ကြည်နဲ့ ပဲ့တင်ပြန်ထူးကြမယ်။


ပန်ဒိုရာ



7 comments:

  1. ကောင်းလိုက်တဲ့ ကဗျာပဲ ချစ်မမပန် ။ လုံးဝ လုံးဝ ကြိုက်သွားတယ် .. အပြည့်အ၀ ခံစားသွားတယ် ။ သိမ်းထားလိုက်ပြီ ။

    ReplyDelete
  2. အရမ်းမိုက်တယ် မပန်။ ဘာတဲ့ ...

    "ကြယ်ဖြစ်ခွင့်မရသေးတဲ့ ဂြိုဟ်ပဲ့မို့
    နဂါးငွေ့တန်းကိုတမ်းတတယ်
    လရောင်ကိုချဉ်ခြင်းတပ်ကာမှ
    နေပူပြင်းတွေပဲ တစ်စင်းပြီးတစ်စင်း ထွက်လာတယ်။"

    စာသားတွေက *superb super* ပါပဲ။ အားပေးနေမယ်နော်။ post လေးနဲနဲရှိပါတယ်။ အားမယ်ဆိုရင် လာလည်ဖို့ ဖိတ်ပါတယ်ရှင်။

    ReplyDelete
  3. အမှန်တရားဆိုတာ ဘယ်လိုဟာမျိုးကြီးတုန်း...။ ဗိုက်ပြည့်တဲ့ အရာတော့မဟုတ်လောက်ဘူးနော်...။

    ReplyDelete
  4. ပဲ့တင်သံနဲ့အတူ သိုးလေးကလည်း ပဲ့တင်သံတစ်သံ လွှင့်ထုတ်ပါတယ် မမပန်။ လင်းလက်တဲ့သံစဉ်တွေကို မျှော်ရင့်ပေါ့...

    ReplyDelete
  5. ကဗျာက မာန်ပါတယ်ဗျာ။ သိပ်ကောင်းပါတယ်။

    ReplyDelete
  6. ဂျစ် . တော့တိုးချန် ကိုစိုးထက် လေးမ သိုးမလေး မောင်ပွတ် .. ကျေးဇူးပါ။

    ReplyDelete