Technical help

Sunday, September 28, 2008

အဆိပ်ကောင်





အရေခွံလဲခါစ
နုရွနေတတ်သလို
ရေပြောင်းမြေပြောင်း
အကြောင်းပေါင်းသင့်အောင်
အရောင်စုံဆင်တတ်တာနဲ့
ပျော့လှပြီထင်နေသလား
အားအားရှိပါးပျဉ်းလေးတယမ်းယမ်း
ရွှီးဖြန်းနှာမှုတ် နေတတ်တဲ့အထဲကမဟုတ်ဘူး။

မျက်စောင်းထိုးရင်
အခိုးချောင်းချောင်းထွက်မယ်
တချက်စိုက်ကြည့်လိုက်ရင်
ညှို့စက်မှာ မိသွားမယ်
ယင်တကောင်တောင် မလွတ်စတမ်း
လှမ်းပေါက်လိုက်လို့ရတယ်
ခေါင်းထောင်မကြည့်တိုင်း အိပ်ပျော်နေတာမဟုတ်။

ဒီတော့..
ကိုယ့်လမ်းကိုယ်ရှင်း
ကိုယ့်တွင်းကိုယ်အောင်း
ကိုယ့်အကြောင်းကိုယ်ကြည့်
မသိရင်ငြိမ်ငြိမ်ခွေနေ
ခြေမြင်သလိုလိုနဲ့
ငုပ်နေတဲ့ ဗီဇကို
လာလာမဆွနဲ့
နောက်တခါဆို
ဒေါသသင့်ကဗျာတပုဒ်နဲ့
အမြီးဖျားလေး လှုပ်ပြရုံ မကတော့ဘူး။



ပန်ဒိုရာ



(ကဗျာကို ဖတ်ပြီး တောင်တောင်အီအီတော့ မတွေးကြနဲ့ဦးနော်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဘာရယ်မဟုတ် ချရေးဖြစ်တဲ့ ကဗျာလေးပါ။ ဘယ်သူနဲ့မှ ရန်ဖြစ်လို့ ဟုတ်ဘူး။ လောလောဆယ် တင်စရာတွေက ရေးလို့မပြီးသေးလို့ တင်ပေးလိုက်တာပါ။)


20 comments:

  1. မပန်..
    ရေးထားတာလေး အရမ်းဖတ်လို့ ကောင်းတယ်..။ ဒါပေမယ့် အဲဒီ့ ခွေနေတဲ့သူကို အရမ်း ကြောက်တတ်တယ်။ တော်သေးတာက သူ့ ပုံကို မတင်ထားဘဲ ပန်းချီလေးသာ တင်ထားလို့ ...။
    မပန်တစ်ယောက် ဘာတွေများ စိတ်တိုင်းမကျ ဖြစ်နေသလဲ လို့ မေးရအောင်ကလဲ... တောင်တောင် အီအီတွေ မတွေးကြနဲ့  လို့ ဆိုထားလေတော့....

    ReplyDelete
  2. ခြေမြင်သလိုလိုနဲ့
    ငုတ်နေတဲဗီဇကိုလာလာမဆွနဲ့။

    စကားလုံးတွေကတော်တော်လေးနက်ပြီးထိရောက်မှုရှိလှပါတယ်...

    ReplyDelete
  3. ဟုတ်. ရိုးရိုး လေးဘဲ ဖတ်သွားပါတယ်။
    ဟာသ ပြော လို. ရ သလားဟင်.. အမြဲ ဘဲ ဟာသ မြင် နေလို့ပါ.။
    ဟိုတုံး က ရွာ သားကြီး တယောက်က လှည်းမောင်းလာ တာ တံတားပေါ် ရောက်တော.ဟိုဘက် ကလှည်း နဲ.တွေ.ပါသတဲ.။ ရွာ သားကြီး က ဟေ့ ကောင်လမ်းဖယ် လို့ ဆိုပါတယ်။ မဖယ်ရင် ငါ ဟိုလို လုပ်သလို လုပ်လိုက် ရ မလား လို. ကြီးမောင်းတော. ဟိုဘက် ကလူလည်း လန်.ပြီး လမ်းဖယ် ပေးလိုက် ပါတယ်။ ပြီးတော.မှ ဦးကြီး ခင်ဗျား.ကျွန်တော် မဖယ် ရင် ဘယ် လိုလုပ် မှာ လည်းခင် ဗျား ဆိုတော. မင်း မဖယ်ရင် ငါ ဖယ် မှာ ပေါ့ ကွာ လို. ဆိုပါသတဲ.။

    ReplyDelete
  4. ဟား..ဟ.. တီကောင်.. တီကောင် ပေါ့.. ပန်ုဒိုယာရယ်..

    ReplyDelete
  5. ကောင်းလိုက်တဲ့ ကဗျာနဲ့ စာသားတွေ..။
    ပန်ဒိုရာ....စဉ်းစဉ်းစားစားလုပ်နော်....
    ရန်ဖြစ်မယ်ဆို ဒေါသကို ရှေ့ ကထား...အဲ...လျှော့..။

    ReplyDelete
  6. နဂါးလား မြွေပွေးလား မပန်။

    ReplyDelete
  7. ဟိုက် ရှားဘားစ်
    မိုက်တယ်
    အဆိပ်ကောင်ရဲ့ သရုပ်ပေါ်တယ်
    ကြိုက်တယ်ဗျို့ ချစ်ပန်ရေ :)
    ရေမြွှေတော့ ဟုတ်ဘူးပေါ့နော်..နော်

    ReplyDelete
  8. တောင်တောင်အီအီ မတွေးနဲ့ ဆိုမှ တွေးဖြစ်အောင် တွေးသွားတယ်။ အဟီး

    ReplyDelete
  9. စကားလုံးတွေက ရှင်းရှင်းလေး နဲ့ လျှို့ ဝှက်လွန်းတယ်။
    အင်း...
    "သတိ အဆိပ်ပြင်းသည်" လို့ ပဲ

    ReplyDelete
  10. ကိုယ့်လမ်းကိုယ်ရှင်း
    ကိုယ့်တွင်းကိုယ်အောင်း
    ကိုယ့်အကြောင်းကိုယ်ကြည့်
    မသိရင်ငြိမ်ငြိမ်ခွေနေ
    ခြေမြင်သလိုလိုနဲ့
    ငုပ်နေတဲ့ ဗီဇကို
    လာလာမဆွနဲ့<<<

    မပန်ရေ ဒီကဗျာလေးကို ကြိုက်တယ်ဗျ။

    ReplyDelete
  11. Your posts always give readers food for thought. Thank you again for this one.

    ReplyDelete
  12. တခါတလေကျတော့လဲ အဲဒီလို အားမာန်လေး လိုတယ် ပန်ပန်ရေ။ လိုအပ်တဲ့နေရာမှသာ ကိုယ့်အဆိပ်ကို ထုတ်သုံးတတ်ပါစေနော်။

    ReplyDelete
  13. မျက်စိထဲ အဲဒီအကောင် တကောင်က ထ ကဗျာရွတ်နေသလို ထင်ရအောင် ပီပြင်လွန်းပါတယ်…

    ReplyDelete
  14. ဘာမြွေလဲမသိ..
    ဖတ်ရင်းနဲ့ကြောက်တောင်ကြောက်လာပီ
    တောင်တောင်အီအီ မတွေးနဲ့ဆိုလို့သာ..
    တော်တော်တတ်..
    (ဖတ်လို့ကောင်းပါတယ်..မြွေဒိုရာ)

    ReplyDelete
  15. ဟားဟား.... အတော်ဘဲ...ဒီကလည်း သုပန္နက (စာလုံးပေါင်းမှန်မမှန်မသိ၊ ရမ်းသမ်းပေါင်းသည်) ဂဠုန်ရာဇာဘွဲ့ခံ တနင်္ဂနွေသားဘဲ။ နဂါးဆိုလျှင် အလွတ်မပေး။

    လေးဘက်လုံးခြုံ
    တိမ်ဂဠုန်လည်း
    နဂါးရုံကြွေ့
    ရန်ချင်းတွေ့သော်
    ခိုးငွေ့လွှတ်ပြိုင်
    ဂုဏ်ချင်းဆိုင်ခဲ့။
    (ရှင်ဥတ္တမကျော် တောလားမှ)

    ReplyDelete
  16. ဟိုက်... လန့်လောက်အောင်ကို ကဗျာက ကောင်းတယ်ဗျ...
    တော်ပြီဗျာ... ကိုယ့်တွင်းကိုပြန်အောင်းတော့မယ်... မြွေစိမ်းမြှီးခြောက် ကိုကြောက်လို့... အဟတ်ဟတ်... အဆင်ပြေပါစေဗျာ...

    ReplyDelete
  17. မတွေးနဲ့ဆိုတော့မှတွေးမိတယ်။ ရန်ဖြစ်ချင်လို့မဟုတ်ရင် စိန်ခေါ်တာပဲဖြစ်ရမယ်... :D

    ကဗျာက အသက်ဝင်ပြီးကောင်းပါတယ်... ဖတ်ရင်းနဲ့တောင် နောက်ကို ရှောင်လိုက်မိတယ်..;)

    ReplyDelete
  18. အဆောင်ကိတ်အား ဖတ်သွားပါကြောင်း။
    အဆိပ်ဖြေစေအား ရှာဖွေလျှက်ရှိကြောင်း သတင်းပို့စ် :D

    ReplyDelete
  19. မသက်ဝေ...ဟုတ်တယ်လေ. မတွေးနဲ့နော်။.
    ပျံသန်းခြင်းရပ်ဝန်း... ကျေးဇူးတင်ပါတယ်
    မခင်ဦးမေ... ဟာသ မြင်နေတာ ပျော်စရာပေါ့။ မြင်နိုင်ပါတယ်နော်။
    တေးမွန်... အေးပါ.. အကိုက်ခံရမှ ဟုတ်ပေ့ဖြစ်မယ် သတိထား။
    ကိုဆူး... ဒေါသကို ထိန်းပြီး စိတ်လိုက်မာန်ပါပဲ ဖြေရှင်းပါ့မယ်။ :)
    ကိုအောင်...မြွေဂါးပါ..
    မယ်မောင်... ရေမြွေဟုတ်ဘူးလေ သိပြီမဟုတ်လား။
    ကောင်းကင်ကို.. ညည အိပ်မပျော် ဖြစ်မှာစိုးလို့ပါ။
    ကိုမောင်ရင်.. တကယ်က အဲဒီခေါင်းစဉ်ပေးမလို့။ ရုပ်ရှင်နာမည်နဲ့ တူနေမှာစိုးလို့။
    နိုဝင်ဘာ မနုသွဲ့ မတန်ခူး ကိုဝင်းလတ် လွမ်းလုင် ပီတိ မှတ်ချက်များအတွက် ကျေးဇူးပါ
    မမိုးချိုသင်း.. မှတ်ထားပါမယ် အမရေ..
    ကိုပေါ.. အကြံကုန်ရင်တော့ ဆားချက်နေရမယ်နော။
    ဇီးရိုးထရက်ရှ်.. ဖြေဆေးမရှိ.. တဲ့.။

    ReplyDelete
  20. ပုံမြင်ရတာနဲ့ တောင် ကြောက်ပါတယ်... ဆိုမှ
    အမြီး လှုပ်ပြရုံမကတော့ဘူးဆိုတော့ ပိုကြောက်သွားတယ်..။ ကိုယ့်တွင်းကိုယ်ပြန်တော့မယ်နော်...။

    ReplyDelete