Technical help

Saturday, December 20, 2008

ဒဏ္ဍာရီဆောင်း


ဒဏ္ဍာရီဆောင်း


ဝေ့ရုံလေးဝေ့
ငွေ့ရုံလေးငွေ့
ဒီ.. တဆောင်းက
အဟောင်းတွေကို မြောက်ပြန်လေနဲ့ ရှိုက်သွင်းလာတယ်။

အချိန်များ သက္ကရာဇ်များ
ငါ့မြို့ငယ်လေးရှိရာ ပြန်လည်မောင်းနှင်သွားကြ
အဝေးပြေးလမ်းမပေါ်က ခရီးရှည်မှာ
အိပ်မက်တွေငိုက်စိုက်ချ
ကျောပိုးအိတ်တစ်လုံးအပြည့်စာ
သက်ပြင်းရှည်တွေကိုပဲသယ်ပိုးခဲ့ရတဲ့
အိမ်ပြန်ညတွေရဲ့ကောင်းကင်မှာ
တိမ်ခိုးပိတ်ဆို့ ထားတဲ့ ကြယ်တွေကို
တယောက်ယောက်က ကျိန်စာတိုက်ခဲ့လိမ့်မယ်။

ဆီးနှင်းတွေဖုံးနေတဲ့
ဟိုး…အဝေး က တောင်ကုန်းလေးပေါ်
နယ်မြေသစ်မှာ စိုက်မယ့်အလံကို
ငါ… ထမ်းပိုးရင်း
မြူတွေကိုမြေပြင်ပေါ်မှာချနင်းလိုက်တယ်
သစ်ရွက်ချွန်ချွန်တွေအဖျားက
တွဲလွဲခိုနေတဲ့နှင်းစက်တွေကို
လေရူးကလည်း လှုပ်ခါချပေးလိုက်တယ်
အဲဒီလမ်းခုလတ်မှာ
နှင်းပွင့်နန်းတော်ရဲ့ အဆောင်အယောင်ဝက
တပ်ခေါက် ပြန်ခဲ့ရတဲ့ဆောင်းဆိုရင်
နောက်တခါ ဘယ်တော့မှ ခြေဦးမလှည့်ဖြစ်တော့ဘူး။

ဆောင်းတွေ တစ်ခုပြီးတစ်ခုပြောင်းသွားတယ်…
ဟောင်းသွားတယ်..
ဟောင်းမသွားဘူး…
ဆောင်းကဟောင်းမသွားဘူး…
ဆောင်းတွေထပ်ထပ်ရောက်လာတယ်
ဆောင်းညရယ် လရောင်ရယ်
သူရဲကောင်းရယ် ပန်းတစ်ပွင့်ရယ်
ပေါင်းစပ်လိုက်တဲ့အခါ
ဒဏ္ဍာရီတွေ ဖြစ်ထွန်းတတ်တယ်။

ဆောင်းရယ် နှင်းရယ် ...
အတူတူ.. မဟုတ်ခဲ့တဲ့အခါ
သက်သက်ကလေး ခါးသတဲ့
မြူတွေ မသဲကွဲတဲ့ နှစ်ဟောင်းက ဆောင်းကိုမှ
မီးလင်းဖိုနံဘေးမှာထိုင်ရင်း
တညလုံးပြန်ဖွင့်ဖတ်မိသူပါ
ငါ့အတွေးတွေကတော့
အနွေးဓာတ်မလုံလောက်လို့
ပြာပြာအက်အက် ခိုက်ခိုက်တုန်တယ်
ဒီလိုနဲ့…
ပတ်သက်ခဲ့ဖူးတဲ့ဆောင်းတွေ
ဒဏ္ဍာရီထဲက ငါ့ဆောင်းတွေကို
နေခြည်ကူမလာခင်ပဲ စာမျက်နှာ ပိတ်ချလိုက်ခဲ့တယ်။



ပန်ဒိုရာ



19 comments:

  1. စာမျက်နှာပိတ်လိုက်တယ် ဆိုလို့စိတ်မကောင်းဘူး။ တို့က မင်းသားမင်းသမီးဇာတ်ပေါင်းမှ ကြိုက်တာ။

    (စာလုံးပေါင်းမှားတာတွေ ကိုသေချာ အချိန်ပြင်ပြီးမှ လာပြီး copy and paste လုပ်တယ်။ စိတ်အနှောက် အယှက်ဖြစ်မှာ စိုးလို့)

    ReplyDelete
  2. ဒဏ္ဍာရီ ဆောင်းအဟောင်းတွေကို အမှောင်ချလိုက်လို့
    နေခြည်နု နံနက်ခင်းတွေ အပြေးအလွှား ရောက်လာရင် ပိုမကောင်းဘူးလား ပန်ရေ။
    ကိုယ့်ရဲ့ စစ်တမ်းလေး လာဖြေသွားခဲ့တယ် ဆိုရင် ကျေးဇူးတင်ပါတယ်-လို့လည်း ပြောချင်ပါတယ်။

    ReplyDelete
  3. ဆောင်းပါရင်ဘယ်လိုပဲဆောင်းဆောင်းကြိုက်တယ်ပန်ပန်ရေ။

    ReplyDelete
  4. ဒဏ္ဍာရီဆောင်းကို ဆွေးဆွေးမြေ့မြေ့လေးခံစားသွားတယ်။
    ပုံလေးဆွဲထားတာ တကယ်လက်ရာကောင်းတယ်။

    ReplyDelete
  5. ပန်ဒို...
    ကဗျာကောင်းတယ် ...စိတ်မှာ တစ်မျိုးဖြစ်သွာတာတော့အမှန်ဘဲ...
    သိမ်းထားလိုက်ပြီ....
    ခုနကဘဲ ခရစ်စမတ်လက်ဆောင်လာယူသွားသေးတယ်..။

    ReplyDelete
  6. ဝေ့ရုံကလေးဝေ့
    ငွေ့ရုံကလေးငွေ့လျက်
    ဆောင်းက အမေ့ခက်ခဲ့တယ်။

    တရံတခါဆီက အဟောင်းတွေဟာ
    ဒဏ္ဍာရီဆောင်းလေပမာ
    မြောက်ပြန်လေမှာ ကမ္ပည်းထိုး
    သက္ကရာဇ်တွေ လှုပ်နှိုးတယ်။

    နှင်းရည်ဆမ်းတဲ့ ပန်းတခက်
    သူရဲကောင်းအတွက်ရည်စူး
    ရာသီဦးမှာ ပွင့်ခဲ့ဖူးတယ်။

    မြူတွေကြားက မီးဖိုကလေး
    အနွေးဓာတ်လည်း မရှိ
    ပြာမှုန်တွေအတိနဲ့
    မရှိတော့တဲ့ အနာဂတ်အတွက်
    အေးစက် ခါးသက်မှုတွေသာ
    ငါ့ဆီမှာ ကျန်ခဲ့တော့လေတယ် … ။

    မပန်ဒိုရာရဲ့ ကဗျာကိုဖတ်ပြီး ခံစားရလို့ ရေးလိုက်မိပါတယ်။

    ReplyDelete
  7. ခြေဆင်း လေးလုံးစပ်ကို အရမ်းသဘောကျတယ်။
    အန်တီပန်လည်း ကဗျာစပ် အရမ်းကောင်းတယ်။

    ReplyDelete
  8. ပုံလည်းကောင်း...
    ကဗျာလည်းကောင်း...

    ReplyDelete
  9. ခြေဆင်းက ဘယ်မှာလဲ
    အရင်ဆုံးရေးထားတဲ့အပိုဒ်မို့ ခြေဆင်းလို့ခေါ်တာလား
    လေးလုံးစပ်ကရော ဘယ်မှာတုန်း
    ပါဒတစ်ခုမှာ လေးလုံးထဲရှိလို့လား

    ဘာတွေတုန်းဗျာ သူ့ဘာသာလှနေတဲ့ ကဗျာလေးကို ဟိုဟာလိုလိုဒီဟာလိုလို ပေတံနဲ့ လာညှိနေသေး
    ရှေ့ဆုံးပိုဒ်လို့ ရိုးရိုးပြောလဲရနေသားကို

    ReplyDelete
  10. ဟိုးလတ်ဆတ်ငယ်ရွယ်တဲ့အရွယ်
    နုနယ်ငယ်ရွယ်တဲ့ဘဝ...နှင်းတွေကြားထဲ ခေါ်ငင်သွားတယ်...
    တကယ်ပါပဲ စာမျက်နှာပြန်ပိတ်လိုက်ရတယ်..
    လွမ်းလွမ်ဆွတ်ဆွတ်ကလေး..

    ReplyDelete
  11. မပန်ကဗျာရော.. အပေါ်ကမဗေဒါရီရေးသွားတဲ့ ကဗျာလေးရော နှစ်ခုလုံးသားကြိုက်တယ်း)

    ReplyDelete
  12. ဆောင်းကဗျာလေးကို ခံစားသွားပါတယ်။

    ReplyDelete
  13. ဆောင်းရယ်..နှင်းရယ်..ကိုယ့်ချစ်သူရယ်.. အတူတူပဲ...ဆိုတော့ကာ.. ဒီကဗျာထဲမှာ..ချစ်သူကို ရှာကြည့်လိုက်တယ်။

    ReplyDelete
  14. ဆောင်း ကဗျာလေး လာဖတ်ပါတယ် မပန်...
    နှစ်ဟောင်းက ဆောင်းက တစ်ကယ်ကို လွမ်းစရာ ကောင်းပါတယ်လေ...။
    ဆောင်းရယ် နှင်းရယ် ... အတူတူ မဟုတ်ခဲ့တဲ့အခါ...
    ကိုယ့်ချစ်သူလဲ ကိုယ်နဲ့  အတူတူ မရှိနိုင်ခဲ့...
    ဒီတော့ နှစ်ဟောင်းက ဆောင်းတွေကို
    နေရောင်ခြည် မလာခင်ပဲ မြန်မြန်လေး သိမ်းထားလိုက်တာ အကောင်းဆုံးပါဘဲ...
    ထပ်တူ ခံစားသွားပါတယ်...။

    ReplyDelete
  15. .. ရင်ထဲအေးစိမ့်သွားအောင် ဒဏ္ဍာရီဆောင်း ကကောင်းလွန်းပါတယ်.. မမပန်ရယ်...

    ReplyDelete
  16. ကဗျာမဖတ်ခင် ပုံလေးကြည့်လိုက်ကတည်းက အသက်ဝင်လွန်းတယ်။ ဒါလဲ paint နဲ့ဆွဲတာလား အစ်မ။ တော်တော်လှတယ် ကြည့်လို့ မ၀ဘူး။ :)

    ReplyDelete
  17. ဒဏ္ဍာရီဆောင်းကို လာဖတ်ပြီး တခုခုကို နှမျောသလိုလို လွမ်းသွားသလိုလို ခံစားရတယ်။ ကဗျာလေးက ဖမ်းစားပါတယ်။

    ReplyDelete
  18. ဆောင်းငွေ့အတူလာလှုံသူအားလုံးကို ကျေးဇူးတင်ပါတယ်နော်။

    ပုံက paint ထဲမှာ mouse နဲ့ဆွဲတာပါပဲ။

    ReplyDelete