Technical help

Friday, April 24, 2009

လက်ဖက်ရည်ဆိုင်ကစောင့်နေတယ်



လက်ဖက်ရည်ဆိုင်ကစောင့်နေတယ်

ညတွေမှောင်ရီပျိုးတာ
မိုးချုပ်တာမှ မဟုတ်ပဲ.. တဲ့
မင်းအတွေးတွေက နေမ၀င်အင်ပိုင်ယာ
ဘ၀ အကန့်အကန့်လေးတွေထဲမှာ
ရင်ဘတ်တခုလုံးဖွင့်လို့
ဟိုနားဒီနားလမ်းထွက်လျှောက်တဲ့အခါ
မင်းခြေလှမ်းတွေက နောက်လှည့်ပြန်မလာ
မွှေမွှေနှောက်နှောက် ညကိုကြောက်လိုက်
စေးစေးပျစ်ပျစ် ညကိုချစ်လိုက်
သာသာတိတ်တိတ် ညမှာ မအိပ်တတ်တဲ့လူ
အကြောင်းပြချက်တွေ အများကြီးနဲ့လူ
အကြောင်းပြချက်တွေ တခုမှမရှိတဲ့လူ
လရောင်တွေ စွန်းထင်းပေကျံနေတဲ့လူ
မြေပြင်ပေါ်မှာကြယ်တွေကို လိုက်လိုက်ရှာနေတဲ့လူ
နွေဦးကိုမျှော်ရင်း အိပ်ပျော်သွားတတ်တဲ့လူ
မေ့လျော့ခြင်းတွေကို စကားလုံးတွေနဲ့ ဖလှယ်ချင်တဲ့လူ
လွတ်လပ်ခြင်းတွေ နှောင်သွင်းထားတဲ့
အဲဒီ လက်ဖက်ရည်ဆိုင်ထဲမှာ
သူငယ်ချင်း… မင်းကပေါ်မလာ
ငါတယောက်တည်း တိမ်တွေကို မော့ကြည့်ရင်း
လက်ဖက်ရည်တွေ တခွက်ပြီးတခွက် ယစ်ထွေနေပေါ့ကွာ။


ပန်ဒိုရာ

14 comments:

  1. အမပန် ကျနော်လည်းလာသောက်မယ်

    ReplyDelete
  2. တစ်ခါတစ်လေတော့လည်း
    ကဗျာထဲကလို...

    အကြောင်းပြချက်တွေ အများကြီးနဲ့လူ
    အကြောင်းပြချက်တွေ တခုမှမရှိတဲ့လူ
    လရောင်တွေ စွန်းထင်းပေကျံနေတဲ့လူ
    မြေပြင်ပေါ်မှာကြယ်တွေကို လိုက်လိုက်ရှာနေတဲ့လူ
    ...
    မေ့လျော့ခြင်းတွေကို စကားလုံးတွေနဲ့ ဖလှယ်ချင်တဲ့လူ
    လွတ်လပ်ခြင်းတွေ နှောင်သွင်းထားတဲ့
    အဲဒီ လက်ဖက်ရည်ဆိုင်ထဲမှာ
    သူငယ်ချင်း… မင်းကပေါ်မလာ”

    ကြိုက်တယ်...

    ReplyDelete
  3. ငိုချင်ချင်တောင် ဖြစ်သွားတယ်...
    ATN

    ReplyDelete
  4. လက်ဖက်ရည်စားပွဲလေးမှာ..အေးအေးလူလူ
    အဲဒီ့အခါးနဲ့ ဘ၀ကိုဆေးဖက်ဝင်စေခဲ့တာ...
    ဒီ့ထက်ချစ်တဲ့အချစ်မရှိတဲ့...အတွေးတွေ အချစ်တွေနဲ့
    ..............................
    သူငယ်ချင်း… မင်းကပေါ်မလာ
    ငါတယောက်တည်း တိမ်တွေကို မော့ကြည့်ရင်း
    လက်ဖက်ရည်တွေ တခွက်ပြီးတခွက် ယစ်ထွေနေပေါ့ကွာ။

    သူငယ်ချင်းတစ်ယောက်ပျောက်ခဲ့တယ်..။

    ReplyDelete
  5. စောင့်နေတယ်ဆိုလို့ ရောက်အောင်လာသွားတား)
    တစ်စုံတစ်ခုမက တစ်စုံတစ်ရာမက တစ်စုံတစ်ယောက်မက လွမ်းသွားတယ်

    ReplyDelete
  6. ကဗျာလေး ဖတ်ရတာ တိတ်ဆိတ်လွန်းလှတယ်
    ကောင်းသောနေ့ပါ အမပန် :)

    ReplyDelete
  7. ငါတယောက်တည်း တိမ်တွေကို မော့ကြည့်ရင်း
    လက်ဖက်ရည်တွေ တခွက်ပြီးတခွက် ယစ်ထွေနေပေါ့ကွာ။

    ကျနော်လည်း လက်ဖက်ရည်သောက်ရင်း လက်ဖက်ရည်ဆိုင်အပြင်ဘက်ကို ငေးနေမိပါတယ်မပန်ရေ....တစုံတယောက်ဆီက လက်ဖက်ရည်လှမ်းမှာတဲ့ အသံကိုများကြားရလေမလား..

    ReplyDelete
  8. ဟင်

    “လဘ္ကရည်” က “ထွေ” တယ်လား..
    ဒါဆိုလာထား..တစ်ပိုင်းလောက်.
    အေ့ ...@|@...

    “နွေဦး” က O.T ဆင်းနေလို့ထင်တယ် :-)

    စကားအကောင်း ကို မရောက်တော့ဘူး.ဟီး
    ကျစ်ကျစ်လစ်လစ်လေး ခံစားသွားပါတယ်
    “ပန်ပန်” ရေ့...

    အရှူပ်

    ReplyDelete
  9. အဲဒီလို သူငယ်ချင်းနဲ့ မှ လဘက်ရည်တခွက် အရသာက ပိုပြီး လေးလေးပင်ပင် ရှိတာမိုလား…
    ဟုတ်တယ် ပန်ရေ… ချစ်သူနဲ့ ကုန်ဆုံးတဲ့ ညနေခင်းတွေက ရင်ခုန်လှိုက်မောဖွယ်ကောင်းသလို… စိတ်တူကိုယ်တူ သူငယ်ချင်းတယောက်နဲ့  ကုန်ဆုံးတဲ့ အဖြူရောင် ညနေခင်းတွေကလဲ ပွင့်လင်းခုံမင်ဖွယ် ကောင်းနေပြန်ရော… ဒီကဗျာလေး ဖတ်ပြီး သူငယ်ချင်းတွေနဲ့  အတူထိုင်ဖူးတဲ့ ခုံပုပုလေးတွေနဲ့ လဘက်ရည်ဆိုင်ညနေလေးတွေ ပြန်သတိရသွားတယ်….

    ReplyDelete
  10. အဲ့လိုစောင့်နေရဖို့ မသိလိုက်မသိဘာသာနဲ့ ကိုယ်တိုင်ကရွေးချယ်ခဲ့မိတာမဟုတ်လား..
    ကဗျာလေးကောင်းတယ်အန်တီပန်.. တကယ်ခံစားချက်တွေနဲ့။

    ReplyDelete
  11. အမပန်ရေ... ကဗျာလေးလာခံစားသွားပါတယ်...
    ငယ်ကသူငယ်ချင်းတွေကိုလွမ်းသွားတယ်ဗျာ...
    စောင့်နေရတဲ့တစ်ယောက်ရဲ့ ခံစားချက်က ...
    ပီပြင်နေတယ်နော်...

    ReplyDelete
  12. လက်ဖက်ရည်ဆိုင် တစ်ယောက်တည်းထိုင်တဲ့အခါ
    တော်တော်ဖီလင်အောက်ပါတယ်။
    ဒါပေမယ့် တစ်ခါတစ်လေလည်း ဖီလင်ကြမ်းနေရင်လည်း
    တစ်ယောက်တည်းထိုင်ရတာကောင်းတယ်။

    ReplyDelete
  13. ပန်ပန်ရဲ့ ကဗျာလေးဖတ်ပြီး...
    လက်ဖက်ရည်ဆိုင်မှာ စောင့်နေမယ် လို့ ပြောတတ်တဲ့ သူငယ်ချင်းတယောက်ကို အရမ်းလွမ်းသွားတယ်...
    ကိုယ်တိုင်က အကြောင်းပြချက်တွေ အများကြီးနဲ့ မပျက်ကွက်ချင်ပါပဲနဲ့ ပျက်ကွက်ခဲ့ရတဲ့သူ တယောက်မို့ ပိုခံစားရသလိုပါပဲ...။
    ခုလောက်ဆို သူတော့ တိမ်တွေကို မော့ကြည့်ရင်း
    လက်ဖက်ရည်တွေ တခွက်ပြီးတခွက် မှာသောက်နေရင်း ယစ်များ ယစ်ထွေနေပြီလားမသိ...။ စိတ်မကောင်းဘူး...။

    ReplyDelete
  14. လက်ဖက်ရည်ပေါ့စိမ့်တစ်ခွက် လာသောက်သွားတယ်း)

    ReplyDelete