Technical help

Saturday, January 30, 2010

ဒင်-ဒို ဂန္ထ၀င်ရှင်းတမ်း

တနေ့သ၌ ကျွန်ုပ်ပန်ဒိုရာသည် လွန်စွာမှပင် အလုပ်ရှုပ် စိတ်ရှုပ်နေသည့်အထဲမှ ခဏတဖြုတ် ဟု ဂျီတော့ခ်သို့ ၀င်လိုက်လေရာ ဘလော့ဂ်လောကတွင် ဂမ္ဘီရ ၀တ္ထုများရေးသားရာတွင် လွန်စွာမှပင် ကျော်ကြားလေသော ဘလော့ဂ်ရေးဆရာ ဦးမင်းဒင်တစ်ယောက် မီးစိမ်းကလေး ပြနေသည်ကို တွေ့လိုက်ရသည်။ သူ၏ထုံးစံအတိုင်း ခေတ်ဟောင်းသီချင်းကလေး တစ်ပုဒ်ကို ညည်းဆိုနေသော ဦးမင်းဒင်ကို ပဋိသန္ဓာရ နှုတ်ခွန်းဆက်စကား ဆိုရင်း ရောက်တတ်ရာရာ စကားအနည်းငယ် ပြောဆိုဖြစ်ကာ အကြောင်းအရာ တစ်ခုဆီသို့ ဆိုက်ရောက်လာလေသည်။

ဒင်။ ။ ကျုပ်ကတော့ ဘလော့ဂ်ရေးရာမှာလည်း အတတ်နိုင်ဆုံး သတ်ပုံမှန်စေချင်တာပါပဲ။
ဒို။ ။ ဟုတ်ပါတယ် အန်ကယ်။ အတတ်နိုင်ဆုံးပေါ့။ ကိုယ်တိုင်လည်း အတော်မှားပါတယ်။
ဒင်။ ။ သတ်ပုံတွေမှားကြတော့ တကယ့် ဂန္ဓ၀င်တွေကို ဟ တောင် မဟရဲတော့ဘူး။
ဒို။ ။ …
(တအောင့်အကြာ)
ဒင်။ ။ ဂန္တ၀င် ဖြစ်မယ်။
ဒို။ ။ ဂန္ထ၀င်လို့ ပေါင်းတယ် ထင်ပါ့ အန်ကယ်။ အောက်က ထဆင်ထူးဖြစ်ရမယ်။
ဒင်။ ။ တ၀မ်းပူ လို့ထင်ပါတယ်။
ဒို။ ။ တစ်ခါ မှားဖူးတယ်ဗျ။ ထဆင်ထူးက အမှန် မှတ်တယ်။
ဒင်။ ။ တ၀မ်းပူသာ ဖြစ်သင့်တယ်လို့ ကျုပ်တော့ထင်တာပဲ။ ကိုင်း.. သတ်ပုံကျမ်းများ ရှာကြည့်ရင် မသင့်ပေလား။


ဤသို့လျှင် အတန်ငယ် အငြင်းပွားကြလေရာ ကျွန်ုပ်လည်း မိတ်ဆွေတစ်ဦး ကျေးဇူးပြုထားသော အီလက်ထရွန်းနစ်ဗားရှင်း သတ်ပုံကျမ်းကလေးကို ကွန်ပြူတာထဲရှိ မြောက်မြားလှစွာသော folder များအောက်မှ မြောက်မြားလှစွာသော ဖိုင်များတွင် လှန်လှော ရှာလေရာ တော်တော်နှင့် မတွေ့နိုင်ဖြစ်နေလေ၏။ ထိုစဉ် တိန် ကနဲ မက်ဆေ့ခ်ျကလေး ရောက်လာလေသည်။

ဒင်။ ။ ဂန် ဆိုတဲ့ အသံထွက်နဲ့ ပတ်သက်တဲ့ မြန်မာစာလုံးမှာ ထဆင်ထူးကို အောက်က ထားတဲ့စာလုံးမတွေ့မိပေဘူး။
ဂန္တဝင်
ဂန္ထန္တရ
ဂန္ဓမာဒနတောင်
ဂန္ဓမာပန်း
ဂန္ဓာရုံ
http://myanmarwords.pikay.org/search?updated-max=2008-12-23T16%3A52%3A00%2B06%3A30&max-results=1
ကိုင်း.. ကျေနပ်တော့ နော်။

ကျွန်ုပ်လည်း အထွန့်တက်လိုက်လေသည်။

ဒို။ ။အွန်လိုင်းကကျမ်းက မှန်ချင်မှ မှန်မှာထင်ပါတယ်။ စာတွေက ပြန်ရိုက်ထားတာကိုး။
ဒင်။ ။လက်ထဲမှာလည်း စာအုပ်ရှိတယ် ပြန်ကြားရေးထုတ် မြန်မာစာဌာနက ကွဲ့။

ကျွန်ုပ်လည်း ဇဝေဇ၀ါဖြစ်ကာ ငါတွေ့ခဲ့သော ထဆင်ထူးနှင့် ဂန္ထ၀င်သည် မော်ဒယ်လ် မင်းသမီး ဂန္ထ၀င်၏ နာမည်စာလုံးပေါင်းသာ ဖြစ်နေရော့သလားဟု တွေးမိတွေးရာ တွေးလိုက်လေသည်။

ဒို။ ။ ဒါဆို ဟိုဂန္ထ၀င်က မင်းသမီးနာမည် စာလုံးပေါင်းပဲ ထင်တယ်။ ဒါဆို ဂန္ထ လောက (မဂ္ဂဇင်း) ကရော ဘာအဓိပ္ပါယ်ဖြစ်မလဲ။ အဲဒီမှာလည်း ထဆင်ထူး လို့ပဲ မှတ်တာပဲ။
ဒင်။ ။ ဂန္တဝင်ဆိုတာ မှတ်တမ်းဝင် ဂန္တလောက ဆိုတာ လောက မှတ်တမ်းလို့ ဆိုလိုဟန်ပေါ်တယ်။

ကျွန်ုပ်လည်း ဂန္ထဝင်စာပေ ဂန္ထဝင်ဂီတ ဟု ဆိုလျှင် အကြမ်းဖျဉ်းနားလည်ခဲ့သည့် classic, classical ဟူသည့် အဓိပ္ပါယ်မျိုးသာမက ‘ဂန္တ” သို့တည်းမဟုတ် “ဂန္ထ” ၏ အဓိပ္ပါယ်ကို အကိုးအကားဖြင့် အသေအချာ သိလိုစိတ် ပြင်းပြလာလေ၏။ သိမ်းထားခဲ့သော အီလက်ထရွန်းနစ် သတ်ပုံကျမ်းမှာမူ ရှာမတွေ့နိုင်တော့ချေ။ ထို့နောက် ဂူဂဲလ်တွင် စာလုံးများရိုက်ကာ အမျိုးမျိုးရှာဖွေလေရာ အောက်ပါလင့်ခ်တွင် ဆွေးနွေးချက်များကို ၀မ်းသာအားရ တွေ့ရှိလိုက်ရတော့သည်။

http://www.ainmat.com/forum/view_topic.php?pid=315
ပါဌ်ဆင့်တွေကို လွယ်ကူစွာအသုံးပြုနိုင်စေဖို့ တကူးတက ဖော်ပြပေးတာ ကျေးဇူးပါရှင် ...
နည်းနည်းလောက်တော့ ပြင်ပေးပါရစေဦး ... ။

(၁) ကတ္ထူစက္ကူ မဟုတ်ပါ။ ကတ်ထူ စက္ကူ ဖြစ်ပါတယ်။ (ထူသောကတ်ဖြင့် ပြုလုပ်ထားသော စက္ကူ)
(၂) ကုလသမ္မဂ မဟုတ်ပါ။ ကုလသမဂ္ဂ ဖြစ်ပါတယ်။
(၃) ဂန္တ၀င် မဟုတ်ပါ။ ဂန္ထ၀င် (အောက်က ထဆင်ထူး၊ ဂန်ထ၀င် ဖြစ်ပါတယ်။)
(၄) ဋ္ဌာပနာ မဟုတ်ပါ။ ဌာပနာ ဖြစ်ပါတယ်။ ဌ ၀မ်းဘဲ ရိုးရိုးဖြင့် ရေးရပါတယ်။
လည်ရစ်ပါသော ဌ၀မ်းဘဲ (ဋ္ဌ) ဆိုတာက ဋ္ဌ = ဋ + ဌ ဖြစ်ပါတယ်။ (ဥပမာ - အ႒မ = အဋ္ဌမ = အတ္ဌမ)
(၅) နက္ခတ္တာရာ ဟု ရေးရန် မလိုပါ။ နက္ခတ်တာရာ ဟုရေးလျှင် ရပါတယ်။
(၆) ပြဌာန်း မဟုတ်ပါ။ ပြဋ္ဌာန်း ဖြစ်ပါတယ်။ ပြ+ဋ်+ဌာန်း = ပြတ်ဌာန်းဟု အသံထွက်ပါတယ်။
(၇) ပြဿဒ် မဟုတ်ပါ။ ပြာသာဒ် ဖြစ်ပါတယ်။ ပါသာဒ ဟူသော ပါဠိမှ ဆင်းသက်လာတဲ့စာလုံးပါ။
(၈) ဖိန်းနွဲခါ မဟုတ်ပါ။ ဖိန်းနွှဲခါ ဖြစ်ပါတယ်။ နငယ် ၀ဆွဲ ဟထိုး နောက်ပစ် ဖြင့် ပေါင်းရပါတယ်။
(၉) ဗုဒ္ဓော ဟု မရေးရပါ။ ဗုဒ္ဓေါ ဟု မောက်ချဖြင့် ရေးမှ မှန်ပါတယ်။
(၁၀)မြဉ္ဇူရီ မဟုတ်ပါ။ ရရစ်မပါပါ။ မဉ္ဇူရီ ဖြစ်ပါတယ်၊ (မင်ဇူရီ ဟု အသံထွက်ပါတယ်။)
(၁၁) ဠင်းတ (ဠကြီးဖြင့် ရေးရန်မလိုပါ) လင်းတငှက်ကို လ-ဖြင့်သာရေးပါတယ်)
(၁၂) အဗ္ဘုတရသ ကို အဗ္ဘုတရသ လို့ တချောင်းငင် အကြီးဖြင့် ရေးပါတယ်။
(၁၃) အဉ္ဖလီ ... အောက်က ဖဦးထုတ်ဖြစ်နေပါတယ်။ အဉ္ဇလီ (အင်ဇလီ- ဇကွဲဖြစ်ရပါမယ်။)
(၁၄) ဣတ္ဆိယ ... အောက်က ဆလိမ်ဖြစ်နေပါတယ်။ ဣတ္ထိယ (ထဆင်ထူးဖြစ်ရပါမယ်။)


ဆက်လက်ပြီး အောက်ပါ လင့်ခ်မှ တဆင့် သတ်ပုံကျမ်း ဖိုင်ကို ဒေါင်းလုဒ် လုပ် ရယူနိုင်ခဲ့လေသည်။

http://www.yamc.info/archive/forum/viewtopic.php?f=17&t=2798

http://www.megaupload.com/?d=CRNO4ZWG

သတ်ပုံကျမ်းထဲတွင်ကား ဂန္ထ၀င် ဟု ထဆင်ထူးဖြင့် ပေါင်းထားသည်ကို ထင်ထင်ရှားရှား တွေ့လိုက်ရတော့သည်။
ထို့နောက် ဦးမင်းဒင်ထံသို့ အောက်ပါအတိုင်း ၀မ်းသာအားရ သတင်းပို့လိုက်လေသည်။

ဒို။ ။ သေချာတယ်ဗျို့ ထဆင်ထူးပဲ။ စာအုပ်ထဲမှာကို တွေ့တာ။ အွန်လိုင်းကျမ်းမှာက ပီကေ တစ်ယောက် စာပြန်ရိုက်တာ မျက်စိလျှမ်း သွားပုံရတယ်။
ဒင်။ ။ ခဏနေအုံး။ စာအုပ်ပြန်လှန်နေတယ်။
ဒို။ ။ ဟုတ်။
ဒင်။ ။ ၁၉၆၆ ခုနှစ်ထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း နှင့် ခွဲထား
ဒို။ ။နောက်ဆုံးပေါ်ထုတ် ကိုကြည့်ပါ ကျနော်လင့်ခ်ပေးမယ် ဒေါင်းလုဒ်လုပ်။
http://www.yamc.info/archive/forum/viewtopic.php?f=17&t=2798
ဒင်။ ရပြီဗျို့။ ဟား။ ထဆင်ထူး ဖြစ်နေပြန်ပါပေါ့လား။
ဒို။ ။ အမှန်ကိုး ဗျ။
ဒင်။ ။ လက်ထဲက စာအုပ်က ၁၉၆၆ ဆိုတော့ ၂၀၀၃ ကို အမှန်ယူသင့်ပေတယ်။ လက်ခံပါပြီ။
ဒို။ ။ ဟဲ.. ဒါဆို နောင်လာနောက်သားတွေ မမှားအောင် စာလေးတစ်ပုဒ်လောက် ရေးလိုက်ရင် မကောင်းဘူးလား အန်ကယ်။
ဒင်။ ။ ကောင်းလေစွ။ ကျေးဇူးတင်ပါတယ်ဗျာ။ အခုလို အမှန်ထောက်ပေးတာ။ ကိုယ်ကလည်း တော်ရုံ အလျှော့ပေးချင်သူ မဟုတ်ဘူး။
ဒို။ ။ ဟုတ်။ ပိုပြည့်စုံသွားအောင် ပါဠိ အတိုင်ပင်ခံ ဆရာတစ်ယောက်ကိုလည်း လှမ်းမေးလိုက်ပါဦးမယ်။

ဤသို့ဖြင့် စကားပြောခန်းများကို ပြန်လည် တည်းဖြတ်ပြင်ဆင်ကာ အန်ကယ်ဦးမင်းဒင်၏ ခန့်ညားသော အရေးအသားစတိုင်ကို အတုယူရေးထားသည့် အနည်းငယ်လည်း ငန်ကျိကျိနိုင်သော အထက်ပါစာတစ်ပုဒ် ဖြစ်ပေါ်လာလေသတည်း။ (ဆားချက်ခြင်း။)

နောက်ဆက်တွဲ။ ။ ပါဠိဆရာ၏ ရှင်းလင်းချက်။



“ဘတစ္စတူတာ” ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို သိချင်လို့ စာသင်သားက စာချဘုန်းကြီးကို မေးတော့ ဘုန်းကြီးခမျာ ပိဋကတ်သုံးပုံ ပါဠိစာပေ စုံအောင် လိုက်ရှာတာ မတွေ့တဲ့အဆုံး လောကီလောကုတ် စွယ်စုံ ဘုန်းကြီးတပါးကို ပြောတော့မှ ဘတစ္စတူတာ(Batistuta) ဆိုတာ အာဂျင်တီးနား ဘောလုံးသမားမှန်း သိသတဲ့။ အခုလည်း ဂန္ထ၀င်ဆိုတော့… ဂန္ထ၀င်ပဲ လို့ ထင်မိတယ်ဗျ။

ဂန္ထ
တိပိဋက ပါဠိ-မြန်မာ အဘိဓာန်
(၁) (က) ကျမ်းဂန်။ (ခ) ကျမ်းဂန်-ပရိယတ်-ကိုဆောင်ခြင်း။
(၂) ထုံးဖွဲ့-နှောင်ဖွဲ့-ရစ်ပတ်-ဆက်စပ်-ခြင်း၊ ထုံးဖွဲ့-နှောင်ဖွဲ့-ရစ်ပတ်-ဆက်စပ်-တတ်သောတရား၊ ဂန္ထတရား။
(၃) သီကုံးခြင်း။

ဦးဟုတ်စိန် ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်
ထုံးဖွဲ့ခြင်း။
စာပေကျမ်းဂန်။
(m.) bond; fetter; a composition; a text, a bond, a tie; a literary composition, book

Pali Text Society Pali-English Dictionary
Gantha
1. a bond, fetter, trammel
2. [Only in late Pali, and in Sk.] composition, text, book

ဝံသ
တိပိဋက ပါဠိ-မြန်မာ အဘိဓာန်
(၁) (က) ဝါး။ (ခ) (ခေါင်အုပ်) သစ်၊ ဝါး (ဂ) ဝါးတိုင်၊ (၂) ဝါးချုံ။
(၃) နွှဲ၊ ပြွေ။
(၄) (က) အမျိုး၊ အနွယ်၊ အစဉ်အဆက်၊ အဆက်အနွယ်။ (ခ) (ဂုဏ်တို့၏) အနွယ်၊ အဆက်။
(၅) ဓလေ့၊ ထုံးစံ၊ အစဉ်အလာ။
(၆) အရိယဝံသသုတ်။
(၇) ဝံသတိုင်း၊ ဝံသဇနပုဒ်။
(ဂ) (သစ်ပင်၏) ပင်စည်။
(၉) (က) (သစ်ပင်၏) အခွ-အကြား။ (ခ) (ဆင်စသည်တို့၏)-ကျောက်ကုန်းလယ်အရပ်။
(၁ဝ) (သင်္ဂါယနာတင်မထေရ်တို့မှစ၍ ဆရာစဉ်ဆက်ဆောင် ယူခဲ့သော) အယူဝါဒ၊ အဋ္ဌကထာ၏အစဉ်။

ဦးဟုတ်စိန် ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်
ဝါး။
အနွယ်။
1, a race; lineage; family; 2, a bamboo tree; 3, a bamboo flute. A bamboo; a shrill flute, a pipe; race, family, lineage; dynasty; hereditary custom, tradition

Pali Text Society Pali-English Dictionary
Vaṃsa
1. a bamboo
2. race, lineage, family
3.tradition, hereditary custom, usage, reputation
4. dynasty
5.a bamboo flute, fife
6. a certain game


ဒါတွေက တစ်ပုဒ်စီရဲ့ အဓိပ္ပါယ်တွေ။ ပိဋကတ်မှာတော့ ဂန္ထ၀ံသလို့ တိုက်ရိုက် ဝေါဟာရမတွေ့မိဘူး။ ဒါပေမယ့် စူဠဂန္ထ၀ံသလို့ အမည်ရတဲ့ ကျမ်းရဲ့ အဖွင့်ဂါထာတစ်ပုဒ်မှာတော့ ဒီလိုလာတယ်။

ဂန္ထ၀ံသမ္ပိ နိဿာယ၊ ဂန္ထ၀ံသံ ပကထိဿံ။
“ပိဋကတ်သုံးပုံကျမ်းအစဉ်ကို အမှီပြုပြီး ဂန္ထ၀င်ကျမ်းငယ်ကို ဖွင့်ဆိုမယ်”

ရှေ့ ဂန္ထကို ပိဋကတ်ကျမ်းဂန်လို့ ဆိုလိုပြီး နောက် ဂန္ထကို ကျမ်းအငယ်စား (စူဠဂန္ထ)လို့ ဆိုလိုတာ။

ဗုဒ္ဓ၀ံသ, ထေရ၀ံသ, သဒ္ဓမ္မ၀ံသ, အာစရိယ၀ံသ, ရာဇ၀ံသ, ဒီပ၀ံသ, မဟာဝံသ စတဲ့ ဝေါဟာရတွေကိုလည်း ပါဠိစာပေမှာ တွေ့မိတယ်။
တိပိဋက ပါဠိ-မြန်မာ အဘိဓာန်မှာ ဒီလို ဖွင့်ဆိုထားတယ်။

[ဗုဒ္ဓ+ဝံသ]
(၁) ဘုရားရှင်တို့၏-အစဉ်အဆက်-ဖြစ်တော်စဉ်-ကို အကျယ်ပြဆိုရာ ကျမ်း၊ ဗုဒ္ဓဝင်ကျမ်း။
(၂) ဘုရားအစဉ်အဆက်၊ ဘုရားအနွယ်။

[ရာဇ+ဝံသ]
(၁) (လူ) မင်းတို့၏-အမျိုး-အနွယ်-အဆက်၊ ရာဇဝင်။
(၂) မြင်းမင်းတို့၏-အမျိုး-အနွယ်-အဆက်၊ မြင်းမင်းရာဇဝင်။


ဗုဒ္ဓ၀င်, ရာဇ၀င်စတဲ့ ဝေါဟာရတွေကိုတော့ ပါဠိသက်လို့ ခေါ်မလားမသိ။ မြန်မာပြည်မှာ ပါဠိစာပေရဲ့ လွှမ်းမိုးသက်ရောက်မှုတွေက အထင်အရှားပါပဲ။ တခါတလေ ပါဠိသက်ကတောင် ပိုပြီး ခေတ်ဆန်သလိုလို ဖြစ်နေတတ်တယ်။ ငယ်ငယ်က ကျော်ဟိန်းနဲ့ ကော်နီ စုံတွဲshowပွဲတစ်ခုအတွက် titleရွေးတာ “ဒွန်”ဆိုတဲ့ ဝေါဟာရကို သုံးလိုက်တယ်လို့ ထင်တာပဲ။ “ဒွန္ဒ” ကို ဦးဟုတ်စိန် အဘိဓာန်မှာ ဒီလို ဖွင့်တယ်။
နှစ်ခု နှစ်ခု။
အစုံ။
a pair; couple; dyad.


မဂ္ဂဇင်း အမည်ပေးဖို့ “ဂန္ထ” နဲ့ “လောက” ဝေါဟာရ ပေါင်းစပ်ထားတာ သိပ်လှတယ်။ တစ်ပုဒ်စီ ယူသုံးထားတာပဲ။ မြန်မာဝေါဟာရဆိုရင် သူ့လောက်ပြောင်မြောက်ချင်မှ ပြောင်မြောက်မှာ။ အဲ…တစ်ခုတော့ ရှိတယ်။ “ဖွဲ့+တည်ရာ”ကတော့ အတော် အလင်္ကာမြောက်တဲ့ ဖန်တီးမှုလို့ ထင်မိတယ်။ copy cat လား own tune လားတော့ မသိဘူးဗျ။ အသုံးအနှုံးတွေအကြောင်း အကျယ်တ၀င့် ပြောနေရင်တော့ မျိုးမမပကာသနီ ဖြစ်နေတော့မယ်။ ဂန္ထ၀င်ဆိုတဲ့ ဝေါဟာရကိုလဲ ခုခေတ်သုံးစွဲပုံကတော့ သိတဲ့အတိုင်းပဲ။ ၀ံသကို ဒီလို သုံးနေတော့ postတစ်စောင် pageတစ်ဖွဲ့ ရေးလို့ရတဲ့ blogလဲ ၀ံသနဲ့ ပေါင်းပြီး blog၀ံသ=ဘလော့ဂ်ဝင်လို့ ဖြစ်လာနိုင်တာပေါ့ဗျာ။

တွေ့မိတွေးရာ ရေးလိုက်တာမို့ အဆင်မပြေရင် ဆောရီးပါဗျာ။

နတ္ထိ
--


ပန်ဒိုရာ


22 comments:

  1. သတ်ပုံတွေမေ့နေတဲ့ စာလုံးတွေ အများကြီးပဲ... ကြိုးစားပမ်းစားလဲ ရှာမကြည့်မိဘူး...
    အားထုတ်ပြီး ရှာဖွေ ရှင်းလင်းပြောပြထားတာ တကယ်ကောင်းပါတယ်... နောင်ကို မသိတဲ့ စာလုံးပေါင်းများရှိရင် မေးပါရစေနော်...
    အားကိုးပါတယ် ပန်ပန်..း))

    ReplyDelete
  2. 30 Jan 10, 23:16
    kom: ဘန်ဒါက ဘယ်သူရိုက်တာလဲ မှန်မှန်ပြော။
    30 Jan 10, 23:15
    kom: အခုထိ တဝင်းပူလို့ထင်နေတုံးဘဲ။ ဘာဘဲပြောပြော ။

    ReplyDelete
  3. ခုမှပဲ သတ်ပုံကျမ်းတွေ ထွက်လာတော့တယ်။

    လေ့လာဦးမှပါပဲ။

    ကျေးဇူးခင်ဗျ

    ReplyDelete
  4. အင်း ဘာပဲဖြစ်ဖြစ် ကောင်းပါတယ် ကျုပ်လဲ တဝမ်းပူ ထင်နေတာ အခုမှပဲ ပန်ဒိုရာစံကြောင့် ထဆင်ထူး လိုက်တော့မယ် အမှားမြင် အမှန်ပြင် လို့ ဆိုတယ် မဟုတ်လား...ဗျ!

    ReplyDelete
  5. That's ok ...Pan taw ra...
    :)

    ReplyDelete
  6. ဂန္ထ၀င်စိမ်း.....ပေါ့။

    ဒါပေမယ့်
    ကန္တာရကတော့ “တဝင်းပူ” မှန်တယ်ထင်ပါတယ်နော်..။

    ဥပမာ...ကန္တာရလမင်း

    ReplyDelete
  7. နတ္ထိလား မရှိဘူးလေ
    ဗဟုသုတ ရစေပါတယ် ဗျာာာာာ
    တချို့ဟာတွေ ဇဝေဇဝါဖြစ်နေတာ ကျေးဇူးးနော်

    ReplyDelete
  8. ကောင်းပါ့ဗျာ။ လူလဲအမှားတွေမြင်ပါများလို့..အမှားကိုအမှန်ထင်နေတာကြာပါပေါ့...

    ReplyDelete
  9. စောင်းရေးထားတယ်...းP

    ReplyDelete
  10. အိုး...ကောင်းလိုက်တဲ့ပို့စ်ဗျာ....
    ကျေးဇူးပါမပန်ဒိုရာရေ....
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  11. အားပါး..ဒီတစ်ခါဆားထုပ်ကလေးလှချည်လား။
    ဒါပေမယ့် အိုင်အိုဒင်းဆားပါ။ ကျွန်တော်လည်း တ၀မ်းပူထင်နေတာ...ကျေးဇူး

    ReplyDelete
  12. မူးသွားတာပဲ..:D

    ReplyDelete
  13. “ဂန္ထ + လောက” နဲ့ “ဖွဲ့+တည်ရာ” ရဲ့ ဆက်စပ်မှုကို တွေးသွားတာက စိတ် ၀င်စားစရာပါပဲ။

    ဧရာ

    ReplyDelete
  14. ဟုတ်ပ လူညီရင် ဤ ကို ကျွဲ ဖတ်လို့ ရသလိုပေါ့....ကျွန်မ လို့ ရေးရမယ်မှန်း သိရက်နဲ့ ဝဆွဲ နဲ့ နသတ် ချန်လို့ လွယ်လွယ် ကူကူ ကျမ လုပ်ပစ်နေတာ ကြာပေါ့....မှတ်သားစရာတွေပါ မပန်...:))

    ReplyDelete
  15. မြန်မာစာပေ ယောင်ဝါးဝါးဖြစ်နေသူ ကျွန်ုပ်အတွက် အလွန်ပဲ အဖိုးတန်လှပါပေတယ်ဗျာ..ဒို နဲ့ ဒင် နဲ့လဲနောက်ငြင်းကြပါဦး..ကိုချစ်ဖေကတော့.ရမ်းသမ်းမှန်းသန်း ထ ဆင်ထူးအောက်ကပဲထင်နေတာ
    ဟုတ်သွားသေး..။

    ReplyDelete
  16. ဂန္ထ၀င်နဲ့ ပတ်သက်ပြီး မမေလဲ ခဏခဏ ငြင်းရဖူးတယ်။ အများအားဖြင့် အသံထွက်အတိုင်း တ၀မ်းပူနဲ့ ပေါင်းတယ်လို့ ထင်ကြတာကိုး။
    အိပ်မက်ဖိုရမ်ကဟာ မြင်ဖူးပါတယ်မှတ်တာ မမေ ဆရာသွားလုပ်ထားတာပဲ။ :D

    ဒင်-ဒို ဂန္ထ၀င်ရှင်းတမ်းကြီးက မှတ်သားလောက်ပါပေတယ်။

    ReplyDelete
  17. မြန်မာစာ အရေးအသားများ စာလုံးပေါင်းကနေ စပြီး ခက်ခဲတာပဲ။ အခုအရွယ်ကြီးထိ မှတ်နေရသေးတယ်။ အရင်တုန်းကတော့ မှားလည်း ကိုယ့်ဆရာမပဲ သိတာ အမှတ်ရော့ရုံပဲဆိုတော့ ဒီလောက်မဟုတ်ဘူး။ အခုတော့ မှားရင် လူတွေ အများကြီးမြင်မှာဆိုတော့ မမှားအောင် သတိထားနေရတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက အမှတ်မှား အမှားကြီးမှတ်နေတော့ မှားနေတုန်း မှားနေဆဲပါပဲ။ ဒီလို နည်းနည်း နည်းနည်းစီ ရေးတဲ့ သူတွေ ရှိတော့ ဖတ်ရ မှတ်ရတာ မဆိုးဘူးပေါ့။

    ReplyDelete
  18. ခေါင်းစဉ်မြင်တော့ မော်ဒန်ကဗျာထင်နေတာ =)
    အများကြီး ကျေးဇူးတင်ပါတယ်.. မပန်။

    ReplyDelete
  19. မသိသေးတာတွေ သိသွားလို့ ဗဟသုတုနဲ့ ပြည့်ဝလာပေမယ့် အဲဒီသုတကြီးက ကိုယ့်ပြသနာ ပြန်ရှာမှာ ကြောက်တယ်ဗျာ။

    ReplyDelete
  20. @ကိုအန်ဒီ

    အမှတ်လျော့ဖြစ်ရမယ်မဟုတ်လားဗျး)

    အခုမှ ဖဘ ကနေ လိုက်လာလို့ ဂနဿထဝင်ရှင်းတမ်းဖတ်သွားတယ်

    ReplyDelete
  21. ပြောရင်း ဆိုရင်းမှားပြန်ပြီ ဆိုတာမျိုးပဲ Talkii.. ရေးပြီးတော့မှ သတိထားမိခဲ့သေးတယ်။ မထူးတော့ ပါဘူးဆိုပြီး တိတ်တိတ်လေးနေလာတာ :)

    ReplyDelete
  22. Have you ever considered adding a little bit additional than just your thoughts? I'm talking about, what you say is critical and every thing. But its got no punch, no pop! Maybe if you added a pic or two, a video? You could have such a extra potent weblog when you let individuals SEE what youre talking about as an alternative to just reading it.

    ReplyDelete