Technical help

Sunday, January 31, 2010

ဖြတ်သန်းခဲ့တဲ့ တောလမ်း

၂၀၀၇ ခုနှစ်က ကဗျာနှစ်ပုဒ် ဖြစ်ပါတယ်။

ဆရာနှင်းခါးမိုးက တောလမ်းခရီးကဗျာကို အရင်ရေးခဲ့တယ်။
ပန်ဒိုရာက ခရီးတောလမ်းကဗျာကို နောက်မှရေးခဲ့တာပါ။

ဖွဲ့ပုံတွေ ရိုးစင်းနိုင်ပါတယ်။ ပြာစင်လတ်ဆတ်တဲ့ တောရနံ့ကို လရိပ်တခြမ်းအောက်မှာ ပြန်ဖမ်းကြည့်ရုံပါ။





တောလမ်းခရီး

သည်တောက
နက်တယ်....
မုဆိုးလည်းပေါ
သားကောင်လည်းပေါပါဘိ။

လမ်းမပေါက်ဘူး
စခန်းမထောက်ဘူး
နေပြောက်မထိုးဘူး
အော်သံတွေမှာ နာမည်ပါသလိုလို
သစ်ရိပ်တွေနောက်
တကောက်ကောက်လိုက်နေတဲ့မျက်လုံးများ
ကိုယ့်တောတိုးသံမှာ
ကိုယ်ပြန်ခြောက်ခြားကြရ။

သည်တောကို ဖြတ်ရမယ်
တလမ်းစာဖြစ်ဖြစ်
ခုတ်ထွင်ရှင်းလင်းကြရမယ်
တောခြောက်တိုင်း
လမ်းပျောက်နေလို့မဖြစ်ဘူးလေ။

လူမကွဲစေနဲ့
ခြေဦးတည့်ရာမသွားနဲ့
စွတ်ကြောင်းတွေနောက် ရမ်းမလိုက်နဲ့
ရေအိုင်တွေမှာ ထောင်ချောက်တွေနဲ့
သားကောင်က ခြေရာဖျောက်တယ်
မုဆိုးက လင့်စင်ဆောက်တယ်
လန့်လန့်ပြီးထပျံတဲ့ငှက်တွေကြောင့်
တို့ခရီး နှောင့်ရတယ်။

သည်တောက
နက်တယ်...
သားကောင်နဲ့ မုဆိုး
ကံကြမ္မာက အတူတူပဲ။

နှင်းခါးမိုး


.............................................

ခရီးတောလမ်း

သည်တောမို့
မောမိတယ်…
မုဆိုးလား သားကောင်လား
ဝေေ၀၀ါးဝါး စိတ်ထွေပြားတယ်။

အာရုံမွှေနှောက်
ခြောက်တဲ့အခါခြောက်လိုက်
ကန်ရေပြာမာလာအေးနဲ့
ဟိုအဝေးကမြှူလာလိုက်
ခလုတ်တိုက် သွေးစိမ်းထွက်
ခယောင်းခက် အဆိပ်သင့်တယ်။

ညဥ့်ယံနက်နက်
မျက်လုံးဝင်းလက်လက်
တောကောင်ရဲ့ခေါ်သံ
ဖန်ဖန်ပဲ့တင်
ဟင်...ပြန်မထူးနဲ့
ထောင်ချောက်ကိုသတိထား
လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
တောကမာယာများတယ်
မိန်းမသားဆိုတော့လည်း
အားငယ်...... တဲ့။

မတွေ့ ခြေရာ
လှိုက်ဟာ မောပန်း
အနိုင်နိုင်လှမ်းစဉ်
ဘယ်စခန်းပေါက်
ဘယ်လမ်းရောက်ခဲ့ပြီလဲ
ဟိုတောင်တန်း ဟိုသောင်ကမ်းကို
မှန်းလို့မျှော်ရ ရင်ဝမှာဆို့တယ်။

သည်တောက
ခက်တယ်…
သားကောင်တလှည့် မုဆိုးတလှည့်
ကံကြမ္မာကို အမဲလိုက်ကြတယ်။


ပန်ဒိုရာ





14 comments:

  1. ဒီကဗျာကအရင်
    ဒီကဗျာက နောက်လို့ပြောမဲ့အစား

    တောလမ်းခရိးးကဗျာက အရင်
    ခရီးတောလမ်းကကဗျာ က အနောက်ဆိုပိုရှင်းမယ်ထင်တယ။် ပြောင်းဘို့မလိုပါဘူး။ ကိုယ်စိတ်ကူးပေါက်တာပြောတာပါ။

    စိတ်ကူးနဲ့ဖတ်သွားတယ်။

    ReplyDelete
  2. မျှားပြာကိုသတိရလို့သွားကြည့်မိလိုက်သေးတယ။် သတိရလိုက်တာ.

    ReplyDelete
  3. ရှင်းအောင်ပြင်ထားလိုက်ပါပြီ။ ကျေးဇူး။

    ReplyDelete
  4. ဖတ်သွားပါတယ်
    တပုဒ်က
    လူမကွဲစေနဲ့
    သားကောင်နဲ့ မုဆိုး
    ကံကြမ္မာက အတူတူပဲ။
    တပုဒ်က
    မိန်းမသားဆိုတော
    ကံကြမ္မာကို အမဲလိုက်ကြတယ်။
    ကွဲပြားစွာခံစားသွားပါတယ်။
    sosegado

    ReplyDelete
  5. အလှည့်ဆိုတာ ရှိတယ် လေ အခုတော့ မုဆိုး နောက်တော့ သားကောင် ပဲမို့ မာန်ထောင်နေတဲ့ အမှောင် ကောင်တွေရေ သတိပြုကြ လို့ ပြောနေသလိုပါပဲ..ဗျာ

    ReplyDelete
  6. မပန်ဒိုရာရေ....
    နှစ်ပုဒ်စလုံးကို တွေးပြီးဖတ်သွားတယ်...
    ကောင်းတယ်....
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  7. သည်တောက
    နက်တယ်...
    သားကောင်နဲ့ မုဆိုး
    ကံကြမ္မာက အတူတူပဲ။


    သည်တောက
    ခက်တယ်…
    သားကောင်တလှည့် မုဆိုးတလှည့်
    ကံကြမ္မာကို အမဲလိုက်ကြတယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  8. နှစ်ပုဒ်လုံး သူ့အဓိပ္ပါယ်နဲ့သူ ကောင်းကြတယ်...:))

    ReplyDelete
  9. ရေးဖွဲ့ပုံဆန်းတာ ၊ ရိုးတာ အရေးမကြီးပါဘူး ။ ကဗျာကောင်းဖို့သာ အရေးကြီးတာပါ ။

    ဒီနေရာလေးမှာ ဖတ်ရတာ အသံ ထောက်နေတယ်လို့ခံစားရတယ် ။

    “ညဥ့်ယံနက်နက်
    မျက်လုံးဝင်းလက်လက်
    တောကောင်ရဲ့ခေါ်သံ
    ဖန်ဖန်ပဲ့တင်
    ----”

    ဒီနေရာလေးကို ဖတ်ရတာ သက်သက်သာသာနဲ့ ကောင်းနေတယ် ။

    မတွေ့ ခြေရာ
    လှိုက်ဟာ မောပန်း
    အနိုင်နိုင်လှမ်းစဉ်
    ဘယ်စခန်းပေါက်
    ဘယ်လမ်းရောက်ခဲ့ပြီလဲ


    နောက်ဆုံးပိတ် “ကံကြမ္မာကို အမဲလိုက်ကြတယ်။” အဲဒါလေးကိုကြိုက်တယ် ။ ဒါပေမယ့်  ” ကံကြမ္မာက ကိုယ့်ကို အမဲလိုက်နေတဲ့ အချိန်တွေကသာ များပါတယ်” လို့ ထင်မြင်မိတယ် ။

    ReplyDelete
  10. ကဗျာနှစ်ပုဒ်စလုံး အခုမှ ဖတ်ဖူးတာပါ...
    ကိုယ်တိုင်က မရေးတတ်တော့ ရေးတတ်တဲ့သူတွေကို တကယ် အားကျပါတယ်...း))

    စကားအတင်းစပ်ပြီး ပြောပါ့မယ်...
    Tag ထားတာလေး ပေါ့ပေါ့ပါးပါး ရေးပေးပါ...း))

    ReplyDelete
  11. တောထဲ ခဏရောက်သွားတယ်။ ဖိုးကျော့တို့ .. ဆွေမင်း(ဓနုဖြူ) တို့ မတွေ့ရဘဲ ပန်ဒိုရာနဲ့ နှင်းခါးမိုးကိုပဲ ရှိုးလိုက်ရတယ်။

    ReplyDelete
  12. ကဗျာနဲ့ဂန္ထ၀င်တွေလာဖတ်သွားတယ်။

    ReplyDelete
  13. ကြိုက်လို့ ကူးယူသွားပါတယ် ပန်ပန်

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete