
ကစားလုံးများ
အဆုံးအစ ရှာမရတာ ဘ၀ပေါ့
လိမ့်နေတယ်
လည်နေတယ်
အပျော့အမာ အကျစ်အပွကွဲပြားလည်း
မြင့်ရာက နိမ့်ရာကို ဆင်းတယ်
အရှိန်နဲ့ပြုတ်ကျလာတော့/ပစ်ချလိုက်တော့
တစ်ချက်နှစ်ချက် ပြန်ကန်ပြီး ခုန်ထတယ်
တချို့နေရာတွေမှာ
လူတကာ ၀ိုင်းလုခံရတယ်
တချို့နေရာတွေမှာ
တစ်ယောက်ဆီတစ်ယောက် ပုတ်ထုတ်ကြတယ်
တချို့နေရာတွေမှာ
ကိုယ်ကတော့ မထိထိအောင် ရိုက်ပြီး
တဖက်လူက ပြန်ရိုက်မရအောင် ပြန်ပို့တယ်
တချို့နေရာတွေမှာ
ရည်မှန်းချက်တခုဆီ ရောက်အောင်သွင်းတယ်
တချို့နေရာတွေမှာ
တိုင်နှစ်လုံးကြားမှာ ကြိုးတန်းပေါ်မှာ
ပိုက်ထဲမှာ ပိုက်အထက်မှာ
ခြင်းထဲမှာ တွင်းထဲမှာ
မြေကြီးပေါ်မှာ ရေထဲမှာ
စည်းမျဉ်းတွေရဲ့ အတွင်းဘက်မှာ အပြင်ဘက်မှာ
အားရပါးရ လွှဲရိုက်လိုက်တာတွေ
တယုတယ တွန်းတိုက်လိုက်တာတွေ
ပုတ်ကာ ပုတ်ကာ သယ်ယူသွားတာတွေ
လိမ်ကာခေါက်ကာ ဆွဲပြေးသွားတာတွေ
ရိုက်တံကိုသုံးတယ် လက်ကိုသုံးတယ်
ခြေထောက်ကိုသုံးတယ် ခေါင်း ပခုံးကိုသုံးတယ်
ကိုယ်ခန္ဓာတစ်ခုလုံးကို သုံးတယ်
ကျဉ်းထဲကျပ်ထဲကနေ ဘယ်လိုပြန်ဆယ်မလဲ
လိုရာကိုရောက်အောင် ဘယ်လိုချိန်ဆမလဲ
တစ်လုံးထဲလား အလုံးပေါင်းများစွာလား
တစ်လုံးနဲ့ တစ်လုံးထိရမှာလား မထိရဘူးလား
တစ်လုံးပျောက်သွားရင် နောက်တစ်လုံး အစားထိုးဝင်လာမှာလား
ကဲ.. အမှတ်တွေရကြစေတော့
တစ်ချက်တို့ထိလိုက်ရုံနဲ့တင်
ငါ့ကိုယ်ငါအကောင်းဆုံးလှိမ့်ချပေးခဲ့ပါတယ်။
ပန်ဒိုရာ


