Technical help

Wednesday, February 17, 2010

နှုတ်သီးဖြင့်ကိုက်ချီလာသောအရာများ


နှုတ်သီးဖြင့်ကိုက်ချီလာသောအရာများ


ညဘက်မှာ တွေ့တတ်တယ် အတောင်ပံပါတယ် ဆိုတော့ကာ
ညဥ့်ငှက်လို့ပဲ အလွယ်တကူ ခေါ်နေကြတာ
သစ်ခေါင်းထဲမှာနေတယ် သစ်ခေါင်းထဲမှာအိပ်တယ်
ခပ်တိတ်တိတ်ပဲ ခပ်ငြိမ်ငြိမ်ပဲ သွေးပူလေ့ကျင့်ခန်းလုပ်ချိန်ကလွဲလို့
အသံဘယ်တော့မှမထွက်ဘူး ဂစ်ဂစ်လို့မြည်မှာစိုးလို့
အိပ်ရာကနိုးလာရင် ဖတ်ဆို လက်ပ်တော့ပ်လေး ကောက်လှန်
ရေဒီယိုဖွင့် တယ် သတင်းထူးမျှော်တယ်
တ၀ါးဝါးသန်းဝေတယ် စောင်ကိုဗလုံးဗထွေးပုံတယ်
ခေါင်းအုံးအောက်မှာ စိတ်ပုတီးတစ်ကုံးနဲ့ ၂၄ ပစ္စည်းပဋ္ဌာန်းဒေသနာနဲ့
(ညဥ့်ငှက်နဲ့ဘာဆိုင်လို့လဲ)
တခါတလေလည်း ဥပုသ်စောင့်သလိုလို သီတင်းသီလဆောက်တည်သလိုလို
အတွင်းအားကျင့်သလိုလို အတွင်းဒဏ်ရာကို ကျိတ်ကု သလိုလို
ရာသီဥတုသာယာရင် အတောင်ပံတွေဖြုတ်ဆေး သန့်စင်တယ်
လူထူရင်တော့ အိန်ဂျယ်ယောင်ဆောင်နေတတ်တယ်
(အိန်ဂျယ်မှာလည်း အတောင်ပံပါတာကိုး တကယ်တော့ သူက အိမ်ကျယ်)
စွန်ဇုရဲ့ စစ်ကျမ်းကို ဘယ်ပြန်ညာပြန် အထပ်ထပ်ဖတ်တယ်
သက်ပြင်းချတယ် ခေါင်းယမ်းတယ် ချောင်းဟန့်တယ်
ရောမမြို့ကို နေချင်းပြီး တည်ဆောက်ချင်သူ
ရောမကိုရောက်လို့ ရောမဆန်ဆန် ရောမသံ ၀ဲ နေသူ
ရောမမြို့မီးလောင်လည်း တယောထိုးမပျက်ဖို့ သံန္နိဋ္ဌာန်ချထားသူ
ပါရီက ကျဆုံးနေပြီးမှပဲ
~~ ဒီမှာလေ ပဲရစ်မြို့ကို မရချင်တော့ဘူး ~~ သီချင်းညည်းတယ်
အဲကွန်းခန်းထဲမှာ ဆောင်းရာသီဝတ်စုံ ၀တ်ဆင်တယ် အချမ်းပြေ
လူတန်းရှည်မြင်ရင် ၀င်တန်းစီတယ် အပျင်းပြေ
နေကြာစေ့တွေ တဖောက်ဖောက် တမြုံ့မြုံ့ဝါးတယ် အလွမ်းပြေ
နေတဲ့ အိမ်မှာ ထုတ်တန်းမပါဘူး ပြူတင်းပေါက်မပါဘူး
(မိသားစုလည်း မပါဘူး)
လင်းနို့တစ်ကောင်လို ဇောက်ထိုးဆွဲတယ် အိပ်မက်ထဲမှာ
ပင့်ကူတစ်ကောင်လို ကုတ်ကတ်တွယ်ဖက်တယ် စိတ်ကူးထဲမှာ
ဘယ်တော့များ ဘက်တ်မဲင်း စပိုက်ဒါမဲင်း ဖြစ်လာမလဲ ပေါ့
(တကယ်တော့ ပင်ဂွင်းတကောင်လို လိမ့်လိမ့်လိမ့်လိမ့် လမ်းလျှောက်နေတာ)
လေဟာနယ်ခေတ်မှာ အကွာအဝေးတွေဟာ အဝေးအကွာမှာမရှိပါဘူး တဲ့
ဒါတွေဟာ မျက်စိတစ်မှိတ်ပါ လျှပ်တစ်ပြက်ပါ လက်တစ်ကမ်းပါ မောက်စ်တစ်ကလစ်ပါတဲ့
အချိန်မရွေး ကောက်ပြန်သွားရင်ရသားပဲ ထပျံသွားရင်ရသားပဲ တဲ့
ပြောပြီးပြီပဲ သူ့မှာ အတောင်ပံပါပါတယ် ဆိုမှ။



ပန်ဒိုရာ

18 comments:

  1. ကောင်းမှကောင်း ဒေါ်ပန်

    ReplyDelete
  2. တောင်ပံလေးများ ရနိုင်ရင်တော့ လိုချင်သားကွယ်....

    ဘီယာနဲ့ မြည်းဖို့ပါ။ တောင်တောင်အီအီတွေ လျှောက်မတွေးပါနဲ့။

    ReplyDelete
  3. Anonymous said...
    ကောင်းမှကောင်း ဒေါ်ပန်
    February 17, 2010 10:10 PM

    ဘာကိုကောင်းတယ်လို့ ပြောတာလဲ ဆိုတာ တဆိတ်လောက် ရှင်းပြပါ မိတ်ဆွေ Anonymous...

    ReplyDelete
  4. ပင်ဂွင်းလဲ ဘာဖြစ်လဲ ..
    Madagascar က ပင်ဂွင်းတွေက စွမ်းပါတယ် :P

    (ပျော်ပျော်ပါးပါးဖတ်ပြီး၊ ရှည်ရှည်လျားလျား တွေးသွားပါတယ်။)

    ReplyDelete
  5. ဖတ်လို့ကောင်းတယ်..ပင်ဂွင်း တုတ်တုတ် လေး..
    ဘောက်ချက်..ဘောက်ချက် နဲ့း)

    ReplyDelete
  6. မပြောတတ်ဘူးဗျာ... ကျနော်နားလည်သလိုပြောရရင်တော့ လူတစ်ယောက်ဟာ လုပ်နိုင်စွမ်းတွေရှိတာကိုသိရက်နဲ့ ဘာမှ မလုပ်နိုင်ဘူးလို့ ခံစားနေရတယ်လို့ ခံစားမိတယ်။

    ကဗျာရေးသူခံစားချက်နဲ့တူချင်မှတူမယ်လေ.. ဖတ်သူရဲ့ လက်တလောခံစားချက်နဲ့ ကိုက်ညီမှုရှိသလိုခံစားမိတာ ၀င်ပြောခဲ့တာပါ။

    ကျနော်တော့ဒီပို့စ်ကို ကြိုက်တယ်ဗျ။

    ReplyDelete
  7. ကံကောင်းလို့ ပန်ရယ်… တို့ စိတ်တွေမှာသာ အတောင်ပံတွေ ရှိမနေခဲ့ရင် ဘ၀ဆိုတာ ဘယ်လောက်များ ခါးသက်စရာကောင်းမလဲနော်…

    ReplyDelete
  8. အော..သေသေချာချာကြည့်မိတော့မှ အိမ်ကျယ်ပင်ကွင်းညဉ့်ငှက်ကိုး.....

    ReplyDelete
  9. ပန်ပန်မ ညဥ့်ငှက်တဲ့ ကြည့်သုံး...ဦး

    (နောက်တာ)

    သေချာတယ်..
    ထုတ်တန်းမရှိတဲ့အိမ်ထဲကထွက်
    လူတန်းမြင် ၀င်ဝင်တန်းစီပြီး
    စင်ကာပူရောက် စင်ဂလစ်လိုပြော..
    ညည လက်တော့ပေါ်မှာ မြွေတစ်ကောင်လို ခွေခွေနေမိတာ

    ReplyDelete
  10. မပန်ရေ....

    ရေးထားတာလေးကို ဖတ်ပြီး သဘောကျလိုက်တာ...း)

    ခင်မင်လေးစား ချစ်ခြင်းအားဖြင့်....

    ReplyDelete
  11. မရေးချင်လို့ ကြည့်နေတာ...

    နှုတ်သီးဖြင့် ကိုက်ချီလာပါတယ် ဆိုမှ
    ဘယ်လို အရာတွေ ဖြစ်နိုင်ဦးမလဲ တွေးနေရဦးမှာလား...

    ReplyDelete
  12. အားကြီးကောင်းးးပဲ..။
း)

    ReplyDelete
  13. ဒေါ်ပန်လေး ကျနော့် ဘလော့ကကွန်မန့် မှာ ကျနော်ပြန်ရေးတာ ဘယ်လိုတွေပျောက်ကုန်တယ်ဆိုတာမသိလို့ ဒီမှာပဲ လာပြောလိုက်တာပါနော်
    ခင်ဗျားပြောတာ ကျနော်နားလည်ပါတယ် ကျနော်အခုမအားသေးလို့ နော် ခရီးထွက်စရာရှိလို့ ပြန်လာမှ ဒေါ်ပန်ဆီ စာရေးလိုက်ပါ့မယ်ခင်ဗျား။
    ခင်ဗျားကဗျာ ကျနော်ဖတ်ပြီးပါပြီ။ ကြည်အေးရဲ့ ညကြီးမင်းကြီး ထပြီးထိုင်နေ ဆိုတဲ့ စာသားကိုပဲ ကျနော် မြင်နေမိတယ်

    ReplyDelete
  14. ညကြီးမင်းကြီး ထပြီးထိုင်နေ
    အိပ်ယာတွေလည်း မွကြေတွန့် လိပ်
    သိတ်စိတ်ညစ်တယ်...
    (ကြည်အေး)
    ဒေါ်ပန်လေး
    ဒီအကြောင်းအရာကို ခင်ဗျား စကားပြေနဲ့ ဘယ်လိုပဲရေးရေး ကျနော် ရင်ခုန်မှာမဟုတ်ဘူးဗျ။
    ကဗျာရေးပြီးပြောလို့ ..
    ခင်ဗျား ကျနော့်ဆီလာလည်တာ ကျေးဇူး

    ReplyDelete
  15. Going to Roma .. with Amor... soon!

    Do you notice that "Roma" is the backward spelling of "Amor"? City of Love but in reality, it's a saaad saaaad place.

    But .. I just want you to know that, Please.. Please don't fly away yet. It's not the right time now. Maybe it'll never be the right time in our life time. Maybe we are living here for a reason. Maybe we have our unknown mission. Maybe we gonna have unknown generation who will take turn for our duty. Maybe we are just .. being who we are.

    What if those "maybe" are going to change into "reality"?

    Don't fly away yet.

    ReplyDelete
  16. စုဖတ်သွားတာ အစ်မရေ ... ။

    ဒီကဗျာလေး အရမ်းကောင်းတယ် ... ။

    လေးစားအားပေးလျက်။
    ချစ်ခြင်းအားဖြင့်-နေ့ သစ်

    ReplyDelete
  17. မောက်စ် တကလစ် ခေတ်ကို ရောက်နေပြီနော်။ ထပျံသွားဖို့က မပျံတာကြာလို့ ပျံနည်း မေ့နေပြီ။

    ReplyDelete