Paling Top’ 75
၁၉၇၀ ကျော်ကာလတွေမှာ ဟာဆိုနို အပါအ၀င် အင်ဒိုနီးရှားပန်းချီဆရာတစုက အနုပညာသစ် လှုပ်ရှားမှုတစ်ခု အနေနဲ့ သမားရိုးကျ ပန်းချီ ပန်းပုရဲ့ ဟိုမှာဘက်ကို ကျော်လွန်ပြီး နေ့စဉ်သုံးစွဲတဲ့ အရာဝတ္တုတွေကို ပေါင်းစပ်သုံးစွဲလာတဲ့ အနုပညာတွေ ဖန်တီးခဲ့ပါသတဲ့။ Paling Top’ 75 ဆိုတဲ့ ပြကွက်မှာ သစ်သားဘောင်ထဲမှာ ၀ိုင်ယာကြိုးတွေ ကာရံထားတဲ့ သေနတ်တစ်လက် (ပလတ်စတစ် သေနတ်တု) ကို ပြထားပါတယ်။ ဒါဟာ ၁၉၇၅ ကာလတွေက အင်ဒိုနီးရှားစစ်တပ်ရဲ့ အင်အား လွှမ်းမိုးမှု နဲ့ ပြည်သူလူထုရဲ့ အနေအထားကို ဖော်ကျုးထားတယ် လို့ဆိုပါတယ်။
Power and the Oppressed

အခန်းထဲမှာ ပလ္လင်ဆန်ဆန် ကုလားထိုင် တစ်လုံးတည်း ချထားပါတယ်။ ကုလားထိုင်ရဲ့အနားမှာ သံဆူးကြိုးတွေ ရစ်ခွေဝိုင်းပတ်ထားပါတယ်။ ကုလားထိုင်ရဲ့နောက်မှာ မီးတောက်တွေ လွန့်တက်နေဟန် ရုပ်ပုံကားချပ်တွေကို နံရံမှာ ကပ်ထားတယ်။ အဲဒါတွေက ဂျာဗားလူမျိုးတွေရဲ့ ယဉ်ကျေးမှုလက်ရာကို ဖော်ကျူးတယ်။ ဆူဟာတိုလက်ထက်က တခြားလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေကို နှိပ်ကွပ်ခဲ့တာကို ဆိုလိုတယ်။ ကုလားထိုင်ရှေ့မှာ စနစ်တကျ တန်းစီ ချထားတာကတော့ မြေမှုန်အနက်ပုံတွေ အများအပြားပါ။ အဲဒီမြေကြီးမှုန်တွေပေါ်မှာ အနီရောင်စွန်းပေနေတဲ့ အ၀တ်ဖြူကို တင်ထားပြီး အဲဒီပေါ်မှာ သစ်ကိုင်းခြောက်လို တုတ်နှစ်ချောင်းကို တုတ်ဖျားချင်း ကြက်ခြေခတ်ပြီး ချထားတယ်။ ၁၉၆၆ ခုနှစ်က ကွန်မြူနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လူသောင်းနဲ့ချီပြီး သွေးမြေကျခဲ့ရတာကို ဖော်ကျူးသတဲ့။
Voice Without Voice/Sign

ပြခန်းထဲက နံရံမှာ ကားချပ် ၉ ခု တန်းစီ ထောင်ထားပါတယ်။ ကားချပ်တစ်ခုစီမှာ လက်သင်္ကေတ တစ်ခုစီရဲ့ ပုံတွေကို ပြထားတယ်။ ဒါက အပြည်ပြည်ဆိုင်ရာသုံး လက်ဟန်ခြေဟန် သင်္ကေတ တွေပါ။ အင်္ဂလိပ်အက္ခရာ တစ်လုံးစီကို ဖော်ညွှန်းတယ်။ D-E-M-O-K-R-A-S-I တဲ့။ လက်ဟန်ခြေဟန်ကို ပြတဲ့အတွက် အသံမထွက်ခြင်းကို ဆိုလိုတယ်။ လူတွေရဲ့အသံကို မထွက်နိုင်အောင် လုပ်ထားတယ်လို့လည်း ဆိုလိုသတဲ့။ နောက်ဆုံးစာလုံး I မှာတော့ သင်္ကေတ ပြနေတဲ့လက်ကို ကြိုးနဲ့တုပ်နှောင်ထားတဲ့ ပုံကို ပြထားတယ်။ ပြပွဲရဲ့ အညွှန်းစာအုပ်ကလေးမှာ ဒီပြကွက်ကို ရှင်းလင်းထားတဲ့ စာပိုဒ်ကတော့ စိတ်ဝင်စားစရာပဲ။ နည်းနည်း တွေးသွားရတယ်။ မူရင်းစာပုဒ်တွေထဲက နောက်ဆုံး စာကြောင်းတချို့ကို ထုတ်နုတ် လိုက်ပါတယ်။ ကိုယ့်ဘာသာပဲ ဘာသာပြန်ကြည့်ကြပါလေ။
… While the work spells out uncompromisingly the demand for democracy, it is also a sign of the impossibility or futility of political action. Demokrasi (democracy) exists only as a series of empty gestures; it is represented purely as a sign, an abstraction, rather than concrete reality.
The Voices Controlled by the Powers

သစ်သားနဲ့ လုပ်ထားတဲ့ မျက်နှာဖုံးစွပ်တွေ အများကြီး ချထားပါတယ်။ မျက်လုံးနဲ့ နှာခေါင်းပါတဲ့ အပိုင်းတွေကို ဖြတ်ပြီး လေးဘက်လေးတန်က ၀ိုင်းပြီး စီထားတယ်။ အောက်က ပါးစပ်ပါတဲ့ အပိုင်းတွေက အလယ်မှာ ခင်းကျင်းထားတယ်။ ဒါဟာလည်း ဖိနှိပ်မှုတစ်ခုအောက်မှာ ပြောရေးဆိုခွင့်မရှိခဲ့ရပုံကို ပြသထားတာပါ။ ရှင်းလင်းချက်ထုတ်ထားတဲ့ စာအုပ်လေးထဲမှာတော့ လူနည်းစု လူမျိုးတွေရဲ့ ဘာသာဓလေ့ထုံးတမ်းတွေကိုပါ ဖိနှိပ်ခံခဲ့ရပုံကို ပြချင်တာလို့ ဆိုတယ်။
နောက်ထပ် စိတ်ဝင်စားစရာ ပြကွက်တွေရှိသေးတယ်။ Burned Victims ဆိုတဲ့ ပြကွက်မှာ မီးကျွမ်းလောင်နေတဲ့ လူ့ကိုယ်ခန္ဓာ တွေ ဖိနပ်တွေကို performance သရုပ်ဖော် ဗွီဒီယိုနဲ့တကွ ပြထားတာယ်။ (အထက်က ပြထားတဲ့ Voice Without Voice/Sign ရဲ့ ရှေ့မှာပါ။) Thousands Times Pain ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပင်အပ်တစ်ခုစီနဲ့ ထိုးစိုက်ပြီး နံရံမှာ တန်းစီကပ်ထားတဲ့ ပျားအကောင်တစ်ထောင်ရဲ့ ပုံ။ Open Your Mouth ဆိုတဲ့ခေါင်းစဉ်နဲ့ လူတစ်ယောက် (ပန်းချီဆရာကိုယ်တိုင်ရဲ့ပုံ ထင်ပါတယ်) ပါးစပ်ကို အတင်း ဆွဲဖွင့်နေတဲ့ ပုံမျိုးစုံ တန်းစီ ပြထားတာတွေ စတဲ့ ပြကွက်တွေ အများကြီး ကျန်ပါသေးတယ်။ ပြကွက်တွေအားလုံးမှာလည်း သက်ဆိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဖြတ်သန်းမှုသမိုင်းကြောင်း ကိုယ်စီနဲ့။ အသေးစိတ် နမူနာသိချင်ရင်တော့ ဒီ link မှာ brochure လေး download ယူလို့ရပါတယ်။ http://www.singaporeartmuseum.sg/exhibitions/
ဓာတ်ပုံမရိုက်ရဘူးလို့ ရေးထားတာတော့ မတွေ့မိဘူး။ ဟန်းဖုန်းနဲ့ ရိုက်တော့ အစောင့်တွေက ဘာမှမပြောကြဘူး။ ခွင့်ပြုမပြု သိပ်မသေချာတာနဲ့ အများကြီး မရိုက်ဖြစ်ခဲ့ဘူး။ ပုံတွေက ၀ါးတားတားလည်း ဖြစ်သွားခဲ့တယ်။
ဟာဆိုနိုရဲ့ပြကွက်တွေက မေလ ၉ ရက်နေ့အထိ ပြထားမှာပါ။ သောကြာနေ့တိုင်းမှာ ညနေ၆ နာရီကနေ ၉ နာရီကြားမှာတော့ ပြတိုက်ထဲကို ၀င်ကြေးမဲ့ (free of charge) ၀င်လို့ရပါတယ်။ ကျန်တဲ့အချိန်တွေကတော့ ၀င်ကြေး အနည်းငယ် ပေးရလိမ့်မယ်။ စင်္ကာပူမှာ နေထိုင်သူတွေ စိတ်ဝင်စားရင် သွားကြည့်ကြပေါ့နော်။ လိပ်စာသိချင်ရင် စောစောက လင့်ခ်မှာပဲ ရှာလို့ရပါတယ်။
ပန်ဒိုရာ