Technical help

Friday, April 9, 2010

မခူးချင်စမ်းပါနဲ့






ဖွဖွညင်သာ တိုးဝင်လာသော ရနံ့က စိမ်းမနေပါ။ ဟော ဟိုမှာ လမ်းမပေါ်မှာ ဖြာကျနေတာ ရွှေ… ရွှေရောင်တွေ။

မခူးချင်စမ်းပါနဲ့။ ဘယ်လိုမှ လှမ်းမမီသာတဲ့ အပင်မြင့်မြင့်ကြီးပေါ်မှာ ၀င်းဝါနေသော အဆုပ်အခက်များ။ လေထဲမှာ သိမ့်သိမ့်ဖွဲဖွဲ ၀ဲပျံနေတဲ့ ဟောဒီရနံ့ပိုင်ရှင်က ပိတောက်ပန်းလား။ ဒါ တွေ့ဖူးနေကျ ပိတောက်ပင်မျိုးမှ ဟုတ်ရဲ့လား။ ဒါပေမယ့် ပြာသောကောင်းကင် စိမ်းသောသစ်ခက်တွေကြား ရဲရဲတင်းတင်း ပွင့်နေတာ ပိတောက်မှ ပိတောက်စစ်စစ်။

မခူးချင်စမ်းပါနဲ့။ တစ်နှစ်မှာ ဒီတစ်လ၊ တစ်လမှာ တစ်ရက်တည်း ဆို။ ရာသီတွေ အချိန်တွေ နေရာတွေ ဆိုတာ ဘယ်သူက စသတ်မှတ်ခဲ့သလဲ။ မြန်မာတွေ နှစ်သစ်မကူးသေးဘူး။ တူးပို့တူးပို့သံလည်း မကြားရဘူး။ စစ်စစ်ပေါက်ပေါက် ပြောရရင် တန်ခူးလဆိုတာ ကိုယ့်စာကြည့်စားပွဲပေါ်မှာ ထောင်ထားတဲ့ ပြက္ခဒိန်ထဲက ဘာသာစကားမှာကို မပါဘူး။ ဒါက ရေစိမ်းမြေစိမ်း မဟုတ်လား။ ဒါဖြင့် ဒီပိတောက်တွေ ဘာလို့ ဒီအချိန်မှာ ပွင့်နေရတာလဲ။

မခူးချင်စမ်းပါနဲ့။ ဒီပိတောက်တွေက ဘာလို့ ဒီနေရာမှာမှ ပွင့်နေရတာလဲ။ ပိတောက်ပန်းကို နှစ်နှစ်ကာကာ ကြိုဆိုတဲ့အလေ့အထ မရှိသူတွေကြားမှာ။ အမှိုက်သိမ်းသူတွေက ဒီအချိန်ဆို ခေါင်းရှုပ်နေမယ်။ တချို့က ၀တ်မှုန်ဝတ်ဆံရနံ့တွေ ယားယံမှာစိုးလို့ ရှောင်ကွင်းကြမလား။ ဟိုမှာ.. လမ်းမမှာ ၀တ်ဆံတွေ ပွင့်ဖတ်တွေ မြေအလူးလူး ပြားပြားဝပ် လို့။ ကောင်းကင်ကလည်း အုံ့နေပြန်ပြီ။ မိုးရွာတော့မလား။ မနက်ဖြန်ဆိုရင် လမ်းမက ရွှေရောင်တွေ ပျောက်သွားတော့မယ် ထင်ပါရဲ့။

မခူးချင်စမ်းပါနဲ့။ ပိတောက်ရနံ့တွေကို အိပ်မက်ထဲထိ ရှိုက်သွင်းမိခဲ့သူဟာ ရွှေရောင်ဝင်းလက်ခဲ့တဲ့ ရင်ခုန်သံတွေကို လွယ်အိတ်အဟောင်းလေးနဲ့အတူ တိုင်မှာ ချိတ်ဆွဲထားလိုက်ပါကွယ်။ ပန်းတွေက မပွင့်ခင်ကတည်းက ပိတောက်လို့ သတ်မှတ်ခံခဲ့ရပြီ။ မကြွေခင်ကတည်းက ဟောင်းနှင့်ပြီ။ တဒင်္ဂတွေကို တဒင်္ဂထဲမှာပဲ သိမ်းထားလိုက်ပါ။ အသစ် အသစ် ခဏငယ်တွေတိုင်းဟာ ပြိုဆင်းနေတဲ့ နှလုံးသွေးတွေနဲ့အတူ လည်ပတ် စီးဆင်းသွားမှာပါ။

ဟိုမှာ…. ပိတောက်တွေ အခိုင်လိုက် အထွေးလိုက် မတားနိုင် မဆီးနိုင် တစစီ တဖဲ့စီ တစိမ့်စိမ့် သိမ့်သိမ့် လှိုက်ကြွေနေပြီးမှပဲကွယ်။ ရာသီတွေ အချိန်တွေ နေရာတွေ အမှားတွေ အလွဲတွေ… ထား.. ခဲ့.. တော့.. လေ။ နွမ်းကြွေခြင်းက လွတ်မြောက်ချင်ရင်တော့ ပန်းဘာသာစကားရဲ့ နယ်နိမိတ်ပြင်ပမှာပဲ ဖူးပွင့်စေလိုက်ပါကွယ်။ မခူးချင်စမ်းပါနဲ့။။


ပန်ဒိုရာ

(၂၀၀၉ ဒီဇင်ဘာလောက်က စတင်ရေးသား။ ၂၀၁၀ ဧပရယ် ၉ အချောသတ်။)

မှတ်ချက်။ ။ မခူးချင်စမ်းပါနဲ့ ဆိုသော စာသားကို ဆရာဇော်ဂျီ၏ ပိတောက်ပန်းကဗျာ ပထမဆုံးစာကြောင်းမှ ယူပါသည်။



15 comments:

  1. အင်းအင်း.....

    ReplyDelete
  2. မခူးချင်စမ်းပါနဲ့။ ဒီပိတောက်တွေက ဘာလို့ ဒီနေရာမှာမှ ပွင့်နေရတာလဲ။ ပိတောက်ပန်းကို နှစ်နှစ်ကာကာ ကြိုဆိုရကောင်းမှန်း မသိခဲ့သူတွေကြားမှာ။

    i don't mean to offend you but if you are living different country,other than myanmar,where the people don't know about thingyan and padauk togther.
    what do you expect from them?
    I think Padauk trees can be seen most of south east asia.
    Shouldn't we appreciate at least you can get essences of padauk and feel while they bloom even though u are not in Myanmar?
    Apologize if i take the wrong defination different from what you want to say in that post.

    ReplyDelete
  3. Dear Anonymous,

    Yeah.. your views did not reflect what I intended to say. Anyway, your feedback is appreciated and I amended some words to prevent other people from misinterpreting that para.

    FYI, I started writing this essay some months ago, which was not a usual timing for us to see such flowers blooming in our native country.

    Anyway, this is purely an artistic essay and I was trying to say something else. Please don't read the facts or please don't interpret it politically. Hope you can allow me to use a poetic licence here. :)

    Best,
    Pan

    ReplyDelete
  4. တူလိုက်တာ... မပန်လိုပဲ ခံစားမိဘူးတယ်....

    ReplyDelete
  5. လွမ်းလိုက်ပါဘိတော့တယ်ဗျာ-
    ခူးလို့ လည်းမရဘူးထင်ရဲ့ 
    ဒဏ်ငွေကြောက်လို့ ပါ-
    ဓါတ်ပုံကလေးတွေထပ်တူခံစားသွားပါတယ်ဗျာ-

    ReplyDelete
  6. ပိတောက်ပန်းနံ့ရရင် စိတ်ထဲမှာ တမျိုးတမည် ခံစားရတယ်။ အဲဒီရက်က ပိတောက်ပင်တန်းအောက် ဖြတ်လာရင်း ပန်းအကြွေတွေကို ဓါတ်ပုံရိုက်လာမိသေးတယ်။

    ReplyDelete
  7. ကိုတန်ဖိုးထားတဲ့ အရာတခုကို
    တခြားသူတွေ က တန်ဖိုးမထားတဲ့ အပြင် အနှောက်အယှက် ပေးတယ်ထင်နေတာကို
    မြင်ရတဲ့
    ခံစားချက် က တော်တော်ဆိုးပါတယ်

    ReplyDelete
  8. I have once written a poem for the flowers that bloom in the same country which you mentioned in your post. In my poem, I included both pa-dauk and kha-yay. Whenever I see the blossom of these flowers, I can’t help noticing the difference in the extent of appreciation they ( the flowers ) get from the people here and back home. No hard feelings for the situation but simply sympathize the flowers from the poetic point of view. When I read your post this morning, I felt the same sentiment like when I wrote that poem. (May be I am a home-sick! :D)
    And I got the similar feedback from one of my friends too. 

    ReplyDelete
  9. ဒွတ်ခပဲ...

    ပိတောက် ပိတောက်...
    အဘိဓ္ဓာန်တွေ ကောက်ကောက်လှန်ကြတော့လည်း အမျိုးမျိုး...
    ဘာသာစကားတွေ ကိုးကားကြတော့လည်း အဖုံဖုံ...
    ရင်ခုန်သံချင်းကလည်း ဘက်ဂရောင်းတီးလုံး မတူ...
    ခူးချင်တဲ့သူတွေကတော့ ရအောင် ခူးကြမှာပါပဲ...

    (တခါတခါ...
    ဘာသာစကား တူသူတွေချင်းတောင်
    အရောင်ကန်းသူနဲ့ မကန်းသူ ရှိသေးတာကိုး...
    ရင်ခုန်သံနဲ့ အဘိဓ္ဓာန်ပါ ကွဲပြားနေမှတော့... ... ...
    “သိတယ်မလား...”
    မသိရင်... “ရှာဖတ်...” ...း)

    ReplyDelete
  10. အမ ပန်ရေ... အလွမ်းတွေကလတ်ဆတ်တုန်းမို့ ထင်ပါရဲ့
    အမရေးထားတာဖတ်ပြီး ပိုလိုသာလွမ်းသွားတော့တယ်။

    မခူးချင်းစမ်းပါနဲ့။???? မခူးချင်ပါဘူးလေ။ ပိတောက်ဆိုတာမျိုးက ခဲခဲလှုပ်ပွင့်နေတာမှ လှမှာကိုးလေ။

    လေးစားခင်မင်လျက်
    မယ်ရာ

    ReplyDelete
  11. မခူးချင်ပါဘူးနော်... ဒီမှာမှမရှိတာ... ပိတောက်ပန်းမမြင်ရတဲ့နှစ်တွေ များနေပြီဘဲ....

    ReplyDelete
  12. ခူးချင်တယ်ပန်ပန်ရေ ...
    မမေကတော့ အဲဒီလို ပိတောက်တွေ မြင်နေရရင်ကို စိတ်ဖြေကျေနပ်နေမိအုံးမှာ။
    ပိတောက်ဆိုတာနဲ့ ခပ်ဆင်ဆင်တောင် မမြင်ရတဲ့ဒေသမှာ ရောက်နေတာမို့ ပိတောက်ပန်း ဓာတ်ပုံလေးမြင်ရင်ကို လိုချင်နေတယ်။ အပွင့်တဝေေ၀နဲ့ အပင်လိုက်မြင်ရင်တော့ ပိုခူးချင်မိအုံးမယ် ထင်တာပဲ။

    ReplyDelete
  13. ဏီလင်းညိုApril 10, 2010 at 8:32 AM

    မပန်ရေ......
    သိပ်ဖတ်လို့ကောင်းတဲ့ အက်ဆေးလေးတစ်ပုဒ်ပဲဗျာ...။
    ဒီမှာလည်းရှိတယ်ပြောကြပေမယ့် အပြင်ထွက်ခဲတဲ့ ကျွန်တော်တော့ တစ်ခါမှမတွေ့ဖူးသေးဘူးလေ...။
    အဲ့ဒီချစ်စရာ အ၀ါရောင်ပန်းပွင့်လေးတွေ အပင်မှာဝေနေတာကိုရော...... မြေမှာပြန့်ကျဲကြွေနေတာကိုရော မြင်ရရင်သဘောအရမ်းကျတာ....တစ်ကယ်ဗျ.....။
    နှစ်သစ်မှ ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ....။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  14. ဖတ်ရှုခံစားသွားတယ်ဗျို့

    ReplyDelete
  15. ရွှေရောင်ဝင်းလက်ခဲ့တဲ့ ရင်ခုန်သံတွေကို လွယ်အိတ် အဟောင်းလေးနဲ့အတူ တိုင်မှာ ချိတ်ဆွဲထားလိုက်ပါ တဲ့လား ပန်ပန်..။
    အမတော့ ပုခုံးထက်မှာ အမြဲလွယ်ထားမိပြီ။

    ReplyDelete