လူရိုင်းတွေနေတဲ့ရွာအရောင်များနဲ့ချောက်ချားစေမတဲ့
မျက်နှာ ၀မ်းဗိုက် လက်မောင်း
ရဲပဒေါင်းထအောင် ကြောင်ကျားခြယ်
ရွာထိပ်ကို ၀င်ဝင်ချင်းမှာ နတ်ဘုရားရုပ်တုနဲ့
အရိုးတွေ ချိုတွေ အစွယ်တွေနဲ့
တင်းပုတ်နဲ့ ၀ါးရင်းတုတ်နဲ့ လှံချွန်ရှည်နဲ့
သားရဲတွေကို ရင်ဆိုင်ဖို့
တခြားမျိုးနွယ်စုတွေကို ရင်ဆိုင်ဖို့
လူစိမ်းတွေကို ရင်ဆိုင်ဖို့
ရင်ဆိုင်မှုတွေကို ရင်ဆိုင်ဖို့
ဆွဲခေါ်ချင်လို့ ရိုးအမှု လို့ဆိုဆို
ချန်ထားချင်လို့ ရိုးသားမှု လို့ဆိုဆို
ကိုယ့်ဘာသာစကားနဲ့ကိုယ်
ကိုယ့်ဘ၀နဲ့ကိုယ့်အကြောင်းနဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် နေထိုင်ကြတယ်
အရှက်ဆိုတာကို အဓိပ္ပါယ်ဖွင့်ပုံကိုက ကွဲပြားတယ်
အသက်ဆိုတာကို တန်ဖိုးထားပုံကိုက ကွဲပြားတယ်
အချစ်ဆိုတာကို ခံယူပုံ အပြစ်ဆိုတာကို ခံယူပုံ
ယုတ်စွအဆုံး ဗုံသံကိုကြားပုံကအစ
ထုံ ထုံ ထုံ လို့ နားမှာ မမြည်ဘူး
ဝေါင်း ဝေါင်း ဝေါင်း လို့ ကျားတစ်ကောင်ဟိန်းသလို မှတ်ယူတယ်
ဗုံသံထဲမှာလည်း အစုံပါတယ် အကုန်ပါတယ် ဘုံပါတယ်
ရွာသူကို ပိုးပမ်းတဲ့အကြောင်း
အမဲသားငါး များများရစေဖို့အကြောင်း
ဝက်ဝံနဲ့ နပန်းသတ်တဲ့အကြောင်း
တောင်ကျရေပြင်း တိုက်စားသွားတဲ့အကြောင်း
(လူဖြူတွေကို မုန်းတီးတဲ့အကြောင်းလည်း ပါနိုင်ရဲ့)
ဝေါင်း ဝေါင်း ဝေါင်း တီးခတ်ကြ ကခုန်ကြ
သေသူ့ဝိညာဉ်တွေ ပူးကပ်တုန်ယင်နေတဲ့ဗုံ
ဝေါင်း ဝေါင်း ဝေါင်း
မီးပုံပေါ်မှာ ချွေးစက်တွေဟာ တဖျစ်ဖျစ်ကျွမ်းလောင်
ဝေါင်း ဝေါင်း ဝေါင်း
ယဇ်စင်ပေါ်မှာ သားကောင်ကို လှီးဖြတ်လိုက်ပြီ
ဝေါင်း ဝေါင်း ဝေါင်း
နတ်ဝင်သည်ရဲ့ နိမိတ်ဖတ်သံကို မျက်တောင်မခတ်နာခံကြ
ဝေါင်း ဝေါင်း ဝေါင်း
ဆက်သွယ်မှုဟာ ဗုံသံနဲ့
တောင်းဆိုမှုဟာ ကကြိုးတွေနဲ့
ကျမ်းစာဟာ အရုပ်သင်္ကေတနဲ့
မိုးကောင်းကင် ကို ပကတိမျက်စိနဲ့ ဖတ်ရှုကြတယ်
နက္ခတ်တာရာတွေကို ဗလာလက်ဖ၀ါးမှာ ရေးမှတ်ကြတယ်
ရာသီဥတုကို သစ်ရွက်တွေပေါ် ဖွဖွတင်ကြည့်တယ်
သားကောင်ကို လေတိုးသံတွေထဲမှာ ခြေရာခံတယ်
အဲဒီတုန်းက နေရောင်ဟာ ခရမ်းလွန်ရောင်ခြည်ကင်းတယ်
အဲဒီတုန်းက မိုးရေစက်တွေမှာ အက်စစ်မပါဘူး
ကျောက်ဖြစ်ရုပ်ကြွင်းတွေသာ စကားပြောတတ်ခဲ့ရင်
အဲဒီတစ်နေ့ကို ပြန်ခေါ်ပေးလိမ့်ဦးမယ်
စက်တပ်ယာဉ်ကြီးတွေ ဝေါခနဲ ဆိုက်ရောက်လာကြတဲ့နေ့
တင်ဆောင်လာတယ် ဟင်းခတ်အမွှေးအကြိုင်တွေ အိုးခွက်ပန်းကန်တွေ
တပ်ဆင်လာတယ် အဆင်တန်ဆာများ ခမ်းနားဝတ်ရုံများ
ချဲ့ထွင်လာတယ် ၀ယ်လိုအား ရောင်းလိုအား ဈေးကွက်စီးပွား
သင်ကြားလာတယ် မင်းတို့ကဘာလဲ ငါကဘာလဲ ဘာကဘာလဲ
ထို့နောက် ထို့နောက်နှင့် ဒီ့ထက်မကများ..
ဒီ့ထက် ဒီ့ထက်….
ဒီ့ထက်များရဲ့ အဲဒီ့ထက်မှာ…
တံဆိပ်တုံးများ အမှတ်သင်္ကေတများ
အသွေးအရောင်များ အစုအဖွဲ့များ
ဖြစ်စဉ်များ အစ်ဇင်များ
သံတူကြောင်းကွဲ ကြောင်းတူသံကွဲတို့ရဲ့
ဖက်ရှင် အက်ရှင်များ
ပခုံး-ပခုံးများ ခြေရာ-ခြေရာများ
ထိုင်ခုံချင်း တကျွိကျွိတွန်းတိုက်သံ
ဝီစီတရွှီရွှီမှုတ်သံ လက်ခုတ်တဖြောင်းဖြောင်းတီးသံ
အဲဒီလိုနဲ့ ဗုံသံတွေခြောက်ခန်းပြီး
လူရိုင်းယဉ်ကျေးမှု ပျောက်ကွယ်ခဲ့တာပဲ။
ပန်ဒိုရာ