Sunday, October 12, 2008

စည်းအပြင်ဘက်က စဉ်းစားခြင်း ဥပမာတစ်ခု

စာတွေရေးဖို့ လောလောဆယ် စိတ်အေးလက်အေး မရှိသေးတာမို့ စိတ်ဝင်စားစရာ ဗွီဒီယိုလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဥပဒေ ပညာရှင်တစ်ဦး ဖြစ်တဲ့ Prof. Larry Lessig ရဲ့ speech ဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုတွေ ကြောင့်ပဲ လူတွေ အကျိုးရှိမယ့် နည်းပညာတွေ တိုးတက်လာတယ်။ ဖျော်ဖြေမှုတွေ စာပေ အနုပညာတွေ ဆန်းသစ်လာတယ်။ ဒါကြောင့် တီထွင်ဖန်တီးမှုတွေကို အားပေးကြရတယ်။ အားပေးဖို့အတွက် တီထွင်ဖန်တီးမှုတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးရတယ်။

ဟိုယခင်ကတော့ သာမန် နေ့စဉ်ဘ၀မှာ လူတွေက ဖန်တီးမှုတွေကို ထိုင်ကြည့်ကြတယ်။ အခုခေတ်မှာ ကိုယ်တိုင် ဖန်တီးကြည့်ကြတယ်။ အကျိုးအမြတ်ကြောင့် မဟုတ်ပဲ ဖန်တီးလိုစိတ်ကြောင့်ကို ဖန်တီးလာကြတယ်။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့အခါ ဖန်တီးပြီးသားတွေ အပေါ်မှာပဲ ဖြတ်ညှတ်ကပ်ပြီး အသစ်တစ်ခုအဖြစ် တန်ပြန်ဖန်တီး ကြတာ ရှိလာတယ်။ ပြီးတော့ မျှဝေကြတယ်။

ဒီအခါ ဖန်တီးမှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားခဲ့တဲ့ တချို့ ဥပဒေ တွေဟာ လူတွေ နေ့စဉ်နေထိုင်နေတဲ့ ဘ၀မှာပဲ အလွယ်တကူ ချိုးဖောက်စေတဲ့ အရာတစ်ခု ဖြစ်လာတယ်။ ဥပဒေဆိုတာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခဲ့ရတယ် ဆိုရင် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေ စိတ်ဝင်စားမှုတွေ မတားမဆီးနိုင် ပြောင်းလဲလာတဲ့အခါ အစွန်းနှစ်ဘက်ကြားမှာ ဘယ်လို လိုက်လျောညီထွေ ပြုပြင်သင့်သလဲ။ အထူးသဖြင့် မျိုးဆက်သစ်တွေရဲ့ ဖန်တီးလိုစိတ်ကို မပိတ်ပင်စေဖို့ ဘာလုပ်နိုင်မလဲ ဆိုတာကို ရှုထောင့်တမျိုးက သုံးသပ်ထားတာ စိတ်ဝင်စားစရာ ကောင်းတဲ့ တွေးတောခြင်း ဥပမာ တစ်ခုပါ။



ဒါကိုကြည့်ပြီးတဲ့အခါ ကလေးတစ်ယောက် ဖန်တီးထားတဲ့ ဒီဗွီဒီယိုလေးကိုလည်း အားပေးကြည့်ကြပါဦး။

4 comments:

(တေးမွန်) said...

:) နှစ်ခါနားထောင်ပြီး။ နည်းနည်း ဂူဂဲလ် လိုက်ပြီးတဲ့အခါမှာတော့ နားလည်သွားတယ်။
ဖန်တီးမှုနဲ့  ကော်ပီရိုက်ကတော့ ကိုယ်မသိတဲ့ ကိစ္စ.. :D
သူတင်ပြပုံတော့ သဘောကျတယ်။

ကလေးတစ်ယောက်ဖန်တီထားတယ်ဆိုတာ.. မြန်မာကပဲထင်တယ်။ ကချင်လွယ်အိပ်လေးနဲ့  :P
သူငယ်ချင်းတစ်ယောက်က မြင်လိုက်တာ.. :)

Anonymous said...

အလွန်ကောင်းတယ်အမရာ ကိုသတိမထားမိတဲ့ အရာလေးကို စိတ်ဝင်စားအောင် တင်ဆက်သွားတာ

Htoo Myat said...

ကျနော့် အင်္ဂလိပ်စာက တော်တော်လေး ညံ့သေးပေမဲ့ ကျနော် ကြိုးစားနားထောင်ပါတယ်။ အကုန်တော့ တစ်ပိုင်းချင်း နားလည်လိုက်တယ်၊ တစ်ခုလုံးကျတော့ ခြုံပြီး နားမလည်ပြန်ဘူး ဟားဟား...

ကျနော် နည်းနည်း လုံးစေ့ ပတ်စေ့ နည်းပါး နားလည် လိုက်တယ်လို့ ပြောနိုင်မဲ့ ပထမဆုံး ဥပမာလေးတော့ စိတ်ဝင်စားတယ်ဗျာ... သတ်မှတ် တော့ပစ်ကနေ ဖယ်ခွာသွားမဲ့ ဆွေးနွေးချက်အတွက် စိတ်မကောင်းပါဘူး။

ကျနော် ကိုယ်တိုင်လည်း ကွန်ပျူတာရှေ့ပဲ တစ်နေကုန် ထိုင်နေပြီး စကားပြောတာက နည်းလာတယ်။ သူငယ်ချင်းတွေနဲ့ စာရိုက်ပြီး စကားပြောတာ ရှိပေမဲ့ အသံထွက်ပြီး စကားပြောတာကို ပြောတာပါ။

လူတွေရဲ့ အဆင့်ဆင့် တိုးတက် ပြောင်းလဲမှု အရ အသံကြိုး ပျောက်သွားနိုင်တယ် ဆိုတာဟာ တကယ် ဖြစ်လာနိုင်မယ် ထင်မိတယ်။

ကျနော်တို့ လူတွေ သမိုင်းဦး ဘုံမြေခေတ် မရောက်ခင် နေရာ ရွှေ့ပြောင်း အမဲလိုက်တဲ့ ခေတ်ကတည်းက တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ဖို့ရာ အသံမဲ့ လက်သင်္ကေတတွေ ကနေ တစ်ဆင့် အသံထွက် ဆက်သွယ်မှုကို ပြောင်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီကနေမှ အဆင့်ဆင့် တိုးတက်လာ ခဲ့တာဟာ အခုလို စကားပေါင်းစုံ များတဲ့အဆင့် ရောက်လာခဲ့တယ် ဆိုတော့ကာ...

ကောက်ချက်ချရရင် ဒါဟာ လိုအပ်လို့ အသံတစ်မျိုးတည်းသာ ထွက်နိုင်တဲ့ အဆင့်ကနေ မျိုးစုံ ထွက်နိုင်သော အသံကြိုး အဆင့်ကို ရောက်လာခဲ့တာပါပဲ။

အဲလို ရောက်လာခဲ့တဲ့အတွက် တစ်နေ့ မလိုအပ်တော့ဘူးလို့ ယူဆလာတဲ့ တစ်နေ့ကျ ဒါဟာ ပြန်ပျောက်ကွယ်သွား နိုင်သလား???

အင်တာနက်ပေါ်မှာ ကမ္ဘာတစ်ခု တည်ထောင် နိုင်တဲ့ လူသား တိုးတက်မှုရယ်၊ မြို့ကြီးကိုသာ အလုပ်လုပ်ဖို့ လာရောက် စုပြုံကြတဲ့ ယဉ်ကျေးမှု + Urbanization ရယ်ကြောင့် ကစားစရာ မြေကွက်လပ် နည်းလာတဲ့ ကလေးတွေရယ်၊ နောက် အပြင်ထွက်ဖို့ မကောင်းလောက်အောင် မီးခိုးမွှန်တော့မဲ့ ကမ္ဘာမြေကြီးရယ်ကြောင့် လူတွေဟာ အင်တာနက်မှာပဲ ရှင်သန်ကြတော့မယ်၊ စာရိုက်ပြီး စကားပြောကြမယ်၊ အသံထွက်စရာ မလိုတော့ဘူးဆိုရင်...

တစ်နေ့ ပျောက်မသွားဘူးလို့ ကျနော်တော့ အတိအကျ မပြောနိုင်ဘူးပဲ။

ဒါပေမဲ့ ကျနော်တို့တတွေ သစ်ပင်ပေါ်က ဆင်းလာပြီး ကတည်းက ခုထိ ပြန်မတက်ရ သေးတာတော့ တော်သေးတာပေါ့။

pandora said...

တေးမွန်ရေ.. ဟုတ်တယ် ကလေးက မြန်မာကလေးပါ မြန်မာပြည်မှာတော့ မဟုတ်ဘူးပေါ့။
တက်တူ.. ကြည့်သွားတာကျေးဇူးပါ။

ထုးမြတ်ရေ... လူတွေရဲ့ အဆင့်ဆင့် ပြောင်းလဲမှုက မရပ်သေးဘူးလိုဖတ်ဖူးတယ်။ ဒါဆိုရင်တော့ အသုံးနည်းတဲ့ အစိတ်အပိုင်းတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။ တခြားရှုထောင့်တခုကကြည့်ရင်တော့ လူတွေဟာ ဆက်သွယ်မှုဆိုတဲ့ ရည်ရွယ်ချက်အပြင် တခြားကိစ္စတွေအတွက်လည်း အသံကိုသုံးတာတွေ့ရတယ်လေ။ ဖျော်ဖြေဖိ့အတွက် သီချင်းဆို သီချင်းညည်း တာမျိုး အလိုအလျောက် အာမေဋိတ် တုံ့ပြန်တာမျိုးပေါ့။ အဲဒီလိုဆန်ဆန် အခြေခံ ရည်ရွယ်ချက်တွေထက်ပိုပြီး အသုံးချတတ်တဲ့ လူသား ဆိုတာဖြစ်နေလို့လည်း တခြားတိရိစ္တာန်တွေရဲ့ ရှေ့မှာ ရပ်တည်ပြီး ဆက်လက် ရှင်သန်နေနိုင်တာရော မဖြစ်နိုင်ဘူးလား။