
မတ်လ ၂၇ ဟာ ပန်ဒိုရာရဲ့ ဘလော့ဂ် ၄ နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။
လေးနှစ်တာအတွင်းမှာ ဘလော့ဂ်ပေါ် တင်ခဲ့တာတွေ များပြီ ဆိုပေမယ့် နောက်ပိုင်းမှာ ပို့စ်တင်တာ ပိုကျဲလာခဲ့ပါတယ်။ စိတ်ဝင်စားမှုက စုံတဲ့အတွက် ရေးခဲ့တာတွေကလည်း အမျိုးအစား စုံနေခဲ့တယ်။
ကဗျာ
ကဗျာလို့ ပီပြင်တာတွေရော မပီပြင်တာတွေရော အတော်များများ ရေးခဲ့ပါတယ်။ ကဗျာကိုတော့ ရင်ထဲမှာ ကဗျာပုံစံနဲ့ ပြောပြချင်စိတ် ပေါ်လာတဲ့အခိုက် တစ်ခါတည်း ချရေးလိုက်မိတာ များပါတယ်။ ရေးပြီးရင်လည်း ချက်ချင်း ကောက်တင်လိုက်ဖြစ်တယ်။ ကဗျာတွေကိုရေးတဲ့အခါမှာ စိတ်လိုက်မာန်ပါ မတင်လိုက်ဘဲ အချိန်ယူပြီး စကားလုံးတွေကို ပိုကျေနပ်အောင် ထပ်ကာထပ်ကာ ပြန်ပြင်ဆင်ပြီးမှ တင်ဖို့ သူငယ်ချင်းတစ်ယောက်ကတော့ အကြံပေးဖူးတယ်။
ဝတ္ထုတို
တချို့ စဉ်းစားစရာတွေကျတော့ ဇာတ်ကြောင်းတွေထဲမှာ သိမ်းဝှက်ပြီး ပြောပြချင်ပြန်လာတယ်။ ၀တ္ထုတိုရေးရတာကို နှစ်သက်ပေမယ့် မကြာခဏတော့ မရေးနိုင်ဘူး။ ၀တ္ထုတိုတစ်ပုဒ် (ကောင်းကောင်း မကောင်းကောင်း) ဖြစ်လာဖို့ ပန်ဒိုရာ့အတွက်တော့ အချိန်ယူ အားထုတ်ရပါတယ်။ တစ်ထိုင်တည်းနဲ့ ရေးလို့ မပြီးဘူး။ တချို့ အကြောင်းအရာတွေဆိုရင် စိတ်ထဲမှာ နှစ်နဲ့ချီပြီး အောင်းနေပြီ လှုံ့ဆော်မှုရမှ ချရေးဖြစ်တာတွေ ရှိတယ်။
အက်ဆေး
အက်ဆေးလို့ ခေါ်တဲ့ စကားပြေပုံစံလေးတွေ ရေးရတာကိုလည်း နှစ်သက်ပါတယ်။ အထူးသဖြင့် ရေးနေချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အာရုံလေးကိုပါ။ ကြည်ကြည်လင်လင် အက်ဆေးလေးတွေ အထူးပြု ရေးချင်တဲ့အတွက် အဲဒီလို ဖန်တီးဖြစ်ဖို့က ပန်ဒိုရာအတွက်တော့ စိတ်လက်ကြည်လင်ပြီး အာရုံစူးစိုက်နိုင်ချိန်မှ ရေးလို့ရတာမို့ အလုပ်ဖိစီးမှုတွေ လူမှုတာဝန်တွေထဲမှာ အများကြီးတော့လည်း မရေးဖြစ်ပြန်ဘူး။
ရုပ်ရှင် ၀တ္ထု ခံစားမှု ဆောင်းပါးများ၊ အခြားစကားပြေများ
Label မှာ essay လို့ခေါင်းစဉ် ရောတပ်ထားမိပေမယ့် ဆောင်းပါးပိုဆန်တဲ့ စာတွေလည်း ရှိပါတယ်။ ရုပ်ရှင်တွေ ၀တ္ထု တွေကို ခံစားပြီး တွေးမိတဲ့အတွေးတွေ၊ သူငယ်ချင်းတွေ တက်ဂ်လာလို့ ကိုယ့်ပုဂ္ဂလိကဘ၀ ပေါ့ပေါ့ပါးပါးတွေကို ရေးဖြစ်ပါတယ်။ ဘလော့ဂ်စရေးခါစကတော့ ဟင်းချက်တာတို့ အစားအသောက်တို့ ဆက်တင်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ နောက်တော့ ရသနဲ့ ပတ်သက်တဲ့ဘက်တွေကို ပိုပြီး အချိန်ပေးကြိုးစားကြည့်ချင်တာနဲ့ အထွေထွေတွေကို တတ်နိုင်သမျှ လျှော့ပါတယ်။ ကိုယ်သိနားလည်သလောက် ဗဟုသုတနဲ့ ပတ်သက်တဲ့ ဆောင်းပါး တချို့လည်း အလျဉ်းသင့်သလို ရေးဖြစ်ပါတယ်။ ဥပမာ မူပိုင်ခွင့်လို အကြောင်းအရာမျိုးပေါ့။ ပညာရပ်ဆန်တဲ့ တချို့တချို့သော အကြောင်းအရာတွေကို အင်တာနက်စာမျက်နှာမှာ ကိုယ့်မြန်မာတွေကြား မျှဝေဆွေးနွေးချင်စိတ်မျိုး တခါတခါတော့ အရမ်းကို ပေါ်ပေါက်မိပါတယ်။ ဒါပေမယ့်လည်း ရသဆန်တဲ့စာတွေကိုပဲ ဦးစားပေးပြီး သုတတွေကို အခုအချိန်မှာ မျိုချထားလိုက်ပါတယ်။
ဓာတ်ပုံ
ဓာတ်ပုံရိုက်ရတာကို ဓာတ်ပုံရိုက်လို့ရတဲ့ ကိရိယာတစ်ခုခု လက်ထဲမှာ စရှိတဲ့ အချိန်ကတည်းက စိတ်ဝင်စား ပျော်ရွှင်ခဲ့တာပါ။ ကြုံရင်ကြုံသလို အော်တိုကင်မရာဖြစ်ဖြစ် လက်ကိုင်ဖုန်းဖြစ်ဖြစ် လက်ထဲမှာရှိတာလေးနဲ့ ပုံရိပ်တွေကို ဖမ်းယူခဲ့တယ်။ ဘလော့ဂ်ထဲမှာ ပထမဆုံး စတင်ခဲ့တဲ့ ပို့စ်တွေဟာ အော်တိုကင်မရာလေးနဲ့ ကြိုးစားရိုက်ထားတဲ့ ဓာတ်ပုံပို့စ်တွေပါ။ အခု နောက်ပိုင်းတော့ DSLR ကင်မရာနဲ့ ရိုက်ကြည့်ထားတာတွေ ရှိတယ်။ ဘလော့ဂ် လေးလံမှာ စိုးတာရယ် လာကြည့်သူတွေ ပျင်းမှာစိုးတာရယ်ကြောင့် ဓာတ်ပုံအတော်များများကို facebook ထဲမှာ ပိုတင်ဖြစ်တယ်။ flickr အကောင့်ဖွင့်ထားပေမယ့် နောက်ထပ် platform တစ်ခုမှာ လှုပ်ရှားရဖို့ အချိန် မတတ်နိုင်သေးတဲ့အတွက် အဲဒီမှာ ပုံတွေဆက်မတင်ဘဲ ခဏနားထားပြန်ပါတယ်။
ပန်းချီ
ကွန်ပြူတာထဲမှာ ဆွဲထားတဲ့ ပန်းချီပုံ တွေလည်း တင်ဖြစ်ပါတယ်။ အများစုကတော့ ရေးထားတဲ့ စာတွေအတွက် သရုပ်ဖော်ပုံတွေ အဖြစ်ပါ။ ပုံတွေ လျှောက်ဆွဲတာကလည်း နည်းပညာ နည်းစနစ် မကျွမ်းကျင်ပေမယ့် ၀ါသနာသက်သက်ပါ။ ပုံဆွဲရတာ စိတ်ကိုလည်း ငြိမ်းချမ်းစေပါတယ်။ ပန်းချီဆရာတွေနဲ့ ပန်းချီကားတွေအကြောင်း တချို့ကိုလည်း ရေးဖြစ်ပါတယ်။
ဖြတ်သန်းတယ်ဆိုတာတိုင်းဟာ ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့ရင် အင်တာနက်ထဲမှာ ဖိုရမ်တွေကစပြီး လှုပ်ရှားဖြစ်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေ အခုအချိန်အထိ ၆ နှစ်တာလောက် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ဂုဏ်ယူရမလားတော့ မပြောတတ်ပါဘူး။ အနည်းဆုံးတော့ မြန်မာစာကို ဇော်ဂျီဖောင့်နဲ့ သွက်သွက် ရိုက်တတ်သွားတာ ဂုဏ်ယူရမယ် ထင်ပါတယ်။ (ဒါတောင် တချို့ရိုက်ထုံးတွေကို မကျွမ်းကျင်တာ ရှိသေးတယ်။ ဥပမာ မှန်ကန်တဲ့ ရရစ်ဝဆွဲ တို့လိုပေါ့။) ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သန်းခဲ့တာဟာ ပင်လယ်ကြီးပဲ ဖြစ်စေ ချောင်းအဆွယ်မြောင်းငယ်ထဲပဲ ဖြစ်စေ စီးဆင်းစရာတွေက စီးဆင်းပြီးပါပြီ။ အခုလို ဖြတ်သန်းခဲ့တဲ့ အင်တာနက်နဲ့ ပတ်သက်လို့ မြင်မိတဲ့ အမြင်လေးတွေကို ဘလော့ဂ် ၄ နှစ်မြောက် အမှတ်တရနေ့ဖြစ်တဲ့ ဒီနေ့မှာ ချရေးဖြစ်ခဲ့သေးတယ်။ ရှည်နေတာမို့ ဒီပို့စ်ထဲကနေ ဖြတ်လိုက်ပါတယ်။ နောက်မှပဲ တင်လိုက်ပါတော့မယ်။
အင်တာနက်မှာ စာရေးရခြင်း အကြောင်းရင်းကတော့ ၀ါသနာသက်သက်နဲ့ ကိုယ်လုပ်ချင်တာ ပြောချင်တာလေးတွေကို အလကားရတဲ့ စာမျက်နှာပေါ်မှာ အလွယ်တကူ ရေးတင်ဖြစ်သွားပြီး လူအများကို ဝေမျှလိုက်တဲ့သဘောပါပဲ။ ဘ၀အတွက် ဦးစားပေးပြီး ရုန်းကန်လှုပ်ရှားနေခဲ့ရတဲ့ ဟိုးတချိန်က မတတ်သာလို့ ပစ်ချထားခဲ့တဲ့ ၀ါသနာတွေကို တချို့ကိစ္စတွေပြီးစီးပြီး အချိန်ပေးနိုင်တဲ့ တစ်နေ့ ရောက်လာတဲ့အခါကျမှ ပြန်တူးထုတ်ရတာလည်း ဖြစ်ပါတယ်။ ပုံနှိပ်မီဒီယာမှာ တင်ပြဖို့အလေးအနက် မကြိုးစားဖြစ်ခြင်း အကြောင်းရင်းကတော့ ၀ါသနာသက်သက်နဲ့ မနေနိုင်လို့ ရေးတဲ့ လက်ရာတွေသာ ဖြစ်နေတာကတစ်ကြောင်း၊ မြန်မာပြည်ကနေ လုပ်ပေးနိုင်မယ့်သူ အဆင်မပြေတာက တစ်ကြောင်း၊ ပုံနှိပ်မီဒီယာကို ရောက်ရှိစေဖို့ အားထုတ်မှုအတွက် အချိန်ကို မတတ်နိုင်သေးတာက တစ်ကြောင်း စတဲ့ အကြောင်းကြောင်းတွေ ကြောင့်ပါ။ ခင်မင်တဲ့ ဆရာဆရာမတွေရဲ့ တိုက်တွန်းအားပေးကူညီမှုကြောင့် အနည်းငယ်သော စာလေးတွေတော့ ပုံနှိပ်မီဒီယာကို ရောက်သွားခဲ့ပါတယ်။
လက်ရာတစ်ခုကို ဖန်တီး ပြီးသွားတဲ့အခါ ဘယ်သူသိသိမသိသိ ပြီးပြည့်စုံ ကျေနပ်သွားကြတဲ့ တကယ့်အနုပညာရှင်တွေ ရှိကြမှာပါ။ ဒါပေမယ့် ကိုယ့်အဆင့်ကတော့ ကိုယ်လုပ်ထားသမျှလေးတွေကို ကောင်းကောင်းဆိုးဆိုး လူတွေကို ဝေမျှချင် ပြသကြည့်ချင်တဲ့ စိတ်အမှန်ရှိနေသေးတာမို့ ရေးထားတာကို လူအများ ဖတ်ရှုဖြစ်ကြတယ်ဆိုလေ ပျော်လေပါပဲ။ ဒီတော့ စာဖတ်သူတွေဟာ ကိုယ့်အတွက်တော့ သိပ်ကို အရေးပါနေပါတယ်။
ဒီနှစ်ပိုင်းမှာ ဘလော့ဂ်ထဲ ပေါ်လိုက်ပျောက်လိုက် လှုမှုဆက်ဆံရေးဘက်က ပျက်ကွက်ခဲ့တာတွေကို မကျေနပ်သူတွေလည်း ရှိကောင်းရှိမယ်။ ပင်ကိုယ်စရိုက်ကိုက ဘာလုပ်လုပ် စိတ်ပါမှ လုပ်နိုင်သူ၊ ဘေးဘီကို သိပ်အာရုံမထားမိတတ်သူ မို့ အသက်အရွယ်နဲ့ ၀တ္တရားတွေ ကြီးလာတာနဲ့အမျှ စိတ်အနားမရတဲ့အချိန်တွေ ပိုပိုလာတဲ့အခါ ပျက်ကွက်တာ ရှိနေရင် ပန်ဒိုရာတစ်ယောက် စိတ်မပါရှာဘူး လို့ပဲ မှတ်ပြီး အဲဒီအပေါ် ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်လိုက်ကြပါ။ ဖြစ်နိုင်ရင် အဓိက အချိန်ပေးချင်တာက စာဖတ်ဖြစ်ဖို့ စာရေးဖြစ်ဖို့ ဖြစ်ပါတယ်။ စာရေးခြင်းရယ်၊ စာဖတ်သူတွေ ဘလော့ဂ်ရေးဘက်တွေအပေါ် အဆင်ပြေစေခြင်းရယ်၊ ဒီနှစ်ခုကြားမှာ ပဋိပက္ခဖြစ်နေတဲ့ အချိန်ကို တတ်နိုင်သမျှ လက်တွေ့ကျကျ ထိန်းညှိနိုင်ဖို့ ကြိုးစားရပါဦးမယ်။
ရေးခဲ့တဲ့ ဘယ်ဘလော့ဂ်ပို့စ် အမျိုးအစားတွေထဲကဖြစ်ဖြစ် အကြံပြုချင်တာ တိုက်တွန်းချင်တာ တုံ့ပြန်ချင်တာရှိရင် ပွင့်ပွင့်လင်းလင်း ရေးသွားဖို့ ကြိုဆိုပါတယ်။ ရှားပါးအဖိုးတန်တဲ့ အချိန်တွေထဲမှာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပန်ဒိုရာဘလော့ဂ်ကို ရောက်လာဖြစ်သွားတဲ့လူတွေ၊ feed ယူပြီး ဖတ်ဖြစ်သွားတဲ့လူတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ပန်ဒိုရာ
၂၀၁၁ မတ် ၂၇
ပြန်ဖတ်လိုပါက
ဘလော့ဂ် ၃ နှစ်ပြည့် ပို့စ်
ဘလော့ဂ် ၂ နှစ်ပြည့် ပို့စ်
ဘလော့ဂ် ၁ နှစ်ပြည့်ပို့စ်




