Technical help

Wednesday, March 16, 2011

ငါ့သူငယ်ချင်းရဲ့ စံပယ်ရုံလေးမှာ ပန်းတွေပွင့်နေပြီ




အခုတော့ ငါလည်း ယုံတတ်ခဲ့ပါပြီ
ယုံကြည်မှုတွေရှိတယ်ဆိုတာ ယုံတတ်သလို မယုံကြည်နိုင်မှုတွေ ရှိတာကိုလည်း ယုံတတ်ခဲ့ပြီ
ယုံကြည်ပါပြီ အကန့်အသတ်ပြင်ပမှာ သက်တံရောင်စုံတွေ သီးပွင့်တတ်တယ်ဆိုတာ
နှင်းဆီတွေဟာ ဖုတ်ကြည်းသင်္ဂြိုဟ်ခံရပြီးနောက် မြေသြဇာအဖြစ် အသွင်ပြောင်းသွားတတ်တာ
ပုံတူပန်းချီကားတစ်ချပ်ဟာ နှစ်ကြာတဲ့အခါ ကောက်ကြောင်းတွေ တောက်ပြောင်စိုလက်လာတတ်တာ
ယုတ်စွအဆုံး ငါမတ်တပ်ရပ်နေတဲ့ မဟာပထ၀ီမြေထုဟာ ဆောက်တည်ရာမရ ရယ်မောတတ်တာ
ကမ္ဘာတည်သရွေ့ ဆိုတဲ့စကားဟာ နေ့လားညလား လို့ အနက်ထင်ဟပ်သွားတတ်တာ
သူငယ်ချင်း မင်းစံပယ်ရုံလေး မွှေးမြပါစေ
သူငယ်ချင်း မင်းစံပယ်ရုံလေး အေးချမ်းပါစေ
သူငယ်ချင်း မင်းစံပယ်ရုံလေး လန်းဆန်းပါစေ
သူငယ်ချင်း မင်းစံပယ်ရုံလေး လှပတင့်တယ်ပါစေ
မတော်တဆတွေရဲ့ ဖရိုဖရဲဖြစ်မှုဟာ စနစ်တကျ စီစဉ်ထားတတ်ကြတယ် မဟုတ်လား
ဥပမာ - ကမ္ဘာ့ အဆိုးရွားဆုံး နျူကလီးယား မတော်တဆ ဖြစ်ရပ်ကြီး ဆိုတဲ့စကားမှာ
ဖြစ်ရပ်ဟာ မတော်တဆလား၊ အဆိုးရွားဆုံးဟာ မတော်တဆလား
နျူကလီးယားဟာ မတော်တဆလား၊ ဒါမှမဟုတ် ကမ္ဘာဟာ မတော်တဆ လား
ဖြစ်ရပ်တွေကို မေ့လိုက်ကြပါစို့လား ဖြစ်စဉ်ကိုပဲ ကြည့်ကြမယ်
ဒါမှမဟုတ် ဖြစ်စဉ်တွေ ခေါက်သိမ်းထားပြီး ဖြစ်ရပ်အကြောင်းကိုပဲ ပြန်ပြောကြမယ်
ဘ၀ဆိုတာ ထမ်းပိုးသယ်ဆောင်သွားဖို့မှ မဟုတ်ဘဲ၊ အသုံးချပြီးတဲ့အခါ
ရုပ်ရှင်ရုံထဲက နေကြာစေ့ခွံတွေလို စည်းကမ်းမကျ မတော်တဆ ပစ်ချချန်ရစ်ခဲ့ဖို့ သိလား
လတ်တလောအခြေအနေက သမိုင်းရှည်ရှည်ကို ထက်ပိုင်းချိုးချလိုက်သလိုမျိုး
မျက်ဝါးထင်ထင်အမြင်က သီအိုရီရင့်ရင့်တွေကို ဆွံ့အသွားစေသလိုမျိုး
မတော်တဆတွေရဲ့ အရေးပါပုံမှာ context ကိုယ်စီခြုံလွှမ်းလို့
သိလား ဖရန်စစ္စကို ဂိုယရဲ့ ကိုယ့်သားကိုယ်စား နတ်ဆိုးပန်းချီကားရဲ့ နောက်ခံဇာတ်ကြောင်းလို
သိလား အော့ခ်ျဝစ်ဇ် ဂိတ်တံခါးမှာ ရေးထိုးထားတဲ့စာတန်းထဲက ဘီ အက္ခရာရဲ့ လျှို့ဝှက်ချက်လို
သိလား လွန်ခဲ့တဲ့ ကြာသပတေးနေ့ညနေ တီဗွီအစီအစဉ်က ဂျနီဖာလိုးပါ့ဇ် ရဲ့ နှုတ်ခမ်းနီကာလာလို
သိလား မင်းမသိတဲ့ ငါ့ရဲ့ context တွေနဲ့ ငါမသိတဲ့ မင်းရဲ့ context တွေနဲ့
အကြောင်းပြချက်တွေ မလိုအပ်တဲ့ မင်းရဲ့စံပယ်ရုံလေး
မွှေး-မြ-အေး-ချမ်း-လန်း-ဆန်း-လှ-ပ-တင့်-တယ် ပါစေပေါ့ သူငယ်ချင်း။


ပန်ဒိုရာ
၂၀၁၁ မတ် ၁၆

8 comments:

  1. ညီလင်းသစ်March 16, 2011 at 4:12 AM

    စံပယ်ပန်းလေးတွေကတော့ မတော်တဆ ပွင့်ခဲ့တာ ဟုတ်ပုံမရဘူး၊ လမ်းပေါ်မှာ စံပယ်တွေ ဖွေးဖွေးလှုပ်လို့၊ ဒါဟာလည်း မတော်တဆ ဖြစ်စဉ် မဟုတ်၊ ကျော်ခွ သွားရမယ့် ဖြစ်ရပ်လည်း ဟုတ်ပုံ မရပြန်ဘူး၊ အခုကိုပဲ ဒီစံပယ်ရုံလေးရှေ့ ဖြတ်လျှောက်မိသွားတာ မတော်တဆ မဟုတ်တဲ့အကြောင်းကို မတော်တဆ ဖိတ်ကျခဲ့တာ မဟုတ်တဲ့ ဒီကွန်မန့်နဲ့ ပြောခဲ့ပါတယ်..။

    ReplyDelete
  2. ကိုအောင်(ပျူနိုင်ငံ)March 16, 2011 at 6:12 AM

    စံပယ်ရုံလေး မွှေးပါစေ ....

    ReplyDelete
  3. စံပယ်ပွင့်တွေ လှသားပဲ။ အနက်ရောင်ကြီးကိုတော့ မကြိုက်ဘူး။

    ReplyDelete
  4. Yo ရေးထားတာကောင်းပါ၊
    အတွေးကလည်းကောင်းပါ၊
    မတော်တဆတော့မဟုတ်ဘူး၊
    ဖြစ်သွားတဲ့ ဖြစ်ရပ်ဖြစ်စင်တစ်ခုရယ်ပါ၊
    ခုတော့ စပယ်ရုံလေးက မျက်ရည်တွေနဲ့
    သတင်းတွေနားထောင်ရင်း ဆောက်တည်ရာကိုရှာ
    ဆုတောင်းတွေပြည့်စေချင်ပါသည်၊

    ReplyDelete
  5. ချော(အစိမ်းရောင်လွင်ပြင်)March 16, 2011 at 8:04 PM

    စပါယ်ပွင့်လေးတွေ nuclear radiation ဒဏ်က ဝေးပါစေ..
    ဖြူစင်စွာ ထာဝရ မွှေးမြနိုင်ပါစေလို့......

    ReplyDelete
  6. ချစ်ကြည်အေးMarch 16, 2011 at 8:27 PM

    ပန်ပန်ရေ ကဗျာလေးရော ဆွဲထားတဲ့ ပုံလေးရော သဘောကျလိုက်တာ....:)
    အဲဒီပုံက ဘယ် applicationနဲ့ ဆွဲတာလဲဟင်....

    ReplyDelete
  7. သူငယ်ချင်းတွေဆီ စံပယ်တွေ. တစ်ယောက် တစ်ကုံးဆီ ပို့လိုက်ချင်တယ်.

    ReplyDelete
  8. ပန်ဒိုရာMarch 16, 2011 at 11:44 PM

    ညီလင်းသစ်... မတော်တဆတွေကြားကနေ စံပယ်တွေကို မြင်အောင် ဖတ်သွားတာကို ကျေးဇူးတင်တယ်။

    ကိုအောင် .. ဆုတောင်းကြတာပေါ့

    ကိုဘီလူးစကိုင်း.. ဘလက်အန်ဝှိုက် ဆွဲကြည့်လိုက်လို့ပါ :)

    sosegado နဲ့ ချော အတူတူတောင်းတဲ့ဆုတောင်းတွေ ပြည့်မယ်ထင်ပါတယ်လေ

    မချစ်ကြည်အေး.. MS Paint ထဲမှာဆွဲပြီး photoshop ထဲမှာ ဘက်ဂရောင်းကို ကြမ်းကြမ်းလေးဖြစ်အောင် effect ထည့်လိုက်တာပါ။

    Young Gun ကျော်ခွပြီး အရောက်ပို့လိုက်ပါ

    ReplyDelete