Technical help

Friday, September 2, 2011

စေ့ရုံစေ့ထားတဲ့ရွှေတံခါးတွေ


စေ့ရုံစေ့ထားတဲ့ရွှေတံခါးတွေ

တစ်ချပ်ပြီး တစ်ချပ် အထပ်ထပ် မတ်တတ်ရပ်နေကြ
ချပ် ချပ် ချပ် ချပ် နဲ့ ပြားချပ်ချပ် အသံတွေ
အဲဒီ အသံတွေဟာ ကတိက၀တ်တွေနဲ့ သံတမန်ခင်းလိုက်
ဖြည်းဖြည်း ခြေဖျားထောက်ပြီး ကိုယ်ယောင်ဖျောက်လိုက်
အချိန်နဲ့တပြေးညီ ဒေါင်လိုက်ရွေ့လျား ပြေးလွှားလိုက်
ဒီတံခါးကနေ လိရိကဟာ အမေရိကကို တွန်းဖွင့်ခဲ့
ဒီတံခါးနောက်မှာ မော်ဒန်နတီဟာ အိုင်ဒန်ဒတီမထင်ရှား ပုန်းအောင်းခဲ့
ဒီတံခါးထဲက ကလောင်သွားဟာ ဓားသွားကိုဖြတ်ကျော်ခဲ့
ဒီတံခါးပေါ် မေတ္တာတွေ ထွင်းထုထား
ဒီတံခါးကို သစ္စာဟာ ဖောက်ထွက်သွား
မွန်းစတား လိုက်ရှာခဲ့တာ ကလေးငယ် ဘူး ရဲ့ တံခါး
သတ္တမမြောက် တစ္ဆေကြီးလမှာ ၀ိညာဉ်တွေကို ဖွင့်ပေးလိုက်တဲ့ ငရဲတံခါး
တံခါးတစ်ချပ်ဟာ ခါးကြားမှာ ခါးထစ်ခွင်ခံထားရတယ်
ဆူးကြားမှာ ခါးခါးသီးသီး သီးနေတဲ့ တံခါးတွေရှိတယ်
အစိတ်စိတ်အမွှာမွှာ လွင့်စင်ပျက်ကျသွားခဲ့သော တံခါးများ
သော့ခလောက်ကြီး ဟီးလေးခိုနေသော တံခါးများ
ဆုကြေးတ၀က်နဲ့ လာဘ်ထိုးခံလိုက်ရသော တံခါးများ
အခင်းအကျင်းသစ်ကို မျက်ခြေပြတ် ကျန်ခဲ့သော တံခါးများ
မကြာမီ မျိုးရိုးဗီဇ တိမ်ကောပျောက်ကွယ်သွားတော့မည့် တံခါးများ
တံခါးရောင်စုံ ဖြူဖြူ ပြာပြာ ညိုညို ညက်ညက်
ရွေးလိုက်ပါ အနီလား အ၀ါလား နီးနီးလား ၀ါးဝါးလား
လက်သန်းဖျားနဲ့ ပါးပါးလေးတွန်းဖွင့်လိုက်။

ပန်ဒိုရာ
၂၉.၈-၁.၉.၂၀၁၁

7 comments:

  1. ဖတ်သွားပါတယ် ခင်ဗျာ

    ReplyDelete
  2. လက်သန်းလေးနဲ့ ပါးပါးလေး တွန်းဖွင့်သွားတယ်မမ :)
    ခံစားအားပေးလျှက်....
    ကောင်းသောနေ့လေးဖြစ်ပါစေလို့ ...

    ReplyDelete
  3. မပန်
    Happy Blog Day!
    စဉ်းစားစရာလေးတွေပါ။ တံခါးအထပ်ထပ်...
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  4. သြော် တံခါးတံခါး... တံခါးကို တန်ဆာဆင်တော့ ဒီလို ကဗျာကောင်းလဲ ထွက်လာသကိုး မပန်။ :)

    အဆင်ပြေပါစေ

    ReplyDelete
  5. ဒွိဟဖြစ်နေတဲ့ ဒွါရ...။
    ဒုက္ခဖြစ်နေတဲ့ ဒွါရ...။
    ဒုလ္လဘဖြစ်နေတဲ့ ဒွါရ...။
    ဒဿနဖြစ်နေတဲ့ ဒွါရ...။

    ReplyDelete
  6. မဖွင့်ခင်တော့ခေါက်ပြီကွာ...ဒေါက်ဒေါက်.. :)

    ReplyDelete
  7. ကိုအောင်(ပျူနိုင်ငံ)September 6, 2011 at 1:45 PM

    ရေကာတာ ဖွင့်မယ့်တံခါးအောင့်မေ့လို့ “ဧရာဝတီ” ခေါင်းစဉ်အောက်ထဲ ထည့်ထားတယ် မပန်ရေ ...

    ReplyDelete