Technical help

Saturday, August 31, 2013

မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ်



မြန်မာဘလော့ဂ်များ ဘယ်ဆီဘယ်ဝယ်ဘယ်ပုံဘယ်နှယ်

၂၀၀၇ စက်တင်ဘာ ၁ ရက်တွင် ဘလော့ဂ်ဒေးကျင်းပနေသော ဘလော့ဂါများ


အင်တာနက်ကို စတင် သုံးစွဲခဲ့တာ ၂၀၀၁ ခုနှစ် ဂျူလိုင်လမှာ စင်ကာပူကို ရောက်တဲ့အချိန်က စတယ် ဆိုပေမဲ့ လူမှုကွန်ယက်တွေထဲမှာ နာမည်တစ်ခု ဖန်တီးပြီး လှုပ်ရှားသက်ဝင်ခဲ့တာက ၂၀၀၅ ခုနှစ်မှာပါ။ အင်တာနက်ထဲမှာ ကျွန်မအများဆုံး အသုံးပြုဖြစ်တဲ့ စာမျက်နှာတွေကတော့ google.com ရှာဖွေရေးစနစ်ရယ် အစပိုင်းက hotmail နောက် yahoo နဲ့ အခုလက်ရှိတော့ gmail ဆက်သွယ်ရေးစနစ်တွေပါ။ နောက်တော့ blogspot နဲ့ နောက်ဆုံး facebook လူမှုကွန်ယက်တွေကို အချိန်အတော် ခွဲဝေပေးဖြစ်ခဲ့ပါတယ်။

မရေရာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ရော၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိချင်တာကြောင့်ရော၊ အများနဲ့သက်ဆိုင်နေတဲ့ ကိုယ့်အလုပ်အကိုင်နဲ့ ခပ်ကင်းကင်းဖြစ်အောင်ရော ပန်ဒိုရာ ဆိုတဲ့ အမည်ကို စသုံးချိန်မှာတော့ အလွယ်တကူမှတ်မိနိုင်ပြီး ဘယ်နိုင်ငံက ဘယ်သူဘယ်ဝါလို့ ခွဲခြားမှုမရှိနိုင်တဲ့ nick name တစ်ခုလို့သာ မှတ်ယူခဲ့ပါတယ်။ ကလောင်နာမည်တစ်ခုအနေနဲ့ စာရေးသားမယ်လို့ မရည်ရွယ်ခဲ့ပါ။  ၂၀၀၅ ခုနှစ်လောက်မှာ “မောင်း” လို့လည်း အမည်ရ “မှုန်ရွှေရည်” လို့လည်းခေါ်တဲ့ မြန်မာဝက်ဘ်ဆိုက်တစ်ခုရယ်။ “ပလန်းနက် (Planet) ဖိုရမ်” ရယ်မှာ ပန်ဒိုရာ နာမည်နဲ့ အကောင့်တွေဖွင့်ခဲ့တယ်။

ကျွန်မဟာ တက်ကြွတဲ့ ဖိုရမ်မာတစ်ဦး မဟုတ်ခဲ့ပေမဲ့ ဖိုရမ်တွေမှာ သူများတွေရေးခဲ့တာကိုတော့ စိတ်ဝင်စားမိပါတယ်။ အပြန်အလှန်ပြောစကားတွေကြားမှာ ကိုယ့်နိုင်ငံရဲ့ အခြေအနေတွေ၊ လူမှုဘဝတွေ၊ လူတွေရဲ့ တွေးခေါ်ယူဆပုံတွေကို စူးစမ်းမိပါတယ်။ အဲဒီမှာ ကျွန်မ မမီလိုက်တဲ့ အချိန်က ပုဂံ ဖိုရမ်ဆိုတာ အတော်ကို သက်ဝင်စည်ကားခဲ့တဲ့ နေရာတစ်ခုလို့ ကြားခဲ့ရပါတယ်။ အဲဒီဖိုရမ် ပျက်သွားတဲ့အခါ အတော်များများဟာ ပလန်းနက်ဖိုရမ် ကို ပြောင်းရွှေ့လာခဲ့ကြတယ်။  ပလန်းနက်ထဲမှာတော့ ညီလင်းဆက်၊ မေဓာဝီ၊ ကယ်လ်ဗင်၊ lion slayer၊ နတ်ဆိုး အစရှိတဲ့ ဖိုရမ်မာတွေရဲ့ အရေးအသားတွေကို တွေ့နေရပါတယ်။ အဲဒီတုန်းက ဖိုရမ်တချို့မှာ ဇော်ဂျီဖောင့်ကို တွင်တွင်ကျယ်ကျယ် မသုံးကြသေးဘူး။ ကျွန်မကလည်း မြန်မာစာကို win စနစ်ကနေ ရိုက်တတ်ခဲ့တာမို့ စာရိုက်ရတာတော့ သိပ်အခက်အခဲမရှိခဲ့ပါဘူး။

နောက်တော့ ပလန်းနက်ဖိုရမ်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ငြင်းခုန်မှုတွေ ဆူပွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်ယောက်ယောက်က hack လိုက်တယ်ထင်ပါတယ်။ ဖိုရမ်ကြီး ဒေါင်းသွားပါတယ်။ ပြန်ပေါ်လာတော့ ပို့စ်တွေအများကြီး ပျောက်ကုန်တယ်။ The day after tomorrow ရုပ်ရှင်ထဲက ရေခဲခေတ်ကို ပြန်ရောက်သွားသလို အားလုံးဟာ ရှင်းလင်းသွားတယ်။ ဒီလိုနဲ့ ဖိုရမ်မာတွေဟာ အားကြိုးမာန်တက် ပြန်ရေးကြပါသေးတယ်။ နောက်တော့ အဲဒီလို အကြိမ်ကြိမ် ဒေါင်းရင်း ပျောက်ရင်းနဲ့ စိတ်ညစ်လာကြတယ်ထင်ပါတယ်။ အခြားဖိုရမ်တွေကို ရွှေ့ပြောင်းကုန်ကြတယ်။

ပဒုမ္မာ၊ နေးတစ်ဗ် စတဲ့ဖိုရမ်တွေ အသီးသီးပေါ်လာပါတယ်။ ရတနာ ဖိုရမ်ကတော့ ပလန်းနက် နဲ့ အချိန်အတူတူလောက်ကတည်းက ပေါ်နေတာလို့ထင်ပါတယ်။  ရတနာဖိုရမ်မှာ လူသိပ်မများတာနဲ့ ကျွန်မက သွားရေးဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ ကဗျာတွေ၊ အက်ဆေးတွေကို အဲဒီမှာ တင်ပြီး ဝါသနာပါသူတွေနဲ့ ဝေမျှဖတ်ခဲ့တယ်။ ပန်ဒိုရာဆိုတဲ့ နာမည်နဲ့ စာပေလက်ရာတွေ ပြန်ရေးဖြစ်တာ အဲဒီအချိန်က အစောဆုံးလို့ပြောလို့ရမယ်။ အခုတော့ ရတနာဖိုရမ် မရှိတော့ပါဘူး။ အဲဒီက မိတ်ဆွေအတော်များများလည်း အဆက်အသွယ်တွေ ပြတ်သွားကြပါပြီ။  မြန်မာကျူးပစ် ဖိုရမ်ဟာလည်း ထင်ရှားပါတယ်။ အဲဒီမှာ အကောင့်တစ်ခု ဖန်တီးဖြစ်ပေမယ့် ဖတ်ရုံပဲဖတ်ဖြစ်ပါတယ်။ မြန်မာကျူးပစ်ဟာ အခုအထိလည်း ဆက်လက်ရှင်သန်နေတယ်လို့ ထင်ပါတယ်။ အဲဒီက ထုတ်တဲ့ အီးဘွတ်ခ်တွေ အတော်များများရှိပါတယ်။ ဒီကြားထဲမှာ မြန်မာတီးရှော့ပ် ဆိုတဲ့ဖိုရမ်ဟာ နိုင်ငံရေးအကြောင်းအရာတွေ ဆွေးနွေးပြီး အတော် အသက်ဝင်ခဲ့ပါသေးတယ်။ ရည်ရွယ်ချက်တစ်ခုထားပြီး ဆွေးနွေးဖလှယ်ကြတဲ့ ဖိုရမ်တွေလည်း ပေါ်လာပါတယ်။ ဥပမာ ပြောရရင် မြန်မာအန်ဂျီအိုများ ဖိုရမ်ပါ။

စာပေနဲ့ပတ်သက်လို့တော့ အိပ်မက်၊ ချယ်ရီသစ္စာ စတဲ့ ဝက်ဘ်ဆိုက်တွေကို သတိထားခဲ့မိပါတယ်။ အဲဒီဝက်ဘ်ဆိုက်တွေမှာ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဆောင်းပါးတွေ၊ ဘာသာပြန်လက်ရာတွေကို တွေ့ရပါတယ်။ ချယ်ရီသစ္စာက အီးဘွတ်ခ်တွေ ထုတ်ခဲ့ပါတယ်။ စင်ကာပူအခြေပြု သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းဟာ ၂၀၀၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ မဂ္ဂဇင်းပါ။ မာယာမဂ္ဂဇင်း၊ ကောင်းကင်၊ နေ့သစ်၊ မိုးမခ၊ စတဲ့ ပြည်ပအခြေစိုက် အင်တာနက် ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း စာပေလက်ရာတွေ အများအပြားကို တွေ့နိုင်ပါတယ်။ နောက်ပိုင်းတော့ ဖွဲ့တည်ရာ၊ စာပန်းချီ၊ လောကအလှ တို့ကိုလည်း ဖတ်ရှုသူ များလာပါတယ်။ အီးဘွတ်ခ် အနေနဲ့ရော အွန်လိုင်းအနေနဲ့ပါ စာပေမဂ္ဂဇင်းတွေ ပေါ်လာခဲ့ပါတယ်။ ပျောက်သူတွေလည်း ပျောက်သွားကြပါတယ်။ အခုနောက်ပိုင်းတော့ ရွှေဒေါင်းတောင်၊ မျက်ရှု၊ ခရမ်းရိပ်၊ ရသကမ်းခြေ လပွတ္တာအွန်လိုင်းမဂ္ဂဇင်း စတာတွေ ဆက်လက်ထွန်းကားနေတာကို တွေ့နိုင်ပါတယ်။

ဖိုရမ်တွေ၊ ဝက်ဘ်ဆိုက်တွေကို ဖတ်ရှုနေချိန်မှာ ဘလော့ဂ်တွေကို စပြီး သတိထားမိပါတယ်။ မောင်လှ၊ ညီလင်းဆက်၊ မေဓာဝီ၊ နိုင်းနိုင်းစနေ၊ အိမ့်ချမ်းမြေ့၊ စိုးဇေယျထွန်း၊ ဟနစံ အစရှိတဲ့ ဘလော့ဂါတွေဟာ ဘလော့ဂ်ထူထောင်ရာမှာ အတော် စောခဲ့ကြပါတယ် ။ ၂၀၀၆ ခုနှစ်ဝန်းကျင်မှာ ပေါ်လာတဲ့ ဘလော့ဂ်တွေဖြစ်ပါတယ်။ ကျွန်မကတော့ ၂၀၀၆ ဒီဇင်ဘာမှာ ဘလော့ဂ်စပေါ့မှာ pandora-and-pandora.blogspot.com ဆိုပြီး ဘလော့ဂ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစာမှ မတင်သေးဘဲ တခြားဘလော့ဂ်တွေကို လေ့လာနေခဲ့ပါတယ်။ ဘလော့ဂ်ပို့စ် ပထမဆုံး စတင်တဲ့ နေ့ကတော့ ၂၀၀၇ မတ်လ ၂၇ ရက်နေ့ဖြစ်ပါတယ်။

မြန်မာဘလော့ဂ်တွေ အများဆုံး အသုံးပြုကြတဲ့ ပလက်ဖောင်းတွေကတော့ blogspot  နဲ့ wordpress ပါ။ blogspot က user friendly ပိုဖြစ်တာမို့ အများစုက ဘလော့ဂ်စပေါ့ကို သုံးကြပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အပြီးမှာတော့ ဘလော့ဂ်စပေါ့ကို မြန်မာပြည်က ကြည့်လို့မရအောင် ပိတ်လိုက်တာမို့ wordpress ကိုလည်း တချို့ ပြောင်းကုန်ကြပါတယ်။ တချို့လည်း ဒိုမိန်းနာမည်တွေ .com .net တွေ ဝယ်ကုန်ကြတယ်။ မြန်မာပြည်မှာ နေထိုင်သူတွေကလည်း proxy တွေသုံးကြ၊ ကျော်ကြ၊ ခွကြရပါတယ်။

စက်တင်ဘာ၂၀၀၇ မတိုင်ခင်ပေါ်ခဲ့တဲ့ ဘလော့ဂ်တွေကို ကြည့်ရင် အများစုက နာမည်ရင်းမသုံးစွဲတာကို တွေ့ရပါတယ်။ ဘလော့ဂ်အမျိုးအစားတွေဟာ သတင်း၊ စာပေ၊ နည်းပညာ၊ ဘာသာရေး၊ နိုင်ငံရေး၊ ဓာတ်ပုံ၊ နည်းပညာ၊ အထွေထွေ စသည်ဖြင့် စုံလင်ပါတယ်။ စာပေနဲ့ပတ်သက်ရင် အများစုဟာ ပရော်ဖက်ရှင်နယ်တွေ စာရေးဆရာတွေ မဟုတ်ကြဘဲ အပျော်ထမ်းရေးသူများသာ ဖြစ်ကြပါတယ်။ ချွင်းချက်အနေနဲ့တော့ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ (ဥပမာ ဆရာမ ဒေါ်မေငြိမ်းတို့လို) စာရေးဆရာ အချို့သာ ရှိပါတယ်။ အဲဒီအချိန်က လူအများစုဟာ အင်တာနက်သုံးတာ၊ ဘလော့ဂ်တည်ဆောက်တာ၊ နည်းပညာတွေ သုံးစွဲတာတွေကို မကျွမ်းကျင်ကြသူတွေ များတဲ့အတွက် နည်းပညာဝေမျှပေးတဲ့ ဘလော့ဂ်တွေ အများအပြားပေါ်လာပါတယ်။ မောင်လှ၊ ညီလင်းဆက်၊ စေတန်ဂေါ့၊ ရန်အောင် စသူတွေဟာ template တွေ၊ gadget တွေ တပ်ဆင်ပုံအတွက် အားထားရတဲ့ ဘလော့ဂါတွေပါ။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ citizen journalist တွေလို့ပဲ ပြောပြော ဘလော့ဂါတွေလို့ပဲပြောပြော ပုံမှန်မီဒီယာလမ်းကြောင်းက မဟုတ်တဲ့ တစ်ဦးချင်းတစ်ယောက်ချင်း သတင်းဝေမျှသူတွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ပါတယ်။ ………

ပန်ဒိုရာ
၃၁.၈.၂၀၁၃
(နာမည်တွေမပြည့်စုံရင် အချက်တွေမတိကျရင် ကျေးဇူးပြုပြီး ဖြည့်စွက်ပေးပါ။ ဆက်လက်ပြီး ရွှေဝါရောင်တော်လှန်ရေးအပြီး ဘလော့ဂ်များ၊ ပိတ်ဆို့စဉ်ကာလက အခြားပလက်ဖောင်းများ၊ ညီလင်းဆက်ရဲ့ ဘလော့ဂ်ဂါစစ်တမ်း၊ ဘလော့ဂါတို့ရဲ့ လှုပ်ရှားမှုများ၊ ဘလော့ဂ်ဒေး၊ ဘလော့ဂ်ထဲက ဆုပေးပွဲများ၊ ထင်ရှားသူဘလော့ဂါများ၊ ဘလော့ဂ်နဲ့ ဖိုရမ်ဘာကွာသလဲ၊ အင်တာနက်စာပေဆိုတာ ရှိသလား အစရှိတဲ့ အကြောင်းအရာတွေကိုလည်း (ရေးချင်ရင်)ရေးသားသွားမှာမို့ မျှော်.. ဟော် ဟော်.. )

14 comments:

  1. ဒီနေ့ comaကနေ ပြန်ထလာရသလို ခံစားရတယ်။

    ReplyDelete
  2. အမှတ်တရပို့စ်လေးအတွက် ကျေးဇူးမပန်။ Blog Digest Page လေးမှာ ရှဲဖို့ ယူသွားပါတယ်။

    Yan.

    ReplyDelete
  3. လွမ်းစရာလေးတွေ ဖြစ်ကုန်ပါပေါ့လား... ပန်ပန်... :D

    ReplyDelete
  4. ဖတ်ကြည့်ရင်းနဲ့ ကိုယ်မမီလိုက်တဲ့ ဘလော့ခေတ်ဦးကို လှမ်းမြော်ပြီး လွမ်းမိပါသေးရဲ့...

    ReplyDelete
  5. ဘလော့ဂါတွေ စုပေါင်းရေးတဲ့ ဝတ္ထုလေးကို သတိရမိသေးတယ် ပန်ရေ ...

    ReplyDelete
  6. အားလုံးကို လွမ်းဆွတ်သတိရသွားပါတယ် မပန်ရေ

    ReplyDelete
  7. ဘလော့တွေ ဆက်လက်ရှင်သန်ကျန်းမာပါစေလို့ ဆုတောင်းမိပါတယ်ပန်ရေ

    ReplyDelete
  8. စောင့်နေပါတယ် အစ်မ :-)

    ReplyDelete
  9. မပန်ရေ...
    ဖတ်တာကတော့ ဘလော့တင်တင်ပြီးခြင်းနေ့ထဲက အိမ်ကနေ ဖုန်းနဲ့ဖတ်တာ.. ကွန်မန့်တွေကတော့ အခုမှ လိုက်ပေးနိုင်တော့တယ်။ ဘလော့လောက အစပျိုးခဲ့ပုံတွေကို သိရလို့ ဗဟုသုတရမိတယ်။
    ကျေနပ်မိတယ်။ ကျန်းမာရေးဂရုစိုက်ပါ sis...

    ReplyDelete
  10. မျှော် ............ နေ .............. ဆဲ.... ပါ :)

    ReplyDelete
  11. မြန်မာဘလေ့ဂါ သမိုင်းမှတ်တမ်းအတွက် အရေးကြီးတဲ့ အချက်အလက်တွေမို့ ဆက်လက် သယ်ဆောင်ပေးပါအုံး ပန်ပန်ရေ ...

    ReplyDelete
  12. အားပေးသူတွေ ကျေးဇူးပါ။
    ဆက်ရေးပါမယ်။

    ReplyDelete
  13. တစ်ချိန်တုန်းက ကိုစေတန်ဂေါ့ရဲ့ ပို့စ်တွေဖတ်ပြီး တန်းပလိတ်ပြင်ဆင်ခဲ့ရတာ..။ Font ထည့်ရတာကအစပေါ့ဗျာ..။
    ဘာပဲပြောပြော ကိုယ်စာဖတ်သူ ဘဝနဲ့ရှိနေတဲ့အချိန်ကို လွမ်းမိပါတယ်.။

    ReplyDelete
  14. ကျနော်လဲ စေတန်ဂေါ့နဲ့ စခဲ့တာပါဘဲ။

    မြန်မာဘလော့သမိုင်းကို အစအဆုံး ဖတ်နေရသလိုပါဘဲ။
    စိတ်ဝင်စားဖို့ ကောင်းပါတယ်။

    ReplyDelete