Technical help

Friday, August 31, 2018

စိတ်ရှုပ်တဲ့အခါ

စိတ်ရှုပ်တဲ့အခါ

စိတ်ဟာ အရောင်မျိုးစုံရှိတယ်။ စိတ်ကိုလိုက်ဖမ်းရတာ မလွယ်။ မပျော်ရွှင်တဲ့ စိတ်အခြေအနေ တစ်ရပ်ထဲမှာ စိတ်ညစ်တာလည်းပါမယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ဆိုးတာ၊ စိတ်ဖိစီးတာ၊ စိတ်ညှိုးငယ်တာ၊ စိတ်ပူပင်တာ၊ ဝေခွဲမရတာ၊ လွမ်းဆွေးတာ၊ နှမြောတသတာ စတဲ့ အနုတ်သဘောဆောင်တဲ့ စိတ်မရှင်းမှုပုံစံ မျိုးစုံ ရှိမယ်။ ဒီနေရာမှာတော့ စိတ်ရှုပ်တယ်လို့ပဲ ခြုံပြောလိုက်တာပါ။ အဓိပ္ပာယ်အတိအကျတော့ မဟုတ်ဘူးပေါ့။

ဆိုပါတော့.. စိတ်ရှုပ်တဲ့အခါ…… ဘာတွေလုပ်ကြမလဲ။ ကိုယ်ကတော့ တချို့အလုပ်တွေနဲ့ စိတ်ချည်မျှင်ထွေးကို ဖြည် လျှော့ လေ့ရှိတယ်။ အဲဒီအထဲမှာ ဟင်းတွေကို တစ်မျိုးပြီးတစ်မျိုး ချက်လိုက်တာပါတယ်။ နံပါတ်တစ် ဖြေရှင်းနည်းလို့လည်း ပြောလို့ရမယ်။ ဟင်းတစ်ခွက် ချက်တဲ့အခါ ပြင်ဆင်ရတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကနေ အစပ်အဟပ်တည့်အောင် စိတ်ပါလက်ပါ ချက်ပြုတ်နေတဲ့အခါ စိတ်ရှုပ်မှုကို အတော်မေ့ပျောက်နိုင်တယ်။ စိတ်ပါဝင်စားစွာ ချက်ပြုတ်ပြီးစီးသွားတဲ့အခါ အနံ့အရသာကို မြည်းကြည့်ပြီး နိဂုံးချုပ်နိုင်သွားတဲ့အခါ စိတ်တွေဟာ အတော်အတန် လျော့ကျ ပေါ့ပါးသွားတတ်တယ်။ 

စိတ်ရှုပ်တဲ့အခါ…. စာအုပ်တစ်အုပ်ကို အာရုံစူးစိုက်ဖတ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါ အဲဒီနည်းဟာ တခါတလေ မအောင်မြင်တော့ဘူး။ ငယ်ငယ်တုန်းကတော့ ထမင်းမေ့ ဟင်းမေ့၊ မိုးကြိုးပစ်သံတောင်မကြား အာရုံဝင်စားခဲ့တဲ့ ကာလတွေပေါ့။ ဖတ်ရှုခြင်းဖြစ်စဉ်ဟာ လူကိုတွေးတောစေတယ်။ ဒီတော့ အခုအချိန်မှာ တစ်ကြောင်းဖတ်လိုက် စာအုပ်ပိတ်ပြီးစဉ်းစားလိုက်၊ အတွေးတွေက ပြန့်သွားလိုက်။ တစ်မျက်နှာဖတ်ပြီးမှ စိတ်တွေဝေဝါးပြီး အစက ပြန်ဖတ်လိုက်နဲ့ စိတ်ကို စာကြောင်းတွေက အောင်အောင်မြင်မြင် မကုစားနိုင်တော့တာ များလှပြီ။

စိတ်ရှုပ်တဲ့အခါ…… ရုပ်ရှင်၊ ဂီတ တစ်ခုခုကို ကြည့်ရှုနားထောင်မယ်။ အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ အနုပညာမြောက် ဖန်တီးမှုတွေဟာ စိတ်ကို နစ်မြုပ်ထွက်ပြေးသွားဖို့အတွက် ဆွဲဆောင်မှုရှိစေတာ အသေအချာပေါ့။ ဒါပေမယ့် အဲဒီဖန်တီးမှုရဲ့ အကြောင်းအရာကိုတော့ ရွေးချယ်ဖို့လိုပြန်တယ်။ စိတ်ဟာ နောက်ကျိရှု့ပ်ထွေးနေစဉ် မြင်မိသမျှ ကြားမိသမျှ အရာရာဟာ ကိုယ့်ကို ရည်ရွယ်နေတော့သလားလို့ ဆတ်ဆတ်ထိမခံ ထင်မြင်နေမိတတ်တယ်မဟုတ်လား။ ရုပ်ရှင်ထဲက ဖြစ်ရပ်တစ်ခု၊ သီချင်းထဲက စာကြောင်းတစ်ကြောင်းက တိုက်ဆိုင်လာရင် တခါတလေမှာ ကိုယ့်စိတ်ရှုပ်မှု အခြေအနေကို ဒီဂရီမြင့်မားအောင် တွန်းအားပေးနေတတ်တော့ သတိထားရတယ်။

စိတ်ရှုပ်တဲ့အခါ…. window shopping ထွက်တယ်။ အထူးသဖြင့် ကိုယ့်ဘာသာ တစ်ကိုယ်တော် နေထိုင်ခဲ့တဲ့ အချိန်တွေတုန်းက ပေါ့။ ဘယ်တော့မှ ဝယ်မယ်မစဉ်းစားတဲ့ ထူးထူးဆန်းဆန်း ဖက်ရှင်လန်းလန်းတွေကို တစ်ထည်ပြီးတစ်ထည် အစမ်းဝတ်ကြည့်လိုက်၊  ဖိနပ်အမြင့်ကြီးတွေ စီးကြည့်လိုက်၊ နှုတ်ခမ်းနီ လက်သည်းနီတွေ စမ်းကြည့်လိုက်၊ ပန်းချီပစ္စည်းတွေ စာအုပ်တွေ စာရေးကိရိယာတွေ လှန်လှောကြည့်ရှုလိုက်၊ ဘာမှန်းမသိတဲ့ ကြုံရာကျရာ ပိစိကွစိ ပစ္စည်းလေးတွေကို စပ်စုလိုက်နဲ့ ဖြတ်သန်းသွားလာနေကြတဲ့ လူရေစီးကြောင်းကြီးထဲ အလိုက်သင့်မျှောပါရင်း စိတ်ကို အရောင်ပြောင်းကြည့်တဲ့နည်းဟာ အတော်အတန် ဟန်ကျတယ်။

စိတ်ရှုပ်တဲ့အခါ…. ပန်းချီပုံ တစ်ခုခု ဆွဲကြည့်တယ်။ အဆင်ပြေတဲ့အခါပြေတယ်။ skills မကောင်းသူမို့ စိတ်ကူးနောက်ကို လက်က မလိုက်နိုင်ရင် လောဘဒေါသ မပေါ်ပေါက်အောင်တော့ ထိန်းရတယ်။ ပန်းချီရေးဆွဲခြင်း ဖြစ်စဉ်တစ်ခုလုံးဟာ စိတ်ကို မီးကိုရေလောင်းလိုက်သလို ရှဲခနဲ မဟုတ်ပေမယ့် တဖြည်းဖြည်း တငွေ့ငွေ့ ငြိမ်းသတ်အေးချမ်းစေတယ်။ အရောင်တွေ မျဉ်းကြောင်းတွေနဲ့ စိတ်ကူးပုံဖော်နေချိန်မှာ ဘာသာစကားတွေကို မေ့လျော့ထားနိုင်တဲ့ ဖြစ်စဉ်ဟာ စကားလုံးတွေရဲ့ အကျနောက် အနက်ကောက် လိုက်ရတဲ့ ရှုပ်ထွေးမှုက ကင်းဝေးစေတယ်။ 

စိတ်ရှုပ်တဲ့အခါ…. ဖုန်းထဲက contact list တွေကို အထက်အောက်ပြောင်းပြန် လှန်လှောကြည့်တယ်။ ငါ ဘယ်သူ့ကို ဖုန်းဆက်ရင်ကောင်းမလဲ။ အသံချင်းသာ ဆုံတွေ့ကြမယ်။ စိတ်ရှုပ်နေတဲ့ မျက်နှာကြီးနဲ့ မျက်နှာချင်းတော့ မဆိုင်ချင်ဘူး။ ဒါတောင် စိတ်ရှုပ်တွေ အသံကတဆင့် ကူးသွားမှာလည်း စိုးလို့ တခါတလေ ဝေခွဲမရ ဖုန်းကို အသာဘေးပြန်ချထားလိုက်တဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ နံပါတ်နှိပ်လိုက်ပြီးမှ ဟဲလို လည်း ထူးရော ပြောချင်တာတွေ မျိုသိပ်၊ ရောက်တတ်ရာရာ ဆက်ပြောဖြစ်တာတွေလည်းရှိတယ်။ လူတစ်ယောက်မှာ နှစ်သိမ့်ဆွေးနွေး အဖြေရှာတဲ့အထိ ရင်ဖွင့်နိုင်တဲ့ သူငယ်ချင်းမျိုးဟာ အနည်းဆုံး တစ်ယောက်လောက် ရှိသင့်တာပေါ့လေ။ ဖုန်းထဲက အသံလှိုင်းတွေနဲ့မှ မဟုတ်ပါဘူး။ တိုးတက်လာတဲ့ နည်းပညာ နဲ့အညီ မက်ဆင်ဂျာ တစ်ခုခုကနေ စာတိုစာရှည်ရိုက်ပြောနိုင်တာလည်း အကျုံးဝင်ပါတယ်။ 

စိတ်ရှုပ်တဲ့အခါ …… ကဗျာဖြစ်ဖြစ် စကားပြေတစ်ပုဒ်ဖြစ်ဖြစ် ရေးကြည့်ချင်တယ်။ ခက်တာက စာရေးသားခြင်း ဖြစ်စဉ်ဟာလည်း ခံစားချက်သက်သက်နဲ့ မောင်းနှင်ရတာ မဟုတ်ပြန်ဘူး။ ခံစားချက်လွှမ်းမိုးသွားတဲ့ စာတစ်ပုဒ်ကို နောက်တစ်ခေါက် ပြန်ဖတ်တဲ့အခါ စိတ်တိုင်းမကျတဲ့ အာရုံတွေ ခဏခဏ ကြုံခဲ့ရတယ်။ စာထဲမှာ စကားလုံးတွေ အထားအသိုတွေ အသုံးအနှုန်းတွေကို ခွဲခြမ်းစိတ်ဖြာ နေရာချတဲ့အခါ စိတ်ရှုပ်နေတဲ့ အတွေးထဲက တီးတိုးစကားတွေဟာ ကိုယ့်အတွက်တော့ အနှောက်အယှက် ပေးနေပြန်တယ်။ 

စိတ်ရှုပ်တဲ့အခါ …… တစ်ခွက်တစ်ဖလားလောက်မော့မလား။ ဟင့်အင်း။ အယ်လကိုဟောကို အလွဲသုံးစားပြုဖို့တော့ ဝါသနာမပါပြန်ဘူး။ စိတ်ရှုပ်ကို မေ့လျော့ဖို့ ရည်ရွယ်ချက်အတွက်တော့ အဲဒါဟာ ဘယ်တော့မှ မရွေးချယ်တဲ့ နည်းလမ်းပဲ။ စိတ်ကိုမူးရီစေတဲ့ အရည်တွေဟာ ပိုမိုသက်တောင့်သက်တာ ပြောဖြစ်ဆိုဖြစ် ရယ်မောပစ်နိုင်ကြဖို့ လူမှုရေးကဏ္ဍတွေအတွက် လည်ပတ်နိုင်ရုံ အသင့်အတင့်ချောဆီ အဖြစ်လောက်သာ ကိုယ်သဘောထားတယ်။

စိတ်ရှုပ်တဲ့အခါ…. အခိုးအငွေ့တွေကို ရှိုက်ဖွာသောက်သုံးတတ်ပြီး ကောင်းကင်ပေါ် ဝဲပျံသွားတဲ့ မီးခိုးတန်းတွေနဲ့အတူ လွင့်မျောလိုက်ပါသွားတတ်သူတွေကိုတော့ ငေးမောရုံသာ တတ်နိုင်တယ်။ အနံ့အသက်တွေကို မွန်းကြပ်တတ်သူမို့ ဒါဟာလည်း ကိုယ့်အတွက် ရွေးချယ်စရာတစ်ခု မဟုတ်ပြန်ဘူး။

စိတ်ရှုပ်တဲ့အခါ….. အစားအသောက်တွေကို ဖိစားပစ်လိုက်သူတွေရှိတယ်။ အဲဒါကတော့ စိတ်ဘယ်လိုရှုပ်သဲ ဆိုတာနဲ့မူတည်မယ်။ စိတ်ဓာတ်ကျတာ၊ စိတ်အားငယ်တာ၊ စိတ်ဖိစီးတာအတွက်တော့ စားဝင်စရာမရှိ။ စိတ်ဆိုးတာမျိုးဆိုရင်တော့ အလွန်အကျွံစားပစ်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ တခါတလေ ဖြစ်နိုင်တယ်။ တခါတလေ မဖြစ်နိုင်ဘူး။ 

စိတ်ရှုပ်တဲ့အခါ……. စိတ်ညစ်ရင် အိပ်ပစ်လိုက်မယ်။ အဲဒါက ကိုယ်လုပ်လေ့ရှိတဲ့ ကိစ္စတစ်ခု။ ပူပင်သောက ရောက်တဲ့ စိတ်အခြေအနေကလွဲလို့ ကျန်တဲ့ စိတ်ရှုပ်မှုတွေ အားလုံးမှာ လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ခေါင်းကိုက်ရင်သောက်တတ်တဲ့ အကိုက်အခဲပျောက်ဆေးကလွဲလို့ အိပ်ပျော်စေဖို့ ဆေးဝါးတွေရဲ့ အကူအညီတော့ မယူချင်ဘူး။ နှစ်နှစ်ခြိုက်ခြိုက် တဒင်္ဂသေဆုံးခြင်းဟာ အမြဲတမ်းထွက်ပြေးနိုင်တဲ့ ထွက်ပေါက်တစ်ခု မဟုတ်ပေမယ့် မေ့လျော့နေတဲ့ အချိန်တိုလေးထဲမှာတော့ စိတ်ညောင်းညာမှုကို ပြေလျော့စေတယ်။

စိတ်ရှုပ်တဲ့အခါ…… သာသာယာယာ လမ်းကလေးတစ်ခုများ အနီးအနားမှာ အဆင်ပြေခဲ့ရင်ပေါ့။ လမ်းလျှောက်ဖြစ်ခဲ့ဖူးတယ်။ လျှောက်.. လျှောက်.. ဆက်လျှောက်.. မနားတမ်းလျှောက်။ အနီးအနားမှာ ရေကန်ကလေးနဲ့ ပြေးလမ်းကလေးနဲ့ သစ်ပင် ပန်းပင်ကလေးတွေနဲ့ ခွေးကလေးတွေ ထွက်ကျောင်းနေသူ စက်ဘီးစီးနေသူ အဘိုးအဘွားအရွယ်တွေ အားကစားသမားတွေ နဲ့…။ ကိုယ်ခန္ဓာကို ပြင်းပြင်းထန်ထန် မောင်းနှင်လိုက်ပြီး ကျလာတဲ့ ချွေးစက်တွေဟာ စိတ်ထဲအထိ လောင်ကျွမ်းအငွေ့ပျံသွားပြီး ကျယ်ပြန့်တဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ပေါ့ပါးလန်းဆန်းသွားစေတဲ့ အကျိုးရှိတဲ့ နည်းလမ်းတစ်ခုပေါ့။

စိတ်ရှုပ်တဲ့အခါ….. သင်တို့ရော စိတ်ရှုပ်တတ်ပါသလား။ စိတ်ရှုပ်တဲ့အခါ ဘာလုပ်တတ်ပါသလဲ။

ပန်ဒိုရာ
၃၁၊ ၈၊ ၂၀၁၈




5 comments:

  1. စိတ်ရှူတ်တဲ့အခါ သီချင်းနားထောင်တယ် လိုက်အော်ဆိုတယ် အိပ်တယ် အစားပိုစားတယ် 😁

    ReplyDelete
  2. မကြာခဏစိတ်ရှုပ်တာခံစားရပေမဲ့ အပင်တွေရေလောင်းတယ်အလုက်တွေရှာလုပ်တယ် ရုပ်ရှင်ကြည့်တယ်(မိမိကြိုက်တတ်တဲ့ကား)

    ReplyDelete
  3. စိတ်ရှုပ်တဲ့အခါ ရှုပ်တဲ့စိတ်ကိုရှင်းနိုင်တဲ့
    ဖြစ်-ပျက် မှတ်ခြင်းဟာ တီတင့်အတွက်တော့
    တစ်ခုတည်းသောနည်းလမ်းပါ ပန်ပန်ရေ။
    တကယ်တော့ ဒီနည်းလမ်းဟာ အမှန်တကယ်ကို
    အသက်ရလာလို့ဖြစ်မယ်။

    ReplyDelete
  4. မနော် နည်းလမ်းတွေကိုလည်းသဘောကျတယ် သီချင်းအော်ဆိုတာ ကောင်းတယ်
    မစံပယ်ပြောသလို အပင်လေးတွေရေလောင်းတာလည်း စိတ်ဝင်စားစရာပဲ
    တီတင့်လို တရားမှတ်နိုင်ရင်တော့ အကောင်းဆုံးပါ နေရာအချိန် မျက်နှာသာမပေးဘူးဖြစ်နေတယ် ကြိုးစားရမယ်

    ReplyDelete
  5. Winter Tint's Winter Tint's Winter Tint - T-Tech
    Winter Tint Winter titanium teeth Tint. Winter Tint titanium helix earrings Winter Tint Winter 1xbet login Tint Tint Winter omega titanium Tint. Winter Tint Winter Tint Winter Tint. Winter Tint Winter Tint Winter Tint Winter Tint Winter Tint seiko titanium

    ReplyDelete