Technical help

Sunday, November 23, 2008

စက္ကူပုတီး



စက္ကူပုတီး

ကမ္ဘာကြီး မပျက်သုဉ်းခင်
တနေ့နေ့ပေါ့
မင်းလုပ်ပေးမယ့် စက္ကူပုတီးလေး
လည်မှာဆွဲထားမယ့်နေ့
အရောင်စုံ စိုလက်တောက်ပစွာ
အကြီးအသေး မညီမညာ
မင်းသီကုံးလိုက်တဲ့အခါ
တောပန်းရောင်စုံတွေကြားက
လိပ်ပြာတွေတောင် ငေးသွားကြမယ်
မြက်ခင်းစိမ်းပေါ်မှာ
ခြေဗလာထိုင်စင်း ကဗျာရွတ်ရင်း
နေ့အလင်းကို ညချဉ်းကပ်လာရင်
လရောင်ကိုခေါ်တဲ့သီချင်း မင်းကညည်းဆို
ကြယ်ဖြူရိပ်မှာ လေညင်းချို
တိမ်ညိုမည်း မိုးတွေသည်းလာတဲ့အခါ
ခြေဦးတည့်ရာ သံစဉ်ဆက်ရှာကြ
လက်ဖ၀ါးတွေပင့်မြှောက် မိုးပေါက်ကြားမှာ ကခုန်
သတိတရ ငုံ့ကြည့်လိုက်တော့
ဟော…
ငါ့စက္ကူပုတီးလေးလည်း အရည်ပျော်နေပါလေရော
ငါ… ငိုကြွေးမှာပေါ့
ပြီးတော့… ငါတို့ ရယ်မောလိုက်ကြမယ်။



ပန်ဒိုရာ


30 comments:

  1. ကဗျာ လေးက ကောင်းတော့ ဝေဖန်ရမှာ အားနာတယ်။ ပညာညဏ် မမှီပါဘူး. ဖတ်ရုံပါဘဲ. ။ နားလည်သူများပြောကြပါ. ကိုယ်ကတော့ခံစားကြည့်ရုံ့ပါဘဲ

    ReplyDelete
  2. အစ်မကဗျာလေးက နုနုဖတ်ဖတ်လေးဗျ...
    အသာလေး ဖတ်သွားတယ်...

    ReplyDelete
  3. ကဗျာက
    အေးအေးချိုချိုလေး
    သိမ်သိမ်မွေ့မွေ့လေး

    မကြီးပန်ရေးခဲ့ဖူးတဲ့
    သီတာ၊ ပျိုးပင်ပေါက်ကလေး
    ကဗျာလေးတွေကို သတိရမိတယ်

    ReplyDelete
  4. စွဲလမ်းမူ့ သည် အရင်းခံ ပေမယ့်......
    စိတ်ထားဖြူစင်မူ့ ကပိုပြီး အထိက ကြမယ် ထင်တာဘဲ လေ..........

    ReplyDelete
  5. ဆန့်ကျင်ဘက်ခံစားချက်၂ခုကိုသရုပ်ပေါ်အောင်ရေးဖွဲ့ထားတဲ့ကဗျာကောင်းလေးတစ်ပုဒ်လို့ယူဆပါတယ်..ငိုကြွေးခြင်းနဲ့ရယ်မောခြင်းကို
    တပြိုင်နက်တည်းခံစားလိုက်ရတဲ့အကြောင်းရင်းကိုကဗျာ
    ထဲမှာကိုယ့်ဖာသာဘဲတွေ့အောင်ရှာဖတ်သွားပါတယ်မပန်
    ရေ......

    ReplyDelete
  6. ကဗျာကို လာခံစား သွားပါတယ်။

    ReplyDelete
  7. ကောင်းတယ်၊ကြိုက်တယ်..
    ဘာကြောင့်လဲလို့တော့မပြောတတ်ဘူး..
    ဒါကြောင်. excellent ပေးမိတယ်..

    ReplyDelete
  8. စက္ကူပုတီးလေးဖတ်သွားတယ်

    ReplyDelete
  9. ပန်းချီရော၊ ကဗျာရော ကြိုက်တယ်။

    ReplyDelete
  10. မပန်ဒိုရာ...
    မြက်ခင်းစိမ်းပေါ်မှာ
    ခြေဗလာထိုင်စင်း ကဗျာရွတ်ရင်း
    နေ့အလင်းကို ညချဉ်းကပ်လာရင်
    လရောင်ကိုခေါ်တဲ့သီချင်း မင်းကညည်းဆို
    ကြယ်ဖြူရိပ်မှာ လေညင်းချို

    ကဗျာ ဖတ်ရင်းနဲ့ ကိုယ်ကိုတိုင် မြက်ခင်းပြင်ပေါ်ထိုင်နေသလို လေညင်းလေးတိုးဝှေ့သွားသလို ခံစားရတယ်။

    ReplyDelete
  11. မြက်ခင်းပေါ်မှာ ခြေဗလာဆင်းနဲ့ ထိုင်မယ်ဆိုရင် သိပ်ကောင်းတာပေါ့။ နု နုလေး ဗျာ

    ReplyDelete
  12. ကဗျာကို မဝေဖန်ချင်ဘူး ညီမပန်ရေ .. ခံပဲခံစားချင်တယ် စီပုံးမရလို့မို့လို့

    ReplyDelete
  13. အစ်မရေ..မတို့ဝန့်၊မထိဝန့်ဖြစ်ရလောက်တဲ့
    စက္ကူပုတီးလေးပါပဲ
    ခေါင်းစဉ်နဲ့ စကားလုံးလေးတွေနဲ့က နူးညံ့လွန်းလို့
    မတို့ဝန့်၊မထိဝန့်

    ReplyDelete
  14. လေညင်းလေးတွေကချို
    စိတ်ကူးလေးတွေကချို
    ဖတ်ပြီးတော့ ချိုလိုက်တာ… ကြည်နူးလိုက်တာ…
    ပြီးတော့… သူလုပ်ပေးတဲ့ စက္ကူပုတီးလေး တကုံးလောက်တောင် ဆွဲချင်စိတ်လေးပေါက်သွားအောင်
    ကဗျာဆရာမက စွမ်းပါဘိ…
    ငိုကြွေးရင်း ရယ်မောကြမှာပါ…
    သူအနားရှိနေရင်
    စက္ကူပုတီးလေးတွေ အများကြီး ထပ်ထပ်လုပ်ပေးနေမှာသေချာတာမို့ …
    အချစ်ဆိုတဲ့ စကားလုံးတလုံးမှ မပါပေမယ့်
    ချစ်ခြင်းရနံ့ ထုံသင်းနေအောင် ရေးတတ်တာကိုက… ပန်ဒိုရာပဲပေါ့…

    ReplyDelete
  15. ပန်ဒိုရာကို မနာလိုတာတွေက အဲဒါတွေကြောင့်ပေါ့... :P

    ReplyDelete
  16. မခင်ဦးမေ... ဥာဏ်မမီဘူး ဆိုတာမရှိပါဘူးနော့။ နှလုံးသားတခုနဲ့သာ ဆင်းလာခဲ့ပါ။ :)

    လင်းဒီပ... အသာလေး ဖတ်သွားလို့ ကျေးဇူးပါ။

    ညိမ်းညို.... ရိုးရိုးလေးတွေကို ခံစားပေးနိုင်တာ ၀မ်းသာတယ်။

    skyblue ... လုံးဝ သဘောတူပါတယ်။

    ကိုဆောင်း.... တွေ့သွားတယ်ဆိုရင် ၀မ်းသာရမှာပေါ့။

    ကိုအောင်... ခံစားသွားတာကျေးဇူးပါ။

    နွေသူရ.... အမှတ်ပေးသွားတာ ကျေးဇူးပါ။

    မီယာ.. အမြဲလာအားပေးတာ ကျေးဇူးနော်။

    ကိုပေါ.. ပန်းချီက ပန်းချီမဟုတ်ဘူးဗျ။ ကိုယ်တိုင်ရိုက်တဲ့ ဓာတ်ပုံလေးကို effect နည်းနည်း ထည့်ထားတာပါ။

    ယောနသံစင်ရော်... စိတ်နှစ်ပြီး ခံစားသွားတာ ပျော်စရာပေါ့နော်။

    ဟန်လင်းထွန်း... မှတ်ချက်အတွက် ကျေးဇူးပါ။

    မတူးတူးသာ... ဆီပုံးကတော့ ဖျက်ကောင်းဖျက်မယ်။ လာအားပေးတာ ကျေးဇူးပါ။

    mirror... မှန်ထဲက အရိပ်ပဲ. တို့သာတို့လိုက်ပေါ့.။

    မတန်ခူးရေ.. နူးညံ့တဲ့ နှလုံးသားလေးနဲ့ ခံစားသွားတဲ့ မတန်ခူးရဲ့ မှတ်ချက်လေးကိုက ပိုနူးညံ့နေတော့တယ်။

    ပီတိ.. မုဒိတာ ပွားပါကွယ်။။ :P

    ReplyDelete
  17. ပန်ဒိုရေ.....
    ပန်ဒိုရဲ့ ကဗျာလေးက...
    သိမ်မွေ့ တဲ့  အင်ပရက်ရှင်ပန်းချီကားလေးကို
    ကြည့်ရသလိုဘဲ....
    ကြိုက်တယ်...ပန်ဒိုေ၇...။
    နောက် ကဗျာတွေလည်း စောင့်နေပါတယ်...။

    ReplyDelete
  18. ကဗျာလေးက ကောင်းတယ်ဗျာ... နေ့အလင်းကို ညချဉ်းကပ်လာရင်... အာရုဏ်တတ်ပြီလေ အစ်မရ... အဟတ်ဟတ်... အဆင်ပြေပါစေဗျာ...

    ReplyDelete
  19. ကိုဆူး... ပန်းချီလေးနဲ့ နှိုင်းယှဉ်တဲ့ မှတ်ချက်ကို ကြားရတာ ပျော်သွားပါတယ်။ ဟုတ်တယ် တခါတခါ စာတွေက ပန်းချီအမျိုးအစားတွေလိုပဲ။

    လွမ်းလုင်.. မှတ်ချက်အတွက် ကျေးဇူးပဲနော်။ ဟုတ်တယ်နော်။ အဲလိုလည်း အဓိပ္ပာယ်ဖြစ်သွားနိုင်တာပဲ.။ ကိုယ်ဆိုလိုတာက နေ့ပြီးမှ ရောက်လာတဲ့ ည။ :)

    ReplyDelete
  20. သန္တရသ ကဗျာကောင်းလေးမို့
    ၅ စတား ပေးသွားတယ်....

    စတားက ၅ လုံးထဲ ရှိတာကိုး...

    ReplyDelete
  21. အင်း လူ့ဘ၀ဆိုတာလည်း စက္ကူပုတီးလေးဆွဲပြီး မိုးရေထဲမှာ ကခုန်ရသလိုပါပဲ။ လွတ်လပ်ပျော်ရွှင်မှုဆိုတဲ့ အရာတခုကို ကိုယ်မြတ်နိုးတန်ဘိုးထားရတာတွေနဲ့ ပေးဆပ်လဲလှယ်ယူလိုက်ရတာကလား။

    ဘာပဲဖြစ်ဖြစ် ချမ်းမြေ့ပါစေဗျာ။ စီဘောက်ပိတ်ထားလို့ ဒီမှာ လာနှုတ်ဆက်သွားပါတယ်။ အခုတော့ ခရီးရှည်ကြီးတခုကနေ ပြန်ရောက်ခဲ့ပါပြီ။

    ReplyDelete
  22. ကဗျာလေးကို ခံစားဖတ်ရှုသွားပါတယ်..
    “ကြယ်ဖြူရိပ်မှာ လေညင်းချို” တဲ့ ဒီစာသားလေကို အခေါက်ခေါက်အခါခါ ဖတ်ကြည့်ရင်း ရင်ထဲအေးလာသလိုလို ခံစားရပါတယ်..

    ခင်မင်တဲ့

    ReplyDelete
  23. နုနယ်လှပသော စက္ကူပုတီးလေးအား မိုးပေါက်ကြားမှာ ကခုန်ရင်း နှလုံးသားဖြင့် ခံစားသွားပါကြောင်း...

    ReplyDelete
  24. မိုက်သဗျို ..
    ဒါပေမယ့် မပန်.. ဒီနေ့အခြေအနေကြီးကတော့ သိပ်မကောင်းဘူးထင်တယ်.. စာရေးချင်တယ် စာရေးချင်တယ်လို့ များများရွတ်ပေးလိုက်လေ. :P

    ReplyDelete
  25. အမ...ကဗျာလေးဆုံးသွားတော့...မျက်စိမှိတ်ပီး လွင့်မြောသွားလိုက်မိတယ်အမရာ...အမပြောချင်တာတွေအပြည့်အ၀နားမလည်ပေမဲ့...နားလညိသလောက်ကပဲ တနင့်တပိုးဖြစ်သွားတယ်...
    ဖိုးမောင်

    ReplyDelete
  26. ကိုအောင်သာငယ်... ကြယ်တွေ သိပ်များလည်း ကောင်းကင်နဲ့ မဆန့်ဖြစ်နေပါ့မယ်။

    ကိုဝေလင်း.... ဒီလိုဆိုရင် တဖက်ကလည်း ကိုယ်တန်ဖိုးထားတာတွေကို မပျက်စီးသွားစေဖို့ လွတ်လပ်ပျော်ရွှင်မှုဆိုတဲ့ အရာကို စတေးလိုက်ရမှာလားဟင်။

    ကိုရင်နော်ခင်လေးငယ်... အေးမြသွားစေတယ်ဆိုရင် ၀မ်းသာပါတယ်။

    မသက်ဝေ... ခံစားသွားတာ ကျေးဇူးပါ။

    နန်းညီရေ.... မရေးချင်ဖြစ်နေလည်း ရေးဖြစ်ပါပြီ။ :)

    ဖိုးမောင်.. ပျော်ရွှင်နေတဲ့ တိမ်တိုက်တွေနဲ့ အတူဆိုရင် လွင့်မျောသွားတာ ကောင်းမှာပေါ့။

    ReplyDelete
  27. ကဗျာလေး ကောင်းလိုက်တာ မပန်

    ReplyDelete
  28. မလေး.. မလေးနှစ်သက်မယ့် ကဗျာမျိုးလို့ သတိရလိုက်ပါသေးတယ်။

    ReplyDelete
  29. အင်းးး စက္ကူပုတီးဆိုတော့ သဘာဝမြက်ခင်းတွေ လေညင်းတွေ သဘာဝအပျော်တွေနဲ့ ပိုလိုက်တာပေါ့..။
    နောက်ထပ် တခုလည်း ခံစားမိတယ်.. အချစ်လို နူးညံ့တဲ့ ခံစားမှုမျိုးမှာ ငိုရတာကိုက ကြည်နူးရယ်မောစရာပဲလို့..။
    (ပြီးတော့ ကပ်တီးကပ်ဖဲ့ ပြောရရင် သဘာဝပတ်ဝန်းကျင်ကို ပိုချစ်ရာလည်း ကျတာပေါ့နော်။:))

    ReplyDelete
  30. ကဗျာခေါင်းစဉ်လေးသိပ်လှတယ်....စာသားလေးတွေသိပ်နူးညံ့လို့...ခပ်ဖျော့ဖျော့လေးဖတ်သွားတယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete