Technical help

Sunday, May 20, 2007

ဘလော့ဂ်ခြင်းအနုပညာ

(ချက်ခြင်းအနုပညာ ပြီးတော့ ဘလော့ဂ်ခြင်း အနုပညာရေးပါဦးလို့ ညီညီ(သံလွင်) ကပြောလို့။)


ဘလော့ဂ်ခြင်းအနုပညာ

ဘလော့ဂ်သို့မဟုတ် ကိုယ်ပိုင် အင်တာနက် စာမျက်နှာများပေါ်တွင် စာရေးသားခြင်းသည် မြန်မာတို့ အကြား တစတစ ရေပန်းစားလာခဲ့ပြီတည်း။ ဤနေရာတွင် ဘလော့ဂ်တို့၏သမိုင်း ကမ္ဘာပေါ်တွင် ဘလော့ဂ် ဘယ်နှစ်ခုရှိ စသည်တို့ကို ကျွန်ုပ်က ဆွေးနွေးမည် မဟုတ်ပါ။ မသိလို့.. ဟုတ်ပေါင်.. မှားပြောမိမှာစိုးလို့.. ဟုတ်သေးပါဘူး။ အဲ.. အခြားအခြားသော ဘလော့ဂါတို့ ဖန်တစ်ရာတေအောင် ဆွေးနွေးခဲ့ပြီး ဖြစ်၍သာတည်း။ ကိုမင်းကျော်၊ ကိုရဲမွန်၊ ကိုနေဘုန်းလတ်၊ အစရှိသူတို့ ရေးထားခဲ့သည်များကို ရည်ညွှန်းကြပါကုန်။

ဘလော့ဂ်တစ်ခု ဖန်တီးလျှင် ပထမဆုံး သင့်ဘလော့ဂ်ကို နာမည်ပေးရမည်။ ယခုအခါ စီးပွားရေး လူမှုရေး နိုင်ငံရေး စသည့် ရည်ရွယ်ချက်မျိုးစုံ ဖြင့် ဘလော့ဂ်များ ဖွင့်လှစ်နေကြသည့် အားလျော်စွာ မိမိ၏ ဘလော့ဂ်နာမည်ကို မိမိရည်ရွယ်ချက်နှင့် ကိုက်ညီအောင် ပေးနိုင်လေသည်။ ဘယ်သူဘယ်ဝါ၏ ဒိုင်ယာရီ၊ ကိုယ်ပိုင်စာမျက်နှာ စသည်တို့မှာ ရိုးအီလှပြီ။

သာဓကဆောင်ရသော် အိမ်ပွဲစား၊ မြေပွဲစား၊ အကျိုးဆောင်များ အနေနှင့် ကိုယ့်ဘလော့ဂ်ကို အိမ်ခြံမြေ ဟု ပွင့်ပွင့်လင်းလင်း အမည် ပေးနိုင်သည်။ အငြိမ့်ပွဲ၊ ဇာတ်ပွဲ ထောင်သူများကလည်း ဒေါင်းကညင်သာ မင်္ဂလာ စသည်ဖြင့် ဆွဲဆောင်မှုရှိသော အမည်များပေးနိုင်သည်။ တချို့ကမူ မိမိလက်ရှိ မခံစားနိုင်သည့် အခြေအနေများကို ထင်ဟပ်သော အမည်များ ပေးကြသည်။ ဥပမာ အပိုင်းအစများ၊ လွတ်ကျသွားသော အိုးပုတ်၊ ရင်ထဲမှာ ဟိုဟာဒီဟာ စသည်တို့ဖြစ်သည်။ တချို့ကတော့ မိမိက ဘယ်သူဘယ်ဝါနှင့် အမျိုးတော်စပ် ပတ်သက်သူဖြစ်ကြောင်း ကိုယ့်ဘလော့ဂ်ကို လူရှိန်အောင် မသိမသာ ထုတ်ဖော် တတ်ကြသည်။ ရပ်ကွက်လူကြီး တူမ၏ ကဗျာဆရာ အစရှိသဖြင့် ခပ်တည်တည် အမည်ပေးနိုင်သည်။ တချို့ကတော့ ကိုယ့်ကိုယ်ကို နှိမ့်ချစွာ အမည်ပေးတတ်ကြသည်။ သာမန်လူမှတ်တမ်း စသည်ဖြင့်။ ဤသို့ဆိုလျှင် သူကလွဲလို့ အခြားလူများကတော့ အရိယာသူတော်စင်လိုလို စူပါဟီးရိုးလိုလို ဖြစ်သွားတတ်သည်။

အမည်ပေးခြင်း ပြီးလျှင် အကြောင်းအရာဘက် စဉ်းစားရမည်။ မိမိကိုယ်ပိုင် လိုင်းတစ်ခုကို ရွေးရမည်။ စတိုင်ရှိမှ စတားဖြစ်မည် မဟုတ်ပါလော။ တချို့က နိုင်ငံရေး အတွေးခေါ်များ။ တချို့က ကဗျာ။ တချို့က နည်းပညာ။ တချို့က ဂီတ။ တချို့ကတော့ ဘာရယ်မဟုတ် လိုင်းပေါင်းစုံ မထသ။ အဲ.. တချို့ကတော့ မိမိ၏ နေ့စဉ် ခံစားချက်များကို လင်းကြက်ဆော်ချိန်၊ ဆွမ်းခံပြန်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ မိုးချုပ်၊ သန်းခေါင်ကြက် တွန်ချိန် စသည့် အချိန်ပိုင်းများခွဲ၍ တင်ပြတတ်ကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ဘလော့ဂ်မျိုးစုံကို ဖတ်ရှုရခြင်းသည် ပန်းပေါင်းစုံ ဝေဆာနေသော ပန်းခင်းကြီးထဲ လျှောက်လှမ်းရသကဲ့သို့ ခံစားချက်အစုံစုံဖြင့် ကြည်နူးဖွယ်ရာအတိ ဖြစ်ပေသည်။ တစ်ခုတော့ ရှိသည်။ ဤခံစားချက်အစုံစုံ ကို အလုပ်ထဲတွင် လုပ်ဖော်ကိုင်ဖက်များ မြင်အောင်တော့ သွားမဖတ်မိစေနှင့်ကိုယ့်လူ။ ငိုလိုက် ရယ်လိုက် သင့် စပရင် မျက်နှာကို အမှတ်မထင်တွေ့သွားသော် စိတ်ပညာဆရာနှင့် တိုင်ပင်ရန် အကြံပြုခံရတတ်သည်။

ဘလော့ဂ်များ များပြားလာသောအခါ စာအုပ်ထုတ်ဝေရန်၊ သာရေးနာရေး လူမှုရေးများ ဆောင်ရွက်ရန် စသည်တို့အတွက် တစုတစည်းတည်း ရှိကြရန်လိုလာသည်။ အကြွေးတောင်း ကောင်းသူများကို ရံပုံငွေကောက်ခံရန် ကော်မီတီလူကြီး တင်၍ ဦးဆောင် လှုပ်ရှားသင့်သည်။ ထို့နောက် မြန်မာဘလော့ဂါ အစည်းအရုံး သို့မဟုတ် မြန်မာဘလော့ဂါအသင်း ဟူ၍ ထင်ရှားလာမည်။ အဲ.. ခဏနေဦး။ ကျွန်ုပ်တို့ထဲမှ အချို့သည် ပြည်ပတွင် နေထိုင်ကြ သော်လည်း အများစုမှာ မြန်မာနိုင်ငံသားများပင် ဖြစ်ကြသည်။ မြန်မာဥပဒေများကို ပြန်ကြည့်ပါရစေဦး။ အမယ်.. အသင်းအဖွဲ့ ဆိုသည်မှာ အကျိုးအမြတ် စီးပွားရေးအတွက် မဟုတ်သော်လည်း ဖွဲ့ချင်တိုင်း ဖွဲ့ခွင့်ရသည်မဟုတ်။ မှတ်ပုံတင်ရမည်။ သက်တမ်းတိုးရမည်။ သက်တမ်းတိုးလျှင် ထောက်ခံချက် မရသည်တို့ ဘာတို့ ဖြစ်လာနိုင်သည်။ မလွယ်ပါလား။ ဒီတော့ စောစောက ပြောမိသည်များ ဘွာတေး ဘွာတေး။ ဘာအသင်းမှ မဟုတ်ဘူးနော်။ ဟူး. တော်သေးသည်။ တော်ကြာ နေရင်းထိုင်ရင်း မတရားအသင်း ဖြစ်သွားမည်။

မြန်မာဘလော့ဂ်များ လက်ရှိထက် ပို၍ထွန်းကားလာလျှင် အပြိုင်အဆိုင်များလာမည်။ တနေ့တနေ့ ကန့်သတ်ရသော အချိန်ကလေးတွင် ဘလော့ဂ်ပေါင်း မြောက်များစွာကို အကုန်အစင် ဖတ်ရှုနိုင်ရန် ခက်ခဲလှသည်။ ကိုယ့်ဘလော့ဂ်ကို လာဖတ်စေချင်လျှင် ဆွဲဆောင်နိုင်ရမည်။ သို့ဖြစ်လျှင် နောင်အနာဂတ်၌ ဘလော့ဂ်များ၏ အရည်အသွေးကို မြှင့်တင်ရန် အစီအစဉ်များ ကြံဆလာနိုင်သည်။ အစွယ်ရှိသူက အစွယ်ကိုအားကိုးပြီး ဦးချိုရှိသူက ဦးချိုကို အားကိုးလေ့ရှိသည် မဟုတ်ပါလား။ စီးပွားရေး စိတ်ရှိသူများက ဘလော့ဂ်ကို လာလည်လျှင် ကံစမ်းမဲပေးခြင်း၊ နည်းပညာ သမားများက ဘလော့ဂ်တွင် အရုပ်အသံသာမက အနံ့ပါရနိုင်အောင် တီထွင်ဖန်တီးခြင်းမျိုးဖြင့်ဆွဲဆောင်မည်။ လုပ်ငန်းရှင်များကလည်း ဟစ် (ခေါ်) လာရောက်လည်ပတ်သူများသော ဘလော့ဂ်ကို ကြော်ငြာများထည့်ကြမည်။ နောက်ပိုင်း ကမ္ဘာကျော်သွားက ဘီလ်ဂိတ်တို့ ဘာတို့ပါ စိတ်ဝင်စားပြီး မိုက်ကရိုဆော့ဖ် ကြော်ငြာတွေ လာထည့်မည်။ မြန်မာလို ဖတ်ချင်လာသဖြင့် မြန်မာစကားပါ လိုက်သင်ကုန်ကြမည်။

ကျွန်ုပ် အကြံပေးလိုသည်မှာကား ဘလော့ဂ်များ၏ အရည်အသွေး တိုးတက်ရေးအတွက် နှစ်စဉ် ဆုတစ်ခုပေးလျှင် ကောင်းမည်။ အဲဒီတော့ ဒီဆုကို မည်ကဲ့သို့ နာမည်ပေးမည်နည်း။ မြန်မာဘလော့ဂါ အိုင်ဒိုးလ် ဆိုလျှင် ကောင်းမလား။ မဖြစ်သေး။ အမေရိကန်အိုင်ဒိုးလ်ကို ဖရန်ချိုက်ဆိုလား ရွိုက်ရယ်လတီဖီး ဆိုလား ပိုက်ပိုက်ပေးနေရမည်။ အဲ.. မြန်မာရုပ်ရှင်မှာ အကယ်ဒမီဟု ပေးသည်မဟုတ်လား။ ဘလော့ဂ်ဆိုတော့ တီထွင်ဆန်းသစ်သော အမည်ဖြင့် ဘလယ်ဒီမီ ဆုဟု ပေးလျှင်တော်ပေမည်။ ဟုတ်ပြီ။ အင်္ဂလိပ်လို ဘယ်လို စာလုံး ပေါင်းမည်နည်း။ တတ်သရွေ့မှတ်သရွေ့ စဉ်းစားရလျှင် Bloody-me (ကျေးဇူးပြု၍ ဘာသာပြန်ရန် မကြိုးစားပါနှင့်။) ဟုဖြစ်နိုင်သည်။ ကဲ. ချစ်စွာသော စာရှုသူ။ သင်လည်း မြန်မာဘလော့ဂါတစ်ယောက် ဆိုပါက ဘလယ်ဒီမီ မလိုချင်ပေဘူးလား။ ကျွန်ုပ်ကိုယ်တိုင်မူကား ဤအိုင်ဒီယာကို စွန့်ဦးတီထွင်သူဖြစ်သဖြင့် ဘလယ်ဒီမီ ပေါ်လာပါက ပွဲကျင်းပရေးအတွက် စပွန်ဆာများမှ ပံ့ပိုးသော အကျိုးအမြတ်ကို ရာခိုင်နှုန်းတစ်ခုဖြင့် ခွဲဝေရသင့်သည်ဟု ထင်မိလေသည်။

ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။

20 comments:

  1. မပန်ဒိုရာရေ... ပြောင်မြောက် ပါပေတယ်။ ဆရာမကြည်အေးနဲ့ ဆရာမင်းလူ၊ ဘယ်လိုမှ ယှဉ်တွဲကြည့်လို့မရတဲ့ စာရေးဆရာများ ဖြစ်ပေမယ့်၊ မပန်ဆီမှာတော့ နှစ်ယောက်လုံးကို တွေ့ရတယ်။ ရှားပါး ပစ္စည်း… အဲ… ရှားပါး ဘလော့ဂါပါပဲ။ :D

    "သူကလွဲလို့ အခြားလူများကတော့ အရိယာသူတော်စဉ်လိုလို စူပါဟီးရိုးလိုလို"

    အဲဒီလိုဆိုရင် ကောင်းတာပေါ့ မပန်ရေ… မြန်မာပြည်ကြီး မြန်မြန် ကြီးပွားတိုးတက်တာပေါ့။ ပညတ်သွားရာ၊ ဓာတ်သက်ပါတဲ့၊ အဲဒါကြောင့်… အဲဒါကြောင့်… :D

    "ဘလယ်ဒီမီ" ကို ကြိုက်တယ်ဗျို့။ဆုရွေးချယ်ရေး အဖွဲ့မှာ မပန်ကို လူကြီးခန့် ရမယ်။ ;) အဲ… “အဖွဲ့” ဆိုရင်ကော မှတ်ပုံတင်ရမှာလားဟင်။ တော်ကြာ သက်တမ်းတိုးမပေးရင် ကြံ့ဖွံ့နဲ့ ပေါင်းနေရဦးမယ်။ :( တော်ကြာ မိခင်နှင့် ကလေး စောင့်ရှောက်ရေး လက်အောက်ခံ “ဘလော့ဂါနှင့် ဘလော့ စောင့်ရှောက်ရေး” အဖွဲ့ဆိုပြီး ဖွဲ့နေရဦးမယ်။ :D

    ReplyDelete
  2. မြန်မာလို ဘလယ်ဒမီပေါ့နော်
    ဟောလီးဝုဒ်လိုဆို ဘော်စကာဖြစ်သွားနိုင်တယ်
    ရယ်ရတယ်ဟေ့ ဗျဲ

    ReplyDelete
  3. ရေးတတ်လိုက်တာ ပန်ဒိုရာ ..
    ဖတ်ရင်းနဲ့ ရယ်နေရတယ်။
    ကိုပုထုဇဉ်ပြောသလို … ရှားပါး ဘလော့ဂါပါပဲ။
    ဒါနဲ့ … ဘလယ်ဒီမီ ပေးပွဲကြီး ဘယ်တော့လုပ်မလဲ ဟင် .. ။
    ကြိုတင် စိတ်ကူးယဉ် ရအောင်လို့ .. :P

    ReplyDelete
  4. ကျွန်တော်ဆီလာရင်တော့ မီထရို အလာကားစီးခွင့် လက်မှတ်ပေးမယ် ဗျို့......................

    ReplyDelete
  5. ဟားဟားဟား မပန်တို့က လက်သံပြောင်သလား မမေးနဲ့ ။ အရမ်းဖတ်လို့ကောင်းတာပဲ ။

    ငိုလိုက် ရယ်လိုက် စပရင် မျက်နှာတဲ့.. ဟားဟား နေ့တိုင်း အလုပ်မှာ ဖတ်တိုင်း ဖြစ်၂သွားတာလေ ။

    ဘလယ်ဒီမီ ပေးရင် ကိုပုကြီးပြောသလို မပန်က လူကြီးခန့်မယ်း)

    ReplyDelete
  6. ဒိုရာတယောက် စီဘောက်စ်မှာ လာပြီးတော့ တဟဲဟဲ လုပ်ကတည်းက မျက်ခုံးတွေ လှုပ်နေပါတယ်မှတ်တာ။ လက်စသတ်တော့ ဂလိုကိုး..။ ဒါတောင် သူငယ်ဆိတ် အိပ်ချိန်တို့၊ သက်ကြီးခေါင်းချချိန်တို့ ညဥ့်ဦးယံတို့ မိုးသောက်ယံတို့ မပါသေးဘူးကွ။ :P
    ဘလယ်ဒီမီ ဆုပေးပွဲအတွက် ဆုဗန်းကိုင်ကွမ်းတောင်ကိုင်တွေလဲ လိုတယ်ကွ။ ဒါဆိုရင်တော့ ဂျစ်တူးတို့ တပြည်သူတို့ကို အကိုင်ခိုင်းရမယ်။ အမှတ်ပေးဒိုင်လူကြီးကတော့ ဆရာမမေငြိမ်း နဲ့ ဟိုဝေါ်ပုထုတောင်က ဆရာလေး။ :D

    ReplyDelete
  7. ကွိကွိ.. မကြီးပန် မကြီးပန်..
    စဉ်းစားနေတာ bloody-me of the month လုပ်ပါလားလို့.
    မကြီးပန်ရဲ့ ဘလောက်မှာ မဲရုံလေးထားပြီးတော့လေ
    ကွိကွိ

    ReplyDelete
  8. ရေးတတ်ပါပေ့ ပန်ဒိုရာ။ အမျိုးသားဘလောက်ဂါဆု၊ အမျိုးသမီးဘလောက်ဂါဆု နှင့် နပုန်းလိင်ဘလောက်ဂါဆု စသည်များရော မပေးချင်ဘူးလား။ မည်သို့ဆိုစေ ဒိုင်လူကြီးများ မိမိဘလောက် နှင့် ဆွေမျိုးနီးစပ်များ၏ ဘလောက်များ ကို ပြန်လည်ရွေးချယ်ခွင့်မရှိ ဟူသည့် စည်းကမ်းကိုတော့ မရှိမဖြစ် ထားသင့်ပေသည်။ ပိုမိုစနစ်ကျစေရန် ဘလောက်ဂါ ညီလာခံ ခေါ်ယူကျင်းပပြီး သကာလ ဘလောက်ဂါ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစေရန် အကြံပြုလိုသည်။ ပြီးလျင် သန့်ရှင်းလွတ်လပ်သော ဘလောက်ဂါ ဆန္ဒခံယူပွဲကို အပြည်ပြည်ဆိုင်ရာ ဘလောက်ဂါသမဂ္ဂ၏ ကြီးကြပ်မှုအောက်တွင် အင်တာနက်လုံးကျွတ် ကျင်းပစေသင့်သည်။ အရွယ်ရောက်ပြီးသူ မြန်မာဘလောက်ဂါအားလုံး သာတူညီမျှ မဲပေးခွင့်ရှိစေရန် သတိချပ်ပါ။

    ReplyDelete
  9. မပန်ရေ.. ခုမှ ဒီပို့စ်ကို ရုံးမှာဖတ်မိတယ်..ရယ်နေရတယ်.. တော်တော်အရေးအသားပြောင်မြောက်တယ် မပန်ရေ.. အရမ်းဖတ်လို့ကောင်းတယ်.. ခုလောလောဆယ်တော့ ရယ်နေရလို့ မပန်ပြောသလို ဘယ်အချိန် မန်နေဂျာက စိတ်ပညာဆရာနှင့် တိုင်ပင်ရန် အကြံပြုခံရမလဲ မသိဘူး.. =D

    ဘလယ်ဒီမီ ပေးမယ်ဆိုရင် တစ်ဆုကို တစ်ယောက်ပဲပေးနော်.. အကယ်ဒမီလို အားလုံးတော်တယ် ဆိုပြီး ၂ယောက် ၃ယောက် ပေးရဘူးနော်.. ဟိဟိ..

    Really thanks for this post. =)

    ReplyDelete
  10. မပန်ဒိုရာ...
    ရေးထားတာ တကယ်ကောင်းတယ်ဗျာ
ှSatire လို့ပြောရင်ရမယ်ထင်တယ်...
    တကယ် ဖတ်ရင်းဖတ်ရင်းနဲ့ Bloddy-Me ဆုတောင်
    ပေးချင်စိတ်ပေါက်လာတယ်

    ReplyDelete
  11. ကာရံနဘေတွေသာမက အကြံကောင်းဥာဏ်ကောင်းများလဲ သူထွက်သကိုး

    ReplyDelete
  12. သူများလဲ ..ပါဘူး မပန်… ဟွန်း ..စိတ်ဆိုးသွားပြီ… =)

    ReplyDelete
  13. ခုမှရောက်လို့ ၊ ခုမှဖတ်ဖြစ်တယ်...
    ဖတ်လို့ ကောင်းလိုက်တာ မပန်ရယ်...
    ဖတ်ရင်းနဲ့ monitor ကို ရီရီပြနေမီတယ်...

    အော်...သူများတွေများ တော်လိုက်ကြတာ...
    ကိုယ်မှာသာ.. post ဘာတင်လို့တင်ရမှန်းမသိ.. :P

    ReplyDelete
  14. သူများတွေကတော်လိုက်တာကောင်းလိုက်တာနဲ့ချီးကျူးနေကြလို့ကိုယ်comment လေးကိုသူများနဲ့မတူအောင်ပြောင်းရေးလိုက်တယ်နော်၊ မနာလိုချင်စရာဖြစ်အောင်ကောင်းနေတော့တာပဲ၊ ဟွန့်၊ ဟားဟား စတာပါ၊ အရမ်းလေးစားပါတယ်၊ ကြိုးစားပါလို့မပြောတော့ဘူးနော်၊ တောကြာကိုယ်ပြောလိုပဲကြိုးစားပြီးရေးနေသလိုလိုဖြစ်သွားမှာစိုးလို့၊ ဒီလိုမျိုးပို့စ်ကောင်းကောင်းလေးတွေ များများရေးနိုင်အောင် အားလပ်ချိန်များများရပြီ၊ ပိုက်ပိုက်တွေဒလဟောဝင်တဲ့ဌာနမျိုးမှာအလုပ်လုပ်ရပါစေလို့ဆုတောင်းပေးလိုက်တယ်နော်

    ReplyDelete
  15. ဒီပို့်စ်မှာ ကွန်မန့်တွေ များလို့ တစ်ယောက်စီ မပြန်နိုင်တာ ခွေးလွှတ်ပါ။ အားလုံး ဘ၀အမောတွေ ခဏလေးဖြစ်ဖြစ် ပြေသွားတယ် ဆိုရင် ကျေနပ်ပါတယ်။ ဒါမျိုးလေးတွေ လာပါဦးမယ်။ မျှော်……..

    ReplyDelete
  16. ဘလယ်ဒမီပေးပွဲလုပ်ရင် လက်မှတ်အလကားရအောင် လာကောမက်လိုက်ဘီ.. :P

    ReplyDelete
  17. ဟားဟား ..တကယ်ရယ်ရတယ်။။ မပန်တို့တော့ လုပ်လိုက်ပြန်ပြီ..

    ReplyDelete
  18. ဘလယ်ဒမီကလူဂျမ်ဆုေ၇ာပါလား--လူစိအောင်ပေးနော်--အဟိ

    ReplyDelete
  19.်ဘလယ်ဒမီ လူကြမ်းဆုအတွက် စိုးဇေယျကြီးကို အဆိုပြုပါတယ် ...
    သဘူတောသူတွေ လက်ခုပ်တီးကြပါ ...
    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

    ReplyDelete
  20. ပန်ပန့်ဆီက ပို့စ်တခု ရှာရင်းနဲ့ ဒီပို့စ်လေး ပြန်လာဖတ်သွားပြီး ရယ်နေမိတယ်။ အခုချိန်မှာ ဘလော့အကယ်ဒမီလဲ ပေါ်နေပြီဆိုတော့ ပန်ပန့်ရဲ့ ကြိုမြင်တဲ့ အတွေးကို ချီးကျူးမိပါရဲ့။
    ဒီထဲမှာ ကွန်မန့်ရေးထားတဲ့ သူတချို့ကိုလဲ သတိရမိသား ... ။

    ဒါနဲ့ မမေရှာတာ ဒေါင်းအနုဋီကာ ဆိုတဲ့ ကဗျာလေးလေ။ ကိုပုထုဇဉ်တို့ ကိုနတ္ထိတို့နဲ့ အတူ ရေးခဲ့တဲ့ ကဗျာဟာလေ ... အဲဒါ ပန်ပန့်လင့်ခ်က ပျောက်နေတယ်။ ဖြုတ်ထားတာလား။ မမေ ပြန်ဖတ်ချင်လို့ ရှိသေးရင် မေးလ်ပို့ပေးပါလို့ ပူဆာပါရစေ ... ။

    ReplyDelete