နှစ်ထောင့်တစ်ဆယ် နှစ်ထောင့်တစ်ဆယ်နဲ့ ဖလန်းဖလန်းထခဲ့တဲ့ နှစ်လည်း အခုတော့ နှစ်ထောင့်တစ်ဆယ့်တစ် ရှေ့မှောက်မှာ ယိုင်ထိုးလဲပြိုလုပြီ။ ရပ်တန့်လို့မရတဲ့ အချိန်ဆိုတဲ့ ယန္တရားကြီးထဲမှာ အသစ်တွေဟာ တချိန်ချိန်မှာ အဟောင်းဖြစ်ပြီး ချုပ်ငြိမ်းရမှာ ဓမ္မတာ။ ပိုင်ဆိုင်မှုတွေဆိုတာ တဒင်္ဂ။ ဘယ်အရာမှ မတည်တံ့တဲ့ လောက။ အနန္တသူရိယ အမတ်ကြီးကလည်း မျက်ဖြေလင်္ကာမှာ “စံအိမ်နန်းနှင့် ကြငှန်းလည်းခံ မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာလည်း သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည်း” လို့ ဆိုခဲ့တယ် မဟုတ်ပါလား။ တချို့ရေပွက်တွေကတော့ ဆူနာမီလောက် ပွက်-ပွက်နိုင်လွန်းတဲ့အတွက် တော်တော်နဲ့ ပြန်မကျသေးတာမျိုး ရှိကောင်းရှိမယ်။
နှစ်အသစ်အသစ်တွေ ရောက်လာတိုင်း ကိုယ်ရေးရာဇ၀င်မှာ အသက်တစ်နှစ်ကြီးတာကို update လုပ်လိုက်ရတာကတော့ သိသာတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဘလော့ဂ်ထဲမှာ စာရေးသားမှုနဲ့ ပတ်သက်လို့တော့ ခါတိုင်းနှစ်တွေမှာ တစ်နှစ်ကို ပို့စ်ပေါင်း တစ်ရာကျော် ရေးခဲ့ပေမယ့် ၂၀၁၀ မှာတော့ သိသိသာသာ ကျဲသွားပါတယ်။ ၆၀ကျော်ပဲ ရှိတယ်။ အရေအတွက်ကျပေမယ့် အရည်အချင်းကတော့ မကျလောက်ဘူးလို့ ကိုယ့်ကိုယ်ကို ကြံဖန်အားပေးရပါတယ်။
မနှစ်က နှစ်ကုန်ခါနီး ရေးခဲ့တဲ့ ပို့စ်မှာ “တစ်နှစ်တာ မကြိုက်များ” ဆိုပြီး ကိုယ့်ကိုယ်ကို မကြိုက်တာတွေ ရေးခဲ့တယ်။ ဒီနှစ်ကတော့ ကြိုက်တာတွေ ရေးမယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို ကြိုက်သင့်တယ်။ ဒါဟာ သံသယရှိစရာမလိုဘူး။ ငါအသုံးမကျဘူး ငါ့မှာ ဘာမှမပြည့်စုံဘူး ငါမအောင်မြင်ဘူး စသည်ဖြင့် အားငယ် စိတ်ပျက်နေသူတွေဟာ ကိုယ့်ကောင်းကွက်လေးတွေ ပြန်ရှာကြည့်သင့်တယ်။
၂၀၁၀ထဲမှာ မိသားစုကိစ္စတွေ၊ အလုပ်ဖိစီးမှုတွေ၊ လုပ်ချင်တာလျှောက်လုပ်ချိန်တွေ အတွက် ဦးစားပေးပြီး မှတ်ချက်ရေးတာ မှတ်ချက်ပြန်တာ ဆီပုံးမှာနှုတ်ဆက်တာ အွန်လိုင်းမှာ စကားစမြည်ပြောတာတွေမှာ အင်မတိအင်မတန် အားနာတာကို အတတ်နိုင်ဆုံး ကြိတ်မှိတ်မျိုသိပ်ပြီး လူမှုဆက်ဆံချိန်တွေ အရင်ကနဲ့စာရင် လျှော့ဖြစ်ခဲ့တာကို ကြိုက်တယ်။ ပို့စ်မတင်တာ နည်းနည်းလေးကြာရင် ဧည့်ဝတ်မကျေသလိုလို မနေတတ်မထိုင်တတ် ဖြစ်တတ်တဲ့၊ လာရှာသူတွေ ရှိခဲ့ရင် စိတ်ပျက်သွားမလား စိုးရိမ်တတ်တဲ့ စိတ်တွေကို ဖျောက်ပြီး တခါတလေ ကိုယ့်ဘလော့ဂ်တောင် ကိုယ်ဖွင့်မကြည့်ဖြစ်အောင် ကာလရှည်ကြာ အသည်းတွေ မာနေနိုင်တာကိုလည်း ကြိုက်တယ်။ မူရာကာမိအကြောင်းတွေ ရေးမယ်လို့ ကတိပေးပြီးမှ အာရုံတွေက တခြားဘက်မှာ အနည်ထသွားပြန်တော့ ပိတ်သတ်ကြီးကို အားမနာလျှာမကျိုး ဘာဖြစ်လဲ နောက်မှရေးမှာပေါ့လို့ ခပ်တင်းတင်း စိတ်ထားနိုင်တာကိုလည်း ကြိုက်တယ်။
ရွေ့လျားနေတဲ့ယာဉ်ပေါ်မှာ စာဖတ်ရင် ခေါင်းမူးတတ်တာကို အကျင့်မရရအောင် လုပ်ပြီး ရုံးသွားရုံးပြန်ချိန်တွေ ရထားပေါ်မှာ စာနည်းနည်းပါးပါး ဖတ်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တာကိုလည်း ကြိုက်တယ်။ စာရေးတာ နည်းသွားပေမယ့် ပုံလေးတွေကို စိတ်ကိုနည်းနည်း ပိုဆွဲဆန့်ပြီး ရေးဖြစ်လာတာကိုလည်း ကြိုက်တယ်။ ပေါင်ချိန်စက်ကို လနဲ့ချီပြီး မေ့မေ့ပျောက်ပျောက်ထား အစားအသောက် မပျက်ခဲ့တဲ့ အဖြစ်ကိုလည်း ကြိုက်တယ်။ တက်တက်လာတဲ့ သတင်းတွေထဲမှာ အများသူငါလိုပဲ လူဆန်ဆန် စိတ်လှုပ်ရှားလိုက် အတင်းပြောလိုက် ပျော်ရွှင်လိုက် အားမလိုအားမရဖြစ်လိုက် စိတ်ပျက်လိုက်နဲ့ လိုက်လျောညီထွေ လိုက်စီးဆင်းနေရတာကိုလည်း ကြိုက်တယ်။
ဘလော့ဂ်ရေးခါစက ဂျစ်တူးတို့နဲ့ အတူတူ ဘလော့ဂါမြှင့်တင်ရေး တာဝန်ခံတွေအလား လွတ်လွတ်လပ်လပ် တင်ပြပြောဆိုတတ်တဲ့ ယဉ်ကျေးမှုတွေ ထွန်းကားရေးဘာညာ ကြီးကြီးကျယ်ကျယ်စဉ်းစားရ၊ ဘလော့ဂ်ဝက်ခ်ျ စောင့်ကြည့်ရ၊ ဘလော့ဂါအသစ်ပေါ်လာရင် လည်ပတ်မှတ်ချက်ရေး အားပေးရ၊ မရေးတော့ဘူး ဆိုသူတွေကို စည်းရုံးဆွဲဆောင်ရ၊ ဘယ်ဘလော့ဂ်က ကောင်းတယ်ဆိုရင် အချင်းချင်းလက်တို့ရ၊ အခုတော့လည်း ဘာသိဘာသာ အတော်နေတတ်သွားတာကို ကြိုက်တယ်။ တချို့ကိစ္စတွေက သူ့သဘာဝဖြစ်စဉ်အတိုင်း သူ သွားပါလိမ့်မယ်။ အခုဆို အွန်လိုင်းမှာ မြန်မာစာရေးသားခြင်း အလေ့အထဟာ အရှိန်ကောင်းလာလိုက်တာ ကိုယ်မသိတော့တာတွေလည်း အများကြီး ကိုယ့်ကို မသိတာတွေလည်း အများကြီး။ ဒီလိုပဲ အစဦးပိုင်းက ရေးခဲ့သူတွေလည်း တဖြုတ်ဖြုတ်ပျောက်သွားကြတာတွေ ရှိလာခဲ့တယ်။ အွန်လိုင်းဘ၀တွေက ပျောက်သောသူကြာရင်မေ့ ဆိုတော့လည်း ကျန်တဲ့လူတွေက မေ့မေ့ပျောက်ပျောက် ဆက်လက် လည်ပတ်နေကြဆဲ။
ကြိုက်တာတွေက ရှိဦးမှာပါ။ ဒီလောက်နဲ့ နားဦးမယ်။ ဘာမှမရှိတာနဲ့ စာရင် တစ်ခုခုရှိတာတော့ ကောင်းတာပေါ့ ဆိုတာမျိုးက အခုနောက်ပိုင်းမှာ ခေတ်စားလာတယ် မဟုတ်လား။ မကြိုက်တာတွေကို ပြင်မရတာနဲ့စာရင် ရှိတာလေးတွေကို ရှာဖွေပိုက်စိတ်တိုက်ပြီး အခုလိုကြိုက်လိုက်တော့လည်း မအေးပေဘူးလား။ ကုသိုလ်ကံပေး မရသေး နှောင့်နှေးဗျာပါ မရှိရာ ဆိုပြီး ထမင်းကြမ်းလေး ယပ်ခပ်စားနိုင်ကြစေဖို့ နှစ်ထောင့်တစ်ဆယ့်တစ် အကြို ဆုတောင်းပေးလိုက်ပါတယ်။
ပန်ဒိုရာ


















