Thursday, August 19, 2010

ကမ်းခြေက ကက်ဖ်ကာနဲ့ တွေ့ဆုံခြင်း



အခုရက်ပိုင်းတွေမှာတော့ အားလပ်ချိန်လေးတွေမှာ စာမရေးဖြစ်ဘဲ စာဖတ်ဖြစ်တာ များပါတယ်။ သူငယ်ချင်းတစ်ယောက် ညွှန်းလို့ ဂျပန်စာရေးဆရာ ဟာရူကီ မူရာကာမီ (Haruki Murakami) ရေးတဲ့ ၀တ္ထုစာအုပ်တွေကို ကိုင်ဖြစ်ပါတယ်။ ပို့စ်မော်ဒန် လက်ရာတွေထဲမှာ ထင်ရှားတဲ့ ဟာရူကီမူရာကာမီဟာ လက်ရှိမှာ အသက် ၆၁ နှစ် ရှိပြီး စာတွေ ဆက်လက်ရေးသားဆဲပါ။ သူရေးတဲ့ ၀တ္ထုရှည်တွေထဲက ၂၀၀၂ ခုနှစ်မှာ ဂျပန်ဘာသာနဲ့ ပုံနှိပ်ခဲ့ပြီး၂၀၀၅ ခုနှစ်မှာ Philip Gabriel ဘာသာပြန်ဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့တဲ့ Kafka on the shore ဆိုတဲ့ စာအုပ်ကို အရင်ဖတ်ဖြစ်ပါတယ်။

ကက်ဖ်ကာ (Kafka) လို့ပြောလိုက်ရင် နှစ်ဆယ်ရာစုရဲ့ ထင်ရှားတဲ့ စာရေးဆရာ Franz Kafka ကို သတိရကြမှာပါ။ ကျော်ကြားတဲ့ ၀တ္ထုတွေဖြစ်တဲ့ The Tiral တို့ The Castle တို့ဆိုတာ မြန်မာပရိသတ် အတော်များများနဲ့ ရင်းနှီးပြီးသားပါ။ ကက်ဖ်ကာ တာမူရ ဆိုတာကတော့ မူရာကာမီရဲ့ ၀တ္ထုထဲက ဇာတ်လိုက်လေးရဲ့ နာမည်ဖြစ်ပါတယ်။

ဒီဝတ္ထုမှာ အရေးပါတဲ့ နောက်ခံပုံပြင်တစ်ခုကတော့ Oedipus Complex ဆိုတဲ့ သီအိုရီတစ်ခု ဖြစ်တယ်။ အောဒီပတ်စ် (Oedipus) ဆိုတာက ဂရိဒဏ္ဍာရီတွေထဲက ဇာတ်ကောင်တစ်ကောင်ပါ။ အောဒီပတ်စ် က သူ့အဖေကို သတ်ပြီးတော့ သူ့အမေနဲ့လက်ထပ်ခဲ့တယ် လို့ ပုံပြင်ထဲမှာ ပါပါတယ်။ ကလေးဘ၀မှာ အမေကို မိန်းမတစ်ယောက်အဖြစ် သဘောထား ခင်တွယ်ပြီး အဖေကို မုန်းချင်တဲ့ စိတ်အခြေအနေ ခေတ္တ ပေါ်လာတတ်တာကို Oedipus Complex လို့ ဆေးပညာမှာ ခေါ်ဝေါ်လေ့ရှိတယ်လို့လည်း ကြားဖူးပါတယ်။

Kafka on the shore ၀တ္ထုအကြောင်းကို ပြောရရင် ဇာတ်လမ်းနဲ့တင် မလုံလောက်ပါဘူး။ ဇာတ်လမ်းဇာတ်ကွက်တွေက အရေးပါတာ မှန်ပေမယ့် စာရေးဆရာရဲ့ တင်ပြပုံနဲ့ သိမ်းဝှက်ထားတဲ့ ပဟေဠိဆန်ဆန် အတွေးအခေါ်တွေက ဒီဝတ္ထုရဲ့ အဓိကအချက်တွေပါ။ ဆာရီယယ်ဆန်တဲ့ ပို့စ်မော်ဒန် ၀တ္ထုတစ်ပုဒ်မို့ သမားရိုးကျ ဇာတ်လမ်းတွေလို မဟုတ်ပါဘူး။ သဘာဝထက် လွန်ကဲတဲ့ ဖြစ်ရပ်တွေ အတွေးအခေါ်ကို အခြေပြုတဲ့ ဇာတ်ကွက်တွေ အများကြီး ပါပါတယ်။ အခုလို မှတ်စုလေး ရေးမိတဲ့ အကြောင်းရင်းမှာ ဒီစာအုပ်ကို တခြားဘာသာစကား အတော်များများမှာ ဘာသာပြန်ခဲ့ကြတယ် ဆိုပေမယ့် မြန်မာနိုင်ငံ အနေအထားနဲ့တော့ တစ်ယောက်ယောက်က မြန်မာလို ဘာသာပြန် ထုတ်ဝေဖို့ မဖြစ်နိုင်ဘူးလို့ ထင်မိတာလည်း ပါပါတယ်။ ဇာတ်လမ်းရဲ့ အဓိကကျောရိုး အကြောင်းအရာနဲ့ တင်စားမှုတွေဟာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ အတွေးအခေါ်တွေနဲ့ အများကြီး ပဋိပက္ခ ဖြစ်နေနိုင်ပါတယ်။

မူရာကာမီရဲ့ ရေးဟန်စတိုင်ဖြစ်တဲ့ ဖြစ်ရပ်နှစ်ခုကို အပြိုင်တင်ပြခြင်း ကို ဒီဝတ္ထုမှာ တွေ့ရမယ်။ တစ်ခုကတော့ ဇာတ်လိုက်ဖြစ်တဲ့ အသက် ၁၅နှစ် အရွယ်ဖြစ်တဲ့ ကက်ဖ်ကာတာမူရ ဆိုတဲ့ လူငယ်လေး အိမ်ကထွက်ပြေးတဲ့ အကြောင်းပါ။ နောက်တစ်ခုကတော့ ကြောင်တွေနဲ့ စကားပြောတတ်တဲ့ နာကာတာဆိုတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ အကြောင်း။ အဲဒီအကြောင်းအရာ နှစ်ခုကို တစ်လှည့်စီ ဖော်ပြထားပြီး နောက်ပိုင်းမှာ ခပ်ပါးပါး ဆက်စပ်ပေးသွားပါတယ်။

ဇာတ်လမ်းအဖွင့်မှာ ကျီးကန်းလို့အမည်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ ၁၅နှစ်သား ကက်ဖ်ကာတို့ စကားပြောနေဟန်နဲ့ စထားပါတယ်။ ကျီးကန်းက ကက်ဖ်ကာ အိမ်ကထွက်ပြေးမယ့် အစီအစဉ်မှာ အကြံပေးနေပါတယ်။ ကက်ဖ်ကာ ဟာ တိုကျိုမှာ နေတယ်။ တနေ့မှာ သူ့အဖေကို သတ်ပြီး သူ့အမေ သူ့အစ်မနဲ့ အတူနေလိမ့်မယ် လို့ သူ့အဖေကိုယ်တိုင်က နိမိတ်ဖတ် ကျိန်စာတိုက်ထားတာကို ငယ်ငယ်ကတည်းက ခံရတယ်။ အတူနေ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုတော့ နောက်မှ သူသိခဲ့တာပါ။ သူ့ကိုမမွေးခင် အချိန်တွေက မွေးစားထားတဲ့ အစ်မတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ လေးနှစ်သားလောက်မှာ သူ့အမေဟာ အဲဒီအစ်မကို ခေါ်ပြီး အိမ်ကဆင်းသွားတယ်။ အဲဒီအမေနာမည်နဲ့ အစ်မနာမည်ကိုတောင် သူမသိခဲ့ဘူး။ သူ့ကိုကျောင်းအပ်တော့ အဖေနာမည် တစ်ခုတည်းနဲ့ပဲ အပ်ခဲ့တယ်။ သူ့အဖေ ကြိုနိမိတ်ဖတ်ခဲ့တဲ့ ကျိန်စာဟာ သူ့နှလုံးသားထဲမှာ စွဲနေတယ်။ သူ့အဖေကိုလည်း သူမုန်းတယ်။ အသက် ၁၅ နှစ်သား ရောက်တဲ့အခါ သူ့အဖေကို ထားပြီး အိမ်ကနေ ထွက်ပြေးခဲ့တယ်။ လမ်းမှာ သူ့အစ်မအရွယ် ဆာကူရာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ခင်မင်သိကျွမ်းခဲ့တယ်။ နောက်တော့ တခြားမြို့တစ်မြို့ကို ရောက်သွားတယ်။

တနေ့မှာ သူဟာ သတိလစ်သလိုဖြစ်သွားပြီး သတိရလာတော့ လက်မှာ သွေးတွေပေကျံလို့ သူမသိတဲ့ လမ်းဘေးတစ်နေရာကို ရောက်နေခဲ့တယ်။ သူ့အဖေ ဟောကိန်း ထုတ်ထားခဲ့သလို သူ့အဖေကို သူသတ်မိသလားလို့ တွေးလိုက်မိတယ်။ သူ့ကိုယ်သူ မသေချာဘူး။ ဒီမြို့ကနေ ဒီလောက် အချိန်တိုတိုလေးမှာ တိုကျိုကို ပြန်သွားပြီး သူ့အဖေကို သွားသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူဟာ အိပ်မက်ထဲမှာ သူ့အဖေကို သွားသတ်မိသလားလို့ သံသယဖြစ်မိတယ်။ အဲဒီညမှာ သူနဲ့ လမ်းမှာတွေ့ခဲ့တဲ့ ဆာကူရာ ဆီကို ဖုန်းဆက်ပြီး ရောက်သွားတယ်။ ဆာကူရာက သူ့အိမ်မှာ ကက်ဖ်ကာ နေချင်ရင် နေလို့ရတဲ့အကြောင်း ကမ်းလှမ်းပေမယ့် ကက်ဖ်ကာက နောက်တနေ့ မနက်မှာ ပြန်ထွက်လာခဲ့တယ်။ နောက်တော့ သူ့အဖေ အသတ်ခံရတယ် ဆိုတဲ့သတင်းကို ကြားရတယ်။ သူဟာ ဇဝေဇ၀ါဖြစ်နေခဲ့တယ်။

နောက်တော့ ပုဂ္ဂလိက စာကြည့်တိုက်တစ်ခုမှာ နေတယ်။ စာကြည့်တိုက်ဝန်ထမ်း အိုရှီးမားက သူ့ကို စာကြည့်တိုက်အကူ အဖြစ် အလုပ်ပေးထားတယ်။ သူ့ကို စာကြည့်တိုက်ထဲက အခန်းတစ်ခန်းထဲမှာ နေစရာပေးတော့ ထူးခြားတဲ့ ပန်းချီကားတစ်ချပ်ကို တွေ့ရတယ်။ ပန်းချီကားထဲမှာ ရေးထားတာ ကမ်းခြေတနေရာက လူငယ်တစ်ယောက်ပုံပါ။ နောက်တော့ မစ်စ်ဆေကီ လို့အမည်ရတဲ့ စာကြည့်တိုက် အုပ်ချုပ်သူ အမျိုးသမီးကြီးနဲ့ တွေ့တယ်။ မစ်စ်ဆေကီအကြောင်းကို အိုရှီးမားက ပြောပြတယ်။ မစ်စ်ဆေကီက တချိန်က Kafka on the shore လို့ အမည်ရတဲ့ သီချင်းတစ်ပုဒ်ကို ဓာတ်ပြားထုတ်ခဲ့ပြီး နာမည်ကျော်ခဲ့တယ်တဲ့။ သူ့ချစ်သူဟာ အသက်ငယ်ငယ်နဲ့ ဆုံးပါးပြီးတဲ့နောက် မစ်စ်ဆာကီဟာ ပျော်စရာတွေ ပျောက်ဆုံးသွားခဲ့တယ်။ မြို့ကနေ အချိန်အတော်ကြာ ပျောက်သွားပြီးမှ ပြန်ရောက်လာတယ်တဲ့။ ကက်ဖ်ကာ့ အခန်းထဲက ပန်းချီကားထဲက ကောင်လေးပုံဟာ မစ်စ်ဆေကီရဲ့ ချစ်သူဟောင်း ဖြစ်နိုင်တယ် တဲ့။

ကက်ဖ်ကာက အဲဒီအမျိုးသမီးကြီးကို သူ့အမေဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ယူဆနေမိတယ်။ သူ့အဖေ ရှေ့ဖြစ်ဟောခဲ့တာတွေ မှန်လာတော့မလားလို့လည်း စွဲလန်းနေတယ်။ ညဘက်ရောက်တော့ သူအိပ်နေတုန်း သရဲခြောက်သလို ခံစားရတယ်။ အသက် ၁၅ နှစ်လောက်ရှိတဲ့ ကောင်မလေးတစ်ယောက်က သူ့ခုတင်ပေါ်မှာထိုင်ပြီး ပန်းချီကားကို ငေးကြည့်နေသတဲ့။ သေသေချာချာကြည့်တော့ အဲဒီမိန်းကလေးဟာ မစ်စ်ဆာကီကိုယ်တိုင်ရဲ့ ၁၅ နှစ်အရွယ်ဖြစ်နေတယ်။ ကက်ဖ်ကာက အဲဒီမိန်းကလေးကို ကြိုက်သွားမိတယ်။ အဲဒီ သရဲက သူ့အခန်းကို နေ့တိုင်းလာတယ်။ လူတွေဟာ အသက်ရှင်နေပေမယ့်လည်း အချိန်ပိုင်းတစ်ခုမှာ တစ္ဆေသရဲ ဖြစ်ချင်ရင် ဖြစ်နေနိုင်ကြောင်း အိုရှီးမားနဲ့ ဆွေးနွေးဖြစ်တယ်။ နောက်တော့ အမျိုးသမီးကြီး မစ်စ်ဆေကီနဲ့ ကက်ဖ်ကာဟာ တကယ့်ကို ဇာတ်လမ်းဖြစ်သွားခဲ့ကြတယ်။



နာကာတာ ဟာ ဉာဏ် ရည်မမြင့်ဘူး။ စာမတတ်တဲ့ အဖိုးကြီး တစ်ယောက်ပါ။ တိုကျိုမြို့မှာ နေထိုင်ပါတယ်။ သူဟာ ကလေးဘ၀က ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု အောက်မှာ အိမ်ကနေ ပျောက်ဆုံးသွားဖူးတယ်။ သူ့ကို ပြန်တွေ့တဲ့ အချိန်မှာ သူ့ရဲ့မှတ်ဉာဏ် တွေ အကုန်ပျောက်သွားတယ်။ သူ့ကို စာသင်ပေးလို့လည်း မရတော့ဘူး။ ဒီလိုနဲ့ အသက်ကြီးလာပြီး မိဘတွေလည်း ဆုံးပါးသွားတော့ တစ်ယောက်တည်းပဲ နေပါတယ်။ သစ်သားနဲ့လုပ်တဲ့ ပရိဘောဂဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ ခေတ်တွေပြောင်းသွားတော့ လူတွေက အဲဒီလိုပရိဘောဂတွေ သိပ်မလုပ်ကြတဲ့အချိန်မှာ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ သူက ကြောင်တွေနဲ့ စကားပြောတတ်တော့ ကြောင်ပျောက်တဲ့လူတွေအတွက် ကြောင်လိုက်ရှာပေးတဲ့ အလုပ်လုပ်ပါတယ်။ သူ့သွေးချင်းတွေက သူ့ကို အသေအချာ မထောက်ပံ့တဲ့အတွက် မြို့တော်ဝန်က ပေးထားတဲ့ ထောက်ပံ့ကြေးနဲ့ပဲ နေထိုင်ပါတယ်။

တနေ့တော့ သူ့ဆီကို ထူးဆန်းတဲ့ လူတစ်ယောက် ရောက်လာတယ်။ ဦးထုတ်ရှည်နဲ့ ကုတ်အကျီနဲ့နဲ့။ သူ့ကိုယ်သူ ကြောင်သတ်သမားလို့ပြောတယ်။ ကြောင်တွေရဲ့ ၀ိညာဉ်ကနေ ပုလွေလုပ်မလို့လို့ ပြောတယ်။ သူ့နာမည်က ဂျော်နီဝါကား တဲ့။ ဂျော်နီဝါကားက နာကာတာကို သူ့ကိုသတ်ပေးဖို့ပြောတယ်။ နာကာတာက မသတ်ရဲဘူး။ ဒီတော့ ဂျော်နီဝါကားက ကြောင်တွေကို တစ်ကောင်ပြီးတစ်ကောင် သတ်ပြပါတယ်။ ဒီတော့ နာကာတာလည်း မနေနိုင်ပဲ ဂျော်နီဝါကားကို မီးဖိုချောင်က ဓားနဲ့ ထိုးသတ်လိုက်တယ်။

နောက်တော့ နာကာတာက ရဲတစ်ယောက်ကို သူ လူသတ်လိုက်တဲ့အကြောင်း သတင်းသွားပို့ပါတယ်။ ရဲက မယုံဘူး။ သေသေချာချာ မှတ်တမ်းယူမထားဘူး။ အဘိုးကြီးက စိတ်မနှံ့လို့ ပြောနေတယ်လို့ပဲ ထင်တယ်။ နာကာတာက ပြန်ခါနီးမှာ ရဲကိုပြောခဲ့တယ်။ နောက်တရက်နှစ်ရက်မှာ ငါးမိုးရွာလိမ့်မယ်တဲ့။ နောက် တစ်ရက်နှစ်ရက်ကြာတော့ တကယ်ကိုပဲ ငါးမိုးရွာပါတယ်။ ရဲလည်း အံ့သြနေတယ်။ ဒါဆို အဘိုးကြီး တကယ်လူသတ်ခဲ့သလား ဇဝေဇ၀ါဖြစ်သွားတယ်။ နောက်တော့ လူသေအလောင်းတစ်ခုကို တွေ့ကြပါတယ်။ တိုကျိုက ထင်ရှားတဲ့ ပန်းပုဆရာ တစ်ယောက် ကို မီးဖိုချောင်က ဓားနဲ့ထိုးသတ်ခံရတာ ဖြစ်နေတယ်။ နောက်တော့ သက်ဆိုင်ရာတွေဟာ နာတာကာ က ရဲတစ်ယောက်ကို လူသတ်မိကြောင်း လာဝန်ခံထားတာကို သိသွားကြတယ်။ နာကာတာကို လိုက်ရှာကြတယ်။ အဲဒီအချိန်မှာ အဘိုးကြီး နာကာတာကတော့ မြို့မှာမရှိတော့ဘူး။ အဝေးတနေရာကို ခရီးထွက်သွားပြီ။



နာကာတာဟာ ကားကြုံတွေ တစ်စီးပြီး တစ်စီး စီးပြီး ခရီးထွက်ခဲ့တယ်။ သူ့မှာ လုပ်ငန်းတစ်ခု ပြီးဆုံးအောင် လုပ်စရာရှိတယ်လို့ ဆိုပါတယ်။ နောက်ဆုံးသူ့ကို ကားကြုံတင်ခေါ်တဲ့ ကားမောင်းသမား ဟိုရှီနို ဆိုတဲ့ လူငယ်တစ်ယောက်နဲ့ သူ့ခရီးကို ဆုံးခန်းတိုင်အောင် ဆက်သွားခဲ့တယ်။ ဟိုရှီနိုက သူ့ကို ကူညီတယ်။ အရာရာကို နေသားတကျပြန်ဖြစ်အောင် လုပ်ပေးရမယ့် ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံးကို ကူရှာပေးတယ်။ ပြီးတော့ နာတာက တောင်းဆိုတဲ့အတိုင်း အဲဒီကျောက်တုံးနဲ့ တစ်ခုခုကို တံခါးဖွင့်ပေးခဲ့တယ်။ ဒီကြားထဲမှာ လူသတ်မှုအတွက် ရဲတွေက အဘိုးကြီးကို လိုက်ရှာကြလို့ ပြေးနေရပါတယ်။ နောက်ဆုံးတော့ စာကြည့်တိုက်ကို ရောက်သွားကြတယ်။ မစ်စ် ဆေကီနဲ့ နာတာကာတို့ တွေ့ကြတယ်။ သူတို့နှစ်ယောက်တွေ့တဲ့အခါ သူတို့ ဘာဆက်လုပ်ရမယ်ဆိုတာ သိသွားကြတယ်။

အဲဒီအချိန်မှာ ကက်ဖ်ကာကတော့ စာကြည့်တိုက်မှာ မရှိတော့ဘူး။ သူ့အဖေသေဆုံးသွားတဲ့အတွက် ရဲတွေက အနီးဆုံးဆွေမျိုးဖြစ်တဲ့ သူ့ကို လိုက်ရှာနေကြတယ်။ အသက်မပြည့်ခင် အိမ်က ထွက်ပြေးသွားခဲ့တာမို့ အိမ်ပြန်ပို့မှာစိုးလို့ အိုရှီးမားက သူ့ကို တောထဲကို ခေါ်ပြီး ၀ှက်ပေးထားပါတယ်။

မစ်စ်ဆေကီက နာကာတာကို သူတသက်လုံးရေးပြီး သိမ်းထားတဲ့ မှတ်တမ်းစာရွက်ထုတ်ကြီးကို ပေးလိုက်တယ်။ သူ့ရဲ့ အမှတ်တရတွေအားလုံးကို ဖျောက်ဖျက်လိုက်ပါတော့မယ် တဲ့။ ဘယ်သူ့ကိုမှ မဖတ်စေဘဲ မီးရှို့ပေးပါလို့ အကူအညီတောင်းတယ်။ မစ်စ်ဆေကီ ခိုင်းတဲ့အတိုင်း လုပ်ပေးပြီး နောက်နေ့မှာ နာကာတာဟာ မနိုးသော အိပ်စက်ခြင်းနဲ့ သေဆုံးသွားတယ်။ နောက်တနေ့မှာ မစ်စ်ဆေကီကလည်း စာကြည့်စားပွဲပေါ်မှာ သေဆုံးနေတာကို အိုရှီးမားက တွေ့လိုက်ရတယ်။ သူ့ပန်းချီကားလေးကို ကက်ဖ်ကာကို အပြီးပေးလိုက်ပါလို့ စာရေးမှာထားခဲ့တယ်။

ကက်ဖ်ကာဟာ တောထဲမှာ ပုန်းနေရင်း သူနဲ့ တစ်ခါကတွေ့ခဲ့တဲ့ ဆာကူရာ ဆိုတဲ့ မိန်းကလေးကို အိပ်မက်ထဲမှာ ပြစ်မှားမိတယ်။ ဆာကူရာသာ သူ့အစ်မဖြစ်ခဲ့ရင် သူ့အဖေ ကျိန်ထားသလို သူ့အစ်မကို သူပြစ်မှားမိပြီလို့ တွေးမိတယ်။ နောက်တော့ တောနက်ထဲ လျှောက်သွားရင်း ထူးဆန်းတဲ့ တစ်နေရာကို ရောက်သွားခဲ့တယ်။ အဲဒီမှာ အစောင့်အကြပ်တွေ ရှိတယ်။ အဲဒီက လူတွေက အစာမစားကြဘူး။ သူ့ကို စောင့်ရှောက်ပေးတဲ့ ၁၅နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့လည်း တွေ့တယ်။ မစ်စ်ဆေကီ ကိုလည်း အဲဒီမှာ တွေ့တယ်။ မစ်စ်ဆေကီက သူ့ကို လာရာလမ်းကို ပြန်သွားဖို့ပြောတယ်။ ဒါနဲ့ ကက်ဖ်ကာဟာ တောနက်ထဲကို ၀င်လာခဲ့တဲ့ တံခါးပေါက်တစ်ခုဆီကို အတင်းပြန်ပြေးပြီး လွတ်မြောက်လာခဲ့တယ်။

နိဂုံးမှာတော့ နာကာတာကို ကူညီခဲ့တဲ့ ကားမောင်းသမား ဟိုရှီနိုဟာ တစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ သူတစ်ခုခုကို ကူဖွင့်ပေးခဲ့တဲ့ ကျောက်တုံးနဲ့ အဲဒီတစ်ခုခုကို ပြန်ပိတ်ပေးဖို့ နည်းလမ်းရှာတွေ့ခဲ့တယ်။ သူဟာ ကြောင်တွေနဲ့ စကားပြောနိုင်တဲ့ စွမ်းရည်ကိုလည်း ရခဲ့တယ်။

ကက်ဖ်ကာကတော့ စာကြည့်တိုက်ကို ပြန်ရောက်သွားတဲ့အခါ မစ်စ်ဆေကီ သေဆုံးပြီးတာကို သိရပါတယ်။ အိုရှီးမားကို နှုတ်ဆက်ပြီး တိုကျိုမြို့ကို ပြန်ဖို့ပြင်ပါတယ်။ သူ့မြို့ကို ပြန်ရောက်သွားရင် ပညာရေးပြီးဆုံးအောင် ကျောင်းဆက်တက်ရဦးမယ်လို့ပြောတယ်။ အိပ်ပျော်ပြီးတဲ့အခါ နိုးထရစမြဲ။ မင်းဟာ ကမ္ဘာအသစ်တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်သွားပြီလို့ ကက်ဖ်ကာကို ကျီးကန်းဆိုတဲ့ ကောင်လေးက ပြောလိုက်ဟန်နဲ့ အဆုံးသတ်ထားပါတယ်။

ဒီဇာတ်လမ်းအစအဆုံးကို အခုလိုပြန်ပြောပြဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ တွေ့မြင်မိတာလေးတွေကို အဓိက ပြောပြချင်တာပါ။ ဒါပေမယ့်လည်း ဇာတ်ကြောင်း အကြမ်းဖျဉ်း မသိဘဲနဲ့ဆိုရင် တော်တော်ရှုပ်ထွေးမှာစိုးလို့ အခုလို ရှည်ရှည်လျားလျား ပြောပြဖြစ်သွားတယ်။ ဒီဝတ္ထုဟာ ဇာတ်လမ်းအနေနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်စိတ်နဲ့ တစ်ရွက်ပြီးတစ်ရွက် ဆက်လှန်ဖတ်ဖြစ်မယ့် စာအုပ်ဖြစ်သလို ဇာတ်ကြောင်းရဲ့ အလှည့်လေးတွေတိုင်းမှာလည်း စာဖတ်သူကို တွေးစေချင်တဲ့ သဲလွန်စလေးတွေကို ချန်ထားခဲ့တယ် လို့ခံစားမိပါတယ်။ ဒါကြောင့် ဇာတ်ကြောင်းပြန်မှာ နည်းနည်း အသေးစိတ်သွားခဲ့တယ်။

အင်္ဂလိပ်လို ဘာသာပြန်သူက အတိအကျ ပြန်ထားတယ်လို့ ယူဆရရင် သတိထားမိတဲ့ အချက်တစ်ချက်ကတော့ တင်ပြပုံမှာ ကက်ဖ်ကာအကြောင်း ပြောတဲ့ အခန်းတွေမှာ ကက်ဖ်ကာကို ပထမနာမ်စား (ငါ) အနေနဲ့ သုံးနှုန်းထားပြီး အဲဒီအခန်းတွေမှာပဲ တချို့ ဖြစ်ရပ်တွေကျတော့ ချက်ချင်းဆိုသလို ဒုတိယနာမ်စား (မင်း) အနေနဲ့ ပြောင်းလဲလိုက်တယ်။ ဒုတိယနာမ်စားဖြစ်သွားတဲ့ စာသားတွေကို ထင်ရှားအောင် အမဲရောင် လုပ်ထားပါတယ်။ ကက်ဖ်ကာက ကိုယ့်ကိုယ်ကို ငါလို့ သုံးနေရင်းက မင်းလို့ပြောင်းသွားတဲ့အချိန်တွေဟာ ကျီးကန်းလို့ခေါ်တဲ့ ကောင်လေးက ကက်ဖ်ကာကို ပြောလိုက်တဲ့ စကားတွေနဲ့လည်း အများအားဖြင့် တဆက်တစပ်တည်း ဖြစ်နေပါတယ်။

ဖတ်နေရင်း အတော်လေးရောက်တော့မှ ကျီးကန်းလို့ခေါ်တဲ့ ကောင်လေး ဆိုတာဟာ ကက်ဖ်ကာကိုယ်တိုင်ပဲ ဆိုတာကို သဘောပေါက်လာရတယ်။ မသိစိတ်နဲ့ သိစိတ် ဒါမှမဟုတ် လူ့စိတ်ရဲ့ အားပြိုင်နေတဲ့ စရိုက်နှစ်မျိုးကို တင်စားထားတယ်လို့ ယူဆရတယ်။ ကက်ဖ်ကာ ဆိုတဲ့ နာမည်ကိုက မူရင်း ချက်ဘာသာစကားနဲ့ဆိုရင် ကျီးကန်းလို့ အဓိပ္ပါယ်ရတယ်ဆိုတာကိုတော့ နောက်မှ သိရတာပါ။ ကျီးကန်းဆိုတဲ့ ကောင်လေးရဲ့စရိုက်မှာ ပိုပြီးရဲဝံ့တာ ပြတ်သားတာ ညွှန်ကြားချက်ပေးတာတွေကို ပြပြီး ကက်ဖ်ကာရဲ့ ပင်ကိုယ်မှာတော့ သာမန် ၁၅နှစ်သား ကောင်လေးတစ်ယောက် အနေနဲ့ပဲ ပြထားပါတယ်။ တစ်ခန်းကျော်တွေမှာ နာကာတာရဲ့ အကြောင်းကို ပြောတဲ့နေရာမှာတော့ တတိယနာမ်စား (သူ) အနေနဲ့ပဲ သုံးထားတယ်။ နောက်တစ်ခု သတိပြုမိတာက ကက်ဖ်ကာအကြောင်းက ၀ါကျတွေမှာ ပစ္စုပ္ပါန်ကာလ (present tense) ကိုသုံးပြီး နာကာတာ အခန်းတွေမှာ အတိတ်ကာလ (past tense) ကိုသုံးတယ်။

ကွဲပြားနေတဲ့ စရိုက်တွေရဲ့ အားပြိုင်မှုကို ဆက်တွေ့ရတာတွေ အတော်များပါတယ်။ နာကာတာကို သရုပ်ဖော်တဲ့အခါမှာ အတိတ် မှတ်ဉာဏ် (memories) လို့ မရှိသူ လို့ဆိုပါတယ်။ နာကာတာက သူ့ကိုယ်သူ ဘာမှမရှိတဲ့ ဟောင်းလောင်းလူလို့တောင် တင်စားပြောလိုက်သေးတယ်။ သူနဲ့ ဆန့်ကျင်စွာပဲ ငယ်ချစ်ဟောင်းကို မေ့မရတဲ့ မစ်စ်ဆေကီကတော့ အတိတ်ရဲ့ အရိပ်တွေ (memories) နဲ့ ပဲ တချိန်လုံး ဖိစီးလေးလံနေခဲ့တယ်။ သူ့ရဲ့ အတိတ်တွေကို နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ လွှတ်ချလိုက်ရတယ်။ အဲဒီအချိန်မှာ သူလည်း သေဆုံးသွားတော့တယ်။

မစ်စ် ဆေကီက အတိတ်နဲ့ ဖိစီးလေးလံနေစဉ်မှာ ကက်ဖ်ကာကတော့ ကြိုတင်ဟောထားတဲ့ ဂရိပုံပြင်ဆန်ဆန် အနာဂတ်ကနေ ထွက်ပြေးဖို့ ကြိုးစားရင်း တည့်တည့်ဝင်တိုးခဲ့သူ ဖြစ်နေပြန်တယ်။ သူ့အဖေကို အိပ်မက်ထဲမှာ သတ်မိတယ် လို့ သူထင်နေတယ်။ သူ့အစ်မလို့ ယူဆရသူကိုလည်း အိပ်မက်ထဲမှာ ပြစ်မှားခဲ့တယ်။ သူ့အမေလို့ ယူဆရတဲ့ မစ်စ်ဆေကီနဲ့တော့ တကယ်အပြင်မှာကို ဇာတ်လမ်းဖြစ်ခဲ့တယ်။ နိမိတ်ဖတ်တဲ့အတိုင်း အားလုံး ဖြစ်လာခဲ့တယ် လို့ ယူဆရင်တော့ အိမ်မက်ထဲက အားထုတ်မှု ကြံစည်မှုတွေဟာလည်း အပြင်က တကယ်လုပ်ရပ်တွေလိုပဲ တူညီတဲ့ သက်ရောက်မှုရှိတယ်လို့ ပြောချင်တာဖြစ်ကောင်းဖြစ်မယ်။

အပြင်မှာ သက်ရှိထင်ရှား ရှိနေသူ မစ်စ် ဆေကီရဲ့ ၁၅နှစ်သမီး ၀ိညာဉ်က ကက်ဖ်ကာနေတဲ့ အခန်းမှာ ညတိုင်း တစ္ဆေလာခြောက်တယ်လို့ ဆိုပါတယ်။ ကက်ဖ်ကာဟာ မစ်စ်ဆေကီကို စတွေ့လိုက်တဲ့အချိန်မှာ မစ်စ်ဆေကီရဲ့ ကိုယ်ခန္ဓာထဲမှာ ၁၅နှစ်သမီးလေး အိပ်ပျော်နေတာကို သုံးဘက်မြင်ရုပ်ကြွလို သေသေချာချာ မြင်ရတယ်လို့လည်း ပါပါတယ်။ မစ်စ်ဆေကီ တစ်ယောက်တည်းရဲ့ သိစိတ်မှာ လက်ရှိအရွယ်ဖြစ်ပြီး မသိစိတ်ထဲမှာ အတိတ်က ၁၅နှစ်သမီးလေး ကျန်ရစ်နေတာကို တင်စားထားပုံ ပေါ်တယ်။ မစ်စ်ဆေကီဟာ သူ့အမေဖြစ်နိုင်လား ဆိုတာကို ကက်ဖ်ကာက မေးတော့ မစ်စ်ဆေကီက မဖြေခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကက်ဖ်ကာကတော့ မစ်စ်ဆေကီရဲ့ ၁၅နှစ်အရွယ်ကိုရော လက်ရှိအရွယ်ကိုပါ နှစ်ယောက်စလုံးကို စွဲလမ်းသွားမိတယ်။

နာကာတာ သတ်ခဲ့တဲ့ ဂျော်နီဝါကားဆိုတဲ့ ကြောင်သတ်သမားဟာ ကက်ဖ်ကာရဲ့အဖေ လို့ ထင်မြင်နိုင်စရာတွေ အများကြီး ဆက်စပ်ပေးထားခဲ့တယ်။ နာကာတာက မစ်စ်ဆေကီကို တွေ့တဲ့အခန်း ရောက်တော့မှ နာကာတာဟာ ကက်ဖ်ကာကိုယ်စား သူ့အဖေကို သတ်ပေးခဲ့တယ်လို့ ပြောပြတာကိုလည်း တွေ့ရပါတယ်။ ကက်ဖ်ကာ့အဖေက ဘယ်လိုလုပ်ပြီး ဂျော်နီဝါကား ဖြစ်သွားရတာလဲ။ မစ်စ်ဆေကီဟာ သူ့အမေလား။ ဆာကူရာဟာ သူ့မွေးစားအစ်မလား။ ဒါတွေကတော့ အဖြေပေးမထားတဲ့ ပဟေဠိတွေပါ။

နာကာတာ ဟာ စာမတတ်တဲ့အတွက် ဉာဏ်ရည် မမြင့်ဘူးလို့ ခံယူထားပြီး လူတွေ တွေ့တိုင်း အဲဒါကို ပြောပြလေ့ရှိတယ်။ ဒါပေမယ့် သူက သာမန်လူတွေမလုပ်နိုင်တဲ့ ကြောင်နဲ့ စကားပြောတတ်ပြီး ငါးမိုးရွာမှာကိုလည်း ခန့်မှန်းတတ်သူဖြစ်နေတယ်။ နောက်အခန်းတွေမှာ ပါလာသေးတဲ့ မျှော့မိုးရွာတာတို့ မိုးကြိုးမုန်တိုင်းတိုက်တာတို့ဟာလည်း သူကပဲလုပ်လိုက်သယောင် ပြထားခဲ့ပြန်ပါတယ်။ တစ်ခုခုကို လိုက်ရှာနေတဲ့ နာကာတာဟာ မစ်စ်ဆေကီကို တွေ့အပြီးမှာ သူ့တာဝန်တွေပြီးဆုံးပြီ ဆိုပြီး သေဆုံးသွားခဲ့တယ်။ သူနဲ့ မစ်စ်ဆေကီ ဘယ်လိုပတ်သက်တာလဲ။ ပြောမထားခဲ့ပါဘူး။ အဓိက ဇာတ်လိုက်နှစ်ဦးဖြစ်တဲ့ နာကာတာနဲ့ ကက်ဖ်ကာဟာလည်း ဇာတ်လမ်းဆုံးချိန်အထိ တစ်ယောက်နဲ့ တစ်ယောက် တွေ့မသွားခဲ့ဘူး။ တစ်ဖက်ကလည်း နာကာတာဟာ ကက်ဖ်ကာပဲလား။ ကက်ဖ်ကာရဲ့ အစိတ်အပိုင်းနှစ်ခုကို တင်စားပြီး ခွဲခြားပြသွားတာလား။ တွေးစရာတွေ ရစေပါတယ်။

ဇာတ်ရန်တစ်ဦးဖြစ်တဲ့ စာကြည့်တိုက်မှူး အိုရှီးမားကလည်း စဉ်းစားစရာပါ။ သူဟာ မှတ်ပုံတင်ထဲမှာ မိန်းမတစ်ယောက်လို့ ဆိုပါတယ်။ သူက မိန်းမတစ်ယောက်အနေနဲ့ မွေးဖွားလာတယ်။ ဒါပေယ့် ဖွံ့ဖြိုးမှုက မိန်းမမပီသခဲ့ဘူး။ ယောင်္ကျားတစ်ယောက်လို နေထိုင်တယ်။ ဒါပေမယ့် ယောင်္ကျားလျှာ မဟုတ်ပဲ ဆန့်ကျင်ဘက်ဖြစ်တဲ့ ယောင်္ကျားတွေကိုပဲ စိတ်ဝင်စားတာပါလို့လည်း ဆိုပြန်ပါတယ်။ ယောင်္ကျားမကျ မိန်းမမကျနဲ့ အိုရှီးမားရဲ့ အနေအထားကလည်း နှစ်မျိုးနှစ်ခွဖြစ်နေပါတယ်။ ဒီဇာတ်လမ်းမှာ အိုရှီးမားက စကားတွေ အများကြီးပြောပါတယ်။ အသက် ၂၁ နှစ်လို့ဆိုပေမယ့် အသိဉာဏ်ဗဟုသုတ အတော်မြင့်မားတဲ့ စရိုက်ကို ဖော်ကျူးထားတယ်။

ဂျော်နီဝါကား နဲ့ ကာနယ်စန်ဒါ ဆိုတဲ့ ဇာတ်ကောင်နှစ်ကောင်ကလည်း ထူးဆန်းနေတယ်။ ဂျော်နီဝါကားကတော့ ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ကြောင်သတ်သမား ဆိုသူပါ။ သူက ၀ီစကီပုလင်းထဲက ဂျော်နီဝါကားလို ၀တ်စားထားတယ်။ ဘုရားကျောင်းတစ်ခုမှာ ထူးဆန်းတဲ့ ကျောက်တုံးကိုရအောင် ကားမောင်းသမားကို ကူညီခဲ့တာ ကာနယ်စန်ဒါ ဆိုသူပါ။ ကာနယ်စန်ဒါ ဆိုတာ KFC ကြက်ကြော်ထဲက နှုတ်ခမ်းမွှေးဖြူဖြူနဲ့ အဘိုးကြီးပေါ့။ သူက သူ့ကိုယ်သူ လူမဟုတ်ဘူးတဲ့။ သူဟာ သဘောတရား (concept) တစ်ခုပါလို့ ဆိုပါတယ်။ နောက်ပိုင်းမှာ နာကာတာနဲ့ ဟိုရှီနိုကို ပုန်းနေဖို့ နေရာကိုပါ ဖုန်းဆက်ပြီး ပြောပြပေးခဲ့ပြန်တယ်။ နာမည်ကြီး အမှတ်တံဆိပ်တွေဖြစ်တဲ့ ဂျော်နီဝါကား နဲ့ ကာနယ်စန်ဒါ ဆိုတဲ့ ဇာတ်ကောင်တွေ ဘာလို့ ထည့်သွင်း ခေါ်လာရသလဲဆိုတာလည်း ပဟေဠိတစ်ခုပါပဲ။ သူတို့ရဲ့ဇာတ်ရုပ်ကလည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်။ အနက်ရောင်ဝတ်စုံနဲ့ ဂျော်နီဝါကားက ဆိုးတဲ့စရိုက် ဖြစ်ပြီး အဖြူရောင် ကာနယ်စန်ဒါကတော့ နာတာကာတို့အတွက် အကူအညီပေးတဲ့စရိုက် ဖြစ်နေပါတယ်။

ကားမောင်းသမား ဟိုရှီနိုရဲ့ စရိုက် တိုးတက်လာပုံ အဆင့်ဆင့်က စိတ်ဝင်စားစရာ ကောင်းနေပြန်ပါတယ်။ သူဟာ အစကတော့ ခပ်ပေါ့ပေါ့ သာမန်ကားမောင်းသမားပါ။ နာကာတာက သူ့အဘိုးနဲ့တူလို့ စေတနာရှိပြီး လိုက်ကူညီရာကနေ အကြောင်းအရာတွေကို လေးလေးနက်နက် ဖြစ်လာတယ်။ သွားရင်းလာရင်း သီချင်းတွေ ဂရုတစိုက် နားထောင်ရင်းကနေ စာကြည့်တိုက်ကို ရောက်တော့ ဘီသိုဗင်အကြောင်းတွေဘာတွေတောင် ဖတ်မိပြီး အတွေးတွေက ပိုလေးနက်လာတယ်။ နာကာတာ သေဆုံးသွားချိန်မှာ သူဟာလည်း လူအသစ်တစ်ယောက်အဖြစ် ဘ၀ကို ဖြတ်သန်းတော့မယ့်အနေနဲ့ ပြထားပါတယ်။

အနောက်တိုင်းနဲ့ အရှေ့တိုင်း ယဉ်ကျေးမှုတွေကို ၀တ္ထုထဲမှာ ရောမွှေထားတာကိုလည်း သတိထားမိပါတယ်။ မျက်မှန်၊ နာရီ စတာတွေမှာ သုံးစွဲတဲ့ အနောက်တိုင်းတံဆိပ်တွေ၊ အနောက်တိုင်း တေးဂီတတွေ၊ ဂရိဒဏ္ဍာရီတွေ တွေ့ရသလို တချိန်တည်းမှာပဲ ဘုရားကျောင်း ဇရပ်၊ ဘုရားကျောင်းမှာထားတဲ့ ကျောက်တုံးစတဲ့ အရှေ့တိုင်းရဲ့ အငွေ့အသက်တွေကို ပြထားပြန်ပါတယ်။



စာရေးဆရာကို လိုက်ဖတ်ကြည့်ရတာကတော့ သူ့စာတွေကို ဖတ်ရတာထက် ပိုမောပါတယ်။ မူရာကာမီက အင်တာဗျုးတစ်ခုမှာ ဒီလောက်ဆန်းကြယ် ရှုပ်ထွေးပြီး အတွေးအခေါ်တွေပါတဲ့ ဇာတ်လမ်းတွေကို ဘယ်လိုကြံစည် ရေးခဲ့သလဲလို့ မေးတော့ စာရေးတဲ့အခါ ဇာတ်လမ်းက ဘာဆက်ဖြစ်မယ် ဆိုတာကို ကြိုတွေးမထားဘူးလို့ ဖြေတယ်တဲ့။ ကြိုသိနေရင် ရေးရတာ ပျင်းစရာကြီးပေါ့ လို့ မူရာကာမီက ဆိုပါတယ်။ မူရာကာမီရဲ့ တခြားစာအုပ်တွေမှာတော့ သူဘာတွေ လက်-တွေ့တတ်သလဲ ဆိုတဲ့ သဲလွန်စတချို့ တွေ့မိသလိုပါပဲ။ သူဟာ ဂျက်ဇ်ဂီတ၊ ကြောင်၊ သိစိတ် နဲ့ မသိစိတ်၊ အတိတ် နဲ့ အိပ်မက် စတဲ့အရာတွေကို နှစ်သက်သူ ဖြစ်နိုင်တယ်။ After Dark ဆိုတဲ့ ၀တ္ထုမှာ ကြောင်တွေအကြောင်း နည်းနည်း ပြန်တွေ့ရတယ်။ အမေနဲ့သား ကြားက အကြောင်းတွေကိုတော့ After Quake လို့အမည်ရတဲ့ ၀တ္ထုတိုပေါင်းချုပ် တွေထဲက တစ်ပုဒ်မှာ တွေ့ရတယ် ။ Hard-boiled wonderland and the end of the world ဆိုတဲ့ ၀တ္ထုမှာတော့ သိစိတ် မသိစိတ်အကြောင်းတွေကို အဓိကထားပြီး ရေးသွားခဲ့တယ်။ အဲဒီလို သူရေးတဲ့ တခြားဝတ္ထုတွေ အကြောင်းကိုလည်း အာရုံရတဲ့အခါ အခုလို မှတ်စုမျိုး ရေးဖြစ်မယ် ထင်ပါတယ်။

(အခုတလောတော့ မူရာကာမီလို အရေးအသားမျိုးကို ဖတ်ဖို့ပဲ ဓာတ်ကျနေပါတယ်။ စကားလုံးဆန်း ဇာတ်လမ်းအထူးအဆန်း သက်သက်နဲ့ ဒန်တာမကဘဲ အတွေးတွေနဲ့ ဒန်ထားတဲ့ ကိုယ်ဖတ်ချင်တဲ့ ပုံစံ စာမျိုးကို ဖတ်ရတဲ့အတွက် ၀တ္ထုတွေ အပြီးမှာ ကျေနပ်မှု ရတယ်။ Dan Brown ၀တ္ထုတွေလို ဒါမှမဟုတ် အခုနောက်ဆုံး အရောင်းရဆုံး ဖြစ်နေတဲ့ Stieg Larsson ရဲ့ The girl with the dragon tattoo တို့လို ကိုတော့ စာအုပ်အနေနဲ့ မဖတ်ချင်ဘဲ ရုပ်ရှင်လောက်ပဲ ခံစားချင်ပါတယ်။ လတ်တလော အနေအထားကို ပြောတာပါ။)

တကယ်တော့ ပြောစရာတွေက ကျန်ဦးမှာပါ။ အနည်းဆုံးတော့ နှစ်သက်မိတဲ့ စကားပြောခန်းတွေပေါ့။ Kafka on the shore ၀တ္ထု ကို ကျောင်းတွေမှာ စာတမ်း တစ်စောင်စာလောက် သုံးသပ်ထားတာတွေ၊ သင်ရိုးအနေနဲ့ Chapter တစ်ခန်းချင်း လေ့လာကြတာတွေတောင် ရှိတယ်လို့ ကြားမိပါတယ်။ အခုတော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါတယ်။


ပန်ဒိုရာ
(မောင်တိန့်ဘလော့ဂ်က ပန်းချီပုံတချို့ ယူသုံးထားပါတယ်။ ဓာတ်ပုံတွေကတော့ ကိုယ်တိုင်ရိုက်။)

11 comments:

အိမ့်ချမ်းမြေ့ said...

ဒီပိုစ်ကို ပရင့်ထုတ်ထားတယ်.. အိမ်ရောက်မှ သေချာဖတ်မယ်နော်...
ဝေမျှပေးတာ ကျေးဇူးပါပန်...

မောင်မျိုး said...

ပရင့်ထုတ်သွားတယ် သေချာထပ်ဖတ်မလို့ ကျေးဇူး ဒေါ်လေး ။

ywartharlay-ytu said...

ပရင်တာမရှိလို့ ကျောက်သင်ပုန်းမှာ ပြန်ရေးပေးပါ တီပန်
ကျောက်တံသွေးထားတယ် :P (အပေါ်က အမအိမ့်နဲ့ဘကြီးကို နောက်တာပါ)

ဂျပန်ကားတွေ မကြည့်ဖြစ်တာကြာပြီ။ ကားအတော်များများက ကျနော်တို့ ယဉ်ကျေးမှုဓလေ့တွေနဲ့ ဆန့်ကျင်တာများတယ်နော်။ ဒါပေမယ့် မျက်လုံးတွေနဲ့ သရုပ်ဆောင်တာ ပြီးတော့ ဇာတ်လမ်းအချိုးအကွေ့တွေက စွဲလမ်းမိတယ်။

ဘာသာပြန်ပေးတဲ့အတွက်ကျေးဇူး...

သက်ဝေ said...

စိတ်ဝင်စားစရာ စာအုပ်တအုပ်နဲ့ မိတ်ဆက်ပေးတာ ကျေးဇူး ပန်ပန်... ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ဆက်စပ်ထားတဲ့ ဆွဲဆောင်မှုတွေနဲ့ အတူ ကွဲပြားနေတဲ့ စရိုက်တွေရဲ့ အားပြိုင်မှု၊ ပြီးတော့ အားလုံးထဲမှာ သိစိတ် နဲ့ မသိစိတ်၊ အတိတ် နဲ့ အိပ်မက် ဆိုတဲ့ အပိုင်းကို ပို စိတ်ဝင်စားမိတယ်... အချိန်ရရင်တော့ သူ့စာအုပ်တွေ ဖတ်ချင်ပါသေးတယ်...
နောက် ဖတ်ဖြစ်တဲ့ စာအုပ်တွေအတွက်လဲ အခုလို မှတ်စုတွေ ရေးပါအုံး...

ကိုယ်ဖတ်ဖူးတဲ့ နောက် ဂျပန်စာရေးဆရာ တယောက်ကတော့ Kazuo Ishiguro တဲ့...
သူလဲ စုစုပေါင်းမှာ စာအုပ် ၈ အုပ်ပဲ ရှိသေးတယ်...
Award တွေ Prize တွေ အများကြီးရထားတယ်...

မောင်လေး said...

ဂျပန် ဝတ္ထုတွေကို စိတ်ဝင်စားတယ်....။
ကျွန်တော်တို့ မြန်မာစရိုက်နဲ့တော့နည်းနည်း
ဆန့်ကျင်သလိုတော့ရှိတယ်..။ဒါပေမယ့်စိတ်ဝင်စားစရာ
ကောင်းတာတော့ အမှန်...။

Kay said...

ဘာပဲ ဖြစ်ဖြစ်.. ကိုယ့်ဖာ ကိုယ် ဆို..ဖတ်ဖြစ်မှာလဲ မဟုတ်..( ဖတ်နိုင်မှာ လဲ မဟုတ်).. ခုလို ရေးပြ သလောက် လေး နဲ့.. ဆာရီယဲလ် သဘော ကို တီးခေါက်.. ပွတ်သပ် ကြည့် နိုင် တာ ကိုပဲ..ကျေးဇူးတင်တယ်..ပန်

Rita said...

အဲလိုအမျိုးအစားတွေကိုတော့ မကြိုက်တတ်ဘူး။ ဒါပေမဲ့ မပန်ရေးတာ ဖတ်ရတာတော့ စိတ်ဝင်စားတယ်။ ပြီးတော့ ဂျပန်ကားတွေဆိုရင် အလေးအနက်ထား ကြည့်မိတတ်တယ်။

YoungGun said...

စိတ်ဝင်စားတယ်.အေးဆေး ဖတ်ချင်တယ်။ Death Note ထက် ကောင်းမယ် ထင်တယ်။

မန်းကိုကို said...

တော်တော်ဆိုးတဲ့ပို့စ်ဗျာ၊
ဖတ်ရင်းဖတ်ရင်းနဲ့ အဆုံးအထိဖတ်လိုက်မိတယ်၊
မြန်မာပြည်မှာ ဗမာကားဆိုမကြည့်ချင်ဖူးပြောပြီး ကျော်ဟိန်းကားသွားချောင်းမိလို့ ဇတ်လမ်းဆုံးတဲ့အထိ မထနိုင်တော့သလိုဖြစ်နေတယ် :-)

ကြောက်သွားပြီနောက်ကို သိပ်မလာရဲတော့ဘူး :-))

ချစ်ကြည်အေး said...

ဝင်းဦးရဲ့ ဆောင်းအိပ်မက်ကားထဲမှာလို နေမှာ၊ လူတကိုယ် စိတ်နှစ်မျိုး ဖြစ်နေတာမျိုး၊ စိတ်နယ်လွန် ဖြစ်ရပ်မျိုးတွေနေမယ်။ အမတို့ မြန်မာ စာရေးဆရာအများစုရဲ့ စာတွေက အဆုံးကို ကြိုတွေးပြီးမှ ရေးတာမို့ ထင်ပါရဲ့...အဆုံးကို ကြိုမြင်နေရတယ်။ ဒီစာအုပ်မှာ မြန်မာ့ ယဉ်ကျေးမှုအရ ဘာသာပြန်လို့ မဆီလျော်တဲ့ အနေအထားတွေ ပါနေတယ်။ ဆိုပေမဲ့လေ ဆရာကြီး ဦးသုခရေးတဲ့ အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များထဲမှာ ညီမနဲ့ မိခင် လုပ်သူကို မယားအဖြစ် မသိပဲ ပေါင်းသင်းမိတဲ့ အမျိုးသား အကြောင်း။ ဒီလို အရှက်တကွဲ ဖြစ်စရာကို အကြောင်းပြုပြီး ရဟန္တာမ ဖြစ်သွားတဲ့ အမျိုးသမီးအကြောင်း ဖတ်ခဲ့ဖူးတယ်။ ပန်ပန် ဘာသာပြန်တင်ပေးလို့သာ ၊ ဒါတောင် ဖတ်ရတာ လည်နေတာပဲ၊ ကိုယ့်ဘာသာဆို ဆုံးအောင် ဖတ်ဖြစ်မယ် မထင်ဘူး...။

Thint lu said...

မူရာကာမိရဲ့ စာအားလုံးဟာ ဆောင်းတွင်းအိပ်မက် feeling နဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါကြောင့် သူ့ကို surrealist လို့ပြောကြတာပေါ့။ ကျွန်တော် သူ့ ဝတ္တုတို နှစ်ပုဒ် Man-Eating Cats and Iceman ကို ပြန်ဖူးတယ်။ အခု သူ့ဝတ္တုရှည် The Wind-Up Bird Chronicle ကို တေးဆိုငှက် ဒဏ္ဍာရီ လို့ နာမည်ပေးပြီး ပြန်နေပါတယ်။ http://www.thintlu.com မှာပါ။ စိတ်ဝင်စားရင် လာဖတ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။