Wednesday, October 1, 2008

အနုပညာ အတတ်ပညာ

ပြီးခဲ့တဲ့ ရက်ပိုင်းက သူငယ်ချင်းတယောက်နဲ့အတူ အနုပညာနဲ့ အတတ်ပညာ အကြောင်းကို ပြောဖြစ်ခဲ့ကြတယ်။ အနုပညာထဲမှာ အတတ်ပညာက ဘယ်လောက် အတိုင်းအတာအထိ ရောနှောနေသင့်သလဲ။ အတတ်ပညာသက်သက်က လူတွေရဲ့ စိတ်နှလုံးကို ဘယ်လောက်ဖမ်းစားနိုင်မလဲ။ အနုပညာ အတတ်ပညာဆိုတဲ့ စကားတွေရဲ့ အဓိပ္ပာယ်ကို ဘယ်လို ဖွင့်ဆိုရမလဲ။ ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ကို သတိရသွားခဲ့ပါတယ်။ အဲသည်စာကတော့ အဖြေတခုခုကို လှစ်ပြခဲ့တယ် လို့ ထင်မိပါတယ်။ အခုလို ခံစားပြီး ပြန်ရေးချ လိုက်တယ်။




-----
ဇာခန်းဆီးပါး နောက်ကွယ်က အရိပ်စွန်းစတစ်ခုဟာ ဘုရင့်စာဆိုငယ်အတွက် လှုပ်ခတ်နေခဲ့ဖူးတယ်။။ နှင်းဆီရောင် သန်းနေတဲ့ နူးညံ့တဲ့ ခြေတစ်စုံဟာ ခြေလှမ်းတစ်ချက် ချလိုက်တိုင်း ခြေကျင်းဝတ်မှာ ဆင်မြန်းထားတဲ့ ရွှေခြူလေးတွေ ချလွင်ချလွင်နဲ့ တွန်းတိုက်လို့။ တဖန် ဒါဟာ စာဆိုငယ်ရဲ့ ရင်ခုန်သံ စည်းချက် အဖြစ် ကူးပြောင်းလို့။ အဲဒီအချိန်တွေမှာ နန်းရင်ပြင်ဟာ တောအုပ်စပ်စပ်က ပန်းရိုင်းတို့ရဲ့ ရနံ့နဲ့ သင်းပျံ့သွားခဲ့မှာပေါ့။ တချို့ဇာတ်လမ်းတွေဟာ ဒဏ္ဍာရီဆန်ဆန် ဆွတ်ပျံ့ ငြိမ်းချမ်းခဲ့ဖူးပါတယ်။ နှာခေါင်းချွန်ကောက်ကောက် ပိုင်ရှင် ကိုဧည့်သည်တစ်ယောက် နန်းရင်ပြင်ကို စကားလုံးတွေနဲ့ သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ အဲဒီအချိန် မတိုင်မီ အထိပေါ့။

နန်းရင်ပြင်ဟာ သတ်ကွင်းတခုအဖြစ် ကူးပြောင်းလာလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ခဲ့ကြမှာလဲ။ အဲဒီနေ့မှာတော့ ဘုရင်အပါအ၀င် ပရိသတ်ဟာ အသစ်အဆန်းကို ငံ့လင့်နေကြတယ်။ ကိုဧည့်သည်ဟာလည်း အာသာငန်းငန်း ဆာလောင်နေတဲ့ နှလုံးသားကို ၀တ်ရုံ ခမ်းခမ်းနားနားတစ်ခုနဲ့ ဖုံးအုပ်ရင်း အသင့် စောင့်နေတယ်။ ပြိုင်ပွဲရဲ့ ဒုတိယနေ့ရောက်ခဲ့ပြီ။ တိတိကျကျပြောရရင် တကယ်တော့ ဒါဟာ လောင်းကြေးထပ်ထားတဲ့ စစ်ပွဲတပွဲပါပဲ။

သိမ်မွေ့တဲ့ စာဆိုငယ်ရဲ့ ပါးပြင်ဟာ မိန်းမပျိုတစ်ယောက်လို ရှက်သွေးဖြာ နေတယ်။ သူက ကဗျာတစ်ပုဒ်ကို ဖြည်းဖြည်းညင်သာ စရွတ်လိုက်ပါတယ်။ သူ့အသံဟာ နူးညံ့ တိုးလျလွန်းတဲ့အတွက် ပထမ တစ်ကြောင်း နှစ်ကြောင်းမှာ ကြားတောင်မကြားရပဲ တိမ်ဝင်သွားတယ်။ သူရွတ်လိုက်တဲ့ ကဗျာဟာ ဘာနဲ့တူသလဲ ဆိုတော့ တောအုပ်ထဲက လေကို ထိုးခွဲထွက်လာတဲ့ ပုလွေသံလေးလိုပဲ။ အဲသည် ဂီတသံဟာ ဘယ်ကနေ ထွက်ပေါ်လာသလဲ ဆိုတာကို မဝေခွဲနိုင်ဘူး။ တခါတခါ တောင်ဘက်က တိုက်ခတ်လာတဲ့ လေပြည်ရဲ့ နှလုံးသည်းပွတ်မှာ….။ တခါတခါ တောင်ကုန်းထိပ်က လွင့်မျောနေတဲ့ တိမ်တိုက်တွေထဲမှာ…။ အဲဒီ ဂီတသံက အာရုံဦး နေထွက်ချိန်ရဲ့ တွေ့ဆုံမိတ်ဆက်မှုတွေကို သယ်ဆောင်လာသလို ဆည်းဆာ နေ၀င်ချိန်ရဲ့ လွမ်းမောတမ်းတစရာတွေ ကို ဖော်ကျူးနေသလိုလည်း ဖြစ်နေတယ်။

အသံဟာ နေရာတကာကနေ ပျံ့လွင့်နေတယ်။ အရိပ်ကျနေတဲ့ လမ်းကြားလေးတွေက.. အထီးကျန်နေတဲ့ လမ်းမတွေက… ကောင်းကင်ရဲ့ အရည်ပျော်ဆင်းနေတဲ့ အပြာရောင်ထုထဲက… မြက်ခင်းတွေရဲ့ စိုလက်နေတဲ့ အစိမ်းရောင်တွေထဲက…။ ကြားလိုက်ရတဲ့ လူတွေဟာ ကဗျာရဲ့ အဓိပ္ပာယ်ကို တိတိကျကျ ဘာရယ်လို့ မပြောနိုင်ဘူး။ တနည်းပြောရရင် သူတို့ရဲ့ နှလုံးသားထဲက ထွက်ကျလာတဲ့ လိုအင်ဆန္ဒတွေကို ရေရွတ်ပြဖို့ စကားလုံးတွေကို ရှာမတွေ့နိုင်ဘူး.။ မျက်လုံးမှာ မျက်ရည်တွေ ပြည့်နှက်လာတယ်။ ပြီးတော့ သူတို့ရဲ့ ဘ၀ကို ပြီးပြည့်စုံတဲ့ နေရာကို ခေါ်ဆောင်သွားပါတော့လို့ သေမင်းကိုပဲ တမ်းတမိတော့သလိုမျိုး ခံစားနေကြရတော့တယ်။

စာဆိုငယ် ကိုယ်တိုင်ကရော..။ သူ့ရဲ့ ပရိသတ်ကို မေ့လျော့နေတယ်။ သူ့ရဲ့ ပြိုင်ပွဲကိုလည်း မေ့နေတယ်။ သူတစ်ယောက်တည်း တွေတွေ ရပ်နေရင်းက သူ့အတွေးတွေဟာ လှုပ်ခါနေလိုက်တာ နွေလေပြည်ရဲ့ တိုက်ခတ်မှုကို ခံရတဲ့ သစ်ရွက်တွေလိုပါပဲ။ သူက ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်။ ပရိသတ်ကလည်း ရင်ထဲမှာ ဖော်မပြနိုင်အောင် ရောနှောထွေပြားနေတဲ့ ၀မ်းနည်းမှု ဆွတ်ပျံ့ကြည်နူးမှု တွေနဲ့အတူ လက်ခုတ်သြဘာ ပေးဖို့တောင် မေ့လျော့ ငြိမ်သက်နေကြတော့တယ်။

ငြိမ်သက်နေတဲ့ ပရိဿတ် ဘာမှ ပြန်မပြောနိုင်ခင်မှာ ကိုဧည့်သည်ဟာ ခမ်းနားလှပတဲ့ ဝေါဟာရတွေ နန်းရင်ပြင်ထဲကို ဖြန့်ကြဲချလိုက်တယ်။ ဒီမှာ… ချစ်သူဆိုတာ ဘာလဲ။ အချစ်ဆိုတာဘာပဲ။ ခမ်းနားကြီးကျယ်တဲ့ ချစ်ရာဇ၀င် ပုံပြင်တွေကို သင်တို့ကြားဖူးပါစ။ ချစ်ခြင်းရဲ့အနက်ကို ခွဲခြမ်းစိတ်ဖြာဖူးပါစ။ စကားလုံးတွေကပဲ အားလုံးရဲ့ စတင်ရာ ဖြစ်တော့တယ် ဆိုတာ သင်တို့ သိပါစ။ အို .. ပြောရရင်တော့ စကားလုံးတွေသာလျှင် ဘုရားသခင် ဖြစ်တယ်။

သူဟာ ကျမ်းဂန်တွေထဲက အကိုးအကားတွေကို ထည်ထည်ဝါ၀ါ သုံးချလိုက်တယ်။ ပြီးတော့ စကားလုံးတွေဟာ ကောင်းကင်ဘုံနဲ့ မြေကြီးတို့မှာ ရှိရှိသမျှ အရာတွေ အားလုံးရဲ့ အထက်မှာ ရှိကြောင်း ကြွေးကြော် ကြုံးဝါးလိုက်တယ်။ ဒီမှာ.. စကားလုံးတို့ထက် ကြီးကျယ် မြင့်မြတ်တဲ့အရာ ဘာများ ရှိသေးလို့လဲ.. ဟင်..။

သူ့ဟာ ရင်ဘတ်တွေကို ဖွင့်ထားတယ်။ ဦးခေါင်းကို မော့ထားတယ်။ သူ့အသံဟာ ခြင်္သေံ့တစ်ကောင်လို ဟိန်းဟောက်နေတယ်။ ဆင်တကောင်ရဲ့ တိုက်ပွဲဝင် ဟစ်ကြွေးသံမျိုး တုန်ခါနေတယ်။

ဝံ့ကြွားစွာနဲ့ ပတ်ပတ်လည်ကို သူကြည့်လိုက်တယ်။ သူ့ရဲ့ စိန်ခေါ်မှုကို ဘယ်သူမှ အံတု မတုန့်ပြန် နိုင်ပါဘူးလေ။ သားကောင်ကို တ၀ကိုက်ဖဲ့ ၀ါးမျိုပြီးသွားတဲ့ ခြင်္သေ့တစ်ကောင်လိုပဲ သူ့ရဲ့ ခုံပေါ်မှာ မြိန့်မြိန့်ကြီး ပြန်ထိုင်ချလိုက်တယ်။ အဲသည် အချိန်အထိကို သူ့အသံဟာ နန်းရင်ပြင်ရဲ့ နံရံတွေမှာ တိုင်လုံးကြီးတွေမှာ တုန်ရီ ပဲ့တင်ထပ်နေတုန်းပဲ။ ခမ်းနားပေစွ။ ကြီးမြတ်ပေစွ။ ပရိသတ်ဟာ တုန်လှုပ်ကျန်ခဲ့တော့တယ်။ ပညာရှင်များကတောင် အံ့ချီးမဆုံး ဖြစ်ကြရတယ။် လက်ခုတ်သြဘာသံတွေ ညံသွားတယ်။ ဘုရင်ကလည်း အံ့သြခြင်းတွေနဲ့ ပါးစပ်အဟောင်းသား။

အို.. သည်လိုဆိုတော့လည်း စာဆိုငယ်ရဲ့ ကဗျာမျိုးဟာ အများသူငါတောင် စပ်မယ်ဆိုရင် ဖွဲ့သီနိုင်သေးတာပဲ။ ထူးခြားတဲ့ စကားလုံးဆိုတာလည်း ဝေး။ ဘာမှ အဆင်တန်ဆာမပါ။ နားလည်လွယ်တယ်။ ရိုးလွန်းလှတယ်လေ။ စာဆိုငယ် ကဗျာရွတ်စဉ်က လူတွေရဲ့ ရင်ထဲမှာ စွဲငြိသွားတဲ့ တစုံတရာကို ခမ်းနားတဲ့ စကားလုံးတွေက ရေလှိုင်းတွေလို အလုံးအရင်းနဲ့ ၀ါးမျို ဖုံးအုပ်သွားလိုက်ကြတယ်။

သည်ခံစားမှုဟာ ဘုရင်ကိုလည်း ချွင်းချက် ဘယ်ချန်ခဲ့ပါ့မလဲ။ ဘုရင်ဟာ သူ့လက်စွဲ စာဆိုငယ်ကို အားမလိုအားမရနဲ့ မျက်နှာရိပ် မျက်နှာကဲ ပြလိုက်တယ်။ တခုခု ထပ်ပြီး စပ်ဆိုပါဦးပေါ့။ စာဆိုဟာ မျက်လွှာချလို့ မတုန်မလှုပ် နေပါတယ်။ ဘုရင်ရဲ့ အားမရမှုဟာ ဒေါသအဖြစ် ကူးပြောင်းသွားတယ်။ သူဟာ စိတ်လိုက်မာန်ပါနဲ့ ပလ္လင်ပေါ်ကဆင်းပြီး လည်မှာ ဆင်မြန်းထားတဲ့ အဖိုးထိုက်ပုလဲကုံးကို ချွတ်ပြီး ဧည့်သည်စာဆိုရှင်ရဲ့ လည်ပင်းမှာချိတ်ဆွဲလိုက်တယ်။ မောင်မင်း အနိုင်ရပါပေတယ်။

နန်းရင်ပြင် တခုလုံး သောင်းသောင်းဖျဖျ ဆူညံသွားတော့တယ်။ ဦးရစ်ခေါင်းပေါင်းတို့ ဝှေ့ယမ်းသံ၊ လက်ခေါက်မှုတ်သံ၊ လက်ခုတ်သြဘာတီးသံ။ သောသောရုတ်ရုတ် တိုးဝှေ့ကြ။ လက်ဆွဲလှုပ်ယမ်းကြ။ ကြီးကျယ်ခမ်းနားမှုဟာ ယစ်မူးစရာ ကောင်းလှ။ အဲသည်အချိန်မှာ ကျောခိုင်းထွက်ခွာသွားတဲ့ စာဆိုငယ်ကို ဘယ်သူကမှ အာရုံထားကြတော့ဟန် မတူပါဘူးလေ။

အဲသည်ညဟာ လမိုက်ည ဖြစ်လို့နေပြန်တယ်။ ကောင်းကင်အလင်းဟာ အမှောင်ထုကို ထိုးခွဲပြီး စာဆို့အခန်းထဲက ပြတင်းပေါက်ကလေးကို ဖြတ်သန်း ရောက်မလာနိုင်တဲ့ ညမျိုးပေါ့။ စာဆိုဟာ ၀တ်ရုံကို ချွတ်လိုက်တယ်။ သူအနှစ်နှစ်အလလက ရေးခဲ့တဲ့ ကဗျာတွေအားလုံးကို ဆွဲထုတ်ပြီး ကြမ်းပေါ်ပုံချလိုက်တယ်။ တချို့တလေဆိုရင် ဟိုးအစောပိုင်းကာလ ကရေးခဲ့တာမို့ သူ့အတွက် မေ့တောင် မေ့နေပြီလေ။ စာမျက်နှာတွေကို ဟိုဟိုဒီဒီ လှန်လှော ကြည့်လိုက်တယ်။ အခုတော့လည်း သည်ကဗျာတွေဟာ အသေးအမွှားဆန်လွန်းပေစွ။ ရိုးစင်းလွန်းလှပေစွ။ ကာရန်တွေကလည်း ကလေးဆန်လွန်းလှတယ် ။

စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် တစစီ ဆွဲဆုတ်လိုက်တယ်။ ပြီးတော့ ဘေးက မီးဖိုထဲကို ပစ်ချလိုက်တယ်။ လောင်ကျွမ်းကြ.. လောင်ကျွမ်းကြစေတော့….။ ပြီးတော့ သူဟာ ပျားရည်နဲ့ ရောနှောထားတဲ့ အဆိပ်တစ်ခွက်ကို သောက်ချလိုက်ပြီး အိပ်ရာပေါ်မှာ လဲလျောင်းနေပါတော့တယ်။

မွှေးပျံ့တဲ့ ရနံ့တခု အခန်းထဲမှာ ထုံသင်းလာတယ်။ တစုံတယောက်ရဲ့ ခြေသံဖွဖွကို ကြားလိုက်ရတယ်။ ဘယ်သူများလဲ။ ရံရွေတော် တစ်ဦးပေလား။ မျက်လုံးကို ကြိုးစားဖွင့်ကြည့်လိုက်တယ်။ သူဟာ အဆိပ်နဲ့ ထုံထိုင်းလို့ အာရုံတွေလည်း မှုန်ဝါးနေပြီ။ အမျိုးသမီး သဏ္ဍာန်တစ်ခုကို မှုန်ပျပျ မြင်လိုက်ရတယ်။ သူရဲ့ နှလုံးအိမ်မှာ အမြဲ တန်ဖိုးထား သိမ်းဆည်းထားခဲ့တဲ့ အရာတခုဟာ သူ့ရဲ့ နောက်ဆုံး အချိန်ပိုင်းကလေးမှာ သူ့မျက်နှာကို ငေးစိုက်ကြည့်နေလေတယ်။

… ကျွန်မ.. ဘုရင့်သမီးတော်ပါ… စာဆို …

စာဆိုဟာ အားတင်းပြီး ထထိုင်လိုက်ပါတယ်။ မင်းသမီးက သူ့နားနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

… ဘုရင်က မတရား ဆုံးဖြတ်ခဲ့တယ်။ အခု ရှင့်ကို အောင်သရဖူ ဆင်မြန်းပေးဖို့ လာခဲ့တာပါ။ သည်ပွဲမှာ ရှင် အနိုင်ရပါတယ် …

မင်းသမီးက သူ့လည်မှာ ဆွဲထားတဲ့ ပန်းကုံးကို ဖြုတ်ပြီး စာဆိုငယ်ရဲ့ ဦးခေါင်းမှာ ဆင်မြန်းပေးလိုက်တယ်။ အဲသည်အချိန်မှာပဲ စာဆိုငယ်ဟာ အိပ်ရာပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားတော့တယ်။




(ရာဘင်ဒြာနတ်တဂိုး Rabindranath Tagore (1861-1941) ရဲ့ THE VICTORY ကို ပြန်လည်ခံစားရသလို အကျဉ်းချုံးပြီး ချရေးလိုက်ပါတယ်။ အပြည့် ဘာသာပြန်ခြင်း မဟုတ်ပါ။ အစီအစဉ် မတိကျ၊ အပိုတွေရော အလိုတွေပါ ပါပါတယ်။အကြီးအကျယ် အမှားအယွင်း သို့မဟုတ် မူရင်းစာကို ပျက်စီးစေခြင်း ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ အင်္ဂလိပ်ဘာသာဖြင့် အပြည့်အစုံကို ဖတ်ရန် ဒီကို သွားပါ။)




20 comments:

ဒူကဘာ said...

ဘာပဲဖြစ်ဖြစ် ရာဘင်ဒြာ လက်ရာပြန်ဖတ်ရတာပဲ ဆိုယင်တောင် တော်တော် ကောင်းလှပါပြီ။

thorn musem said...

အနုပညာဆိုတာ..
အရမ်းနူးညံ့လွန်းပြီး နားလည်ရခက်ပါတယ်.....
မတူညီတဲ့ အနုပညာဖန်တီးမှုကို ယှဉ်ပြီး တိုင်းထွာ ဆုံးဖြတ်မယ်ဆိုရင်....
အဲဒီဆုံးဖြတ်သူဟာ.....အနုပညာကို နားမလည်သေးလို့ ပါ...
အနုပညာဆိုတာကလည်း....တစ်ခုနဲ့ တစ်ခု
ပြိုင်တဲ့ အရာမဟုတ်ပါဘူး...။
ဘာဘဲပြောပြော ဒီပို့ စ်လေးကို တင်ပြပေးတဲ့ အတွက်
အရမ်းကျေးဇူးတင်ပါတယ်....။

Anonymous said...

i think htin lin or somebody translated this piece too.. cant remember though..
urs is realli nice..ma pan..pls post more frequent..heee..^^

Moe Cho Thinn said...

အနုပညာဆိုတာ ထူးခြားဆန်းကြယ်ပြီး မှော်လိုပဲ လူ့ရဲ့ စိတ်ကို ညှို့ယူ ဖမ်းစားနိုင်တယ်။ ဒီပို့စ်လေးမှာလဲ ဒါကိုပဲ ရည်ညွှန်းသွားတယ် ထင်မိတယ် ညီမလေးရေ..

khin oo may said...

မဝေဖန်ဝံလို့ ခံစားဘဲ သွားတော.တယ်။

အောင်သာငယ် said...

အတတ်ပညာချည်းသက်သက်နဲ့တော့ ဖမ်းစားနိုင်တဲ့ အနုပညာတွေ မရနိုင်ဘူးလို့ ထင်ပါတယ်။

အတတ်ပညာမပါတဲ့ အနုပညာချည်း သက်သက်ကလည်း ဖမ်းစားနိုင်စွမ်း မရှိဘူးလို့ ယူဆပါတယ်။

ကျနော့် တဦးတည်း အယူအဆကတော့ ဖမ်းစားနိုင်စွမ်းတဲ့ အနုပညာတခုအတွက်တော့ ခံစားချက်က အဓိကကျတယ်။

အတတ်ပညာကို လေ့လာယူလို့ရတယ်။ ခံစားချက်ကို လေ့လာယူလို့ မရပါ။ နှလုံးသားချင်းတူမှသာ ခံစားချက်တူမှာပါ။

မာရေးသျှင် said...

အနုပညာ အတတ်ပညာ ကို ဖတ်ဖို့ စိတ်ကိုဖွင့်လိုက်တာ/
အနုပညာ အတတ်ပညာ ကို ဖတ်လို့ စိတ်ကပွင့်သွားတာ
ပြန်ပိတ်လို့ မရတော့ပါ။

M.Y. said...

နှစ်ခုစလုံး က ပညာ တော့ပညာချည်းပါပဲ။

တစ်ခုက လှည့်စားမှုမပါ၊လုပ်ယူထားခြင်းမဟုတ်တဲ့ နှလုံးသွေးဖြစ် ခံစားချက်၊ အစစ်အမှန် နဲ့ ပွင့်အံကျလာတဲ့ လူအားလုံးရဲ့ နှလုံးကို ဆွဲဆောင် ပြုစားနိုင်လွန်းတဲ့၊ ဘုရင်ပါမကျန် လူတန်းစားမရွေး ကူးစက်နားလည်ခံစားနိုင်အောင်တင်ပြနိုင်တဲံ့ပညာ..ဧည့်စာဆို ကဒီပညာနဲ့  ခံစားမှုတွေကို မင်းပရီသတ်ရင်ထဲ ချွင်းချက်မရှိ ကျဲချခဲ့တယ်။

နောက် တစ်ခုက ခံစားမှုပါချင်မှပါမှာ ဖြစ်ပေမယ့် သင်အံ မှုနဲ့ ကျွမ်းကျင်ခဲ့တဲ့ အတတ်နဲ့ ဖန်တီးနိုင်စွမ်းတဲ့ ပညာ..

ဘုရင့်စာဆို တစ်ယောက်အနုပညာအရ ရှုံးနိမ့်သွားတာ ကို ရှိပါစေတော့။ အဆိပ်တစ်ခွက်နဲ့ လဲပစ်လိုက်တဲ့ သူ့ ကျရှုံးခန်းကြောင့် သူတစ်သက်လုံးသင်အံလာခဲ့တဲ့၊ မီးဖိုထဲပစ်လိုက်တဲ့ စာတွေထဲက အတတ်ပညာဆိုတာကိုရော တကယ်တန်း ရခဲ့တာ ဟုတ်မှဟုတ်ရဲ့ လားလ သံသယ ဖြစ်စရာ။ ဒါကိုကအနုပညာတစ်ခုပဲလား။

နောက်ဆုံးထွက်သက်မှရောက်လာ ပြီး ဆုလာဘ်အဖြစ် လည်တိုင်က ပန်းကုံး ချီးမြှင့် လိုက်တဲ့ ဘုရင့်သမီးတော် ရဲ့ လုပ်ရပ်ကရော အနုပညာလား၊ အတတ်ပညာလား.....

စဉ်းစားစရာတွေံ နောက်ဆက်တွဲ ခံစားစရာတွေ အများကြီးပေးတဲ့ ဘာသာပြန်အတတ်ပညာနဲ့ တင်ပြထားတဲ့အနုပညာပို့ စ်တစ်ခုပဲ...

ရွှန်းမီ said...

အနုပညာနဲ့ အတတ်ပညာ.. ကွာသလား ဆိုတော့ သေချာကြီး မခွဲခြားတတ်ပါဘူး။ ဥာဏ်မီသလို ခံစားကြည့်လိုက်တာပါပဲ။

မိုးကြယ် said...

အနုပညာဆိုတာရင်ထဲကလာတာ..
အတတ်ပညာကတော့(အတန်းပညာမဟုတ်) လောကကြီးက နေ
ကိုယ်တိုင်သင်ယူလာခဲ့ရတာပေါ့...

ကျွန်တော်ကတော့ အဲ့ဒီလိုခံစားကြည့်တယ်..

ပိုစ့်လေးကောင်းတယ်အစ်မရေ..

Anonymous said...

ပန်းတွေကိုသိပ် မြတ်နိုးတဲ့ သူ တစ်ယောက် ရှိတယ်တဲ့.. သူဟာ ပန်းတွေကို ပြုစုတယ် ပန်းတွေရဲ့ မွှေးရနံ့ကို ရှုရှိုက်တယ်.. ပွင့်ချပ်လွှာတွေကို ပီတိအဟုန်နဲ့ အသာအယာ ထိကြည့် တယ် တို့ကြည့် တယ်... သူဟာ ပန်းတွေကို အလှပဆုံး ဖြစ်အောင် ဘယ်လိုပြုစုရမလည်းဆိုတာ ကို သိသော ကျွှမ်းကျင်တဲ့ ပန်းပျိုးလက်ပိုင်ရှင် ဖြစ်ပါသတဲ့။ ပန်းတွေရဲ့ အကြောင်းကောင်းကောင်း သိ.. မွှေးရနံ့တွေကို ခံစားလို့ရသော်လည်း အဲ့ဒီပန်းတွေရဲ့ ဂုဏ်သတ္တိ မျိုးကို တော့ သူကိုယ်တိုင် မပိုင်ဆိုင် နိုင်ခဲ့ဘူးတဲ့.. ပန်း ကပန်း ဖြစ်ပြီး ပန်းအဖြစ် သိနေတဲ့ သူ့စိတ်က သက်သက်တစ်ခုနဲ့ သူ့ရဲ့ ကျွှမ်းကျင်လှတဲ့ ပန်းပျိုးခြင်း အတတ်ပညာ ဟာ နယ်ပယ်နှစ်ခုရဲ့ အဲ့ဒီအကွဲအစပ်ကြားကနေ ၀င်ရောက် နှိပ်ဆက် တဲ့တွက် သိသူနဲ့ အသိခံရသ၀တ္ထု နှစ်ခု အကြား နှစ်မျိုးကွဲပြား နေရောတဲ့..
ဒါပေမဲ့ ပန်းကို ပြုစုသူဟာ ပန်းလိုလှပြီး ပန်းလိုမွှေးမယ် ညိုးညိုးနွမ်းနွမ်း ဖြစ်ရင်လည်း ပန်းကို ပန်းကဲ့သို့ မြင်ခြင်းထက် ကျော်လွန်ပြီး သူ့ကိုယ့်သူ (သူကိုယ်တိုင်) ပန်းတစ်ပွင့် အဖြစ်မြင်နေခဲ့မယ်ဆိုရင် ပန်းနဲ့သူ တစ်သားတည်းဖြစ်သွားနိုင်တဲ့ အသိဥာဏ်မျိုး ကို ရနိုင်ပြီး ပန်းပျိုးခြင်း အတတ်ပညာဟာ ထပ်မနှိပ်ဆက်နိုင်တော့ဘူးတဲ့... (အဲ့ဒီ အသိဥာဏ်မျိုးကို ဟိုး.. ဥပနိသျှတ်ဝါဒ ခေတ် တုန်းကတော့ အဘေဒဥာဏ် လို့ ခေါ်ခဲ့ကြတာပေါ့..) (အင်း.. အများကြီးနော်.. ထပ်တွေးရင်. ပန်း ကို သူ့ အတွက်စိုက်မှာလား ကိုယ့်အတွက်လား ဒါမှမဟုတ် အလှ စိုက်တာလား ပြီးတော့ ဒဂိုး ရဲ့ အနုပညာ များထဲက အတတ်ပညာ... သူ့ရဲ့ အနုပညာထဲက လွမ်းမိုးမှု ဒဿန.. အရှေ့တိုင်းနဲ့ အနောက်တိုင်း.. အာ.. တော်ဘီ.. :D.. (သန်းကောင် ကို တော်တော်ကျော်တာတောင် အိပ်မရသေးလို့ ကွန်မန့်က စိတ္တဇ ဆန်နေရင်တော့ ခွင့်လွတ်) ..

တန်ခူး said...

တကယ်က ဘာသာပြန်တာ သက်သက်မဟုတ်ပဲ ပန်ဒိုရာမှုပြုထားတာပေါ့… ဒီတော့ တဂိုးထဲမှာ ပန်ဒိုရာက စိမ့်ဝင်စီးမျောလို့ … ဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုတောင် ရှာမတွေ့ တော့ဘူး… သိမ်မွေ့ တဲ့ စာဆိုရဲ့ ကဗျာဂီတထဲမှာ ပျော်ဝင်သွားလို့ လေ… ဒါကလဲ နှလုံးသားတခုချင်းစီရဲ့ ခံစားတတ်မှု၊ ခံစားနိုင်မှု အတိုင်းအတာနဲ့ များ ဆိုင်မလားပဲ… ဘုရင်ကြီးရဲ့ နှလုံးသားနဲ့  သမီးတော်ရဲ့ နှလုံးသား ခံစားခံယူတတ်မှုချင်း မတူသလိုပေါ့နော်… ဘုရင်ကြီးကို မဖမ်းစားနိုင်တာနဲ့ ပဲ အနုပညာရဲ့ ကျရှုံးခန်းလို့ မဆိုလိုနိုင်တာ ဇာတ်သိမ်းမှာ ပြထားသလိုပေါ့… တခုသတိသွားထားမိတာက သိမ်မွေ့ တဲ့ စာဆိုက အနုပညာသမားသက်သက်ဆိုတာကိုပါ… အတတ်ပညာလေးနဲနဲသာ ရောနှောနေရင် သူအဆိပ်သောက်ဖြစ်မှာ မဟုတ်ဘူးနော်… ဒါပေမယ့် ရိုးသားတဲ့အနုပညာသမားက အနိုင်ရရုံသက်သက်နဲ့  ဒီပြိုင်ပွဲကို လာခဲ့တာ မဟုတ်တာတော့ သေချာတယ်… သူ့ အနုပညာနဲ့  သူ့ နှလုံးသားတခုကို ပကတိ ဖွင့်ပြဖို့ လေ… အဲဒီရိုးသားခြင်းကပဲ အနုပညာရဲ့ အလှတရားလို့  တို့ ထင်မိတယ်…

Ko Paw said...

“သစ္စာသည်သာ အလှတရား”

su wai said...

မမပန်ရေ...ဆုဝေကတော့ အနုပညာဆိုတာ နှလုံးသားနဲ့သာ ခံစားနားလည်နိုင်တဲ့၊ သင်ပေးတိုင်းလဲ မတတ်မြောက်နိုင်တဲ့၊ သိမ်မွေ့နက်နဲတဲ့ အတတ်ပညာတစ်ခုလို့ ထင်တယ်။
ဆုဝေ တွေးမိတာကို ပြောပြတာပါနော် ... အဓိပ္ပါယ်ဖွင့်ဆိုရလောက်အောင်တော့ မသိပါဘူး ... ခံစားမှုရသမပါတဲ့ အတတ်ပညာသက်သက်က လူတွေရဲ့ စိတ်နှလုံးကို တစိတ်တဒေသလောက်ပဲ ဖမ်းစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

winlatt said...

ကောင်းတယ်ဗျာ..
အပြည့်အစုံမဟုတ်ဘူးဆိုပေမဲ့ဖတ်၇တာအရသာရှိပါတယ်..။ဝါကျဖွဲ့စည်းပုံ..စကားလုံးသုံးစွဲမှု...ဥပမာပေးအသုံးအနှုန်း..
အားလုံးအလကာင်္ဖွဲ့တွေပါ..
ချုခါဟမ်နိသာ(ကိုရီးယားဂုဏ်ပြုစကား)

pandora said...

ကိုဒူကဘာ.. မှတ်ချက်အတွက် ကျေးဇူးပါနော်
ကိုဆူး... ဟုတ်တယ်။ အနုပညာဆိုတာ ပြိုင်တဲ့အရာမဟုတ်ဘူးဆိုတာ ကိုဆူးအတွေ့အကြုံမှာလည်း မှတ်သားလိုက်ရပါတယ်။
anonymous... thanks. I hope I can post more frequently. :)
မမိုးချိုသင်းရေ...ညို့ယူတတ်တဲ့အနုပညာ အကြောင်းကို နားလည်နိုင်ဖို့ ခက်ခဲတယ်နော်။
မခင်ဦးမေ.. ခံစားသွားတာ ကျေးဇူးပါ။
ကိုအောင်သာငယ်... သဘောတူပါတယ်။
မာရေးသျှင်...ပိတ်မရတော့ရင်လည်း ဟစိစိသာ လုပ်ထားလိုက်ပါလေ။
ကိုမောင်ရင်.... ပိုပြီး စဉ်းစားရတာ ဦးနှောက်စားသွားပြီဗျာ။
ရွှမ်းမီ မိုးကြယ်.. ခံစားသွားတာလေးတွေကျေးဇူးတင်တယ်နော်။
စိတ္တဇဆန်တဲ့ မှတ်ချက်ပိုင်ရှင်ရေ... ပန်းရဲ့ အကန့်အသတ်ပြင်ပက ပွင့်တတ်တဲ့ ပန်းတွေလည်း ရှိတယ်ဆိုပဲ။ ဘယ်လိုပြောရမလဲ မသိတော့ဘူး။
မတန်ခူး နဲ့ ကိုပေါ.. ရိုးသားခြင်းသစ္စာအလှတရား.. အင်း. အလှကိုရှာ ဘယ်မှာမတွေ့ ဖြစ်တော့မယ်။ မှတ်ချက်များအတွက် ကျေးဇူးပါ။
ဆုဝေ..ဆုဝေ တွေးမိသလို ကိုယ်လည်း ထင်မိပါတယ်။
ကိုဝင်းလတ် ... ကျေးဇူးပါနော်။

Layma said...

လေးမတို့ ရဲ့ ဗိသုကာပညာဆိုတဲ့ အတတ်ပညာမှာတော့ အနုပညာသဘောတရားတွေ အများကြီး ပျော်ဝင် ဆက်နွယ်နေပါတယ်...။ ဒီလိုပဲ
အနုပညာထဲမှာလည်း အတတ်ပညာ အတိုင်းအတာတစ်ခုထိပါဝင်သင့်ပါတယ်...။

khin oo may said...

သုံးခါလောက်ဖတ်ပြီးမှ နားလည်သွားတယ်။

ဇွန်မိုးစက် said...

အနုပညာ အတတ်ပညာရဲ့ အနှစ်သာရ အဓိပ္ပာယ်ဆိုတာထက် မပန်ရဲ့ ရေးဖွဲ့ပြန်ဆိုမှု အနုပညာစွမ်းကိုတော့ တကယ်ပဲ နှစ်သက်သဘောကျမိတယ်။း)

Anonymous said...

should be balance :)