မွေးကတည်းက ကဗျာဆိုတာ ဘာလဲ လို့မေးရင် ဆရာကြီးတင်မိုးရဲ့ ကဗျာလေးတွေကိုပဲ ဆိုပြတတ်သလို ကဗျာဆရာဆိုတာ ဘယ်သူလဲ ဆိုရင်လည်း ဆရာကြီးတင်မိုးကိုပဲ ပထမဆုံး သိခဲ့တာပါ။
ပန်ဒိုရာကို ကဗျာတွေကို ချစ်တတ်အောင်လို့ ဆိုပြီး ဖေဖေက သူချစ်ခင်လေးစားရတဲ့ ဆရာကြီးရဲ့ ကဗျာလေးတွေနဲ့ လူမှန်းမသိတတ်တဲ့ အရွယ်ကတည်းက မိတ်ဆက်ပေးခဲ့တယ်။ ဒီအကြောင်းလေးတွေကို
ဒီမှာ ရေးထားခဲ့ဖူးပါတယ်။ ၀မ်းသာစရာ တစ်ခုကတော့ ဆရာကြီးနဲ့ ခဏလေး ဆုံခဲ့ဖူးတာပါပဲ။ အဲဒီအကြောင်းတွေကို ပြောပြဖြစ်တယ်။ ဆရာကြီးက ပြုံးနေပါတယ်။
ဖြူစင်အေးချမ်းတဲ့ ဆရာကြီး ကွယ်လွန်သွားခဲ့တာ လာမယ့် ဇန်န၀ါရီ ၂၂ ဆိုရင် နှစ်နှစ်ပြည့်ပါပြီ။ အမှတ်တရ အနေနဲ့ ဆရာကြီးရဲ့ စာအုပ် မျက်နှာဖုံး အချို့နဲ့ ကဗျာလေးတစ်ပုဒ်ကို scan ဖတ်ထားတာကို တင်လိုက်ပါတယ်။ ကဗျာက ၀ါးနေတာမို့ စာပြန်ရိုက်ပြီး ဖော်ပြလိုက်ပါတယ်။




ဒီစာအုပ်ကို မျက်နှာဖုံးဆွဲတာကတော့ ဆရာပေါ်ဦးသက်လို့ ရေးထားပါတယ်။

ကွယ်လွန်သူ မွေးမိခင်သို့
တင်မိုး
ချစ်စွာမွေးမိ၊ ထင်ရှား ရှိစဉ်
သတိတိမ်းပါး၊ ကာလ လျားအောင်
ဟိုသွား သည်လာ၊ ယောင်ချာချာဖြင့်
တရွာတပြည်၊ ငါမွေ့သည်တည့်။
သတင်းစာနှင့်
ဂျာနယ် မဂ္ဂဇင်း၊ ငါထည့်သွင်း၍
အပျင်းပြေငှါ၊ ရေးသည့်စာကို
ရွာနေအမိ၊ ရွှင်ပီတိဖြင့်
သား၏ကိုယ်စား၊ ကဗျာများဟု
ဖတ်ကြားကာကာ၊ လွမ်းဖြေရှာလည်း
ငါ့မှာ သတိ၊ မမူမိခဲ့။
မိခင်ချစ်စွာ၊ ကွယ်လွန်ခါမှ
ငါ့မှာ အောက်မေ့၊ တမြေ့မြေ့နှင့်
မွေးမေ့တွက်သာ၊ တေးကဗျာကို
စိတ်မှာ ၀၀၊ မသီရ ဟု
နောက်တ ပူပန်၊ ကြိမ်ဖန်ဖန်တည့်။
မိခင်စွန့်သွား၊ အမေ့သားလည်း
ဉာဏ်အား စွမ်းစ၊ တတ်သမျှနှင့်
လုံ့လပြုကာ၊ တေးဖွဲ့ပါ၏။
ကဗျာ အညံ့၊ စာမခန့်လည်း
စိတ်သန့်ကြည်ညို၊ ကန်တော့လိုသည်
အိုဘယ့်မိခင်၊ ထက်ရပ်ခွင်မှ
နားဆင်ကြည်နူး နိုင်စေသော်..။
(ကော်ပီရိုက်နဲ့ ပတ်သက်လို့ ပိုင်ဆိုင်သူက ကန့်ကွက်မှုရှိခဲ့လျှင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။)