
အခုမှ ဒီမှာ စပြတဲ့ Wall-E ဆိုတဲ့ ရုပ်ရှင်ကို ဒီညပဲ သွားကြည့်ခဲ့ပါတယ်။ သိပ္ပံကာတွန်းကား လို့ပဲ ဆိုကြပါစို့။ ကာတွန်းကားလေးတွေကို ကြည့်တဲ့အခါ ကလေးတွေ အတွက်သာမက လူကြီးတွေအတွက်ကိုပါ မှတ်သားစရာ စဉ်းစားစရာတွေကို နူးညံ့သိမ်မွေ့စွာ ပေးတတ်တဲ့အတွက် သဘောကျပါတယ်။ Wall-E က ဒီနိုင်ငံမှာတော့ ဒီနေ့မှ စ၀င်တာမို့လို့ မကြည့်ရသေးတဲ့လူတွေ ဒီ review ကို ဖတ်မိရင် အရသာပျက်စရာ spoiler တွေ ပါနိုင်တယ် ဆိုတာ ဆက်မဖတ်မိခင် ကြိုသတိပေးပါရစေ။
နီကျင်ကျင် အရောင်သန်းပြီး မှုန်မှိုင်းနေတဲ့ ထိုးထိုးထောင်ထောင် မြို့ပြတစ်ခုရဲ့ ခြောက်ကပ်ကပ် မြင်ကွင်းနဲ့ ရုပ်ရှင်ကို အစပြုထားပါတယ်။ လူတွေနေထိုင်ဖို့ မဖြစ်တော့လို့ စွန့်ပစ်ထားခဲ့တဲ့ ကမ္ဘာမြေမှာ အမှိုက်သိမ်းတဲ့ စက်ရုပ်ကလေး တစ်ရုပ်ပဲ ကျန်ခဲ့ပါတယ်။ Wall-E (Waste Allocation Load Lifter Earth-Class ) လို့ခေါ်တဲ့ အဲဒီ စက်ရုပ်လေးရယ်၊ အမှိုက်တွေ လေးထောင့်တုံး ပုံပြီး သိမ်းတဲ့ နေ့တဓူဝ အလုပ်ရယ်၊ သူ့ကို တကောက်ကောက် လိုက်တတ်တဲ့ အဖော် ပိုးဟပ်ကလေး တစ်ကောင်ရယ် ကလွဲလို့ ပတ်ဝန်းကျင်ဟာ သက်ရှိတွေ ကင်းမဲ့ အထီးကျန် ဆန်နေတော့တယ်။ တနေ့တော့ ၀ုန်းဒိုင်းဆင်းလာတဲ့ ယာဉ်ပျံတစ်စီးနဲ့အတူ စိတ်ဝင်စားစရာ နောက်ထပ် စက်ရုပ်ကလေးတစ်ရုပ် ကမ္ဘာပေါ် ရောက်လာကို သူတွေ့သွားတယ်။ အဲဒီ စက်ရုပ်ကတော့ သူ့လို ပေကျံစုတ်ပြတ်နေတဲ့ ချောက်တီးချောက်ချက် စက်ရုပ်မဟုတ်ဘူး။ ဖြူဝင်းတောက်ပနေတဲ့ စက်ရုပ်အသစ် လှလှလေးပေါ့။
ပျံသန်းနိုင်သလို လေဆာလိုမျိုးနဲ့ ပစ်နိုင်ခတ်နိုင် စွမ်းတဲ့ စက်ရုပ်လှလှလေးကို Wall-E က အထင်တကြီး လေးစားစွာနဲ့ သဘောကျသွားပါတယ်။ ပထမတော့ Wall-E က ကြောက်နေတယ်။ နောက်တော့ သူတို့နှစ်ယောက် မိတ်ဆက်ကြတယ်။ စက်ရုပ်သစ်လေး နာမည်က အိဗ် Eve တဲ့။ Wall-E က အသံမှန်အောင် မထွက်နိုင်ဘူး။ အီဗာ လို့ပဲခေါ်တယ်။ နောက်တော့ Wall-E က Eve ကို သူနေတဲ့ အခန်းလေးကို ခေါ်လာတယ်။ Eve ပျော်အောင် သူပိုင်ဆိုင်တဲ့ အစုတ်အပြတ် အရုပ်လေးတွေ ဘာတွေ ထုတ်ပြတယ်။ တီဗွီဖွင့်ပြတယ်။ နောက်တော့ သူအမှိုက်သိမ်းရင်း ကောက်ရလို့ သိမ်းထားတဲ့ အပင်ပေါက်လေးတစ်ပင်ကို ချစ်ခင်စွာနဲ့ ပေးလိုက်ပါတယ်။ အဲဒီ သစ်ပင်လေးကတော့ ဇာတ်လမ်းရဲ့ အဓိကပါပဲ။
တကယ်တော့ Eve ဟာ ကမ္ဘာမြေမှာ သက်ရှိဇီဝတွေ တည်တံ့ခိုင်မြဲ နိုင်သေးလားဆိုတာကို စုံစမ်းဖို့ လွှတ်လိုက်တဲ့ စက်ရုပ်ကလေးပေါ့။ Eve ဟာ သစ်ပင်လေးကို တွေ့လိုက်တာနဲ့ သိမ်းယူလိုက်ပြီး အလိုလို မလှုပ်မယှက် ဖြစ်သွားတော့တယ်။ သူ့ရဲ့တာဝန် ပြီးဆုံးသွားပြီ။ Wall-E လေးကတော့ မသိရှာဘူး။ မိုးရွာရွာ နေပူပူ Eve ကို အကာအကွယ်ပေးလို့ တကြည့်ကြည့်နဲ့ စောင့်ရှောက်ရှာပါတယ်။ ဒီလိုနဲ့ တနေ့တော့ ယာဉ်ပျံက Eve ကို လာခေါ်သွားပါတယ်။ သံယောဇဉ်ကြီးနေတဲ့ Wall-E က ယာဉ်ပျံပေါ်မှာ ကုတ်ကပ်ပြီး လိုက်ပါသွားတော့တယ်။
ယာဉ်ပျံဆိုက်သွားတဲ့ နေရာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက် ကတည်းက ကမ္ဘာမြေကို စွန့်သွားတဲ့ လူသားတွေ နေနေကြတဲ့ အာကာသထဲက နေရာတွေထဲက တခုပါ။ အဲဒီမှာ ကုမ္ပဏီတခုက လူတွေကို ၀န်ဆောင်မှု ပေးနေတယ်။ လူတွေအားလုံးဟာ ခြေချောင်း လက်ချောင်းလေးတွေ တိုလို့ အ၀လွန်နေကြပြီ။ လမ်းမလျှောက်နိုင် မသွားနိုင် မလာနိုင် လို့ ကုလားထိုင်ဆန်ဆန် ယာဉ်ပေါ်မှာပဲ လဲလျောင်းပြီး သွားလာကြတယ်။ အစားအသောက်ကို အရည်အဖြစ်နဲ့ပဲ ပိုက်နဲ့ စုပ်သောက်တယ်။ သူတို့လုပ်စရာရှိတာက ဗွီဒီယို ဖန်သားပြင် တခုမှာပဲ မျက်နှာအပ်ထားပြီး ကြည့်စရာရှိတာ ကြည့်ကြ ချက်တင်လုပ်ကြ။ ဒါပဲ။ အရာရာကို စက်ရုပ်တွေက တာဝန်ယူ အဆင်သင့် ၀န်ဆောင်ပေးနေတဲ့ ခေတ်ပေါ့။ လူတွေထဲမှာတော့ စီမံအုပ်ချုပ်တဲ့ ကပ္ပတိန် တစ်ယောက်ရှိတယ်။ အဲဒီကပ္ပတိန်ကို အစစ ၀န်ဆောင်ပေး ညွှန်ကြားချက်လည်း ပေးတဲ့ Auto Pilot Computer တခုလည်း ရှိတယ်။ အားလုံးဟာ ရာနှုန်းပြည့်နီးပါး ရုပ်ဝတ္ထုဆန်နေပြီ။ ဥပမာ. သူတို့ဟာ ကခုန်တယ် ဆိုတာ မသိဘူး။ ပင်လယ် ဆိုတာ မသိဘူး။
ကမ္ဘာမြေမှာ ပြန်နေမယ် ဆိုရင် သက်ရှိတွေ ရှင်သန်နိုင်သေးလား ဆိုတာကို စမ်းသပ်ဖို့ လွှတ်လိုက်တဲ့ စက်ရုပ်တွေထဲက Eve ဟာ အဲဒီနေရာကို သစ်ပင်ပေါက်ကလေးနဲ့အတူ ပြန်ရောက်လာတဲ့အခါမှာ… Wall-E ကလည်း လိုက်ပါလာတဲ့အခါမှာ……
ကျန်တဲ့ အပိုင်းကိုတော့ ငွေရောင်ပိတ်ကားပြင်မှာ ဆက်လက် ရှုစားကြပေါ့နော်။ ရုပ်ရှင်က အသစ်ကြီးမို့ ဇာတ်လမ်း အပြည့်အစုံ မရေးချင်လို့ပါ။
ဒီကားဟာ စကားပြောတွေ အလွန်နည်းပါတယ်။ ပထမပိုင်း မိနစ် ၄၀ လောက်အထိဆိုရင် ဒိုင်ယာလော့တွေ မပါသလောက်ပါပဲ။ အဲဒီနည်းနည်းပါးပါးထဲက အကြိုက်ဆုံး ဒိုင်ယာလော့ကတော့ ကပ္ပတိန်နဲ့ သူ့ရဲ့ Auto Pilot Computer တို့ ပြောကြတဲ့ အခန်းတခုပါပဲ။ ကပ္ပတိန်က အိမ် (ကမ္ဘာမြေကို) ပြန်ချင်တယ် လို့ပြောတဲ့အခါ..။
AUTO: In space we will survive.
Captain: I don't want to survive, I want to live!
မြန်မာလို ဘာသာပြန်ကြည့်ရမယ်ဆိုရင်တော့ ဒီလိုပြောလို့ရမယ် ထင်တယ်။
အော်တို။ ။အာကာသထဲမှာ ငါတို့အသက်ဆက်နေနိုင်မယ်လေ။
ကပ္ပတိန်။ ။ငါက အသက်ဆက်ချင်တာမဟုတ်ဘူး။ ရှင်သန်နေထိုင်ချင်တာ။
စက်ရုပ်တွေ ပါတဲ့ ကားဆိုတော့ အရုပ်တွေရဲ့ လှုပ်ရှားမှုနဲ့ သရုပ်ဖော်ရတာလည်း အလွန် ကန့်သတ်နေပါတယ်။ စက်ရုပ်လေးတွေရဲ့ စိတ်ခံစားမှုကို မျက်လုံးလေးတွေက တဆင့်ပဲ သရုပ်ဖော်နိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ ပျော်တာ ၀မ်းနည်းတာ ကြောက်တာ အစရှိတဲ့ ခံစားချက်တွေကို လိုက်ပါခံစားနိုင်အောင် ခြယ်မှုန်းထားနိုင်တာ အံ့သြစရာပါပဲ။ တကားလုံးမှာ သုံးထားတဲ့ သီချင်းတွေ ဂီတတွေဟာလည်း ဇာတ်လမ်းကို အထူးပံ့ပိုးပါတယ်။
ရုပ်ရှင်လေးဟာ အရမ်းကို ချစ်စရာကောင်းပါတယ်။ စက်ရုပ်ကလေးနှစ်ရုပ် အာကာသထဲမှာ ကကြတာတို့ တယောက်လက်ကလေးကို တယောက်က လှမ်းကိုင်တာတို့လို ဇာတ်ကွက်ကလေးတွေဟာ လူတွေကို ရယ်မောစရာ သဘောကျစရာ ဖြစ်စေပါတယ်။ ကိုယ်ကြည့်တဲ့ အချိန်မှာတော့ သတိထားမိသလောက် ရုပ်ရှင်လာကြည့်ကြသူတွေဟာ ၂၀ အထက် လူကြီးတွေ များပါတယ်။ ဆယ်ကျော်သက် ကျောင်းသားလေး တွေတောင် သိပ်မတွေ့ရပါဘူး။ ကလေးလေးတွေနဲ့ မိဘတွေကတော့ ဒီနေ့ နဲ့ နက်ဖြန် ကျောင်းတက်ရက် မို့လို့ သိပ်မလာကြသေးတာလည်း ဖြစ်မယ် ထင်တယ်။ အတော်များများဟာ ရုပ်ရှင်ပြီးသွားတဲ့အခါ စာတန်းကုန်စင်အောင် ထိုးတဲ့အထိ ငြိမ်ပြီး ကြည့်နေကြပါတယ်။
ဒီရုပ်ရှင်မှာ ပေးထားတာတွေက နားမလည်နိုင်စရာ မရှိအောင် ရိုးရှင်းပေမယ့် အတော်ကို များပါတယ်။ အားလုံးကိုတော့ ပြန်ခံစားပြနိုင်ဖို့ ခက်ခဲပါတယ်။
တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ ပတ်ဝန်းကျင်မှာ စားသောက် နေထိုင် သုံးစွဲ နေကြတာတွေဟာ တကယ်တော့ သဘာဝကနေ တဖြည်းဖြည်း သွေဖယ်လာတဲ့ အမှိုက်တွေ အပိုတွေပဲ မဟုတ်ပါလား။ သဘာဝရဲ့ အသီးအပွင့်တွေ ကွယ်ပျောက်ပြီး ကမ္ဘာဟာ အမှိုက်ပုံ အနေနဲ့ပဲ ကျန်ခဲ့မယ် ဆိုတဲ့ သဘောတရားဟာ အလွန်ဝေးလံသေးတဲ့ ဖြစ်နိုင်ခြေမှာ ရှိပေမယ့် သတိပြုစရာပါပဲ။ ဒီရုပ်ရှင်ကတော့ အကောင်းမြင်စွာနဲ့ မျှော်လင့်ချက်တစ်ခု ပေးပြီး အဆုံးသတ်သွားပါတယ်။
လူတွေဖန်တီးလို့ သဘာဝက အိုမင်းရင့်ရော် လာတဲ့အခါမှာ မှီတင်းနေထိုင်ခဲ့ဖူးတဲ့ ကမ္ဘာမြေကို စွန့်ပစ်သွားရုံပဲ ဆိုရင် ဒါဟာ အရွေးချယ်သင့်ဆုံး နည်းလမ်း ဟုတ်ပါရဲ့လား။ လူသားဆန်မှု၊ လူ့တန်ဖိုး လူသားစွမ်းအင်ကို အသိအမှတ်ပြုမှု နဲ့ အရေးအကြီးဆုံးကတော့ ချစ်ခြင်းမေတ္တာ ဆိုတဲ့အရာ မခြောက်ခန်းသရွေ့တော့ သဘာဝရဲ့  လက်ဆောင်တွေ ဖူးပွင့်စိမ်းလန်းနေဦးမယ် ဆိုတာကို တာဝန်ကျေတဲ့ စက်ရုပ်ကလေး တစ်ရုပ်က ရိုးသားဖြူစင်တဲ့ ချစ်ခြင်းနဲ့အတူ အလင်းရောင် ကူးညှိပေးနိုင်ခဲ့ပါတယ်။
(ဒီရုပ်ရှင်ကို ကြည့်ဖြစ်အောင်ကြည့်ပြီး review ရေးပါလားလို့ တိုက်တွန်းပေးတဲ့ သူငယ်ချင်းတဦးကို အထူး ကျေးဇူးတင်ပါတယ်။)
ပန်ဒိုရာ










