
ပြာစင်နေသော မိုးသားနောက်ခံမှာ တိမ်ဖြူဖြူ နုနုလေးတွေက အုပ်ဖွဲ့ကာ တငြိမ့်ငြိမ့် တလှုပ်လှုပ်။ သူတို့ကို မှန်သားပြင်မှဖြတ်ကာ ငုံ့မိုးကြည့်ရင်း ကျေကျေနပ်နပ် ပြုံးမိသည်။ ချစ်စရာ ကောင်းလိုက်တာ။ ဂွမ်းစလေးတွေနဲ့ မတူဘူးလားဟင်။ ဒီနေ့မှ ရာသီဥတုကလည်း အထူးကို သာယာနေတော့တာ။ အင်းလေ..။ မိုးမှောင်တွေ ကင်းစင်လို့ ကြည်လင်တဲ့ အချိန်ကို ရောက်ခဲ့ပြီ ဆိုတော့လည်း….။
ကြည့်စမ်း။ လေထုထဲမှာ ပိုင်ပိုင်နိုင်နိုင် မြင်နေရတာ.. အဖြူ.. အပြာ….။ အဖြူဆိုတာ သန့်ရှင်းဖြူစင်မှု..။ အပြာဆိုတာ ငြိမ်းချမ်းခြင်း…။ အဲသည်လို လူတိုင်း နားလည်ပြီးသား သမားရိုးကျ အဓိပ္ပာယ်တွေကိုပဲ ပြန်လည်တွေ့ရှိဖို့ဆိုတာ တချို့တွေ အတွက်တော့ ဆယ်စုနှစ်ပေါင်း များစွာ ဖြတ်သန်းခဲ့ရသည်ပဲ။
ကိုယ်က ပြုံးလိုက်ပြန်သည်။ ကိုယ်က ပြုံးပြီးရင်း ပြုံးနေတော့သည်။ မြေပြင်က တဖြည်းဖြည်း နီးလာပြီ။ ရင်ထဲမှာ တလှပ်လှပ် တဒုတ်ဒုတ် ခုန်လာတဲ့ ခံစားမှုဟာ လေယာဉ်ကြီး နိမ့်ဆင်းလာတာကြောင့် သက်သက် ဟုတ်ပါရဲ့လား။ ဒီတခါ ပျံသန်းလာရသည့် ခရီးက ခါတိုင်းနှင့် မတူလေ။ ဒါက အိမ်အပြန်ခရီး။ အိမ်.. အိမ် ဆိုသည့်အရာကို အပြီးအပိုင် ပြန်လာခဲ့သည့် ခရီး။
ထွက်ခွာလာခဲ့ကြသည့် နေရာ၊ ရောက်လာကြသည့် အချိန် တွေက ကွဲပြားကြမည်။ ကိုယ့်ထက် စောသူတွေ ရှိမည်။ ကိုယ့်ထက် နောက်ကျသူတွေလည်း ရှိမည်။ ဘယ်လိုဖြစ်ဖြစ် ဒီနေ့အဖို့တော့ ကိုယ်တို့ အားလုံး ရောက်ကြတဲ့အခါ အိမ်တွေကို တန်းမသွားပဲ ဒီနေရာကနေ အားလုံးကို စုဆုံကြဖို့ပါပဲ။
“အားလုံးကို အမိမြေက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါ၏။”
ရွှေရောင်လက်နေသော ဆိုင်းဘုတ် တစ်ခုက နေခြည်အောက်မှာ ၀င်းနေသည်။ ဆိုင်းဘုတ်တွေ စာတန်းတွေ လမ်းဘေး ၀ဲယာမှာ ဟိုယခင်က တွေ့ခဲ့ ဖတ်ခဲ့ဖူးသည်။ အခု ဒီစာတန်းကတော့ အမှန်တကယ်ကို အဓိပ္ပါယ် အများကြီး ပြည့်ဝနေပြီလေ။
လေပြည်က ကိုယ့်ပါးပြင်ပေါ် ဖြတ်တိုက်လာသည်။ ဖုန်မှုန့်တွေ နည်းနည်းပါးပါး ပါကောင်းပါဦးမည်။ ဘယ်လိုဖြစ်ဖြစ်လေ။ အဲဒီ အမိမြေအစစ်က ဖြတ်တိုက်လာတဲ့ လေပြည်အေးဟာ အားလုံးဆီ တူညီစွာ ရောက်လာနိုင်ဖို့ ကိုယ်တို့ကြားမှာ ခြားထားခဲ့တဲ့ တံတိုင်းကြီးတွေ ပြိုပျက်ခဲ့ပြီတဲ့။
ကိုယ်တို့ တွေ့ကြရတော့မည်။ ၀မ်းသာကြမှာပါနော်။ .. နေသာမှ ပြန်လာမယ် မပြောပါနဲ့။ ခင်ဗျားတို့လာမှ နေသာရမှာပါ .. တဲ့။ အသံတစ်ခုကို ဖြတ်ခနဲ ကြားယောင်မိသည်။ နေသာမှ ပြန်လာတာ မဟုတ်ပါဘူးကွယ်။ တိမ်မိုက်တွေ ဖုံးနေတဲ့ နေလုံးကြီးကို တူးဖော်ဖို့အတွက် အချိန်တွေ ယူခဲ့ရပါတယ်။
“အရီးရေ အခုမှပဲ တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူးတော့တယ်။”
ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်း အားပါးတရ လေသံဖြင့် အစ်မကြီးတစ်ယောက်က ပြောရင်း ပြေးဖက်လာမှာလား။
“ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ အားလုံးမှာ တူညီတဲ့ နှလုံးသားတွေ ရှိတယ်။ အဲဒါကို မိုးပေါ်က လှိုင်းတွေကြားမှာ အနုပညာနဲ့ ၀တ်မှုန်ကူးခဲ့ကြတယ်”
ယူနီဖောင်းဝတ်ထားသည့် လူငယ်လေး တစ်ယောက်က ဒီလိုပြောလာလိမ့်မည်လား။
“ဖြစ်နိုင်ရင်ပေါ့လေ။ မသေခင်မှာ တွေ့ဖူးခဲ့ချင်သူတွေ များများစားစားတော့ မရှိပါဘူး။ အခုမှပဲ..”
တွေ့ချင်သူ တဦးဦးက ဒီ့ထက်ပိုပြီး စကားမဆက်နိုင်တော့ပဲ ဆို့နင့်နေမှာလား။
“လမ်းပေါ်မှာ လူအုပ်ကြီး ဖြတ်သွားတော့ ခဏ ဆိုပြီး အိမ်ပေါ်က ဆင်းလာလိုက်တာပါ။ အမေက ညနေ ထမင်းစား စောင့်နေမယ် မြန်မြန်ပြန်လာ လို့တောင် လှမ်းအော် လိုက်သေးတယ်။ ခဏဆိုပြီး ထွက်လာခဲ့တဲ့ ကျွန်တော် နောက်ဆုံးတော့ ပြန်ရောက်ခဲ့ပြီလေ..။ အမေကတော့…”
တယောက်ယောက်က ဒီလို ကြေကြေကွဲကွဲ ဇာတ်ကြောင်းပြန်နေမှာလား။
“ဟေ့.. ဘာတွေ စိတ်မကောင်း ဖြစ်နေကြသလဲ။ အခုတွေ့ကြပြီပဲ။ နေ့လည်ကျ မြို့ထဲမှာ ဒိန်ချဉ်သွားသောက်ကြရအောင်။ အဲဒီဆိုင် မထိုင်ရတာ အနှစ် ၂၀ကျော် ကြာပြီ။ ဟားဟား..”
တယောက်ယောက်က ဒီလို ပေါ့ပေါ့ပါးပါး ပြောလာလေမည်လား။
“အမယ်.. အပြင်မှာတော့ စကားပြောတာ ခင်ဗျား ကျနော် နဲ့ မပြောတော့ဘူးလား”
ဒီလို မေးလာလျှင်တော့ ကိုယ်က ရုပ်တည်နှင့် ပြုံးလို့သာ နေလိုက်ဦးမည်။
“ယူက တကယ်တွေ့တော့ ထင်တာထက် ပိုငယ်သားပဲ။ စာထဲမှာ အသက် ၅၀ ကျော် လေသံနဲ့ ရေးနေတာ။ ဟိဟိ..”
လူမှုရေးပါးနပ်ပြီး ပျော်တတ်သည့် သူငယ်ချင်း တစ်ဦးက ဒီလို စနောက်လာလျှင်တော့ ရှက်ချင်ယောင် ဆောင်လိုက်ဦးမည်။
“ကျွန်တော်တို့ မဂ္ဂဇင်း ထုတ်ကြမယ်နော်။ ဒီမှာ အားလုံး အဆင်သင့်ဖြစ်နေပြီ။ အစ်မတို့ အစ်ကိုတို့ ရောက်ဖို့ မျှော်နေတာ သိလား”
အလုပ်ကို ချက်ချင်းလုပ်ဖို့ စိုင်းပြင်းနေသော လူငယ်လေး တစ်စုလည်း ရှိကောင်းရှိမည်။ ဒီလို တက်တက်ကြွကြွ ပြောလာသူကိုတော့ အားလုံးက တွန်းထိုးဝိုင်းတိုက်ကာ ဟေ့ကောင် ဖြည်းဖြည်း လုပ်ပါကွ။ ခုမှ ခရီးရောက်မဆိုက်ကြီး ဟု အော်ချင် အော်ကြဦးမည်။
“အစ်မက တကယ်ပဲ နေနိုင်တယ်။ တစ်ကျွန်းထဲ နေတာများ တစ်ခါမှ အတွေ့မခံဘူး။ အခုမှပဲ သူများတွေနဲ့ အတူတူ ဆုံရတော့တယ်။”
ဒီလို စကားနာ ထိုးလာသူ တစ်ယောက်ယောက် ရှိလာလျှင်တော့ ကိုယ်က ချော့မော့ ရပါဦးမည်။
“ဟေး.. နေ့တိုင်း အစောကြီး အိပ်ရာထပြီး ရုံးကို တန်းပြေးစရာ မလိုတော့ဘူး။ မနက်ဖြန် မနက်စာကို မုန့်ဟင်းခါးစားရင်ကောင်းမလား။ ပဲပလာတာ စားရင်ကောင်းမလား။ ဒါမှမဟုတ် နန်းကြီးသုပ်..။ အုန်းနို့ခေါက်ဆွဲ…”
အစားပုပ်သူ တစ်ယောက်က ဒီလို ပြောလာလျှင်တော့ အားလုံးက ၀ိုင်းရယ်ကြမည် ထင်သည်။
ကြည့်စမ်းပါကွယ်။ နေမင်းကြီးကလည်း ပြုံးလို့။ ကောင်းကင်ကြီးက ကြည်လင်လို့။ ငှက်တွေ ကျီကျီကျာကျာ တေးဆိုလို့။ လေပြည်က သာသာတိုက်ခတ်လို့။ ကိုယ်တို့အားလုံး ရယ်မောလို့။ မျက်ရည်တွေ ကျခဲ့လျှင်တောင် ၀မ်းသာလို့ပဲ ဖြစ်တော့မည်လေ။ ဟိုးရှေ့မှာ ကြမ်းတမ်းနေဦးမည့် လမ်းပျပျကိုတော့ တွဲဆက်ထားတဲ့ လက်တွေနဲ့ ပြန်လည်တည်ဆောက် အတူလျှောက်ကြရဦးမည်ပေါ့။
အကြောက်တရားရဲ့ အားပြိုင်မှုတွေ ပြိုကွဲသွားတဲ့အခါ…..
အနိုင်ကျင့်မှုတွေ၊ မတရားမှုတွေ၊ မရိုးသားမှုတွေ၊ မသင်္ကာမှုတွေ၊ အမုန်းတွေ၊ အာဃာတတွေ အားလုံး ပါးလျသွားကြတဲ့ အခါ…..
ကွေကွင်းနေတဲ့ ချစ်သူတွေကြားက သောကတွေ၊ မိခင်တို့ရဲ့ မျက်ရည်ပေါက် ကြီးငယ်တွေ လွင့်စင်ခမ်းခြောက် သွားတဲ့အခါ…..
ရွေးချယ်စရာမရှိလို့ ဆွံ့အနေခဲ့ကြတဲ့ နှလုံးသားတွေ စကားပြောခွင့် ပွင့်လင်းသွားတဲ့အခါ…….။
ပန်ဒိုရာ
craton ,
mirror ,
မွန်
တို့က တက်ဂ်ထားလို့ ရေးထားတဲ့ စိတ်ကူးယဉ်အိပ်မက် ပါ။ ဖတ်မိတဲ့ ဘယ်သူမဆို စိတ်ကူး ဆက်ယဉ်နိုင်ကြပါတယ်။
























































