စက်ဘီးကလေးတစ်စီး ရှိသည်ဆိုပါစို့။ မြေနီနီ လမ်းကလေးတစ်လမ်း ရှိသည်ဆိုပါစို့။ လမ်းကလေး၏ ဘေးတဘက်တချက်မှာ တောပန်းလေးတွေ မြက်ပင်တွေ အပြိုင်းအရိုင်း ပေါက်ချင်ပေါက်နေမည်။ လယ်ကွင်းတွေဖြင့် စိမ်းချင်စိမ်းနေမည်။ စက်ဘီးကလေး လိမ့်သွားဖို့ လမ်းကလေးတစ်ခုသာ လိုအပ်ပါသည်။
မြေနီလမ်းလေးလား။ ကတ္တရာလမ်းလေးလား။ မြေခံမာပြီး ချောမွေ့သော လမ်းကလေး မဖြစ်လျှင်တော့ သွားရတာ နည်းနည်းခက်မည်။ လမ်းကလေး ပီပီပြင်ပြင် မဟုတ်လျှင် ဘယ်လိုဖြစ်လာမလဲ။ တကယ်တော့ လမ်းကလေးရယ်လို့ ရှိမနေလည်း စက်ဘီးကလေး တစ်စီးသာ ရှိခဲ့လျှင် ဘယ်လိုပဲဖြစ်ဖြစ် တွန်းတွန်းတိုက်တိုက် ဖြတ်ကျော်မသွားနိုင်ဘူးလား။ ဒါဆိုလျှင်တော့ လမ်းကလေး ဖောက်မထားလည်း ကိစ္စမရှိတော့။ စက်ဘီးကလေးက ဆက်လက်ပြေးလွှားနေပါဦးမည်။
စက်ဘီးကလေးဆိုသည်မှာ စက်အားကိုးဖြင့် အလိုအလျောက် ပြေးလွှားနိုင်သော ယာဉ်တစ်စီးမဟုတ်။ ခြေထောက်ဖြင့် နင်းဖို့လိုသည်။ ဖြေးဖြေးနင်း။ မြန်မြန်နင်း။ တစ်ချက်ချင်းနင်း။ အားကုန်နင်း။ မောလျှင် ခဏနားရင်း အရှိန်ကလေးဖြင့် ဆက်လှိမ့်သွား။ အကွေ့ဆို လက်ကိုင်ကို ထိန်း။ ကုန်းဆင်းကလေးဆိုလျှင်တော့ သတိဖြင့် လျှောချရမည်။ ကုန်းမြင့်မြင့်ကို တက်ဖို့ ခပ်ဝေးဝေးကတည်းက အရှိန်ယူထားရမည်။ တစ်ယောက်တည်းလား။ ပေါ့ပေါ့ပါးပါး စီးမှာလား။ တခုခုကို သယ်ဆောင်ပြီး စီးမှာလား။ လက်နှစ်ဘက်လုံး လွှတ်စီးလျှင်တော့ စွန့်စားမှု များလွန်းသည်ဟု မထင်ဘူးလား။
စက်ဘီးကလေးဖြင့် ကျေးလက်ရနံ့ကို သယ်လာချင်ပါသည်။ တ၀က်တပျက်သာ စက်မှုဆန်လာသည့် ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုလို့ပေါ့။ ညနေခင်း၏ ကန်ပတ်လမ်းကလေးမှာ လေပြည်အေးအေးလည်း သာသာ တိုးဝှေ့နေစေချင်သေးသည်။ အဲသည်လိုအချိန်မှာ ကောင်ကလေးက ရှေ့ကနင်းလို့ ကောင်မလေးက ကယ်ရီယာခုံမှာ ထိုင်လို့ ဆိုတာမျိုးပေါ့။ လမ်းက ဆိုးလို့ဖြစ်ဖြစ် အကွေ့ကိုရောက်လို့ဖြစ်ဖြစ် ဒါမှမဟုတ် ကောင်ကလေးကိုက စက်ဘီးလက်ကိုင်ကို တမင် လှုပ်ယမ်းလိုက်လို့ဖြစ်ဖြစ် စက်ဘီးကလေး ယိမ်းခနဲ ဖြစ်သွားတဲ့အခါ…။ ကောင်မလေးက ကြောက်တတ်လို့ ဒါမှမဟုတ် ကြောက်ချင်ယောင် ဆောင်လိုက်တဲ့အခါ ….။
စေတီဖြူဖြူလေးရှိရာ ကုန်းမြင့်ကလေးအတိုင်း တက်လာမည်။ မြစ်ကမ်းတလျောက် ကမ်းနားလမ်းကလေးအတိုင်း ပြန်ဆင်းသွားမည်။ သစ်သားပြားလေးများ မညီမညာခင်းထားသော တံတားလေး ရှိခဲ့လျှင်တော့ ဂျလိမ်းဂျလိမ်းဖြင့် အသံမြည်ဦးမည်။ ဗွက်အိုင်ကို ကျော်မည်။ ဈေးတန်းကလေးကို ဖြတ်မည်။ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်များ။ လမ်းဘေးဈေးသည်များ။ လက်ဖက်ရည်ဆိုင် ခုံပုကလေးများ။ လူတွေ ပိတ်ဆို့လွန်းလျှင်တော့ ခဏဆင်းပြီး တွန်းရပါမည်။ မိုးရွာခဲ့သည်ဆိုပါစို့။ ထီးကို လက်တစ်ဖက်က ကိုင်ပြီး ကျန်လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကို ထိန်းကာ သင်စက်ဘီးစီးဖူးပါသလား။
စက်ဘီးကလေးသည် ကျွီကျွီဟု တမင်တကာ အသံမြည်အောင် ကတ္တရာလမ်းနှင့် ဘီးကို အရှိန်ဖြင့် ပွတ်တိုက်နိုင်စွမ်းမရှိပါ။ ဝေါဝေါဟု စက်သံပေးကာ မီးခိုးဖုန်လုံးများ တလိမ့်လိမ့်ဖြင့် လေထုကို ညစ်ညမ်းအောင် မထားခဲ့ပါ။ စက်ဘီးကလေးက အသစ်ဖြစ်ရန်လည်း မလိုပါ။ သံချေး နည်းနည်းပါးပါး တက်နေနိုင်သည်။ ဘီးဖုံးမှာ ချိန်းဖုံးမှာ ကယ်ရီယာခုံနောက်မှာ မီးတောက်ပုံ ပန်းပွင့်ပုံ ကြယ်ပုံ စတစ်ကာတွေ ဟိုရောက်ဒီရောက် ကပ်ချင်ကပ်ထားမည်။ စက်ဘီးကလေးက အနီရောင် ဒါမှမဟုတ် အစိမ်းရောင် ဖြစ်နိုင်သည်။ ထိုင်ခုံမြင့်မြင့် လက်ကိုင်နိမ့်နိမ့် ဘားတန်းကလေးနှင့် ဖွဲ့စည်းထားသော ပြိုင်ဘီးလေးတော့ မဟုတ်ပါ။ အားကစားကျင့်သော စက်ဘီးကလေးတစ်စီး မဟုတ်ပါ။ စက်ဘီးကလေးစီးလျှင် ဟဲလမက် ဆောင်းစရာမလို။ အားကစားဝတ်စုံ ၀တ်စရာမလို။ ရှေ့ကခြင်းကလေးထဲမှာတော့ ဖြစ်နိုင်လျှင် ပန်းပွင့်မွှေးမွှေးလေးတွေ အပြည့် ထည့်ထား လိုက်ချင်သေးသည်။
ဘယ်သူ့ကိုမှတော့ နာကျင်အောင် ၀င်မတိုက်မိချင်ပါ။ စက်ဘီးကလေးသည် တိုက်ဖို့ မဟုတ်ပါ။ ပြိုင်ဖို့မဟုတ်ပါ။ တနေရာရာကို အရောက်သွားဖို့တောင် ဟုတ်ချင်မှ ဟုတ်ပါမည်။ စက်ဘီးကလေးသည် ရပ်မနေသောအခါ လေကိုတိုးရင်း တလိမ့်လိမ့် ပြေးသွားဖို့သာ ဖြစ်ပါသည်။ အတိတ်တွေ အနာဂတ်တွေ ရည်ရွယ်ချက်တွေ မျှော်လင့်ချက်တွေ ခဏ ခွာချထားခဲ့ပါ။ သတ်မှတ်ချက်တွေ အနက်အဓိပ္ပာယ်တွေ ဆိုလိုရင်းတွေ လုပ်သင့်တာတွေ လုပ်ရမှာတွေ တာဝန်ယူမှုတွေ ကျင့်ဝတ်တွေ … စကားလုံးတွေ အားလုံး ကင်းစင်နေသည့် စက်ဘီးကလေး သက်သက်သာ ဖြစ်ပါသည်။ စိတ်တွေ ခဏအားလပ်တဲ့အခါ စက်ဘီးကလေး တစ်စီးကို နားလည်ရုံလေး ငေးမောမကြည့်ချင်ဘူးလား။ ဟောဒီမှာ.. ဘဲလ် သံ ကလင်ကလင်ပေးလို့ စက်ဘီးကလေး လိမ့်လာနေပြီ။
ပန်ဒိုရာ
(ဒီလို အက်ဆေးလေးတွေ ရေးဖို့ကြိုးစားနေတုန်းပဲ။ အရင်ကလည်း ကြိုးစားရေးခဲ့ဖူးပါတယ်။ ပြန်ဖတ်ကြည့်ချင်ရင်
နံနက်ခင်းနှင့်စကားပြောခြင်း
Identity
မျှော်လင့်ချက်မပါတဲ့အိပ်မက် )
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
1 week ago
23 comments:
စက္ဘီးကေလးလာစီးသြားပါတယ္ခင္ဗ်ာ
ဒီအက်ဆေးလေးဖတ်ပြီးတော့
“စက်ဘီးကလေး ကလင်ကလင်
လမ်းကြိုလမ်းကြားဝင် …”
လို့ ငယ်ငယ်တုန်းက ဆိုခဲ့ဖူးတာလေး ပြန်အမှတ်ရမိတယ်။
ချစ်ဖို့ကောင်းတဲ့ စက်ဘီးကလေးပါပဲ။
ရေးထားတဲ့စာနဲ့ သရုပ်ဖော်ပုံလေးတွေ … လိုက်လည်း လိုက်ဖက်ညီလှပါတယ်။
အမြဲအားပေးလျက် …
စက်ဘီးလေးအကြောင်းကိုဖတ်ပြီးငယ်ငယ်တုန်းကကိုယ်
ချစ်တဲ့ကောင်မလေးကိုစက်ဘီးပေါ်တင်နင်းရတဲ့အရသာ
လေးကိုတောင်ပြန်လွမ်းသွားတယ်မပန်ရေ...
ပျော်ရွှင်ပါစေ...
စက်ဘီးလေးကို စီးဖို့ ယူသွားတယ်။
စက်ဘီးကလေးကတော့ အပြစ်ကင်းလှပါ၏။
သို့သော် အပြစ်မရှိအပြစ်ရှာကာ သက်ဆိုင်ရာမှ လာရောက်သိမ်းဆည်းသွားသောအခါ......
ပန်ပန်ရေ...
အလွန် ချစ်စရာကောင်းတဲ့ အက်ဆေးလေးပါ...။ အဟောင်းတွေလဲ ပြန်ဖတ်သွားပါတယ်...။
စက်ဘီးကလေး...
ကလင် ကလင် ဘဲလ်သံပေးလို့ 
လေထုတွေကြားထဲ တိုးဝှေ့ ပြေးလွှား
ဘယ်နေရာမှာမှ မရပ်တန့် ဘဲ
မနေ မနား လိမ့်ကာ လိမ့်ကာ သွားရင်း
ခရီးရှည်တွေကို ချစ်သောသူနဲ့ အတူ အောင်မြင်စွာ ဆက်လှမ်းနိုင်ပါစေ....။
ချစ်ဖို့ကောင်းတဲ့ စက်ဘီးလေးပါပဲဗျာ
ကျေးလက်ရနံ့လေးတွေလဲ သယ်ဆောင်လာနိုင်ပါစေ
ဒီတခါ ဗုတ်ပေးရင်တော့ အက်ဆေးပါထည့်ရတော့မယ်ဗျ :)
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ
စက်ဘီးလေး - ကလင်- ကလင်- လမ်းကြိုလမ်းကြားဝင်.... ။ ( တင်မိုး )
စာရေးသူက..ဘာမှ မတွေး နဲ့လို့ဆိုပေမဲ့.. စက်ဘီးကလေး မှာ သာယာ ကြည် နူးမူတွေတင်မက- တာဝန်ယူမူ ( လမ်းပေါ်က..ကြောင်လေး တကောင်..ခွေးလေး တကောင် ၀င်မတိုက်မိ အောင်)။ ထိန်းသိမ်းစောင့်ရှောက်မူ ( သံချေး တက်လို့ရပေမဲ့..ဘီးလေပေါက်ရင်တော့ မရပါ) စသဖြင့်- တွေးကြည့်နေမိတယ်။
အင်း- လူသူ အကောင်ဘလောင် ရှင်းတဲ့ တောလမ်းလေးမှာ ဆိုရင်တောင်- စက်ဘီးလေးပေါ်က..ပြုတ်မကျ အောင် စီးနိုင်ဖို့၊ ကျွမ်းကျင်ပိုင်နိုင်မူ။
အော်- ကောင်လေးက..တင်ခေါ် သွားမှာလား။ ဒါဆိုလည်း..ဘာမှ တွေးမနေပါနဲ့တော့လေ.. လိုက်သာသွား။
း)
အက်ဆေးကလေးက သိပ်လှတာပဲ ညီမရေ။ တိုက်ဆိုင်တာက အစ်မလည်းဆိုင်ကယ်တွေ ကားတွေ ထူပြောတဲ့ လမ်းမှာ စက်ဘီးတစီးဝယ်စီးဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်နေလို့ပါ။ သူများတွေ ကန့်ကွက်တဲ့ကြားက ခု တကယ်ကိုဝယ်စီးတော့မယ်ကွာ။
ပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်ခင်တဲ့
အစ်မ
အဲဒီစက်ဘီင်္းလေးကို ကျေးလက်ညနေ မြေလမ်းလေးမှာ ချစ်သူနဲ့အတူတူစီးချင်တယ်..မောလာတော့ ကြော်လေးတွေ ဝယ်စားမယ်..ပြီးတော့သီချင်းဆိုပြီးဆက်နင်းမယ်..
ဆိုမယ့်သီချင်းက ဘီးလေးကိုစီး(ကိုထီး)
အချိန်လေးက တဖြည်းဖြည်း အကျည်းတန်လှချိန်ကို ချည်းကပ်မယ်...တချို့ ကိစ္စတွေ ခဏမေ့ထားမယ်...
"စက်ဘီးကလေး" တင်ပြပုံကောင်းတဲ့ အက်ဆေးလေးတစ်ပုဒ်ပါဘဲ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
စက်ဘီးကလေး ကို စက်ဘီးကလေးတစ်စီးလို ဖတ်မိသည်။ ၂ ခေါက် ၃ ခေါက်ပြန်ခံစားမိပြီးတဲ့အခါမှာ စက်ဘီးကလေး က စက်ဘီးကလေးမဟုတ်တော့။ သူ့  identity မှာ ရိုးစင်းတဲ့ပုံပုံသဏ္ဍန် တစ်ခုပိုင်ဆိုင်ထားပြီး အရောင်စုံသည့်ဖြစ်စဉ်တွေ ထဲ မျောပါနေအောင်ခေါ်ဆောင် သွားသည်။ စက်ဘီးကလေးမဟုတ်သောစက်ဘီးကလေးမှာ ရိုးဖြောင့်ခြင်းဂုဏ်ကိုတွေ့ လိုက်ရသလို၊ လွတ်လပ်မှုကို မြတ်နိုးခြင်း၊ ပင်ကိုယ် အစွမ်းကိုအားကိုးခြင်း၊ ၀န်းကျင်ကိုအန္တရာယ်မပြုခြင်း၊ ကိုယ့်လမ်းကို ဖောက်ခြင်း၊တွေ ကိုတွေ့ လိုက်ရသည့်နောက်ဆုံး စက်ဘီးကလေး၏ ကလင် ကလင် ဘဲလ် သံလေး အက်ဆေးအဆုံးမှာ ပဲ့တင်ထပ်ကျန်ရစ်၏။
ဆရာစိုင်းခမ်းလိပ် နဲ့ ဗိုလ်ထီး တို့ ရဲ့  ပေးချင်သော message များစွာနဲ့ ဖွဲ့ ထားခဲ့သော ဘီးနံပါတ် အိုကေ ၀၁၂၂ အလ် ကိုအမှတ်ရမိသေးသည်။
ဒီအက်ဆေးမျိုးလေးတွေကို ကြိုက်တယ်။ ကျနော်လည်း ၂ ပုဒ် သုံးပုဒ်လောက်ရေးဖူးတယ်။
ငြိမ်းချမ်းအောင်
အခုထိစီးတုံး... စက်ဘီးလေးကိုအတော်ချစ်တာ..
ကျွန်တော်လဲ စက်ဘီးလာစီးသွားပါတယ်။ ကျွန်တော်အမြဲရောက်ပါတယ်။
အက်ဆေးလေးက ချစ်စရာ ကြည်နူးစရာ…
စိတ်ကလေးကြည်သွားတယ်…
စက်ဘီးကလေးစီးချင်စိတ်ပေါက်သွားတယ်… ဒါပေမယ့် ကိုယ်က မနင်းတတ်တော့ ရှေ့ ကနင်းပေးမယ့်သူနဲ့ မှ… ကောင်လေးတော့ မဟုတ်ဘူး… လူကြီးလေ… နောက်က လိုက်စီးတဲ့ ကိုယ်ကလဲ ပိန်ပိန်သွယ်သွယ်ကောင်မလေးတော့ မဟုတ်ဘူး… ဒီတော့ လူကြီးက တင်များနင်းရမှာ ကြောက်… အရှေ့ ဘက်ကမ်းခြေရောက်ရင် နှစ်ယောက်နင်းလို့ ရတဲ့ ဘီးလေးငှားရတယ်… ဘာပဲဖြစ်ဖြစ် ပျော်ပါတယ်… စက်ဘီးလေးနဲ့ ဆိုရင်လေ…
ရွာသားလေး ၀ိုင်တီယူရေ.. စက်ဘီးကလေး လာစီးသွားတာ ကျေးဇူးပါ။
မဗေဒါရီ.. ဒီစက်ဘီးကလေးလည်း လမ်းကြိုလမ်းကြားဝင်မှာပါပဲ။
ကိုဆောင်း... ၁၈ နှစ်သားမှာ အပြင်မထွက်ခင်ကတည်းက ကောင်မလေးကို တင်နင်းတတ်သလား။ လေးစားပါတယ်။
ကိုအောင်သာငယ်.. စက်ဘီးဖိုး အကြွေးမရဘူးနော်.။ လိုက်တောင်းမယ်။
ကိုပေါ.... ဒီတော့လည်း ရဲတိုင်မှာပေါ့။ ဒါနဲ့ သက်ဆိုင်ရာဆိုတာ ဘယ်သူလဲဟင်။
မသက်ဝေ..ဆုတောင်းအတွက်ကျေးဇူးပါနော်။
ညိမ်းညို... ဒါဆို အက်ဆေးတွေလည်း များများရေးဦးမှပဲ။
မကေ... ဟုတ်တယ်။ ကောင်လေးက တင်ခေါ်မှတော့ ဘာမှစဉ်းစားစရာမလိုဘူး။ လိုက်သွားဦးမှာ.။
မတူးတူးသာ.. မြှောက်ပေးသလိုဖြစ်သွားတာ ၀မ်းသာပါကြောင်း။
လင်းဒီပ.. စိတ်ကူးလေးတွေ အကောင်အထည်ဖော်လာနိုင်ပါစေနော်။
မိုးမြင့်တိမ်... မှတ်ချက်စကားအတွက် ကျေးဇူးပါ။
ကိုမောင်ရင်.. မှတ်ချက်ကိုက အက်ဆေးလှလှတစ်ပုဒ် ဖြစ်နေတော့တယ်။
ကိုငြိမ်းချမ်းအောင်.... ဒါဆို ဘလော့မှာတင်ပါလားနော်။ ဖတ်ရတာပေါ့။
apprenticeship တို့လည်း ခုထိစီးခွင့်ရရင် စီးတုန်းပါပဲ။
Mr DBA.. အမြဲလာဖတ်တာ ကျေးဇူးနော်။
မတန်ခူးရေ.. အရှေ့ဘက်ကမ်းခြေရောက်တိုင်း နှစ်ယောက်တွဲ စက်ဘီးတွေ တွေ့ရင် မတန်ခူးတို့ အတွဲကို ရှာကြည့်မှာနော်။
ဖတ်ဖြစ်ပေမယ့် မှတ်ချက် မရေးဖြစ်ခဲ့ဘူး။ (အဲဒါကြောင့် ဘလောက် ငရဲရောက်တာ ထင်တယ် :D) ရိုးရိုးလေးနဲ့ ဖတ်လို့ကောင်းတယ် မပန်။
ဒီအက်ဆေးလေးဖတ်ပြီး မြို့သစ်မှာ စက်ဘီးလေးနဲ့ လျှောက်သွားခဲ့တဲ့ ဘ၀ကို ပြန်သတိရမိတယ် အစ်မရေ… စက်ဘီးခြင်းထဲမှာ ဘုရားပန်းတွေလဲပါတယ်… စာအုပ်ငှားဆိုင်က ငှားလာတဲ့စာအုပ်တွေလဲ ပါတယ်… သီချင်းလေးတအေးအေးနဲ့ ဘီးလေးစီးခဲ့ရတဲ့ အရသာကို အစ်မရဲ့ အက်ဆေးလေးကနေတဆင့် ပြန်ခံစားလိုက်ရလို့ ကျေးဇူးပါနော်။
ဆုဝေလဲ အက်ဆေးလေးတွေ ရေးတတ်ချင်လို့ ကြိုးစားနေပါတယ်။ အစ်မရေးတာတွေ ဖတ်ပြီးတော့လဲ အားကျမိတယ်။
ညီမပန်ရေ အမတခုတက်ဂ်ထားလို့ အားရင် ရေးပေးပါနော် ...
ခင်မင်လျှက် ..
အမ
ပန်ဒို....
ကဗျာရေးလဲကြိုက်တယ်...
အက်ဆေးရေးလဲ ကြိုက်တာဘဲ....
အားနာပါးနာနဲ့  ကြိုက်တတ်တဲ့ လူတော့မဟုတ်ဘူးနော်...။
ဖြစ်နိုင်ရင်တော့ စက်ဘီးကို အပိုင်ကို သိမ်းထားချင်တာ...
ကျနော့်ဆရာလဲ ဟိုတုန်းက ဒါရိုက်တာ ဦးဝင်းဖေနဲ့  စက်ဘီးကလေး .....ဆိုပြီး ရုပ်ရှင် ရိုက်ဘူးတယ်...။
ပန်ဒိုရာစံရဲ့ စက်ဘီးလေး၊ ထီးဆိုင်ရဲ့ စက်ဘီးလေး၊ မန္တလေးသိန်းဇော်ရဲ့ စက်ဘီးလေး ဒီလိုပဲ ဒူကဘာ ရင်ထဲမလဲ ဆောင်းခိုးတွေ ဝေနေတဲ့ မနောမြေက စက်ဘီးလေး ရာဇဝင် ပြေးလို့ လှပ်ကနဲ သတိရသွားတယ်။ ဒါတွေဟာ စာရေးသူရဲ့ ဖွဲ့နွဲ့ညှို့ငင်တဲ့ ရေးဟန်ကြောင့်ပါ။
Thanks for pointing to me the English translation done by SuN.
I suppose the bicycle is the vehicle, going on the way that its rider wishes to be.
Paticcasamuppāda (Dependent Origination)
Post a Comment