May 10, 2007 7:41 PM
Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ
by Pu-htu-zin
ကျွန်တော်တင်မယ်လို့ ပြောထားခဲ့တဲ့ Creative Commons လိုင်စင်တွေနဲ့ ပတ်သက်တဲ့ ဒုတိယ ကာတွန်းလေးတွေပါ။ ဒီကာတွန်းတွေမှာတော့ ပထမ ကာတွန်းတွေမှာလို လိုင်စင် စည်းကမ်းချက်တွေ အကုန်လုံးကို ယေဘုယျခြုံပြီး ရှင်းပြတာမျိုး မဟုတ်တော့ဘဲ၊ လိုင်စင်သုံးပုံ၊ အလုပ်လုပ်ပုံကို ဥပမာတခုပေးပြီး အစကအဆုံး ရှင်းပြထားတာပါ။ ပထမကာတွန်းလေးတွေ ဖတ်ပြီး မရှင်းသေးသူများ၊ ဥပမာတခုကို အစအဆုံး သိချင်သူများ အတွက်ပေါ့။
၁။ အန်နီတာဟာ နယူးရော့ခ်မြို့မှာ နေတဲ့ ဂီတသမား တယောက်ပေါ့။ “မီးတောင်အချစ်” ဆိုတဲ့ သီချင်းကို တလောကပဲ သူစပ်ခဲ့တယ်လေ။
၂။ အဲဒီ “မီးတောင်အချစ်” သီချင်းကို အန်နီတာက သူ့ရဲ့ ၀က်ဘ်ဆိုဒ်ပေါ်မှာ တင်လိုက်တယ်။ ပြီးတော့ Creative Commons က လိုင်စင်တခု ယူမယ်လို့လည်း ဆုံးဖြတ်လိုက်တယ်၊ ဒါမှ သူ့သီချင်းနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ကို ချုပ်ကိုင်ထားနိုင်ပြီး တချို့ကိစ္စတွေမှာတော့ အများသူငါကို ဒီသီချင်း အသုံးပြုခွင့် ပေးနိုင်မှာ ဖြစ်ပါတယ်။
၃။ အန်နီတာဟာ လိုင်စင်ရွေးဖို့ Creative Commons ၀က်ဘ်ဆိုဒ်ကို သွားကြည့်လိုက်တယ်။
(အန်နီတာ) “လိုင်စင်ရွေးဖို့က လွယ်ပါတယ်၊ လိုင်စင်ရွေးရန် ‘choose license’ ဆိုတဲ့ ခေါင်းစီးကို နှိပ်လိုက်ရုံပဲ။”
၎။ အန်နီတာဟာ လိုင်စင်လျှောက်လွှာ ပုံစံထဲက မေးခွန်းရှင်းရှင်းလေး သုံးခုကို တခုချင်းစီ ဖြေလိုက်တယ်၊ သူ့သီချင်းနဲ့ ပတ်သက်လို့ ဘယ်လိုကိစ္စတွေကို ခွင့်ပြုပြီး၊ ဘယ်လိုကိစ္စတွေကိုတော့ ခွင့်မပြုဘူးလဲဆိုတာ မေးထားတဲ့ မေးခွန်းတွေပါ။ အန်နီတာ ရွေးထားတဲ့ အဖြေတွေပေါ် မူတည်ပြီး သူနဲ့ကိုက်မယ့် လိုင်စင်ကို ၀က်ဘ်ဆိုဒ်က ညွှန်ပါလိမ့်မယ်။
(အန်နီတာ) “ဖန်တီးသူကို ဖော်ပြစေချင်သလား၊ ဒါပေါ့၊ ဖော်ပြစေချင်တာပေါ့။ ဒီသီချင်းကို ကျွန်မရေးတယ်ဆိုတဲ့ နာမည် လိုချင်တယ်လေ။ စီးပွားရေးအတွက် အသုံးပြုခွင့် ပေးမလား၊ ဟုတ်လား။ ဟင့်အင်း… မပေးချင်ဘူး။ ကျွန်မကို ဘာမှမပြောဘဲနဲ့ ကျွန်မသီချင်းကို သုံးပြီး စီးပွားရှာမှာ မလိုချင်ဘူး။ သီချင်းကို လိုသလို ပြောင်းလဲခွင့် ပေးမလား၊ အင်း… ပေးနိုင်ပါတယ်၊ ကျွန်မသီချင်းကို လိုသလို ပြောင်းလဲပြုပြင်ပြီး ရလာတဲ့ ဖန်တီးမှုကို ကျွန်မဝေမျှခဲ့သလို ပြန်ပြီး ဝေမျှနိုင်ရင်ပေါ့။”
၅။ ဒါနဲ့ အန်နီတာလိုတဲ့ လိုင်စင်ရပါပြီ။ လိုင်စင်ကို နည်းသုံးမျိုးနဲ့ ဖော်ပြထားပါတယ်၊ ဒီသုံးမျိုးကတော့ ၁) သာမန်လူတွေ ဖတ်ပြီး နားလည်နိုင်တဲ့ စာတမ်း (Commons Deed) ၂) ရှေ့နေတွေမှ နားလည်နိုင်တဲ့ တကယ့် တရားဝင်စာချုပ် (Legal Code) နဲ့ ၃) ကွန်ပျူတာတွေကနေ တဆင့်ရှာဖွေရာမှာ စက်က ဖတ်နိုင်မယ့် ဒစ်ဂျစ်တယ်ကုဒ် (Machine-readable Digital Code) တို့ပဲ ဖြစ်ပါတယ်။
၆။ အန်နီတာက အဲဒီ ဒစ်ဂျစ်တယ်ကုဒ်ကို သူ့ဝက်ဘ်ဆိုဒ်ရဲ့ HTML နဲ့ရေးထားတဲ့ အပိုင်းမှာ ထည့်လိုက်တယ်။ ဒီကုဒ်ကြောင့် ‘အချို့ မူပိုင်ခွင့်များအား ချုပ်ကိုင်ထားသည် some rights reserved’ ဆိုတဲ့ ပုံလေး သူ့ဆိုဒ်မှာ ပေါ်နေမှာ ဖြစ်ပါတယ်။ အဲဒီပုံကို နှိပ်လိုက်ရင် အန်နီတာရဲ့ လိုင်စင် စာမျက်နှာဆီကို ရောက်သွားမှာပါ။
(အန်နီတာ) “ကောင်းလိုက်တာ၊ ကျွန်မသီချင်းကို လူတွေဘယ်လို သုံးနိုင်သလဲဆိုတာ အခုမှပဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားတော့တယ်။”
၇။ အန်နီတာက သူ့ရဲ့ဖန်တီးမှုကို ဘယ်လိုဝေမျှထားတယ် ဆိုတာကို search engine တွေက တနေ့နေ့ ရှာသိမှာ ဖြစ်ပါတယ်။ အဲဒီလို search engine တွေက ရှာတွေ့အောင် လုပ်တာတဲ့ အစိတ်အပိုင်းကတော့ အထက်မှာ ပြောတဲ့အတိုင်း ၀က်ဘ်ဆိုဒ်မှာ ထည့်ထားတဲ့ လိုင်စင်ထဲက ဒစ်ဂျစ်တယ်ကုဒ်ပဲ ဖြစ်ပါတယ်။
၈။ အစ်ဂ်နေးရှိုးဟာ ဆန်ဖရန်စစ္စကိုက ရုပ်ရှင်သင်တန်းသား တယောက်ပါ။ သူ့အတန်းအတွက် ရုပ်ရှင်ပရောဂျက်တခု လုပ်ရာမှာသုံးဖို့ သီချင်းတပုဒ်လောက် လိုက်ရှာနေပါတယ်။ ဒါနဲ့ “noncommercial song” (စီးပွားဖြစ် ရောင်းတာ မဟုတ်တဲ့ သီချင်း) မျိုး ရှာရန်လို့ search engine တခုမှာ ရိုက်ထည့်လိုက်ပါတယ်။ အဲဒီ search engine က အန်နီတာရဲ့ ၀က်ဘ်ဆိုဒ်က ဒစ်ဂျစ်တယ်ကုဒ်ကို သွားဖတ်မိပြီး အန်နီတာ့ ၀က်ဘ်ဆိုဒ်ကို အစ်ဂ်နေးရှိုးအား ပြန်ပြပါတယ်။
၉။ အစ်ဂ်နေးရှိုးက အန်နီတာ့ဝက်ဘ်ဆိုဒ်ကို သွားပြီး “မီးတောင်အချစ်” သီချင်းကို နားထောင်လိုက်တယ်။ နားထောင်ပြီးတော့ အန်နီတာ့ ၀က်ဘ်ဆိုဒ်က မူပိုင်ခွင့် အချို့ကို ထိန်းချုပ်ထားသည် “some rights reserved” ဆိုတဲ့ ပုံလေးကို နှိပ်ကြည့်လိုက်ပါတယ်။
(အစ်ဂ်နေးရှိုး) “ဒီသီချင်း မိုက်တယ်ဟ။ ငါ့ ရုပ်ရှင်အတွက်တော့ အံကိုက်ပဲ။ ဒီ ‘some rights reserved’ ဆိုတာ ဘာပါလိမ့်။”
၁၀။ အစ်ဂ်နေးရှိုးက some rights reserved ဆိုတဲ့ ပုံကို နှိပ်လိုက်တော့ သူမြင်ရတာက သာမန်လူများ ဖတ်လို့နားလည်နိုင်တဲ့ စာတမ်း (Commons Deed) ဖြစ်ပါတယ်။ ဒီ Commons Deed ဟာ လိုင်စင်နဲ့ ပတ်သတ်ပြီး သာမန်လူတွေ နားလည်နိုင်အောင် ရိုးရိုးရှင်းရှင်း စကားလုံးတွေ ရုပ်ပုံတွေနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။
(အစ်ဂ်နေးရှိုး) “ဒီလိုင်စင်ကို နားလည်ဖို့က လွယ်လွယ်လေးပဲ။ သူ့သီချင်းကို ငါလိုသလို သုံးလို့ရတာပဲ၊ သူစပ်တာပါလို့ နာမည်ဖော်ပြရင် (attribution ပေးရင်)၊ အမြတ်အစွန်းအတွက် သုံးတာမဟုတ်ရင် (commercial use မဟုတ်ဘူးဆိုရင်)၊ ပြီးတော့ သူ့သီချင်းသုံးပြီး လုပ်မယ့် ငါ့ရုပ်ရှင်ကို သူဝေမျှခဲ့လို ပြန်ပြီးဝေမျှရင် (share alike လုပ်ရင်) ပြီးတာပဲ။”
၁၁။ Commons Deed စာမျက်နှာကနေ Legal Code ဆိုတဲ့ လင့်ခ်ကို နှိပ်ရင်တော့ လိုင်စင်နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်တွေကို ဥပဒေစကားနဲ့ ရေးထားတဲ့ တကယ့် တရားဝင် လိုင်စင်ကို တွေ့မှာ ဖြစ်ပါတယ်။
၁၂။ အန်နီတာရဲ့ လိုင်စင်စည်းကမ်းချက်တွေကို သိပြီဆိုတော့ အစ်ဂ်နေးရှိုးက အန်နီတာ့သီချင်းကို ရုပ်ရှင်ပြကွက်တခုမှာ ထည့်သုံးပြီး သူ့ပရောဂျက်ကို အဆုံးသတ်လိုက်တယ်။
၁၃။ ပြီးတော့ အစ်ဂ်နေးရှိုးက သူ့ရုပ်ရှင်ကို အတန်းထဲမှာ ပြပါတယ်။ ရုပ်ရှင်မှတ်တမ်း ပြရာမှာ အန်နီတာ့ နာမည်ကို သေချာပါအောင် ထည့်လိုက်ပါတယ်။
(ဒါရိုက်တာ - အစ်ဂ်နေးရှိုး၊ တေးဂီတ - အန်နီတာ)
၁၄။ အစ်ဂ်နေးရှိုးက သူ့ရဲ့ အချောသတ်ပြီး ရုပ်ရှင်ကို သူ့ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်ပေါ်မှာ တင်လိုက်ပါတယ်။ အန်နီတာရဲ့ လိုင်စင်ထဲမှာ Share alike စည်းကမ်းချက် (ကိုယ်ဝေမျှသလို၊ သူပြန်ပြီး ဝေမျှရမယ် ဆိုတဲ့ စည်းကမ်းချက်) ပါတဲ့အတွက် အန်နီတာက သူမသီချင်းကို ဝေမျှခဲ့တဲ့ စည်းကမ်းချက် သုံးချက်အတိုင်း အစ်ဂ်နေးရှိုးက သူ့ရုပ်ရှင်ကို ပြန်ပြီး ဝေမျှရပါတယ်။ အန်နီတာ့သီချင်းအတွက် လိုင်စင်က attribution, noncommercial နဲ့ share alike စည်းကမ်းသုံးခု ပါတဲ့အတွက်၊ အစ်ဂ်နေရှိုးကလည်း သူ့ရုပ်ရှင်ကို အဲဒီ စည်ကမ်းသုံးခုအတိုင်း ပြန်ပြီး ဝေမျှရပါတယ်။ သူက Creative Commons ၀က်ဘ်ဆိုဒ်ကို သွားပြီး အန်နီတာယူခဲ့တဲ့ လိုင်စင်မျိုးကိုပဲ ပြန်ယူရပါတယ်။ အဲဒီလိုင်စင်ရဲ့ ဒစ်ဂျစ်တယ်ကုဒ်ကို အစ်ဂ်နေးရှိုးက သူ့ဝက်ဘ်ဆိုဒ်နဲ့ လိုက်အောင် ပြင်ချင်တာပြင်ပြီး တင်လိုက်ပါတော့တယ်။
(အစ်ဂ်နေးရှိုး) “Creative Commons က ကူညီလို့ ငါနဲ့မသိတဲ့ တခါမှမတွေ့ဘူးတဲ့ တစိမ်းတယောက်နဲ့ ပေါင်းပြီး အလုပ်လုပ်နိုင်ခဲ့တယ်။ အခု ငါ့ရုပ်ရှင်ကိုလည်း လိုင်စင်ပါ စည်ကမ်းချက်တွေအတိုင်း တခြားသူတွေက သုံးနိုင်တာပေါ့။”
ကဲ… ထုံးစံအတိုင်း ပထမကာတွန်းတွေ တုန်းကလိုပဲ၊ ပြောပါရစေ။ ကျွန်တော် ဥပဒေသမား မဟုတ်ပါ၊ ဘာသာပြန်ဆရာ မဟုတ်ပါ၊ ဒါ့ကြောင့် ဥပဒေနဲ့ ပတ်သတ်တဲ့၊ အာမခံဖို့လိုတဲ့၊ အရမ်းအရေးကြီးတဲ့ ကိစ္စ၊ ဒါမှမဟုတ် အငြင်းပွားမှုများ ရှိလာရင် ကိုယ့်ဘက်က သေချာအောင် ဥပဒေတတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ၊ မူရင်း အင်္ဂလိပ်လိုရေးထားတာကို ဖတ်ပါ။
ကျွန်တော့်အမြင်ကတော့ ရှင်းပါတယ်၊ Creative Commons က Big C copyright ကို အစားထိုးတာ မဟုတ်ပါ၊ ကိုယ့်ဖန်တီးမှုကို ဝေမျှလိုသူများ၊ ဥပမာ - ကျွန်တော်တို့လို ဘလော့ဂ်ရေးသူအများ - အတွက် ပေးသူရော ယူသူပါ အဆင်ပြေပြေနဲ့ စနစ်တကျ တရားဝင်ဖြစ်အောင် လုပ်ပေးတာပါ။ ဥပဒေစိုးမိုးမှုအပိုင်းမှာ အားကိုးလောက်စရာ မရှိတဲ့ မြန်မာပြည် လက်ရှိ အခြေအနေအရကတော့ ဒီလိုင်စင်တွေက အလကား သွားမရှိပါ (without teeth)။ သို့ပေမယ် ပြည်ပက ဘလော့ဂ်ရေးသူများ၊ အထူးသဖြင့် Creative Commons ရဲ့ ဥပဒေသက်ရောက်နယ်မြေ ထဲမှာပါတဲ့ နိုင်ငံများက ရေးသူများ အတွက်ကတော့ အကျိုးရှိပါတယ်၊ ရုတ်ရုတ် ရုတ်ရုတ် လုပ်ရင် တရားပါ စွဲပစ်လိုက်လို့ရတယ်။ ဟုတ်ကဲ့… မကြောက်ပါနဲ့၊ ကျွန်တော့် ဘလော့ဂ်ရဲ့ လိုင်စင် စည်းကမ်းချက်ကို မလိုက်နာရင် ကျွန်တော့်အနေနဲ့ တရားစွဲဖို့ဆိုတာ အဝေးကြီးပါ၊ စဉ်းတောင် စဉ်းစားမှာ မဟုတ်ဘူးမစွဲပါဘူး၊ (ကျွန်တော့်နေရာက jurisdiction ထဲမှာ ပါမပါတောင် မသေချာဘူး) ကျွန်တော်တင်မကဘူး ဘယ်မြန်မာမှ ကိုယ့်မြန်မာအချင်းချင်း ထစ်ကနဲရှိ တရားစွဲတာမျိုး မလုပ်ပါဘူး။ (နောက်ပြီး ကျွန်တော့် လိုင်စင်ကို မလိုက်နာဘဲ၊ ကျွန်တော့်ကို attribute မလုပ်ဘဲ တခြားတနေရာမှာ ယူသုံးထားတယ် ဆိုရင်တောင် ကျွန်တော် မသိဖို့က များပါတယ်၊ online ပေါ်မှာ အမြဲလိုက်ကြည့် နေနိုင်တာမှ မဟုတ်တာ။ တွေ့မိတဲ့ သူငယ်ချင်း မိတ်ဆွေများက ကြားက မခံချင်လို့ လာမပြောသရွေ့ပေါ့။) အဲဒီတော့… ဒီလို မြန်မာပြည်ထဲမှာ သွားမရှိတဲ့ လိုင်စင်တွေ အကြောင်းကို ဘာလို့ရေးရလဲဆိုရင် အချက်နှစ်ချက် ရှိပါတယ်။ ပထမက ကိုယ့်ဆီက တခုခုကို ပြန်သုံးလို၊ ရည်ညွှန်းလိုတိုင်း ခွင့်လာလာ တောင်းနေရသူတွေကို စာနာတဲ့အနေနဲ့ (တကယ်တမ်း ဥပဒေအရ ဘာမှလုပ်လို့ မရရင်တောင်မှ - ဥပမာ မြန်မာပြည်) သုံးလိုက သုံးနိုင်ဖို့ပါ။ ဒုတိယကတော့… copyright ကို လေးစားတဲ့ အကျင့်ပါအောင်လို့ပါ၊ ဒါမှ ကျွန်တော်တို့နိုင်ငံ ပေမီ၊ ကိုက်မီ ဖြစ်လာချိန်ကျရင်၊ ဒါမှမဟုတ် ကျွန်တော်တို့က ပေမီ ကိုက်မီတဲ့ နေရာတွေ ရောက်နေတဲ့ အချိန်ကျရင် နိုင်ငံကြီးသား ပီသနိုင်အောင်ပေါ့။
ဒီမူပိုင်ခွင့်နဲ့ ပတ်သက်ရင် ကျွန်တော်တို့ မြန်မာပြည်အတွက် ခြွင်းချက်တွေ အများကြီးရှိတယ် ဆိုတာ လက်ခံပါတယ်၊ ပထမကာတွန်းတွေ ရေးတုန်းက ပြောခဲ့သလိုပဲ၊ ဥပမာ Windows OS လို software မျိုးကို ဘယ်သူက ပိုက်ဆံပေးပြီး legal copy ၀ယ်သုံးနိုင်မလဲ။ ကျွန်တော်လည်း ခိုးခဲ့တာပဲ၊ Digital Divide ကို ဆွဲစေ့တာကွ၊ သူခိုးကြီး ငတက်ပြားလို သူဌေးဆီကခိုးပြီး ဆင်းရဲသားတွေကို ဝေပေးတာကွ ဆိုပြီး ဂုဏ်ယူပြီးတော့ကို ခိုးခဲ့တာပေါ့၊ (အခုလည်း ခိုးဆဲပဲ၊ OpenSource တွေများလာတော့ အရင်ကထက် စာရင်တော့ လျော့သွားတယ်။) နောက်ပြီး မြန်မာပြည်မှာ တချို့ကိစ္စတွေက တခြားနိုင်ငံတွေနဲ့ မတူဘူး၊ ဥပမာ ဆိုပါတော့… ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းကို ကျွန်တော်တင်တယ်၊ အမှန်က ကိုမွန်းအောင်ဆိုထားတာ၊ ကျွန်တော် သူ့ဆီက ခွင့်မတောင်းဘူး၊ ဘာလို့လဲဆိုတော့ ဒီသီချင်းဟာ အများထဲမှာ ပြန့်လေ ကောင်းလေဆိုတဲ့ အမျိုးအစားမျိုး ဖြစ်လို့ပဲ၊ အဲဒီတော့ သူ့သီချင်းကို ကျွန်တော်က Creative Commons BY-NC license ခံထားတဲ့ သီချင်းတပုဒ်အနေနဲ့ သဘောထားတယ်၊ ကိုမွန်းအောင်ဆိုတယ်ဆိုတာ ဖော်ပြသရွေ့၊ အမြတ်အစွန်းအတွက် သုံးတာမဟုတ်သရွေ့ ကျွန်တော် ယူသုံးခွင့်ရှိတယ်လို့ ယူဆတယ်။ နောက်ပြဿနာတွေက မြန်မာစာအုပ်တွေ၊ ဆောင်းပါးတွေ။ ပြည်ပမီဒီယာတွေက ပုံမှန်အားဖြင့် မြန်မာပြည်တွင်းထုတ် စာနယ်ဇင်းတွေက စာတွေကို ခွင့်မတောင်းဘဲ ပြန်သုံးတယ်၊ သာမန်အားဖြင့် အဲဒီလို ခွင့်မတောင်းတာကို ပိုင်ရှင်တွေက ပိုတောင် ကြိုက်တယ်၊ ဘာလို့လဲဆိုတော့ ခွင့်တောင်းခံရရင် အစိုးရက ငြိုငြင်ဦးမှာကိုး၊ တရာမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ် ဘာညာဆိုပြီး ရစ်ဦးမယ်လေ။
အဲဒီတော့ ချွင်းချက်များနဲ့ မြန်မာပြည် ဆိုပါတော့။ ဒါပေမယ့် တတ်နိုင်တဲ့နေရာ တတ်နိုင်တဲ့ကိစ္စမှာတော့ လိုက်နာနိုင်ရင် ကောင်းတာပေါ့ဗျာ။ ဒါပါပဲ…။
Credits:
Cartoon concept and design by Neeru Paharia.
Original illustrations by Ryan Junell, Photos by Matt Haughey.
This comic strip is licensed under a Creative Commons Attribution license.
ပုထုဇဉ်
7 comments:
တော်တော်ပညာပါတာဘဲ။ (ရွီးသွားသည်)
ဒုတိယကတော့… copyright ကို လေးစားတဲ့ အကျင့်ပါအောင်လို့ပါ၊ ဒါမှ ကျွန်တော်တို့နိုင်ငံ ပေမီ၊ ကိုက်မီ ဖြစ်လာချိန်ကျရင်၊ ဒါမှမဟုတ် ကျွန်တော်တို့က ပေမီ ကိုက်မီတဲ့ နေရာတွေ ရောက်နေတဲ့ အချိန်ကျရင် နိုင်ငံကြီးသား ပီသနိုင်အောင်ပေါ့။
ဒီ ပို့ စ် ရေးခဲ့တဲ့ပုထုဇဉ်နဲ့ ပြန်ဖော်ပြတဲ့ ပန်ဒိုရာ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။
copyright ကိုလေးစားတဲ့ အို ကျင့်ပါအောင်ဆိုတဲ့ စေတနာကို တန်ဖိုးထား လို့ စာရေးသူကိုလည်း လေးစားပါတယ်။
ဥပဒေတို့ စည်းကမ်းတို့ ဆိုတာ တိုင်းပြည် ပေမီ ကိုက်မီတဲ့ အချိန်ကျမှ သို့ မဟုတ် ကိုယ်က ပေမီကိုက်မီတဲ့နေရာဒေသ ရောက်မှ လိုက်နာရမှာမဲ့ဟာတော့မဟုတ်ပါဘူး။
လူတိုင်းလူတိုင်း အသေးအဖွဲကစလို့ စည်းကမ်း ဥပဒေတွေကို လိုက်နာကျင့်ကြံကြပါမှသာ ပေမီ ကိုက်မီနိုင်ငံဖြစ်လာမှာပါ။
ပေမီတဲ့ဒေသရောက်မှ ကိုယ်အရိုးစွဲနေတဲ့ အကျင့်ဟောင်းကို ချက်ချင်းအသွင်ပြောင်းနေထိုင်ဖို့ မလွယ်ကူနိုင်လို့ ပါပဲ။
အယ်ဇီ
မခင်ဦးမေ \0/
မအယ်ဇီ ရေ.. အခြေခံတွေကိုတောင် မဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေမှာ ဒီလိုကိစ္စမျိုးတွေကို မစဉ်းစားနိုင်ကြသေးဘူးဖြစ်မယ်။ ဒါပေမယ့် အမပြောသလိုပဲ ကိုယ်အရိုးစွဲနေတဲ့ အကျင့်ဟောင်းတွေကို အသွင်ပြောင်းနိုင်ဖို့ လူတိုင်းကထိုင်စောင့်မနေပဲ နိုင်သလောက် အားထုတ်ထားဖို့တော့ လိုမယ် ထင်ပါတယ်။
အစ်မရေ... ဟိုတစ်ရက်က မျက်စိရှမ်းသွားတာ... အခုမှ သေချာလာဖတ်တယ်။ တော်တော်လေး ဗဟုသုတ ရစေတဲ့ ပို့စ်ပါပဲဗျို့။
ပုထုဇဉ်နဲ့ ပန်ဒိုရာ နှစ်ယောက်စလုံးကိုကျေးဇူးတင်ပါတယ်..။ လိုင်စင်ကိစ္စကို အခုမှဘဲ အသဲအသန်လာဖတ်နေရပါတယ်..။ဘာဖြစ်လို့လည်းဆိုတော့.. ကျွန်တော့်ပိုစ်နဲ့ လင့်တွေကို တခြားသူက ယူသုံးသွားပြီး Orginal Post By....ဘယ်သူဘယ်ဝါ မရေးပေးခဲ့ဘူးဗျာ..။ ဒါနဲ့ကျွန်တော်လည်း တော်တော်ခံစားလိုက်ရလို့ ဘလော့ လိုင်စင်အကြောင်း ရှာဖွေဖတ်ဖို့ကြိုးစားကြည့်ပြန်တော့ သူငယ်ချင်းက ဒီဆိုဒ်ကိုညွန်းလိုက်လို့လာရောက်လေ့လာ မှတ်သား.. ဖတ်ရူ ခဲ့ရပါတယ်..။ ကျေးဇူးတင်ပါတယ်.. လေးစားလျှက်ပါ။
ဘလော့ဂါအချင်းချင်း ဖေးမှကူညီကြပါစို့..
ပန်ဒိုရာရေ… ကျေးဇူးပါပဲ ။ Licence လုပ်လိုက်ပါပြီ
အမရေ လိုင်စင်အကြောင်းလေး ဖတ်သွားပါတယ်
Post a Comment