Saturday, May 24, 2008

မုန်တိုင်းကြားက “ဘ၀”များသို့

သိပ်မကြာသေးခင်က Horton ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးတခု ကြည့်ဖြစ်တယ်။ A Cat in the hat နဲ့ နာမည်ကြီးတဲ့ Dr Seuss ရဲ့ဇာတ်လမ်း နောက်တခုပေါ့။ တောထဲက ဆင်ကြီးတကောင်က အလွန်သေးငယ်တဲ့ ဖုန်လုံးလေးထဲက အလွန်သေးငယ်တဲ့ သက်ရှိတွေရဲ့ အသက်ကို ကာကွယ်ထိန်းသိမ်း ပေးတဲ့အကြောင်း။ သဘောကျမိတာက သူ့ရဲ့ theme လေးပါ။ ဘယ်လောက် သေးသေးငယ်ငယ် ဘ၀ဆိုတာ ဘ၀ပါပဲ။ အသက်ဆိုတာ အသက်ပါပဲ တဲ့။ ရှင်သန်မှုကို တန်ဖိုးထားတဲ့ အကြောင်းပေါ့။

မကြာခင်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြားမှာ အသက်တွေဟာ အသက်လို့ ဘ၀တွေဟာ ဘ၀လို့ လူတွေဟာ လူလို့ သတ်မှတ် မခံရသလောက် ဖြစ်ခဲ့ရတာကို ရင်နာနာနဲ့ တွေးမိရင်း ကြားသိမိခဲ့တဲ့ သာမန်လူတယောက်ရဲ့ ဖြတ်သန်းမှုဘ၀ကို မှတ်မှတ်ရရ မှတ်တမ်းတင်လိုစိတ် ဖြစ်လာတယ်။

------

ကြီးကျယ်ခန်းနားသူတွေ မဟုတ်ခဲ့လည်း လူဆိုတာ လူပါပဲ။ လူဆိုတာက လူသား ဂုဏ်သိက္ခာနဲ့။ မျှော်လင့်ချက်တွေနဲ့။ တမ်းမက်ရတဲ့ ဘ၀တွေ ကိုယ်စီနဲ့။ ရှုင်သန်မှုကို မြဲမြဲ ဖက်တွယ်လိုစိတ်တွေနဲ့ပေါ့။

အဲဒီလူတွေထဲက လူတစ်ယောက်ရဲ့ နာမည်က ကိုလှထွန်း လို့ ခေါ်တယ်။ သူဟာ လပွတ္တာမြို့နယ်ထဲက ပိတောက်ကုန်းရွာလို့ခေါ်တဲ့ ရွာလေးတရွာမှာ နေတယ်။ သူ့ရဲ့ဇာတ်လမ်းကို ၁၉၉၁ ခုနှစ်လောက်က ဆင်းဆင်းရဲရဲ လယ်သမားလေး တစ်ယောက် အဖြစ်က စလိုက်ကြပါစို့။

ကိုလှထွန်းမှာ ကလေး ၃ ယောက်ရှိတယ်။ သား ၂ ယောက် သမီး ၁ယောက်။ သူက ငယ်ငယ်က အတန်းကျောင်း မနေခဲ့ရဘူး။ ပညာမတတ်လို့ ဆင်းရဲရတယ်လို့ သူကခံယူတယ်။ ဒါကြောင့် သူ့သားသမီးတွေ လက်ထက်ကျရင် ဆင်းရဲမှာ ကြောက်လွန်းလို့ ပညာတတ်ဖြစ်အောင် ဘ၀ကို မြှင့်ပေးရမယ်လို့ သူက မကြာခဏ ပြောလေ့ရှိတယ်။ သူ့ရဲ့ ဇနီးကလည်း ပညာမတတ်ရှာဘူး။ အမြင်လည်း မကျယ်တော့ သူကပဲ အစစအရာရာ ဦးဆောင်ရတယ်။

ဒါကြောင့် သားသမီးတွေ ကျောင်းတက်နိုင်ဖို့ သူဟာ အလုပ်ကို ကုန်းရုန်းလုပ်တယ်။ မြစ်ဝကျွန်းပေါ်ဒေသရဲ့ ဖြစ်နိုင်တဲ့ စီးပွားရေးတွေ အားလုံးကို လုပ်ကြည့်တယ်။ လယ်သမားဘ၀ကနေ ဆားဖိုပိုင်ရှင်ဖြစ်ဖို့ ကြိုးစားတယ်။ သူများဆီက ချေးငှား အကြွေးတွေယူပြီ ဆားကွင်းလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ သူဟာ အကြွေးပတ်လည် ၀ိုင်းသွားတယ်။

ဒီလိုနဲ့ အတိုးအရင်းပေါင်း ချေးငွေတွေကို ၃ နှစ် ၄ နှစ် ပြန်ဆပ်ဖို့ ကြိုးစားရင်း လယ်ကိုသာ ပြန်ပြီး အာရုံစိုက်ခဲ့ပြန်တယ်။ ဒီလိုနဲ့ ၁၉၉၄၊၉၅ လောက်မှာတော့ စပါးဈေးတွေလည်း ကောင်းလာတဲ့အခါ အကြွေးတွေလည်း ကျေပြီး တဲကနေ ပျဉ်ထောင်အိမ်လေး ဆောက်နိုင်လာခဲ့တယ်။

ဒေသရဲ့ စီးပွားရေးက ဆားခေတ်ကနေ ပုစွန်ခေတ်ကို ပြောင်းလာတယ်။ အင်မတန် ဘာသာရေး ကိုင်းရှိုင်းတဲ့ ကိုလှထွန်းဟာ အကုသိုလ်အလုပ်လို့ မိရိုးဖလာဗုဒ္ဓဘာသာအရ ပြောကြတဲ့ လျှောထောင် ပုစွန်မွေးတာကို သားသမီးဇောနဲ့ စီးပွားရေး ချဲ့ထွင် လုပ်ခဲ့ပြန်တယ်။ ၀င်ငွေ တရိပ်ရိပ်တက်လာတယ်။ ငရဲကြီးလည်းကြီးပါစေ ကလေးတွေ ပညာတတ်ဖို့ အရေးကြီးတယ် လို့ မကြာခဏ ပြောရှာတယ်။

သားသမီးတွေ ဆယ်တန်းအောင် တက္ကသိုလ် ရောက်ပြီ။ ကိုလှထွန်းလည်း တပြုံးပြုံးပေါ့။ သုံးသာသုံးကြ။ အဖေရှာသမျှ သားသမီးတွေ တက္ကသိုလ်မှာ မျက်နှာ မငယ်ရဖို့ပဲပေါ့။ ပုသိမ်တက္ကသိုလ်မှာ ကလေးတွေကလည်း သုံးပါတယ်။ ဘာမှလိုလေသေးမရှိ။ သမီးကလေးဆိုလည်း အ၀တ်အစား ဖိနပ်မျိုးစုံ စိတ်ကြိုက်ဝယ် ပျော်နေတော့တာပဲ။ ကလေးတစ်ယောက်ကို တလကို သိန်းပေါင်းများစွာ ပို့ရတာလည်း ကိုလှထွန်းက အပြုံးမပျက်ပါဘူး။ အရေးထဲ သားအလတ်က ကျောင်းမပြီးခင် မိန်းမကောက်ယူပြန်ပါရော။ မိဘတို့ ၀တ္တရားရှိတဲ့အတိုင်း တင့်တောင်းတင့်တယ်ဖြစ်အောင် မင်္ဂလာဆောင်ပေးရပြန်တယ်။

အဲ.. သူကိုယ်တိုင်ကတော့ အလွန် အသုံးအစွဲ ခြိုးခြံရှာတယ်။ အ၀တ်အစား အသစ် မ၀ယ်ဘူး။ လပွတ္တာမြို့ကိုလာရင် ဆိုက်ကားတောင်မစီးဘူး။ ခြေကျင်လျှောက်တယ်။ ရန်ကုန်တက်လည်း တတ်နိုင်သမျှ ခြေကျင်ပဲ။ ကျန်းမာရေးအတွက် ကောင်းတာပေါ့ကွာလို့ ရယ်ကျဲကျဲနဲ့ ပြောလေ့ရှိပေမယ့် အလုပ်လုပ်ထားတဲ့ ဒဏ်တွေက ခန္ဓာကိုယ်ကို ဖိစီးလာတာကို မဖုံးနိုင် မဖိနိုင်တော့ပါဘူး။ ရင်ဘတ်ထဲက အောင့်သလိုလို မောသလိုလိုနဲ့ နောက်ဆုံး မဖြစ်မနေကျမှ ဆရာဝန်ကို ပြတော့ နှလုံးအထူးကုနဲ့ ရန်ကုန်မှာ ပြဖို့ ညွှန်းတယ်။ သူလည်း နောက်ဆုံးတော့ ဒီနှစ် ၂၀၀၈ မိုးတွင်းမှာတော့ ရန်ကုန်တက်ပြီး ဆေးစစ်ပါဦးမယ်လို့ ချိန်နေတော့တယ်။


(သင်္ကြန်အပြီး ၂၀၀၈ ဧပြီ လကုန်ပိုင်းလောက်မှာ အလှူလှည့်စဉ် ရှေ့ဆုံးက သာသနာ့အလံ ကိုင်လာတဲ့ ကိုလှထွန်း)


၂၀၀၈ မေလရဲ့ ဧည့်သည်ဆိုး နာဂစ် ရောက်လာခဲ့ပြီပေါ့။ မေလ၂ ရက် လေပြင်းတွေ စတိုက်ချိန်မှာ အတောင့်တင်းဆုံးဖြစ်တဲ့ သူ့ရဲ့အိမ်မှာ ရွာသားတွေ လူ၅၀ လောက် လာခိုနေကြတယ်။ သူကိုယ်တိုင်ကတော့ မိုးတွေလေတွေထဲမှာ ပေါက်တူးတလက်နဲ့ သူ့လယ်ထဲကို ဆင်းပြီး ကျိုးပေါက်နေတဲ့ တာတွေ မြေဖို့နေတယ်။ ဒီမုန်တိုင်းဟာ ဘယ်လောက်အထိ ပြင်းမှာလဲ ဘာတွေဖြစ်လာတော့မလဲဆိုတာ ကြိုမသိခဲ့တာ သူ့အပြစ်တော့ မဟုတ်ပေဘူး။

မိုးတွေလေတွေက ပြင်းသထက် ပြင်းလာတယ်။ တဝေါဝေါ တရွှီရွှီနဲ့ သစ်ပင်တွေ ကျိုးပြတ်လာတယ်။ လယ်ကွင်းထဲကို တမဟုတ်ချင်း လိမ့်ဝင်လာတဲ့ ရေလုံးကြီးတွေကို မြင်မှ ဒီမုန်တိုင်းရဲ့အရှိန်ကို သူ သဘောပေါက်လိုက်တော့တယ်။ လှမ်းကြည့်လိုက်တော့ သူ့အိမ် ပေါ်ကို ပြေးရင် လွတ်နိုင်တယ်။ ဒါပေမယ့် ၁၅ မိနစ်လောက်တော့ သွားရဦးမယ်။ လယ်ကွင်းတခုလုံးလည်း ရေလွှမ်းသွားပြီ။ ရေကူးသွားမလား။ ဘေးမှာလည်း သူနဲ့ ဘ၀တူလူတွေ။

ပျဉ်တချပ်ပဲ ရှိတဲ့အခါ ကိုယ့်ချစ်သူကိုပေးပြီး ကိုယ်က စွန့်လွှတ်လိုက်တဲ့ ဇာတ်လမ်းဟာ ကမ္ဘာကျော် တိုက်တန်းနစ် ရုပ်ရှင်မှာမှ ရှိခဲ့တာ မဟုတ်ဘူး။ ကိုလှထွန်းဟာ အသင့်တွေ့တဲ့ လှေကြီးတစင်းပေါ်ကို အနားက တွေ့သမျှ ကလေး လူကြီး မိန်းမတွေကို ခေါ်တင်တယ်။ သူက တော့ ရင်ခေါင်းလောက်ရှိတဲ့ ရေထဲမှာ။ “ကိုလှထွန်းလည်း တက်ပါတော့။” သူ့အမျိုးတစ်ယောက်က လှမ်းပြောတယ်။ “တက်ကြတက်ကြ။ ငါက ကိစ္စမရှိဘူး။ နောက်မှတက်မယ်။” သူက အနားက လူတွေကို ဆွဲပင့်တင်ပေးပြီး ပြန်ပြောနေတယ်။

ရေက မြင့်သထက်မြင့်လာပြီ။ လှိုင်းတွေက တဟီးဟီးဖြစ်လာပြီ။ ကိုလှထွန်းဟာ အော်ဟစ်ပြောဆို နေရင်းက ရင်ဘတ်ထဲမှာ စူးအောင့်လာတယ်။ လှုပ်ရှားမှုတွေ ရပ်တန့်သွားတယ်။ “ကိုလှထွန်း ကိုလှထွန်း တက်တော့။” လှေပေါ်က လှမ်းပြောနေသူက ကြည့်လိုက်တဲ့ ကိုလှထွန်းရဲ့ မျက်လုံးဟာ ကြောင်နေတော့တယ်။ ကြည့်နေရင်း ကြည့်နေရင်းပဲ လှိုင်းတချက် အပုတ်မှာ လူတရပ်မက မြင့်လာတဲ့ ရေပြင်မှာ ကိုလှထွန်းဟာ ပျောက်ကွယ်သွားတော့တယ်။

နောက်ထပ် လှိုင်းတွေ ဆင့်ကာ ဆင့်ကာ အပုတ်မှာ သူတင်ထားခဲ့တဲ့ လှေထဲကလူတွေ လွင့်စင်မှောက်ကျလို့ အားလုံးနီးပါး သေဆုံးသွားခဲ့ရတယ် ဆိုတာကို သူသိမသွားဘူး။

သူတို့ရွာထဲမှာ အိမ်အများအပြား လုံးဝပျက်စီးပြီး သူ့ပျဉ်ထောင်အိမ်ပေါ်မှာ ခိုလှုံနေကြတဲ့ လူအများစုကတော့ တွယ်ကပ်လို့ လွတ်မြောက်သွားကြတယ် ဆိုတာ သူသိမသွားဘူး။

သူကလွဲလို့ သူချစ်တဲ့ ဇနီးသားသမီးတွေ အားလုံး ရှင်ကျန်ခဲ့တယ် ဆိုတာကိုလည်း သူသိမသွားဘူး။

သူရှာခဲ့တဲ့ ရွှေငွေပိုင်ဆိုင်မှု အားလုံးတော့ ရေထဲမှာ ပျောက်ပျက် ဆုံးရှုံးသွားခဲ့ရတယ် ဆိုတာ သူသိမသွားဘူး။

မုန်တိုင်းနာဂစ်အောက်မှာ သေဆုံး ပျောက်ဆုံးသွားတဲ့ သိန်းချီနေတဲ့ လူသားတွေရဲ့ ကံကြမ္မာကို သူသိမသွားဘူး။

ဆုံးရှုံးကြေကွဲမှုတွေနဲ့ ရှင်ကျန်ခဲ့တဲ့ သန်းချီနေတဲ့ လူသားတွေရဲ့ ကံကြမ္မာကိုလည်း သူသိမသွားဘူး။

ဒီစာဟာ ဂန္ထ၀င်စာမဟုတ်သလို ကိုလှထွန်းဟာလည်း ဂန္ထ၀င် လူသားတယောက် မဟုတ်ခဲ့ပါဘူး။ ကိုလှထွန်းရဲ့ ဘ၀ဇာတ်ကြောင်းကလည်း ဂန္ထ၀င်မြောက် ထူးထွေ မဆန်းပြားခဲ့ပါဘူး။ သို့သော် ဘယ်လောက် သေးသေးငယ်ငယ် ရိုးရိုးစင်းစင်း ဘ၀တွေဆိုတာ ဘ၀တွေပါပဲ၊ အသက်တွေဆိုတာ အသက်တွေပါပဲ။

(ကိုလှထွန်းများသို့…)

ပန်ဒိုရာ

12 comments:

wai lin tun said...

ကိုလှထွန်းအကြောင်းကို မုန်တိုင်းမကျခင် တလလောက်က အလှူဓါတ်ပုံလေးနဲ့ တွဲဖတ်လိုက်ရတော့ ပိုထိတယ်။ ဒီလို မှတ်တမ်းလေးတွေ အများအပြား ပေါ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအဖြစ်ဆိုးကြီးက နှစ်ပေါင်းများစွာ မြန်မာပြည်ရဲ့ ဒဏ်ရာဒဏ်ချက်ကြီးတခု ဖြစ်ကျန်ခဲ့မှာပါ။

Unknown said...

စိတ်ထိခိုက်တာကို ဘာနဲ့မှ နှိုင်းယှဉ်ပြီး မပြောတတ်တော့ပါဘူး။ ကျန်ခဲတဲ့လုတွေအတွက် လုပ်ပေးနိုင်တာလေးကို အတတ်နိုင်ဆုံးလုပ်ပေးနေပါတယ် ..အနဲဆုံးတော့ သဲတပွင့် အဖြစ်နဲ့ပေါ့

Layma said...

ကိုလှထွန်း..ကောင်းရာ နေရာရောက်ပါစေ..။

ခင်မင်းဇော် said...

မခံစားနိုင်တော့ဘူး မပန်ရေ...

စိုးထက် - Soe Htet ! said...

လေးခေါက်မြောက် လာဖတ်တာပါ ... ရင်နင့်စရာတွေ က မဆုံးသေးးး ... :(

Anonymous said...

ဒါဖတ်ပြီး ရင်ထဲ ဆို့ နင့် မျက်ရည်ဝဲသွားတယ် မပန် ။

ရွှန်းမီ said...

ဖြစ်ရပ်မှန်တွေ လာဖတ်သွားတယ် မပန်.. စိတ်မကောင်းဘူး..

တန်ခူး said...

ကိုလှထွန်း ဘ၀မဆုံးမှီလေး ပြုခဲ့တဲ့ကုသိုလ်ကြောင့် မြင့်မြတ်တဲ့ဘုံဘ၀ရောက်မှာပါ…

Anonymous said...

မိဘ ၀တ္တရာကျေတဲ့ ဦးလှထွန်
အများကောင်းကျိုပြုခဲ့တဲ့ ဦးလှထွန်း ကောင်းရာသုဂတိ လားပါစေဗျာ ဖတ်ပြီးရင်ထဲမကောင်းလိုက်တား(

P.Ti said...

ကိုလှထွန်းများစွာ သူရဲကောင်းများစွာ နဲ့ ကျန်ရစ်သူတွေကို တတ်နိုင်သလောက် ကူညီပေးနေတဲ့ သူရဲကောင်းများစွာ.. အားလုံးကို လေးစား ပါတယ်။

အရေးအသားကောင်း၊ ဓာတ်ပုံနဲ့ တကယ့်အဖြစ်ကို ပေါင်းစပ်ထားတော့ ပိုပြီးတော့ ခံစားရပါတယ်။

pandora said...

မှတ်ချက်ရေးသွားသူများ ကျေးဇူးပါနော်။
ဒဏ်ရာတွေ ဆေးကြော ကုစားပြီးတဲ့ အချိန်တချိန် ရောက်လာဦးမယ်လို့ပဲ..

Taw Lu Thit said...

ပြင်းထန်တဲ့ အသက်လုပွဲတွေမှာ အများအတွက် အသက်စွန့်သွားနိုင်တဲ့ အညတတွေ အများကြီးရှိနေဦးမှာပါ.