မျှော်လင့်ချက်မပါတဲ့အိပ်မက်
နေ့ဘက်တွေမှာ မမြင်ရပေမယ့် လင်းလက်တောက်ပနေတဲ့ ကြယ်စင်တွေဟာ ကောင်းကင်မှာအမြဲရှိနေတယ်။ အချစ်ဆိုတာလည်း အဲဒီလိုပါပဲ တဲ့။ အတွေးအခေါ်ပညာရှင်တစ်ယောက်ယောက်က ဒီလို ပြောခဲ့ပါသည်။ အဲဒါကိုကောင်မလေးက ကျွန်တော့်ကိုပြန်ပြောပြခဲ့ပါသည်။ အဲဒီ အတွေးအခေါ်ပညာရှင်ဆိုတာ ဘယ်သူလဲ ကျွန်တော်မသိပါ။ ကောင်မလေး နာမည်ဘယ်လိုခေါ်သလဲ ကျွန်တော်မသိပါ။ အချစ်ဆိုတာဘာလဲကျွန်တော်မသိပါ။
ကောင်းကင်တွင် တိမ်များဖြင့် အလွန်ပြာနှမ်းနေလေ့ရှိသောနေ့ပေါင်းများစွာထဲက တစ်နေ့တွင် မြက်ခင်းစိမ်းစိမ်းလွင်ပြင်တစ်ခုမှာ ကောင်မလေးနှင့်ကျွန်တော် တွေ့ခဲ့ကြပါသည်။ ကျွန်တော်မှတ်မိသမျှ အဲဒီနေ့က လေအလွန်တိုက်ပါသည်။ ကျွန်တော်လွှတ်ခဲ့သမျှစွန်များ အကုန်အဖြတ်ခံရပါသည်။ နောက်ဆုံး အစိမ်းရောင်စွန်ကလေးတစ်ခုပြတ်ကျခဲ့တာကိုကျွန်တော်မရမက လိုက်ဖမ်းမိပါသည်။ ဖမ်းရင်းဖမ်းရင်း နောက်ဆုံးကျွန်တော့် ရင်ဘတ်ထဲကို စွန်ကလေး စိုက်ဝင်သွားပါသည်။
အဲဒီ အစိမ်းရောင်စွန်ကလေးသည် ကမ္ဘာပေါ်မှာအလှဆုံး သွားတက်ကလေးတစ်ခုကို ပိုင်ဆိုင်ပါသည် လို့ ကျွှန်တော်က ဆိုလျှင် ခင်ဗျားတို့နားရှုပ်သွားမှာလား။
တကယ်တော့ ကောင်မလေးသည် မြက်ခင်းစိမ်းစိမ်းပေါ်မှအစိမ်းရောင်စွန်ကလေးဖြစ်ပါသည်။ မရှင်းလျှင်ထပ်ပြောပြပါမည်။ မြက်ခင်းစိမ်းစိမ်းပေါ်မှအစိမ်းရောင်စွန်ကလေးသည် ကောင်မလေး ဖြစ်ပါသည်။
ကောင်မလေးက ကောင်းကင်ကြီးကို လက်ညိုးဖြူဖြူပိန်ရှည်ရှည်လေးနှင့်ညွှန်ပြီး တွေ့လား လို့ကျွန်တော့်ကိုအဆက်အစပ်မရှိ မေးပါသည်။ ကောင်းကင်မှာ ရှုပ်ရှက်ခတ်နေသောစွန်တွေကိုကြည့်ပြီး ဘယ်စွန်ကိုပြောတာလဲ လို့ ပြန်မေးလိုက်သောအခါ မဟုတ်ဘူး ကြယ်တွေကိုပြောတာ လို့ ကောင်မလေးကပြောပါသည်။ ဘာလဲ ရှိမှမရှိတာ လို့ ကျွန်တော်က ပြောလိုက်သောအခါ ရှေ့မှာပထမဆုံးခင်ဗျားတို့ကို ကျွန်တော်ပြောပြခဲ့သောစကားကို ကောင်မလေးကပြောပါသည်။
ကောင်မလေးပြောပြသောစကားတွေကို နားမလည်ဘူး လို့ ကျွန်တော်ကပြောလေ့ရှိပါသည်။ အဲဒီလိုအခါတိုင်းမှာ ကောင်မလေးက သွားဖြူဖြူကလေးများပေါ်အောင် ရယ်မောလေ့ရှိပါသည်။ ထိုအခါ ကောင်မလေးရဲ့သွားလေးတွေကိုကျွန်တော်က တစ်ချောင်းနှစ်ချောင်း လို့ရေတွက်လေ့ရှိပါသည်။ ထိုအခါကောင်မလေးက ကျွန်တော့်လက်တွေကို သူ့လက်ဖြူဖြူကလေးဖြင့် ဟန့်တားလေ့ရှိပါသည်။
ကောင်းကင်ကတိမ်ပြာပြာတွေ တိမ်ညိုညိုဖြစ်ချင်လာသောအခါ ကောင်မလေးက ၀မ်းပန်းတနည်း ငိုလေ့ရှိပါသည်။ ထိုအခါ ကောင်မလေးရဲ့ပါးပြင်ဖြူဖြူလေးတွေပေါ်ကို လိမ့်ကျလာသော မျက်ရည်ပေါက်ကလေးများကို ကျွန်တော်က တစ်ပေါက်နှစ်ပေါက် လို့ရေတွက်လေ့ရှိပါသည်။ ထိုအခါကောင်မလေးက ကျွန်တော့်လက်တွေကို သူ့လက်ဖြူဖြူကလေးဖြင့် ဟန့်တားလေ့ရှိပါသည်။
ကောင်မလေးနှင့်ကျွန်တော်အဲဒီလိုတွေ့နေခဲ့ကြတာ အချိန်ဘယ်လောက်ကြာပြီလဲ ဆိုတာ ကျွန်တော့်ကိုမမေးပါနှင်ဲ့။ တစ်လဖြစ်ချင်လည်းဖြစ်မည်။ တစ်နှစ်လို့ယူဆရင်လည်းရပါသည်။ ဆယ်နှစ်လည်း ဖြစ်နိုင်ပါသည်။ ကောင်မလေးသည် အရေအတွက်တွေကိုအလွန်မုန်းပါသည်။ ထို့ကြောင့်ကျွန်တော်သည် အရေအတွက်တွေကိုအလွန်မုန်းပါသည်။ ကျွန်တော်ပြောပြနိုင်သမျှကတော့ ကောင်မလေးနှင့် တွေ့သည့်နေ့တိုင်းမှာ ကောင်းကင်တွင် တိမ်အလွန်ပြာပါသည်။ လေအလွန်တိုက်ပါသည်။ ကျွန်တော့်စွန်တွေ အကုန်အဖြတ်ခံရပါသည်။ နောက်ဆုံးတော့ အစိမ်းရောင်စွန်ကလေးတစ်ခုပဲ ကျွန်တော်ဖမ်းမိပါသည်။
အခု ကျွန်တော်တစ်ယောက်ထဲ မြက်ခင်းစိမ်းစိမ်းပေါ်မှာလဲလျောင်းနေပါသည်။ တိမ်တွေ အလွန်ပြာနှမ်းနေပါသည်။ လေအလွန်တိုက်နေပါသည်။ ကျွန်တော်စွန်လွှတ်မနေပါ။ ကျွန်တော်ကြယ်တွေကို ရေတွက်နေပါသည်။ နေ့ခင်းကြီး ကြယ်မှမရှိတာ ရူးနေသလားလို့ ကျွန်တော့်ကို မမေးကြပါနှင့်။ နေ့လည်ခင်းကောင်းကင်ပေါ်က လင်းလက်တောက်ပနေသော ကြယ်ပွင့်ကလေးတစ်ပွင့်သည် ကောင်မလေးဖြစ်ပါသည်။ မရှင်းလျှင် ထပ်ပြောပြပါမည်။ ကောင်မလေးသည် နေ့လည်ခင်းကောင်းကင်ပေါ်က လင်းလက်တောက်ပနေသော ကြယ်ပွင့်ကလေးတစ်ပွင့် ဖြစ်ပါသည်။ ကျွန်တော်ကြယ်တွေကို တစ်လုံးနှစ်လုံး လို့ရေတွက်နေပါသည်။ ကျွန်တော်ရေတွက်နေတာကို ဟန့်တားမယ့်လက်ဖြူဖြူကလေးတစ်ခု အနားမှာမရှိပါ။ ဘယ်ရောက်သွားသလဲလို့ မေးလျှင် ကျွန်တော်အလွန်စိတ်ဆိုးပါမည်။ မေးသောသူသည် ကျွန်တော့်အမုန်းဆုံးလူဖြစ်ပါမည်။ ထို့ကြောင့် ကျွန်တော် ကြယ်တွေကိုဆက်ပြီး ရေတွက်နေပါသည်။ ကျွန်တော် ကြယ်တွေကို မဆုံးနိုင်အောင် ရေတွက်နေတုန်းဖြစ်ပါသည်။
နေ့ဘက်တွေမှာ မမြင်ရပေမယ့် လင်းလက်တောက်ပနေတဲ့ ကြယ်စင်တွေဟာ ကောင်းကင်မှာအမြဲ ရှိနေတယ်။ အချစ်ဆိုတာလည်း အဲဒီလိုပါပဲ တဲ့။ အတွေးအခေါ်ပညာရှင်တစ်ယောက်ယောက်က ဒီလို ပြောခဲ့ပါသည်။ အဲဒါကိုကောင်မလေးက ကျွန်တော့်ကို ပြန်ပြောပြခဲ့ပါသည်။ အဲဒီ အတွေးအခေါ်ပညာရှင်ဆိုတာ ဘယ်သူလဲ ကျွန်တော်မသိပါ။ ကောင်မလေး နာမည်ဘယ်လိုခေါ်သလဲ ကျွန်တော်မသိပါ။ အချစ်ဆိုတာဘာလဲ ကျွန်တော်မသိပါ။
ပန်ဒိုရာ
၇၊၁၊၂၀၀၆
ဆုံရပ် 1st Dec 2024
-
လူတွေကြားထဲ မသွားဖြစ်တာ
အထူးသဖြင့် ဘာပွဲမှ မသွားဖြစ်တာ
အတော်ကြာသွားတယ်။
ဒါပေမယ့် နှစ်ယောက်ထဲတော့ ထွက်ဖြစ်ပါတယ်။အကိုကြီးလိုက်ပို့လို့ အနီးအနား
ခရီ...
2 weeks ago
3 comments:
စကားပြောတာနဲ့ စာရေးတာကို ရောရေးထားတာမို့် ဘာသာဗေဒဘက်ကကြည့်ရင် မြန်မာစာပေပညာရှင်များ အင်မတန်မျက်မုန်းကျိုးမယ့်ပုံစံပါ။ ဘယ်လိုထင်သလဲ။ ဝေဖန်နိုင်ပါတယ်။
မပန်ရေ.. မပန်ကစာရေးတာဒေါင့်မကျိုးဘူးကွာ.. =P
အဲ့ဒါက အစ်မရဲ့ .. အမ်. ဘိုလိုပြောရရင် Uniqueness လို့ခေါ်မလားပဲ။
အစ်မပြောလို့ဒါလေးကိုသေချာပြန်ဖတ်လိုက်တာ အနော်လည်း နေလည်ကြောင်တောင် ကြယ်တွေကိုရေတွက်ချင်လာဘီ.. waytogo sis!!!! you rocks!!
ကျနော်က မြန်မာစာပေပညာရှင်မဟုတ်လို့ ထို ၀ထ္ထုလေးကို ချစ်သွားပါသည်။ ထို ၀ထ္ထုလေးချစ်သွားတာ ဘာကြောင့်လို့မမေးပါနှင့် ကျနော်လည်းမေးခွန်းများကို
မုန်းသွားပါသည်။
Post a Comment