Sunday, November 25, 2007

တန်ဆောင်မုန်း၏ လပြည့်ရိပ်ဝယ်

တန်ဆောင်မုန်း လပြည့်ည ရောက်ပြီ။ သည်အချိန်ဆို ချစ်သော အမိမြေမှာတော့ အလင်း၏ အဆင်တန်ဆာ မျိုးစုံတို့ဖြင့် ညကို ခြယ်သ အလှဆင်နေကြရော့မည်။

တန်ဆောင်မုန်း၏ ရွှန်းမြမြလသည် ကိုယ့်အတွက် အမှတ်တရ ရောင်ခြည်တို့ကို ဖြန့်ကျက်စေခဲ့သည်။ ရှစ်တန်း အရွယ်က နေထိုင်ခဲ့သော မြို့ကလေးတွင် အဲဒီနှစ်က နံရံကပ်စာစောင် ပြိုင်ပွဲ ကျင်းပခဲ့သည်။ တမြို့လုံး အသက် အရွယ် အကန့်အသတ်မရှိ။ ဆောင်းပါး ၀တ္တုတို ကာတွန်း ပိုစတာ အစုံပေါ့။ ဆီမီးရောင်မှုန်း တန်ဆောင်မုန်း အမည်ဖြင့် ဆောင်းပါးတိုလေး တစ်စောင်ရေးပို့ခဲ့သည်။ အဲဒီမှာ ဒုတိယဆု ရသည်။ မထမဆုံး အနေဖြင့် ကိုယ့်စာလေးကို အများပြည်သူ လာကြည့်နိုင်အောင် ဖော်ပြခွင့်ရသည်မှာ ပျော်စရာလည်း ကောင်း စိတ်လှုပ်ရှားစရာလည်း ကောင်းလှသည်။

ဆီမီးရောင်မှုန်း တန်ဆောင်မှုန်း ဆောင်နှုန်းခေါ်သကား။ ဟထိုးပျောက်ကာ ပြောင်းရွှေ့ကာ မုန်းသာ ခုထင်ရှား.. တဲ့။ (အနည်းငယ် မှားကောင်းမှားမည်။) စာထဲမှာ ထည့်ရေးမိတာတွေ တချို့ သတိရသေးသည်။ ပုဂံခေတ် ကျောက်စာတွေမှာတော့ တန်ဆောင်မှုန် လို့ရေးကြသတဲ့။ ဟထိုးပျောက်ပြီး တန်ဆောင်မုန်းလို့ ဖြစ်သွားသတဲ့။ အဲဒီတုန်းက သတင်းစာ အပါအ၀င် စာအုပ်တွေ ဟိုဖတ်ဒီဖတ်နှင့် ရေးခဲ့တာကိုတော့ သတိရသေးသည်။ အကိုးအကား အတိအကျတော့ မမှတ်မိတော့။

တန်ဆောင်မုန်း လပြည့်ဟာ ဆီးနှင်း၊မြူ၊တိမ်၊သူရိန်၊မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပ ပြီး လတွေထဲမှာ အကြည်လင်ဆုံး ရာသီပိုင်ရှင်တဲ့။ လပြည့်ကြီး ပိုဝိုင်းတာကို ကြည့်ချင်လျှင်တော့ လပြည့်ကျော် ၁ ရက်မှာ ပိုဝိုင်းသည် ဆိုတာလည်း မှတ်သားဖူးသည်။ ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း ဆိုတာလည်း ရှိသေးသည်။ စပါးပင်တွေမှာ စပါးသီးတွေ အစေ့အဆန် တည်လို့ နို့ရည်များဖြင့် ဖုံးတုန်း လုံးတုန်း ဖြစ်လာချိန်ဟု ဖတ်ဖူးခဲ့သည်။

ဆေးပေါင်းခသည့် ညကလည်း တန်ဆောင်မုန်း လပြည့်ညပေပဲ။ အိမ်မှာဆိုလျှင်တော့ မယ်ဇလီဖူး သုတ်စားကြတာကို သတိရမိသည်။ တန်ဆောင်မုန်းလမှာ မြွေပါးကင်းပါးလည်း ထွက်တတ်သည်။ ငယ်ငယ်က လေးနှစ်လောက်အရွယ် အမျိုးတွေရှိသော နယ်ကို သွားလည်ရင်း ရေချိုးနေတုန်း ကင်းအကိုက်ခံရလို့ ငိုတာ တော်တော်နဲ့မတိတ်ဘူးဟု မေမေကပြန်ပြောဖူးသည်။ သြော်.. လက်ကိုကိုက်တာပါတဲ့။

လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ခဲ့ရသော ငယ်နုစဉ် ကာလတချို့က ကျီးမနိုးပွဲ လုပ်ကစားကြတာကို အမှတ်ရသေးသည်။ စောရနက္ခတ် အကြောင်းပြကာ ပျော်တတ်သူတို့က စိတ်မဆိုးကြစတမ်း ပျော်စရာရှာချိန်မှာ မီးထွန်းသူကထွန်း၍ ကထိန် သင်္ကန်း မသိုးသင်္ကန်း ယက်လုပ်ပြိုင်ပွဲများဖြင့် ကုသိုလ်ပြုသူက ပြုပေမည်။ ချစ်စရာ့ မြန်မာဓလေ့များ။

ဗုဒ္ဓဘာသာဝင်တို့ အတွက်တော့ ဤညသည် အဇာတသတ်မင်းကြီးကို သာမညဖလ သုတ်တော် ဟောကြား ခဲ့သော သာမညဖလ အခါတော်နေ့ အဖြစ်လည်း အလေးအမြတ် ရှိကြသည်။ တချိန်ကတော့ တန်ဆောင်မုန်း လပြည့်ညတစ်ညသည် ပူပန်နောင်တများဖြင့် လူးလိမ့်ကာ အိပ်မပျော်နိုင်သော အဖသတ်သား တစ်ယောက်ကို တရားဖြင့် အေးမြစေခဲ့သည်။ ဤသို့ဆန်ဆန် ကျူးလွန်ပြစ်မှား ဂိုဏ်းသင့်သူ အချို့ကတော့ တန်ဆောင်မုန်း လပြည့်နေ့ ရောက်လည်း နောင်တဆိုတာ အဘိဓာန်ထဲမှာ ရှိပါသေးရဲ့လားမသိ။

လပြည့်ကို မျှော်ကြည့်ရင်း ပုံရိပ်အချို့ ဖမ်းယူခဲ့သည်။ တိမ်များလွင့်နေသဖြင့် ကင်မရာကို အတော် ချိန်ရိုက်ရသည်။ ကိုယ့်မြေ၏ ရာသီဥတု အနေဖြင့် အကြည်လင်ဆုံး ကောင်းကင်ကို တန်ဆောင်မုန်းလက ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ဤကျွန်းပိစိတွင် သာသော တန်ဆောင်မုန်း လပြည့် ကတော့ သူရိန်မီးခိုးတို့ မကင်းပါလားဟု မကျေမနပ် ဖြစ်မိသည်။ ကမ္ဘာ၏ အခြား တဖက်မှာတော့ လမင်းကို မမြင်ရသောသူများပင် ရှိနေပါလားဟု တွေးမိပြန်တော့လည်း…..။







ပန်ဒိုရာ

3 comments:

WL said...

သစ်ခက်စိမ်းနဲ့ လပြည့်အလှကို မြင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ပန်ဒိုရာ။ ငယ်စဉ်က ပွဲတော်ပုံရိပ်တွေ စိတ်မှာ တကွက်ချင်း ပြန်ပေါ်လာလို့ ရင်ခုန်လွမ်းမူးမိသေးတော့။ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းရဲ့ လပြည့်ရိပ်မှာ ကမ္ဘာမြေပေါ်က လူမှုဒုက္ခတွေ ပျောက်ကင်းသက်သာကြပါစေ။

Ko Paw said...

တန်ဆောင်မုန်းနှင့် ပတ်သက်၍ ကျနော့် ဘ၀တွင် ပထမဦးဆုံး ရင်းနှီးကျွမ်းဝင်ခဲ့ရသော ကဗျာမှာ “အဘိုးကြီးအို ခါးကုန်းကုန်း၊ မသေပါနှင့်အုံး၊ နောင်နှစ်ခါ တန်ဆောင်မုန်း၊ ပွဲကြည့်ပါဦး” ပင် ဖြစ်တော့သည်။

pandora said...

ကိုဝေလင်း..ကိုပေါ... လပြည့်အလှကို အားလုံး တမိုးအောက်က အတူတူမြင်နိုင်ကြတဲ့ အချိန်တွေ ရောက်လာမှာပါ