Monday, July 23, 2007

နံနက်ခင်းနှင့်စကားပြောခြင်း

နံနက်ခင်းနှင့်စကားပြောခြင်း

နှိုးစက်နာရီက ဆက်ကာဆက်ကာ မြည်သည်။ မပိတ်မချင်း မြည်သည်။ စူးစူးရှရှ အသံကုန်မြည်သည်။ သူ့ကိုမုန်းနေသလား ဘာလား ဂရုစိုက်ဟန်မပြု။ ပေးထားသော တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်သည်။ နှိုးစက်ကို ကိုင်ပေါက်မလို လုပ်ပြီးမှ ဆောင့်ရုံသာ ဆောင့်ချလိုက်ပါသည်။ ဒီလိုနိုးထခြင်းလောက် ဆိုလျှင် တော့ တနေ့တာ ရာသီဥတုမဆိုးလှဟု ဘာသာသတ်မှတ်လိုက်သည်။ နှိုးစက်တစ်လုံး ပြတင်းပေါက်အပြင် ရောက်သွားသည့် နေ့တွေ ရှိဖူးသည်။ ရေချိုးကန်ထဲ နှစ်မြှုပ်ခံရသည့်နေ့တွေတောင် ရှိကောင်းရှိဖူးမည်။ သမိုင်းသည် တစ်ပတ်ပြည့်ပြည့် မလည်ခင် မတူညီသော နေ့သစ်များကို ကြိုးစားမွေးဖွားနေသည်။

ပုဂံကျောက်စာတွေထဲမှာတော့ စည်ငြင်းဖြင့် နိုးထသော စည်းစိမ်ကို ခံစားရလို၏ ဟု အလှူရှင် တစ်ယောက်က ဆုတောင်းခဲ့တာ ဖတ်ဖူးသည်။ တစ်နေ့တာ၏ နိုးထခြင်းဟာ သည်လောက် အရေးပါသလား။ နိုးထပုံနိုးထနည်းကတော့ မတူနိုင်ကြ။ ညမှာ နောက်ကျမှ အိပ်ရာဝင်သူသည် စောစောမထနိုင်။ တကယ်တော့ (ကိုယ်နဲ့နှိုင်းရလျှင်) လူ အတော်များများသည် စောစောမထလို ဟုထင်မိသည်။ အိပ်ခြင်းက ခေတ္တသေခြင်းဟု တင်စားကြမည် ဆိုလျှင် မြန်မြန် ပြန်မရှင်လိုကြဘူးလား။ ဒါပေမယ့် အသေးစားသေခြင်းကပင် ပျော်မွေ့စရာ ကောင်းနေတော့ ခက်သည်။ ဂျွန်ကိစ် (John Keats) ကတော့ သက်တောင့်သက်သာ သေခြင်းနှင့် တ၀က်တပျက် ချစ်ကျွမ်းဝင်မိပေါ့ ဟုရေးခဲ့သည်။

စိတ်ညစ်လျှင် အိပ်တတ်သည်။ ဘာမှမသိခြင်းဖြင့် လောကကြီးက ထွက်ပြေးနိုင်အောင် ကြိုးစားသည်။ လောကအစစ်ကထွက်ပြေးဖို့ လောကအတုတစ်ခုမှာ သွားနေအောင် ကြိုးစားနေပြန်သည်။ တဖြည်းဖြည်းနဲ့ ကမ္ဘာတုက ကမ္ဘာစစ်ထဲကလို သံယောဇဉ်၊ တာဝန်၊ ငြင်းခုန်မှု၊ အသိအမှတ်ပြုမှု ဆိုတာတွေနဲ့ လိမ်ယှက်လာတော့ ကမ္ဘာအားလုံးကထွက်ပြေးဖို့ ထပ်ကြိုးစားရင်း ကမ္ဘာပျောက်မလို ဖြစ်သွားခဲ့သည်။ နံနက်ခင်းတစ်ခုကတော့ အချိန်တန်လျှင်ရောက်ရောက် လာသည်ပင်။

နံနက်မရောက်ခင် အိပ်ပြီးစောင့်ရသည်။ အိပ်ပျော်ဖို့သက်သက်က တကယ်တော့ အဖော်မလို။ အိပ်ခြင်းနဲ့ အိပ်သူသာလိုသည်။ အိပ်သူရဲ့ နံဘေးမှာ အေးစက်နေသော နေရာလပ်တစ်ခု ရှိခဲ့လျှင်တော့ ကံဆိုးမှုဟု သတ်မှတ်မည်လား။ လွတ်လပ်မှုဟု ဖွင့်ဆိုမည်လား။ ခံယူသူ၏ ယေဘုယျ ခံယူချက်မှာ မူတည်မည်။ ထိုတစ်နေ့တာ အတွက် သူ့စိတ်ခံစားမှုအပေါ်မှာ မူတည်မည်။ စိတ်တွေ လေဟုန်စီးနေကြသူ လူတွေရဲ့ သတ်မှတ်ချက်ဆိုတာ သည်လောက်တော့ ကွဲပြားနိုင်မည်။

အက်ဆေးတွေရေးလျှင် လေသံက အေးစက်စက်နိုင်လွန်းတယ်။ အဆက်အစပ် ပြတ်တောက်လွန်းတယ်။ ၀ါကျတွေ တိုလွန်းတယ်။ ဝေါဟာရတွေ ရိုးလွန်းတယ်။ မိတ်ဆွေ တစ်ယောက်က ဒီလိုပြောဖူးသည်။ အင်္ဂလိပ်လိုတော့ indifferent ဖြစ်သည်လို့ သူက ထပ်ပြောပြန်သည်။ နွေးထွေးမှု၏ အရေးပါပုံသည် နံနက်ခင်းတစ်ခုတွင်တော့ သိသာလွန်းသည်။ မိုးရေပေါက်များ တစိမ့်စိမ့်ကျနေသော နံနက်ခင်းတစ်ခုမှာ သင်နိုးထဖူးပါသလား။ နှင်းငွေ့ပါသော မြောက်ပြန်လေတို့ တသုန်သုန်တိုက်နေသော နံနက်ခင်းတစ်ခုမှာ ဘယ်လိုခံစားရသလဲ။ အေးစိမ့်မှုများက မနိုးထချင်အောင် ဖြားယောင်းတတ်သည်မှာ ကြောက်စရာကောင်းသည်ဟု မထင်မိဘူးလား။

ညအိပ်ရာဝင်ခါနီး တစ်ယောက်ယောက်နှင့် စကားစမြည်ပြောဖြစ်လျှင် ကောင်းသောည ဖြစ်ပါစေ၊ အိပ်မက်လှလှ မက်ပါစေ စသဖြင့် အနောက်တိုင်းဆန်ဆန် နှုတ်ဆက်လေ့ရှိသည်။ သည့်အပြင် အိပ်ပြီးလျှင်လည်း နောက်တစ်နေ့ နိုးထနိုင်ပါစေ ဟု ကိုယ်က နှုတ်ဆက်မိတတ်သည်။ နှုတ်ဆက်ခံရသူတွေ တွန့်သွားတတ်သည်။ ဖွဟဲ့ လို့လည်း ပြန်ပြောတတ်ကြသည်။ နားမလည်ပါ။ နံနက်ခင်းတစ်ခုမှာ နိုးဖြစ်အောင် နိုးထဖို့ တကယ်တော့ လူတိုင်း အလိုရှိပါသည်။

လူဖြစ်ရတာ ကြာလာလေလေ၊ ကိုယ်ပြောခဲ့တာတွေကို ပြန်မကြိုက်လေလေ၊ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျလေလေ။ အရာရာ စိတ်ဝင်စားပြီး ဘာမှ ပိုင်ပိုင်နိုင်နိုင်မရှိတာကို မကြိုက်။ ၀င်မစွက်လည်း ရတဲ့ကိစ္စ တွေကို ရှုထောင့်တမျိုးက ကျယ်ကျယ်လောင်လောင် သွားဆွေးနွေးမိတာကိုမကြိုက်။ (သတ္တလောကကြီးက မင်းမရှိလည်း ဖြစ်နေတာပါပဲကွာ။) ကိုယ့်ရဲ့အရေးပါမှုဟာ အရေးမပါမှန်း သိလျက်နဲ့ အရေးလုပ်နေမိတာကို မကြိုက်။ ကွန်ပြူတာထဲက ဖိုင်တွေလို Delete ဖျက်လို့ရလျှင် ဖျက်လိုက်ချင်သည်။ Reboot လုပ်လို့ရလျှင် လုပ်လိုက်ချင်သည်။

ကွန်ပြူတာ သိပ်အသုံးမတွင်ကျယ်ခင် လွန်ခဲ့သော ဆယ်နှစ်ကျော်ကတော့ ဘ၀ဆိုတာ စာအုပ်တစ်အုပ်ဆိုလျှင် ကောင်းမှာပဲဟု တစ်ယောက်ယောက်ကို ပြောဖူးသည်။ ဒါဆိုလျှင် ဇာတ်သိမ်းပိုင်းကို သိချင်တော့ ကျော်ဖတ်မည်။ ဖတ်ချင်တဲ့ စာမျက်နှာတွေကို ထပ်ခါထပ်ခါ ဖတ်နေမည်။ မကြိုက်တဲ့ စာမျက်နှာတွေကိုတော့ ဆုတ်ဖြဲပစ်လိုက်မှာပေါ့ဟု တွေးဖူးသည်။ အခုတော့ စာအုပ်တစ်အုပ်ဖြစ်ခဲ့လျှင်လည်း ဆုတ်ဖြဲရလွန်းလို့ တော်တော်ပါးနေသည့် စာအုပ်တစ်အုပ် ဖြစ်နေလောက်ပြီ။ အစက ပြန်လှန်ဖတ်ချင်တဲ့ စိတ်ရော ရှိသေးရဲ့လား။

တကယ်တော့ နိုးထချင်နေသေးသည်။ နံနက်ခင်းက မနွေးထွေးလည်း ရှိပါစေတော့။ မိုးတွေသည်းသည်း ရွာချင်လည်းရွာပါစေတော့။ မြူတွေနဲ့ ပိတ်ချင်လည်း ပိတ်နေပါစေတော့။ အလိုအလျောက် နိုးထတာ မဟုတ်ပဲ ဖိအားတစ်ခုကြောင့်  ဖြစ်ချင်လည်း ဖြစ်ပါစေတော့။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ နံနက်ခင်းတစ်ခုမှာ နိုးထချင်နေသေးသည်။

သာယာသောနေ့များတွင် အရှေ့ဘက်ယွန်းယွန်းမှ နှုတ်ဆက်ထွက်လာသော နီဖျော့ဖျော့ နေလုံးကြီး၏ လှလှပပ မြင်ကွင်းကို အမြဲတမ်းသတိထား ဖမ်းဆုပ်မိဖို့ မဖြစ်နိုင်တာကတော့ မဆန်းဘူးထင်ပါသည်။

ပန်ဒိုရာ

13 comments:

မိုးညို said...

အဲဒီလို စာမျိုးတွေ အတွက် မပန်ကြီးကို မပြတ်နိုင်တာဗျ ... စောစောစီးစီးပြန်လာတာ ၀မ်းသာလိုက်တာဗျာ ... မပန်ရဲ့ စွန်ရောင်စုံတွေ ၀ဲနေမဲ့ ကောင်းကင်ကို အမြဲမြင်နေပါရစေ ..မပန်ရေ ...
ခုတခေါက်ထပ်ဖတ်ပြီး ထပ်ရေးချင်ရေးဦးမယ်ဗျ .. ကြိုးတုပ်ထားလို့ရရင် တုပ်ထားလိုက်ချင်တယ် ... မပုံကိုလည်း ပြန်လာဖို့ ပြောပေးဦးဗျ ...

မိုးညို said...

“ညအိပ်ရာဝင်ခါနီး တစ်ယောက်ယောက်နှင့် စကားစမြည်ပြောဖြစ်လျှင် ကောင်းသောည ဖြစ်ပါစေ၊
အိပ်မက်လှလှ မက်ပါစေ စသဖြင့် အနောက်တိုင်းဆန်ဆန် နှုတ်ဆက်လေ့ရှိသည်။
သည့်အပြင် အိပ်ပြီးလျှင်လည်း နောက်တစ်နေ့ နိုးထနိုင်ပါစေ ဟု ကိုယ်က နှုတ်ဆက်မိတတ်သည်။
နှုတ်ဆက်ခံရသူတွေ တွန့်သွားတတ်သည်။ ဖွဟဲ့ လို့လည်း ပြန်ပြောတတ်ကြသည်။ နားမလည်ပါ။
နံနက်ခင်းတစ်ခုမှာ နိုးဖြစ်အောင် နိုးထဖို့ တကယ်တော့ လူတိုင်း အလိုရှိပါသည်။”
“တကယ်တော့ နိုးထချင်နေသေးသည်။ နံနက်ခင်းက မနွေးထွေးလည်း ရှိပါစေတော့။
မိုးတွေသည်းသည်း ရွာချင်လည်းရွာပါစေတော့။ မြူတွေနဲ့ ပိတ်ချင်လည်း ပိတ်နေပါစေတော့။
အလိုအလျောက် နိုးထတာ မဟုတ်ပဲ ဖိအားတစ်ခုကြောင့်  ဖြစ်ချင်လည်း ဖြစ်ပါစေတော့။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ နံနက်ခင်းတစ်ခုမှာ နိုးထချင်နေသေးသည်။”

“သာယာသောနေ့များတွင် အရှေ့ဘက်ယွန်းယွန်းမှ နှုတ်ဆက်ထွက်လာသော နီဖျော့ဖျော့ နေလုံးကြီး၏ လှလှပပ မြင်ကွင်းကို အမြဲတမ်းသတိထား ဖမ်းဆုပ်မိဖို့ မဖြစ်နိုင်တာကတော့ မဆန်းဘူးထင်ပါသည်။”

မပန်ရေ ... ကမ္ဘာအတုအစစ်ခွဲဖို့ အချိန်မရလို့ ... ထုံးစံအတိုင်း ဖတ်ပြီး ထုံးစံအတိုင်း ကြိုက်လို့ ထုံးစံမဟုတ်တဲ့ စာတွေကို ထုံးစံအတိုင်းမသွားတယ် ... နက်ဖြန်မနက်မှာ ထုံးစံအတိုင်းနိုးခဲ့ရင်တော့ ထုံးစံအတိုင်းလည်နေရဦးမယ် ...
ဆိုတော့ မသေချာတဲ့ ထုံးစံတွေအတိုင်း နောက်ဆုံးဖြစ်ချင်ဖြစ်နေဦးမယ် ... ကျေးဇူးဆိုတဲ့ စကားကို ထုံးစံအတိုင်းပြောခဲ့တယ် ... ထုံးစံအတိုင်းမဟုတ်တဲ့ ဒေါ်ဂျီးပန်ရေ ... မြန်မြန်ပြန်လာဖို့နဲ့ ထုံးစံမဟုတ်တဲ့ စာတွေကို ထုံးစံမဟုတ်တဲ့ ပုံစံနဲ့ ထုံးစံအတိုင်းပြန်ရေးဖို့ ... ပြောချင်တယ်ဗျာ ...
p.s> မပန်ဆီမှာ နှိုးစက်ဖြစ်ရတာတော့ မသက်သာဘူးဗျ ... :D

ဂျစ်တူး - gyit_tu said...

မပန်ရေ.. စာကြောင်းတိုင်းမှာ မျော်ပါသွားတယ် ။

(အိပ်ခြင်းက ခေတ္တသေခြင်းဟု တင်စားကြမည် ဆိုလျှင် မြန်မြန် ပြန်မရှင်လိုကြဘူးလား။ ဒါပေမယ့် အသေးစားသေခြင်းကပင် ပျော်မွေ့စရာ ကောင်းနေတော့ ခက်သည်။ ဂျွန်ကိစ် (John Keats) ကတော့ သက်တောင့်သက်သာ သေခြင်းနှင့် တ၀က်တပျက် ချစ်ကျွမ်းဝင်မိပေါ့ ဟုရေးခဲ့သည်။)

တကယ်ပဲ ဂျစ်တို့တွက် အိပ်ခြင်းဟာ တဒင်္ဂသေခြင်းပဲ ။ တဒင်္ဂတွေမှာ ပျော်ဝင်တတ်ကြတဲ့ လူသားတွေတွက် ဒါကြောင့်လည်း အိပ်ခြင်းကို မြတ်နိုးခုံမင်ကြတာ ထင်ပါရဲ့လို့ အတွေးရောက်မိတယ် ။

PeTi said...

ပန်ဒိုရာရေ…ပြန်လာပြီး Post အသစ်တောင်တင်လိုက်ပြီ… စောင့်လိုက်ရတာ…
ဖတ်ရတာတကယ်ကိုကောင်းတာပဲ… စာကြောင်းတိုင်းမှာ မျောပါရင်း… `ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ နံနက်ခင်းတစ်ခုမှာ နိုးထချင်နေသေးသည်´ ဆိုတော့မှ လန့်နိုးသွားတယ်…
မနိုးရင် ထာဝရအိပ်ပျော်သွားမှာနော်… မသေတတ်သေးတော့ သေရမှာကြောက်သေးတယ်… ;)

M.Y. said...

G’day…Ma Pan,
Vacation essay, isn’t it..??
ပထမ ၂ပိုဒ် ဖတ်လိုက်တာ..ပထမအပိုဒ် အစကိုသွား ပြန်ကျော့ရတယ်..ဆက်တိုက်ဖတ်လို့ မရဘူး..တစ်ပိုဒ်ဖတ်လိုက်ဖြေးဖြေး တွေးလိုက်..ပြီးမှနောက်တစ်ပိုဒ်ကူးခိုင်းတဲ့ ရသစာစု (အက်ဆေး) ကောင်း တစ်ပုဒ် ..

Layma said...

မပန်ရေ…နံနက်ခင်းတစ်ခုကိုနိုးထခွင့် ရခဲ့ပြန်လို့  မပန်ဆီ နံနက်ခင်းတစ်ခုမှာ မှတ်ချက်ဝင်ရေးခဲ့ပါတယ်….
(လောကအစစ်ကထွက်ပြေးဖို့ လောကအတုတစ်ခုမှာ သွားနေအောင် ကြိုးစားနေပြန်သည်။ တဖြည်းဖြည်းနဲ့ ကမ္ဘာတုက ကမ္ဘာစစ်ထဲကလို သံယောဇဉ်၊ တာဝန်၊ ငြင်းခုန်မှု၊ အသိအမှတ်ပြုမှု ဆိုတာတွေနဲ့ လိမ်ယှက်လာတော့ ကမ္ဘာအားလုံးကထွက်ပြေးဖို့ ထပ်ကြိုးစားရင်း ကမ္ဘာပျောက်မလို ဖြစ်သွားခဲ့သည်။)
လေးမ အတွက်များရေးပေးလေသလား မပန်ရေ…
real world ကို စိတ်ရှုပ်လို့ virtual world တစ်ခု.. ကိုယ့်ဟာကိုယ်ဖန်တီးပြီး… Queenလုပ်နေခဲ့တာ….။ ကမ္ဘာပျောက်မှာ ကြောက်တယ် မပန်ရယ်….ဒါပေမယ့် တချိန်မှာတော့ ပြေးရပြန်ဦးတော့မယ်…..။ ကျေးဇူးပါ မပန်…။

Layma said...
This comment has been removed by the author.
hninhnin said...

မလေးပန်ရေ...
စာအရေးအသား အရမ်းကောင်းတယ်နော်။ နှစ်ခေါက်တိတိ နှစ်ခေါက်တိတိ ပြန်ဖတ်သွားတယ်။ တစ်ကြောင်းချင်းတစ်ကြောင်းချင်းတိုင်းမှာ အဓိပ်ပယ်လေးတွေ အပြည့်နဲ့ပါ။ အရင့်အရင်စာများလည်း အခု ပြန်ဖတ်နေပါတယ်။ အမြဲ အားပေးနေမှာပါ

hninhnin said...

မလေးပန်ရေ...
စာအရေးအသား အရမ်းကောင်းတယ်နော်။ နှစ်ခေါက်တိတိ နှစ်ခေါက်တိတိ ပြန်ဖတ်သွားတယ်။ တစ်ကြောင်းချင်းတစ်ကြောင်းချင်းတိုင်းမှာ အဓိပ်ပယ်လေးတွေ အပြည့်နဲ့ပါ။ အရင့်အရင်စာများလည်း အခု ပြန်ဖတ်နေပါတယ်။ အမြဲ အားပေးနေမှာပါ

hninhnin said...

မလေးပန်ရေ...
စာအရေးအသား အရမ်းကောင်းတယ်နော်။ နှစ်ခေါက်တိတိ နှစ်ခေါက်တိတိ ပြန်ဖတ်သွားတယ်။ တစ်ကြောင်းချင်းတစ်ကြောင်းချင်းတိုင်းမှာ အဓိပ်ပယ်လေးတွေ အပြည့်နဲ့ပါ။ အရင့်အရင်စာများလည်း အခု ပြန်ဖတ်နေပါတယ်။ အမြဲ အားပေးနေမှာပါ

တပြည်သူ အိမ့်ချမ်းမြေ့ said...

မပန်…
“အိပ်သူရဲ့ နံဘေးမှာ အေးစက်နေသော နေရာလပ်တစ်ခု ရှိခဲ့လျှင်တော့ ကံဆိုးမှုဟု သတ်မှတ်မည်လား။ လွတ်လပ်မှုဟု ဖွင့်ဆိုမည်လား။ ခံယူသူ၏ ယေဘုယျ ခံယူချက်မှာ မူတည်မည်။”

ကြိုက်သွားပြီ။

“အိပ်ပျော်ဖို့သက်သက်က တကယ်တော့ အဖော်မလို။ အိပ်ခြင်းနဲ့ အိပ်သူသာလိုသည်။”

ဒါကတော့ အခြေအနေပေါ်မှာ မူတည်လိမ့်မည်။
စာသားတွေ အရမ်းကြိုက်တယ်

pandora said...

မိုးညို၊ ဂျစ်၊ ပီတိ၊ကိုမောင်ရင်၊ လေးမ၊နှင်းနှင်း၊ မလေး နဲ့ လာဖတ်သွားသူအားလုံး ကျေးဇူးပါ..
ခံစားနိုင်သူတွေအဖို့ တိုက်ဆိုင်တာတွေ အနည်းနဲ့အများ ရှိကောင်းရှိကြမှာပေါ့နော်..

ယူဆဂိ said...

VERY GOOD!

ရေးချက်တွေကောင်းလွန်းလို့.. comment မရေးဘဲကိုမနေနိုင်လောက်အောင်ပါဘဲ.
ဘ၀ မှာ ခံစားရသမျှ ဒီလိုသာရေးတတ်ရင်..အတော်ကောင်းမှာပဲလို့တွေးမိပါရဲ့ ..
မပန်..ရေးထားတာတွေကို တော်တော်ကိုကြိုက်ပါတယ်