May 5, 2007 2:54 PM
မူပိုင်ခွင့်၊ Creative Commons လိုင်စင်နှင့် မြန်မာ ဘလော့ဂ်များ
by Pu-htu-zin
ကျွန်တော်တို့ မြန်မာဘလော့ဂ်တွေ အရေအတွက်ရော၊ အရည်အချင်းပါ တိုးတက်လာတာ အားလုံးအသိပါ။ ဒီလိုတိုးတက်လာတာနဲ့ အမျှ ဘလော့ဂ်တစ်ခုရဲ့ ဖန်တီးမှုကို နောက်တစ်နေရာမှာ သုံးချင် ဖော်ပြချင်လာတဲ့အခါ ဘလော့ဂ်တွေနဲ့ ဆိုင်တဲ့ မူပိုင်ခွင့်၊ မှန်ကန်စွာသုံးစွဲခွင့် proper use စတာတွေဟာ အရေးကြီးလာပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အားနည်းချက်ကတော့ မူပိုင်ခွင့်နဲ့ မရင်းနှီးတာ၊ မူပိုင်ခွင့်ကို အကြောင်း အမျိုးမျိုးကြောင့် မလိုက်နာနိုင်တာ၊ သိသော်ငြား အကျင့်မရှိလို့ ဂရုမစိုက်တာ စသည်တို့ ဖြစ်ပါတယ်။ ဥပမာ ပြည်တွင်းမှာ Windows XP ကို ဘယ်သူမှ ဒေါ်လာရာချီပေးပြီး မူရင်းကို မ၀ယ်ဘူး။ ဒါမျိုးက တိုင်းပြည်ရဲ့ စီးပွားရေးအရ ဘယ်လိုမှ မတတ်နိုင်တဲ့ မူပိုင်ခွင့် ချိုးဖောက်မှုမျိုးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သွားကျပ်နေလို့ကတော့ မြန်မာတပြည်လုံးမှာ ပြတင်းပေါက်လေးတွေအစား ပန်ဂွင်းငှက်ကလေးတွေ ဖြစ်ကုန်မှာပေါ့။ ဒါပေမယ့် တချို့နေရာတွေမှာ တတ်နိုင်ရဲ့သားနဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့ ထုံးတမ်းဥပဒေတွေကို ဂရုမစိုက်တာတွေကတော့ ပြင်ချိန်တန်ပါပြီ။
မြန်မာဘလော့ဂ်လောကသားများ အားလုံးလည်း ကြားမိလိုက်မှာပါ၊ ဟိုးတလောက ပြည်တွင်းက နာမည်ကြီး မြန်မာဘလော့ဂါကြီး တစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ပြည်တွင်းဂျာနယ် တစ်ခုက ကြိုတင် ခွင့်မတောင်းဘဲ မတော်တဆ ယူသုံးမိလိုက်တဲ့ အဖြစ်။ နောက်တော့ ဂျာနယ်ကလည်း တောင်းပန်၊ ဘလော့ဂါကြီးကလည်း သဘောကောင်းဆိုတော့ အားလုံး အဆင်ပြေသွားပုံရပါတယ်။ အဲဒီတော့ ကိုယ့်ဘလော့ဂ်က ပို့စ်တွေ၊ ဓာတ်ပုံတွေ စတာတွေကို ဘယ်လိုသဘောထားမလဲ၊ ဘယ်သူတွေက ဘယ်လိုသုံးခွင့်ရှိသလဲ စတာတွေဟာ ကိုယ်ကတိတိကျကျ သတ်မှတ်ထားသင့်ပါတယ်၊ သူများတကာက သတ်မှတ်ထားတာတွေကိုလည်း လိုက်နာသင့်ပါတယ်။ အဲဒီတော့ ဒီလို မူပိုင်ခွင့်နဲ့ ပတ်သက်တာကို ကိုယ်က ဥပဒေစကား မတတ်ဘဲ ကိုယ့်စကားနဲ့ကိုယ် တလုံးချင်းပြောနေရမယ့်အစား ရှိပြီးသား လိုင်စင်တွေကို ယူလိုက်တာက ဥပဒေနည်းလမ်းကျပြီး အလုပ်ရှုပ်သက်သာပါတယ်။ အားလုံးလည်း တညီတည်းစံပုံစံ ၀င်သွားပါတယ်။
အဲဒီလို လိုင်စင်တစ်မျိုးကတော့ Creative Commons က ထုတ်တဲ့ လိုင်စင်တွေပါပဲ။ ဒီလိုင်စင်တွေရဲ့ ဥပဒေသက်ရောက်နယ်မြေ jurisdiction သုံးဆယ်ကျော် ရှိတယ်လို့ ပြောပါတယ်။ ကမ္ဘာနိုင်ငံကြီးတော်တော်များများ ပါပါတယ်။ မူပိုင်ခွင့်အားလုံးကို ထိန်းချုပ်ထားတဲ့ အဆင့် “All rights reserved” နဲ့၊ မူပိုင်ခွင့်ကို ဘာဆိုဘာမှ မယူတဲ့ “No right reserved” ကြားက ကိုယ်လိုချင်တဲ့ အဆင့်ဆင့်ကို လိုင်စင်အခမဲ့ ယူလို့ရပါတယ်။ အဲဒီလိုယူထားတဲ့ အတွက် ကိုယ့်လိုင်စင် စည်းကမ်းချက်တွေကို မလိုက်နာရင် အဲဒီ မလိုက်နာသူကို တရားစွဲလို့ရတယ်၊ (မြန်မာပြည်မှာတော့ မဟုတ်ဘူးပေါ့ဗျာ၊ ဥပမာ ယူကေ၊ ယူအက်စ်၊ အော်စီ၊ တိုင်ဝမ် စတဲ့နေရာတွေပေါ့။ ပြဿနာတစ်ခုကတော့ မြန်မာဘလော့ဂ်ကမ္ဘာရဲ့ သိပ်သည်းခြေ အများဆုံး စ လုံးမှာ ဒီဥပဒေ အကျုံးဝင်မ၀င် ကျွန်တော်မသေချာပါ။) အဲဒီတော့ ဒီ Creative Commons licensing အကြောင်း အောက်ပါ ကာတွန်းလေးတွေ ကတဆင့် ကြည့်ရအောင်ပါ၊ ကြိုက်ရင် ကိုယ့်ဘလော့ဂ်အတွက် ယူလို့ရတာပေါ့။
မူပိုင်ခွင့်အားလုံးချုပ်ကိုင်ခြင်း နဲ့ မူပိုင်ခွင့်အားလုံး စွန့်လွှတ်ခြင်း ကြားကရှိတဲ့ ဖြစ်နိုင်တဲ့ မူပိုင်ခွင့်ထိန်းချုပ်မှု အမျိုးမျိုးကို သတ်မှတ်နိုင်ဖို့ Creative Commons မှ ကူညီလိုပါတယ်။ Creative Commons ရဲ့ လိုင်စင်တွေဟာ မိတ်ဆွေရဲ့ ဖန်တီးမှုအတွက် မူပိုင်ခွင့်ကို လိုသလို ချုပ်ကိုင်နိုင်ခွင့် ပေးထားပြီး တချို့သုံးစွဲမှုများကို အခြားသူများအား အကန့်အသတ်နဲ့ ခွင့်ပြုနိုင်ပါတယ်။
မိတ်ဆွေက စာဖြစ်စေ၊ ပုံဖြစ်စေ တခုခုကို ဖန်တီးလိုက်တာနဲ့ အဲဒီဖန်တီးမှုရဲ့ မူပိုင်ခွင့်အားလုံးကို မိတ်ဆွေက အလိုအလျောက် ရရှိပြီးသား ဖြစ်ပါတယ်၊ မူပိုင်ခွင့်ရရေး လျှောက်လျှောက် မလျှောက်မလျှောက်၊ မူပိုင်ခွင့် သင်္ကတ © သုံးသုံး၊ မသုံးသုံး ဖြစ်ပါတယ်။ မူပိုင်ခွင့်အားလုံးကို ချုပ်ကိုင်လိုသူ တစ်ယောက်အတွက်တော့ ဒီလို အခြေအနေဟာ ကိစ္စမရှိပါ၊ ဒါပေမယ့် ပိုင်ရှင်က သူ့ရဲ့ဖန်တီးမှုကို စည်းကမ်းသတ်မှတ်ချက် တစုံတရာထားပြီး တခြားသူများကို ဝေမျှချင်တယ် ဆိုပါတော့၊ အဲဒီလို လူမျိုးအနေနဲ့ ဘယ်လိုလုပ်ရမလဲ။
Creative Commons ရဲ့ လိုင်စင်များဟာ အဲဒီလိုလူတွေအတွက် တည်ဆောက်ထားတာပါ။ တီထွင်ဆန်းသစ်ခြင်းနဲ့ အတွေးအခေါ်အသစ်ဆိုတာ ရှိပြီးသားတွေအပေါ်မှာ ထပ်ပြီးတည်ဆောက်ရတယ် ဆိုတာ နားလည်သဘောပေါက်တဲ့ လူတွေ အတွက်ပေါ့။
Creative Commons ရဲ့ လိုင်စင်တိုင်းဟာ သင့်ရဲ့ ဖန်တီးမှုကို တကမ္ဘာလုံး အတိုင်းအတာနဲ့ ပြန်လည်မျှဝေ ကူးယူဖော်ပြနိုင်ဖို့ ခွင့်ပြုပါတယ်၊ အဲဒီလို ကူးယူဖော်ပြသူတွေက သင်သတ်မှတ်တဲ့ စည်းကမ်းချက်တွေကိုတော့ လိုက်နာရမှာ ဖြစ်ပါတယ်။
Creative Commons လိုင်စင်တွေမှာ ရွေးချယ်စရာ စည်းကမ်းလေးမျိုးရှိပါတယ်။ ပထမဦးဆုံးစည်းကမ်းကတော့ attribution requirement ဖန်တီးမှုရဲ့ ပိုင်ရှင်ကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဥပမာ - ကျွန်တော်က တက်သစ်စ ဓာတ်ပုံဆရာတစ်ဦး ဆိုပါတော့။ ကျွန်တော်က ကျွန်တော့်နာမည်ကို ၀က်ဘ်ပေါ်မှာ ပျံ့နှံ့စေချင်တယ်။ ဒီအခြေအနေမှာ အခုပြောတဲ့ attribution requirement ကို သုံးရင် လူတွေအားလုံးဟာ ကျွန်တော့် ဓာတ်ပုံတွေကို လွတ်လွတ်လပ်လပ် ဝေမျှနိုင်မယ်၊ အဲဒီဓာတ်ပုံတွေကို ကျွန်တော်ရိုက်ခဲ့ပါတယ်ဆိုတာကို ရည်ညွှန်းပေးသရွေ့ပေါ့။
အဲဒီတော့ မောင်အစ် (IGNACIO) ကကျွန်တော့် site ကို လာကြည့်မိပြီး ဓာတ်ပုံတွေကို သူ့ site မှာ ပြန်သုံးချင်တယ် ဆိုပါတော့။ ဓာတ်ပုံပိုင်ရှင် ကျွန်တော့်နာမည်ကို သူက ရှင်းရှင်းလင်းလင်း ဖော်ပြပေးသရွေ့ အဲဒီဓာတ်ပုံကို မောင်အစ်က သုံးနိုင်ပါတယ်။ ကျွန်တော့်ဆီက ကြိုတင်ခွင့်ပြုချက် တောင်းစရာ မလိုပါ။
နောက်ရွေးနိုင်တဲ့ စည်းကမ်းသတ်မှတ်ချက် တစ်ခုက စီးပွားရေးအတွက် အသုံးပြုခွင့် မပြုခြင်း no commercial use ဖြစ်ပါတယ်။ ဒီစည်းကမ်းကို ကျွန်တော် ရွေးခဲ့ရင် ကျွန်တော့်ဓာတ်ပုံကို လူတွေက တခြားကိစ္စအမျိုးမျိုးအတွက် သုံးနိုင်ပေမယ့် အခကြေးငွေရအောင် လုပ်တဲ့ ကိစ္စတွေမှာ မသုံးနိုင်ပါ။ အဲဒီလို သုံးချင်ရင် ကျွန်တော်ထံမှ ခွင့်ပြုချက်ကို ပထမ ရယူရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်က သူတို့ဆီကပြန်ပြီး အခကြေးငွေ တောင်းနိုင်ပါတယ်။
အဲဒီတော့၊ ဆိုပါစို့၊ ဆရာအက်စ် ဆိုတဲ့ ကျောင်းဆရာက ကျွန်တော့် ဓာတ်ပုံတွေကို သူ့အတန်းရဲ့ ၀က်ဘ်ဆိုက်ဒ်မှာ သုံးချင်တယ် ဆိုပါတော့၊ အဲဒါဆိုရင် ပညာရေးဖြစ်တဲ့ အတွက် ဆရာအက်စ်ဟာ ကျွန်တော့်ကို မမေးဘဲ ယူသုံးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်နာမည်ကိုတော့ ဖော်ပြပေးရဦးမှာ ဖြစ်ပါတယ်။ ဒါမှ ဆရာအက်စ်ရဲ့ အတန်းဝက်ဘ်ဆိုက်ဒ်ကဆင့် ကျွန်တော့်ဓာတ်ပုံတွေကို တွေ့သွားတဲ့ တခြားလူတွေက ကျွန်တော့်ဓာတ်ပုံတွေကို ဘယ်လိုအခါမှာ သုံးနိုင်တယ်၊ ဘယ်လိုအခါမှာ မသုံးနိုင်ဘူးဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။
တခြားတဘက်မှာတော့ မမီရန်က ကျွန်တော့်ဓာတ်ပုံတွေကို သူထုတ်မယ့် ကော်ဖီစားပွဲစာအုပ်မှာ သုံးချင်တယ်ဆိုပါတော့။ အဲဒါဆိုရင်တော့ ကျွန်တော့်ဆီက ခွင့်ပြုချက်တောင်းရမှာ ဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ မမီရန်က သူ့စာအုပ်ကို အမြတ်အစွန်းအတွက် ပြန်လည်ရောင်းချမှာ ဖြစ်လို့ပဲ။
နောက်ရွေးလို့ရတဲ့ စည်းကမ်းကတော့ မူရင်းအတိုင်း မပြောင်းမလဲဘဲသာ ဖြန့်ဝေခွင့် no derivative works ဖြစ်ပါတယ်။ ဒီစည်းကမ်းအရ ကျွန်တော့်ဓာတ်ပုံကို ဝေမျှချင်ရင် မူရင်းအတိုင်း မပြောင်းမလဲဘဲ ဓာတ်ပုံတစ်ခုလုံးကိုပဲ ဝေမျှနိုင်ပါတယ်။
တကယ်လို့ မမာယာက ကျွန်တော့်ဓာတ်ပုံကို လိုသလောက်သာ ဖြတ်ပြီး (crop လုပ်ပြီး) သူ့ရဲ့ ဖြတ်ညှပ်ကပ် စာအုပ်မှာ ထည့်ချင်တယ်ဆိုပါတော့။ မူရင်းအတိုင်းသာ ဖြန့်ဝေခွင့် စည်းကမ်းကို ရွေးထားတဲ့ အတွက် မမာယာက ကျွန်တော့်ဆီက အရင်ခွင့်တောင်းရမှာ ဖြစ်ပါတယ်။ မဖြတ်ဘဲ crop မလုပ်ဘဲ ထည့်မယ်ဆိုရင်တော့ ကြိုပြီး ခွင့်တောင်းစရာ မလိုဘဲ ထည့်နိုင်ပါတယ်။
နောက်ဆုံးရွေးနိုင်တဲ့ စည်းကမ်းချက်ကတော့ ကိုယ်မျှသလို၊ သူပြန်မျှရမယ် ဆိုတဲ့ Share Alike စည်းကမ်းချက်ပါ။ ကျွန်တော့်ရဲ့ ဓာတ်ပုံကို ကူးယူ၊ ပြုပြင်၊ ပြန်လည်သုံးစွဲသူတွေဟာ သူတို့ အဲဒီလို ကျွန်တော့်ဓာတ်ပုံကိုသုံးပြီး ဖန်တီးထားတဲ့ ဖန်တီးမှုတွေကို ကျွန်တော်ဝေမျှတဲ့ စည်းကမ်းတွေအတိုင်း ပြန်လည်ဝေမျှရမှာ ဖြစ်ပါတယ်။ ဆိုပါစို့… ကျွန်တော်က Share Alike ရယ်၊ Attribution ရယ်၊ Non-commercial ရယ်၊ စည်းကမ်းသုံးခုအောက်မှာ ကျွန်တော့်ဓာတ်ပုံကို ဝေမျှထားတယ်ဆိုပါစို့။
အဲဒီအထက်ပါ စည်းကမ်းသုံးခုနဲ့ ကျွန်တော်က လိုင်စင်ခံထားတယ်ဆိုပါစို့။ မမာယာဟာ ကျွန်တော့်ဓာတ်ပုံကို သူမ လိုသလို ဖြတ်ညှပ်ကပ်လုပ်ပြီး သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြတ်ညှပ်ကပ်လုပ်ပြီးလို့ ထွက်လာတဲ့ သူ့ရဲ့ ဖြတ်ညှပ်ကပ်စာအုပ်ကိုလည်း ကျွန်တော်လိုင်စင်မှာ ပါတဲ့ စည်းကမ်းချက်သုံးမျိုးနဲ့ သူကအားလုံးကို ပြန်ပြီးဝေမျှရမှာ ဖြစ်ပါတယ်။ တခြားသူများက မာယာ့စာအုပ်ကို သုံးချင်ရင် မာယာ့ကို attribute လုပ်၊ အမြတ်အစွန်းအတွက် commercial use အတွက် သုံးချင်ရင် သူမဆီက အရင်ခွင့်တောင်း၊ နောက်သူတို့ ရလာတဲ့ နောက်ဆုံးဖန်တီးမှုကိုလည်း အခုစည်းကမ်းသုံးမျိုးနဲ့ ပြန်မျှရမှာဖြစ်ပါတယ်။ မာယာကလည်း ကျွန်တော့်ဓာတ်ပုံသုံးတယ်ဆိုတာကို ပြောပြရမှာ ဖြစ်သလို၊ သူမရဲ့ ဖြတ်ညှပ်ကပ်စာအုပ်ကို အမြတ်အစွန်းအတွက် ရောင်းချင်ရင်လည်း ကျွန်တော့်ထံက ခွင့်ပြုချက်ယူရမှာ ဖြစ်ပါတယ်။
ဆိုတော့ ဒီဟာတွေက Creative Commons လိုင်စင်မှာပါတဲ့ ရွေးချယ်နိုင်တဲ့ စည်းကမ်းချက် လေးမျိုးအကြောင်းပါ။ ဒီစည်းကမ်းချက်လေးမျိုးကို လိုသလိုပေါင်းစပ်ပြီး ကိုယ်လိုချင်တဲ့ လိုင်စင်ကို ရနိုင်မှာဖြစ်ပါတယ်။ ဒီလေးမျိုးကို ပေါင်းနိုင်တဲ့နည်းတွေက အောက်က ပုံပါအတိုင်း ၁၁မျိုးရှိပါတယ်။
ကဲ တကယ်လို့ ကျွန်တော်က ကျွန်တော့်ဓာတ်ပုံနဲ့ ပတ်သက်တဲ့ ဘာမူပိုင်ခွင့်ကိုမှ မလိုချင်ဘူး၊ မည်သူမဆို သုံးလိုရာသုံးစေ ဆိုပြီး ပေးချင်တယ် ဆိုပါတော့။ အဲဒါဆိုရင် ကျွန်တော့် ဓာတ်ပုံကို အများပိုင်နယ်မြေ public domain မှာထားတယ်လို့ ခေါ်ပါတယ်။ ဒီလို အများပိုင်နယ်မြေမှာ ထားခြင်းဟာ လိုင်စင်ခံခြင်းနဲ့ မတူပါ။ ဒီလိုထားခြင်းဟာ no rights reserved မူပိုင်ခွင့်အားလုံး စွန့်လွှတ်သည်လို့ ကြေငြာခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။
ဒီ Creative Commons လိုင်စင်တွေဟာ သင်လိုရာ လိုင်စင်စည်းကမ်းချက်များနဲ့ သင့်ဖန်တီးမှုများကို ဝေမျှနိုင်စေမယ်လို့ မြော်လင့်ကြောင်းပါ။
မူရင်းလင့်ခ်ကတော့ ဒီမှာပါ။ ကျွန်တော်က ဥပဒေစကား ရေးလေ့မရှိတဲ့အပြင် ကမန်းကတန်း ဘာသာပြန်ထားရတာ ဖြစ်တဲ့အတွက်လည်း မရှင်းတာလေးတွေ ရှိနိုင်ပါတယ်၊ ဒီ Creative Commons လိုင်စင်တွေအကြောင်း မကြားဖူးသေးသူ မြန်မာဘလော့ဂ်ရေးသူများ အတွက် တတ်အားသရွေ့ ဘာသာပြန်ထားခြင်းပါ၊ ကျွန်တော်ရေးသမျှ၊ ဘာသာပြန်သမျှ အားလုံးမှန်ကန် တိကျတယ်လို့ အာမ မခံနိုင်ပါ။ ဒီမှာရေးထားတာတွေနဲ့ ပတ်သက်ပြီး မသေချာရင် သံသရှိခဲ့ရင် မိမိနေထိုင်ရာဒေသမှ ဥပဒေတတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ။ မူရင်း အင်္ဂလိပ်လိုရေးသားချက်ကို ကိုးကားပါ။
ကျွန်တော်တို့လို ဘလော့ဂါတွေ ဒီ Creative Commons လိုင်စင်တွေ ဘယ်လိုယူလို့ရတယ် ဆိုတာကို သရုပ်ဖော်ထားတဲ့ နောက်ထပ် ကာတွန်းပုံလေးတွေ ရှိပါသေးတယ်။ နောက်အပတ်ထဲလောက်မှာ တင်ဖြစ်မလားမသိပါ။ တကယ်လို့ အဲဒီ ကာတွန်းပုံးလေးတွေကို ဘာသာပြန်ဖို့ စိတ်ဝင်စားရင် ဒီလင့်ခ်မှာ သွားယူပြီး ကိုယ့်ဘလော့ဂ်မှာ ကိုယ် ဘာသာပြန်ပြီး တင်ပေးပါခင်ဗျား။ ဘာသာပြန်ပြီးရင်တော့ ကျွန်တော့်ကိုလည်း လက်တို့လိုက်ပါဦး၊ ဒါမှ ဒီပို့စ်ရဲ့ နောက်ဆက်တွဲအနေနဲ့ လင့်ခ်ပေးလို့ရအောင်။ ကျွန်တော်လည်း ဘာသာပြန်ရ သက်သာတာပေါ့။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အထက်ဖော်ပြပါ မူရင်း ကာတွန်းစာမျက်နှာကို သွားကြည့်တဲ့အခါမှာ သတိထားမိမလားတော့ မသိပါ။ ကျွန်တော်က အဲဒီစာမျက်နှာက ကာတွန်းပုံတွေကို ဒီပုံမှာယူသုံးထားတာဆိုတော့ ကျွန်တော်ရော မူပိုင်ခွင့်ချိုးဖောက်သလို ဖြစ်နေမလား၊ ဘယ်လိုထင်ပါသလဲ။ အမှန်ကတော့ မဖြစ်ပါ။ အဲဒီ စာမျက်နှာရဲ့ အောက်ဆုံးမှာ “This comic strip is licensed under a Creative Commons Attribution license” ဆိုတဲ့စာသားနဲ့ ပုံတွေ့မှာ ဖြစ်ပါတယ်။ အဲဒီစာသားကို နှိပ်လိုက်ရင် လိုင်စင်ရဲ့ လူဖတ်လို့ရတဲ့ စာမျက်နှာပေါ်လာမှာ ဖြစ်ပြီး အဲဒီစာမျက်နှာပါ စည်းကမ်းချက်အရ သူတို့ကို (Creative Commons website ကို) တင်ကြိုခွင့်တောင်းစရာ မလိုဘဲ အဲဒီပုံတွေကို မည်သူမဆို ယူသုံးလို့ရတယ်၊ သူတို့ကို attribute လုပ်ပေးသရွေ့ပေါ့။ အဲဒီတော့ လိုင်စင်စည်းကမ်းချက် ညီအောင် ကျွန်တော် အောက်မှာ attribute လုပ်ပါပြီ။
Credits:
Cartoon concept and design by Neeru Paharia.
Original illustrations by Ryan Junell, Photos by Matt Haughey.
All obtained from Creative Commons website.
ကဲ ဒီနေ့အဖို့တော့ ဒီလောက်ပါပဲ။ ကျွန်တော်တို့ မြန်မာ blogosphere ကြီး မူပိုင်ခွင့်ကို လေးစားတဲ့နေရာ တစ်ခုအဖြစ် တည်တံ့နိုင်ပါစေ။
ပုထုဇဉ်
(မူပိုင်ခွင့်နှင့် ပတ်သက်၍ ကိုပုထုဇဉ် ရေးခဲ့သောပို့စ်များကို ဆက်လက်ဖော်ပြပါမည်။)
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
1 week ago
10 comments:
အင်မတန် တန်ဖိုးရှိသော ပို့ စ်ပါပဲ။ ကိုပု ဘလော့ဂ်ကို နှမျောစွာ သတိရ မိတယ်။
ဘာသာပြန် ပေးခဲ့တဲ့ ကိုပုကို ဒီကပဲကျေးဇူး ထပ်ပြီးတော့ တင်ပါရစေ။ ပြန်ဝေမျှပေးတဲ့ ပန်ဒိုရာ ရောပေါ့။
MY ပြောတဲ့ အတိုင်းပါဘဲ။
ဖတ်သွားပါသည်။ အန်မတန် အသုံးဝင် ဗဟုသု တဖြစ်ပါ၏.
၂ ကျပ် မက တန်ပါသည်။
ပန်ဒိုရာ ဘန်ဒါလေး ကတယ်လှပါလား။
ဘလော့ကာကြီးရဲ့ဒါတ်ပုံ ကို ယူသုံးတဲ့ ဂျာနယ် ကိတ်စ တို့လဲ မကြားမိပါလာ။ ကြည့်ရတာ တို့ တွေ က ဘလော့ ဂါ မစစ် ဘူးနဲ့တူပါတယ်။
မနေ့ည သန်းကောင် ကတော့ ကတော့လာဖတ် သွားသေးတယ်။ ကြော်ငြာတွေ များနေတာနဲ့ နေပါစေတော့လေ။။နောက် မှ ဘဲ MARKETING လုပ်ပါတော့မယ် ဆိုပြီးပြန်သွားတယ်
။
ဒီနေရာမှာ သွားကျပ်နေလို့ကတော့ မြန်မာတပြည်လုံးမှာ ပြတင်းပေါက်လေးတွေအစား ပန်ဂွင်းငှက်ကလေးတွေ ဖြစ်ကုန်မှာပေါ့။
ဆိုတာ ကတော့နဲနဲမြင့်တယ် ။ တင်စားချက် ကို နားမလည်ပါ။ မောင်တိန် ဆိုရင် တော့ မသိ.။ သူကတော့ နားလည်မယ် ဆိုရင် နားလည် နိုင်တဲ့ အနေ အထား ရှိတယ်။
ကိုပုထုဇဉ်ကိုလဲ ကျေးဇူးတင်တယ်။
ပြန်ဖော်ပြပေးတဲ့ ပန်ပန့်ကိုလဲ ကျေးဇူးတင်ပါတယ်။
တချို့က နားမလည်လို့ ခွင့်မတောင်းမိတာ ရှိတတ်တယ်။ ဒါမျိုး ပြောပြ၊ ဖော်ပြပေးတော့ အကျိုးတကယ်ရှိတာပေါ့။
မူရင်းဘာသာပြန်ကိုလဲ ကျေးဇူးတင်ပါတယ်..
ပြန်လည်ဖော်ပြပေးတဲ့ မပန်ဒိုရာကိုလဲ ကျေးဇူးတင်ပါတယ်..
အင်မတန်မှ တန်ဖိုးရှိပြီး အသုံးဝင်တဲ့ ဆောင်းပါးလေးပါ.. တချို့နေရာတွေတော့သိပ်မရှင်းသေးပါဘူး..
ဘယ်လိုကော်ပီရိုက်လျှောက်ရလဲ.. ပိုက်ဆံပေးဖို့လိုလား.. အဲဒါလေးတွေလဲ ထပ်သိချင်ပါသေးတယ်.. ကိုယ့်ဘာသာကိုယ်သွားလေ့လာဖို့ အပျင်းကြီးနေလို့.. ဘာသာပြန်ကိုစောင့်နေတယ်.. ဟီး.. ဟီး..
ဘယ်ဂျာနယ်က ဘယ်ဘလော့ကဓာတ်ပုံကိုသုံးတာလဲဟင်.. မဗေဒါမသိတာတွေတော်တော်များတာပဲ..
ဒါနဲ့ စကားမစပ်.. မဗေဒါဆီမှာ.. ဂျပန်ပြန်လက်ဆောင်လေးလာယူပါအုံး.. နောက်ကျနေအုံးမယ်နော်..
Post a Comment