Monday, April 18, 2011

သံလွင်အိပ်မက်ထဲက ခက်ခဲနှောင်ငင်တတ်သောအရာ

ရေစီးကြောင်းတွေ နှေးလာပေမယ့် သံလွင်ကတော့ စီးဆင်းမြဲပင်။ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၅) အမှတ် (၁) ကို ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါပြီ။

ဒီတစ်ခေါက်အတွက် အထူးအလေးပေး တင်ဆက်ထားတာကတော့ အေအိုင်ဒီအက်စ်ရောဂါနဲ့ ပတ်သက်ပြီး သိရှိနားလည် စေဖို့ ဖြစ်ပါတယ်။ ကိုအောင်နိုင်စိုး (ကူးစက်အထူးကု) ရဲ့ ဆောင်းပါးနဲ့ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် ဂေဟာ တစ်ခု ဖွင့်လှစ်ပြီး ကူညီ စောင့်ရှောက်မှု ပေးနေတဲ့ မဖြူဖြူသင်းနဲ့ အင်တာဗျူးတို့ ပါဝင်ပါတယ်။

အင်တာနက်မှာ ရေးသားနေကြတဲ့ ဘလော့ဂါတွေ ကဗျာဆရာတွေရဲ့ ကဗျာ ၀တ္ထု ဆောင်းပါး အက်ဆေး စတာတွေကို ဖတ်ရှုကြရမှာဖြစ်ပါတယ်။ သံလွင်ရဲ့ အယ်ဒီတာတစ်ဦးဖြစ်တဲ့ နေဘုန်းလတ်ရဲ့ ကဗျာတစ်ပုဒ်နဲ့ ၀တ္ထုတိုတစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။ အာဖရိက ကနေ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကလေးတွေ ရေးသားပေးပို့နေတဲ့ မွန်းသက်ပန် ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကိုလည်း နှစ်သက်ကြဦးမှာပါ။ သရုပ်ဖော်ပုံတွေကိုတော့ KNT က ဆွဲပေးထားတယ်လို့ ဆိုပါတယ်။ ပန်ဒိုရာလည်း ဒီတစ်ခေါက် ကူမဆွဲဖြစ်လိုက်ဘူး။

ပန်ဒိုရာရေးသားတဲ့ "ခက်ခဲနှောင်ငင်တတ်သောအရာ" ဆိုတဲ့ ၀တ္ထုတိုအသစ်တစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။


--------------




မျက်စိရှေ့ကို ရောက်လာသည့် စာအုပ်ကို လှမ်းကိုင်လိုက်ပြီးမှ ပြန်ချပြီးတော့ ပြုံးလိုက်မိသည့် ခက်။

ဂန္ထ၀င် ၀တ္ထုရှည် တစ်အုပ်ပါ။ Jane Austen ရဲ့ Sense and Sensibility။ အမြဲတမ်း အမှတ်ရနေပြီး ဘယ်တော့မှ မဖတ်ဖူးခဲ့တဲ့ စာအုပ်တစ်အုပ်။ ကိုယ် မ၀ယ်ခဲ့ပါဘူး…။
……………………….

အဲသည်နေ့က သင်တန်းတစ်ခု ဆင်းချိန်မှာ ခက်တို့ အိမ်ကို မောမောပန်းပန်းဖြင့် ရောက်လာခဲ့သည်။
“ရှေ့တပတ် အတန်းမရှိဘူး ခက်”

“အင်း”

“ဆရာက မင်္ဂလာဆောင်တော့မယ် တဲ့။ နယ်မှာ သွားဆောင်မှာ”

“အင်း”

“ဆရာ့မှာ ရည်းစားရှိတယ် လို့တော့ ကြားနေသားပဲ။ ဒီလောက် မြန်မယ် မထင်လိုက်ဘူး”

“အင်း”

“သူ့အခန်းကို ရှင်းနေတယ် ဖတ်ချင်ရင် ယူသွား ဆိုပြီး စာအုပ်နှစ်အုပ် ပေးလိုက်တယ် အပြီးပေးလိုက်တာ။ ပြန်ပေးစရာ မလိုဘူး”


“အင်း”



“ကိုယ် ဒီနေ့ တနေရာရာကို လျှောက်သွားချင်နေတယ် သိလား”


“ယူက ဆရာ့ကို ကြိတ်ကြိုက်နေလို့လား”


“အား……….. သွားစမ်းပါ မဟုတ်တာတွေ”



ခက်က ကိုယ့်မျက်နှာကို စေ့စေ့ကြည့်ပြီး တဟင်းဟင်း ရယ်သည်။ ရလာသည့် စာအုပ်တွေကို ကြည့်သည်။ တစ်အုပ်က Vocabulary Power တဲ့။ နောက်တစ်အုပ်က Jane Austen ရဲ့ Sense and Sensibility ။ ခက်က Sense and Sensibility ကို ဖတ်ချင်တယ် ခဏငှားပါလား ဆိုလာတော့ ကိုယ်က ရပါတယ်ဟု အလွယ်တကူ ပေးဖြစ်လိုက်သည်။

အဲသည်နေ့က ခက်ကလည်း စိတ်လေနေပုံ။ လျှောက်သွားချင်တယ် ဆိုရင် သူငယ်ချင်း တစ်ယောက်ဆီ သွားမယ်လေ ဟု ဆိုလာသည်။ ကိုယ်က ငြင်းမနေတော့။ မသွားခင်မှာ ကျောက်အစိမ်းရောင် လေးထောင့်လေးတွေကို သွယ်တန်းထားတဲ့ ဆွဲကြိုးလေးတစ်ကုံးကို ခက်က ကိုယ့်အိတ်ထဲ ထည့်ထားပေးပါလို့ အကူအညီတောင်းသည်။ ကိုယ်က အသာလှမ်းယူပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်ပါသည်။ ရန်ကုန်မြို့မှာ မြို့ပတ်ရထားဟု ခေါ်သည့်အရာကို ပထမဆုံးစီးဖူးသည့်နေ့ပေါ့ (အခုအထိလည်း နောက်တစ်ကြိမ် စီးခွင့်မကြုံတော့)။ ရထားထဲမှာတော့ ဈေးသည်တွေ များပါသည်။ ကြမ်းပြင်ပေါ် ဒီအတိုင်းပဲ ချထိုင်နေသူတွေလည်း ရှိသည်။ အလယ်က ခုံတန်းမှာ ကိုယ်တို့နှစ်ယောက် ယိမ်းတိမ်းယိုင်တိုင် ထိုင်ကြသည်။

ဆက်ဖတ်ရန်

Expand..

Friday, April 15, 2011

သင်္ကြန် ၂၀၁၁



မင်္ဂလာ မြန်မာနှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Expand..

Sunday, April 10, 2011

စွယ်တော်ရိပ် ၂၀၁၁



Ex-RIT က စီစဉ်တဲ့ စွယ်တော်ရိပ်သင်္ကြန် ကိုသွားကြည့်ဖြစ်ပါတယ်။ ဒီပွဲအကြောင်းကို ကြော်ငြာသဘောမျိုး သတင်းပေးတဲ့ ပို့စ်တစ်ခုလည်း တင်ခဲ့ဖူးပါတယ်။

ခါတိုင်းနှစ်တွေလိုပဲ အစီအစဉ်က အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ပြီးဆုံးသွားပါတယ်။ ညနေ ၅ နာရီပတ်ဝန်းကျင်လောက်မှာ စတင်ခဲ့ပြီး ည၁၁ နာရီထိုးလုလုမှာ ပြီးဆုံးသွားခဲ့ပါတယ်။ ကြားထဲမှာ အားလပ်ချိန် နာရီဝက်လောက် နားပါတယ်။ ဒီနှစ်မှာ ခေတ်ပေါ်သီချင်း စင်တင်ဖျော်ဖြေမှု ကဏ္ဍ မပါဝင်ပါဘူး။

အခမ်းအနား ကြေညာသူ လူငယ် အမျိုးသား အမျိုးသမီးလေးတွေဟာ ရဲရင့်သွက်လက်စွာ အဆင်ပြေပြေ ပြောဆိုသွားကြတာကို တွေ့ရပါတယ်။ တီးဝိုင်းကလည်း အထူးကောင်းမွန်ပါတယ်။ ဒီလိုကပွဲတွေမှာ ဟိုးအရင်က တူရိယာ မပြည့်မစုံနဲ့ ကြိုးစားခဲ့ရတဲ့ အချိန်ကနေ အခုလို ဇာတ်ပွဲကြီးတွေအလား ပြည့်ပြည့်စုံစုံ ပံ့ပိုးပေးနိုင်လာတာလည်း ၀မ်းသာစရာပါ။ အ၀တ်အစားတွေကလည်း လိုအပ်သလို မခိုမကပ် အကျအန ပြင်ဆင်ထားပြီး အစီအစဉ်တွေတိုင်းမှာ လှပတောက်ပြောင်နေပါတယ်။ အကတွေထဲမှာ ပါဝင်တဲ့ မိန်းကလေးတချို့ကို မြင်ဖူးနေပါလားလို့ ထင်မိတယ်။ facebook ထဲမှာ ဓာတ်ပုံဆရာကိုဖြိုး တင်ထားတဲ့ အလှဓာတ်ပုံတွေထဲက မော်ဒယ်လ်လေးတွေ ဖြစ်နေတာကို သတိထားမိလိုက်ပါတယ်။

ပွဲတစ်ခုလုံးကို ခြုံပြောရရင် အထူးနှစ်သက်မိတာကတော့ အစီအစဉ်တိုင်းလိုလိုမှာ တီထွင်ဆန်းသစ်တဲ့ တင်ပြပုံတွေကို တွေ့ရတာပါပဲ။ ဒီလိုပွဲမျိုးတွေမှာ ထုံးတမ်းစဉ်လာ တင်ဆက်နေကျဖြစ်တဲ့ သင်္ကြန်ယိမ်းအက၊ နှစ်ပါးသွား မင်းသားမင်းသမီးအက၊ တိုင်းရင်းသားရိုးရာအက၊ ကျေးလက်အက စတာတွေကိုတောင်မှ ထူးခြားတဲ့ သီချင်းရွေးချယ်မှု၊ စိတ်ကူးစိတ်သန်းကောင်းတဲ့ တင်ပြပုံတွေနဲ့ မငြီးငွေ့ရလေအောင် တင်ဆက်သွားတာကို တွေ့ရတယ်။ အချိန် စီမံခန့်ခွဲပုံကလည်း ပိုကောင်းလာပါတယ်။ အကူးအပြောင်း တွေမှာ ပျင်းစရာ မဖြစ်စေဘဲ မြန်မြန်သွက်သွက်နဲ့ ချိတ်ဆက်သွားတာကို တွေ့ရပါတယ်။

လူရွှင်တော် ဓာတ်ကြိုး စီစဉ်တဲ့ တာဝတိံသာ နတ်ပြည် ခရီးသွားနှစ်အကြောင်း ပြဇာတ်ကလည်း ထိမိပါတယ်။ ပြဇာတ်ထဲက ဒိုင်ယာလော့တွေ၊ သီချင်းတွေ၊ ဇာတ်လမ်းဇာတ်အိမ်၊ ဥပမာ - သားဆုတောင်းတဲ့ မိန်းကလေးကို ဇာတ်သိမ်းခါနီးမှာ ကိုယ်ဝန်ဆောင်အဖြစ်နဲ့ အခန်းတိုကလေးမှာ ပြန်ထည့်ပုံ လိုမျိုး အကွက်စေ့ပြီး အသေအချာစီမံ ဇာတ်လမ်းဆင်ထားပုံတွေကို ချီးကျူးမိပါတယ်။

အငြိမ့်ခန်းရောက်တဲ့အခါ လူရွှင်တော်လေးဦး ဖြစ်တဲ့ သြဘာ၊ ဓာတ်ကြိုး၊ ချိန်သီး၊ ပူလီတို့ရဲ့ ခေတ်အခြေအနေတွေကို ထင်ဟပ်နေတဲ့ ကြံကြံဖန်ဖန် ပြက်လုံးတွေကို လူတိုင်းနှစ်သက် သဘောကျကြပါတယ်။ ကြားဖူးနေကျ ပြက်လုံးတွေ မဟုတ်ဘဲ အသစ်အသစ်တွေကို နှစ်တိုင်း တီထွင်လာနိုင်တာ ချီးကျူးစရာပါ။ (ကိုယ်တစ်ယောက်တည်း အကြိုက် ပြောရရင်တော့ မနှစ်က ပြက်လုံးတွေက ပိုရယ်ရတယ် လို့ ထင်မိသေးတယ်။)

ရွှေရည်သန်း ဆိုတဲ့ ရှေ့ထွက်မင်းသမီး အသစ်ကလေးရဲ့ ငြိမ့်ညောင်းတဲ့ အကအလှကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ရွှေရည်သန်းကတော့ “မမမန်းကေသီ” သီချင်းကို သီဆိုခဲ့တဲ့ အဆိုတော် (ဦး)ခင်မောင်သန်းလေးရဲ့ သမီးဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး ဇင်မာဝင်းကတော့ မနှစ်က ရှေ့ထွက်မင်းသမီးအဖြစ် ကပြခဲ့သူပါ။ အသစ်အသစ် ပေါ်လာတဲ့ မျိုးဆက်တွေကို အခုလို အဆင့်ဆင့် လက်ဆင့်ကမ်းသွားပုံကလည်း ကြည်နူးစရာပါ။

ထူးခြားတာကတော့ အလုပ်သမား လယ်သမား လူတန်းစားကို အခြေခံထား ဦးစားပေးတယ် ဆိုတဲ့ ခေတ်က ရေဒီယိုမှာ မကြာခဏ ကြားဖူးခဲ့တဲ့ အငြိမ့်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “မောင်.. အလုပ်သမားဆိုရင် မေကပင် စတင် ချစ် ချစ်ပါရစေရှင်..” လို့ အစချီတဲ့ သီချင်းကလေးနဲ့ ကပြသွားတာပါပဲ။ အခုခေတ် လူငယ်တွေ အတော်များများ ကြားဖူးကြပါ့မလား မသိပါဘူး။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ကိုယ့်လူမျိုးတွေအတွက် ရည်ညွှန်းတဲ့ ရည်ရွယ်ချက်နဲ့ ဒီသီချင်းကလေးကို သုံးသွားခဲ့တာပါ။

အကတွေမှာရော ပြဇာတ်ထဲမှာပါ အရင်နှစ်က မတွေ့ဖူးတဲ့ လူငယ် အမျိုးသား အမျိုးသမီးလေးတွေ ပါဝင်လာတာကို တွေ့ရတယ်။ ကျရာကဏ္ဍတွေမှာ မထစ်မငေါ့ဘဲ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ကြတာ ကြည့်လို့ သိပ်ကောင်းပါတယ်။ နောက်နှစ်တွေအတွက် အထူး potential ရှိသူကလေးကတော့ ကရင်ရိုးရာ အကမှာ အမူးသမားအဖြစ်၊ ပြဇာတ်ထဲမှာ သိကြားမင်းအဖြစ် သရုပ်ဆောင်တဲ့ အပြုံးချိုချိုနဲ့ လူငယ်လေးပါ။ နီအန်းပိုလီကျောင်းက ထွက်တာ ထင်ပါတယ်။ ပွဲအပြီး နှုတ်ဆက်သီချင်းနဲ့ အဖွဲ့သားအားလုံး လာဖျော်ဖြေကြတဲ့အချိန်မှာ သူဟာ မင်းသားအကကို ကျွမ်းကျွမ်းကျင်ကျင် လှလှပပ ကနေတာကိုလည်း တွေ့လိုက်ရတယ်။

ကောင်းကွက်တွေကိုချည်း ချီးမွမ်းနေမိတာမို့ အားနည်းချက်တွေကိုလည်း ရှာကြံပြောရရင်တော့ အငြိမ့်မင်းသမီးတွေ ကတဲ့အခါ တစ်နေရာမှာ ပြက်လုံးနဲ့ အချိန်သိပ်မခြားပဲ နှစ်ယောက် ဆက်တိုက်ဆိုသလို ဖြစ်သွားတာလောက်ပါပဲ။ ဒါပေမယ့်လည်း မင်းသမီးတွေရဲ့ သီချင်းနဲ့ အကက စိတ်ဝင်စားစရာကောင်းတာမို့ ပျင်းစရာတော့ မဖြစ်ခဲ့ပါဘူး။ ၀တ်စားဆင်ယင်တဲ့ နေရာမှာတော့ အကတွေထဲ တချို့ အခန်းတွေမှာ လုံချည်ကိုတွယ်ထားတဲ့ ချိတ် ပြုတ်နေလို့ နည်းနည်း မသပ်ရပ်တာမျိုးလောက် သတိထားမိပါတယ်။ မီး၊ အသံ၊ မိုက်ကရိုဖုန်း ပြောပလောက်အောင် ကြီးတဲ့ အနှောင့်အယှက် မရှိလှပါဘူး။

လူအတော်များများ ပြောနေတာကို ကြားလိုက်ရတာကတော့ ဒီနှစ်စီစဉ်တဲ့ အစားအသောက်ပါ။ တစ်ယောက်ကို တစ်လုံး ဝေပေးတဲ့ MacDonald’s က Burger ကို ခြောက်သွေ့လွန်းတယ်လို့ ပြောကြတယ်။ အအေးမပါလို့လည်း ဖြစ်နိုင်ပါတယ်။ မနှစ်ကတော့ ဆီထမင်းနဲ့ ငါးခြောက်ထောင်းကြော်ပါ။

ကပြနေစဉ် ဓာတ်ပုံမရိုက်ရဘူးလို့ ပြောထားတာမို့ ကပြပြီးသွားတဲ့အချိန်မှာ အဖွဲ့သားတွေ စင်ပေါ်မှာ တန်းစီ ဓာတ်ပုံ အရိုက်ခံနေကြတုန်းမှာ ဘေးကနေ လှမ်းရိုက်ထားတဲ့ ပုံကိုပဲ တင်လိုက်ပါတယ်။ ဒီပွဲကို သွားမကြည့် ဖြစ်လိုက်သူတွေကတော့ အခွေထွက်လာရင် အားပေးနိုင်ကြတာပေါ့။ မနှစ်က ဗွီဒီယိုခွေကတော့ တော်တော်မှောင်နေတယ်။ ထစ်တာတွေလည်း ပါတယ်။ ဒီနှစ်အခွေကိုတော့ အဲဒီ့ထက် ပိုပြီး ကွာလတီကောင်းအောင် ပြုပြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ပိုလီကျောင်းတွေက တင်ဆက်တဲ့ ကပွဲတွေကိုလည်း အားပေးဦးမှာပါ။ တခါတလေကျတော့ ဘယ်အချိန် လုပ်ကြမလဲ ဆိုတာကို မသိလိုက်တာ ဖြစ်နေတယ်။

ဘယ်နေရာရောက်ရောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာတွေကို အခုလိုပဲ အရှိန်အဟုန်အပျက် တီထွင်ဆန်းသစ်မှုတွေ အားဖြည့်လို့ ဆက်လက်ဖော်ထုတ်နိုင်ကြပါစေ။ စိတ်ဝင်စား အားပေးမှုများလည်း ဆက်လက် ရှင်သန်နေကြပါစေ။


ပန်ဒိုရာ

Expand..

Friday, April 8, 2011

နတ္ထိရဲ့ ၁၅၀၀


ဘလော့ဂ်မိတ်ဆွေတစ်ဦးဖြစ်တဲ့ ကိုနတ္တိရဲ့ ၁၅၀၀ ဆိုတဲ့ ebook ကို ဒီနေ့ဖြန့်ချိလိုက်တယ်ဆိုတာကို သတင်းပါးအပ်ပါတယ်။ ပါဠိ မြန်မာ နှစ်ဘာသာနဲ့ ရေးထားတယ်။

natthi_1500

ဒီလင့်ခ်ကနေ download လုပ်လို့ရပါတယ်။

http://www.mediafire.com/?j9av8lal9d8qeg3

Expand..

Tuesday, April 5, 2011

Pandora's daily likes



တစ်နှစ်တာ အကြိုက်များရော တစ်နှစ်တာမကြိုက်များပါ ရေးခဲ့ဖူးတယ်။
အခုက တစ်နေ့တာ အကြိုက်များ ဆိုတာကို ရွှန်းမီက အစပြုလို့ မသက်ဝေကရေးခိုင်းတာကိုး။ ရေးကြည့်လိုက်ပါတယ်။



  • မိုးလင်းလာပြီ နှိုးစက်မြည်လည်း ဆယ်မိနစ်လောက် ပြန်နှပ်ပြီးမှနိုးရ ကိုယ့်အလေ့အထကိုလည်းကြိုက်
  • ရေချိုးပြင်ဆင် မနက်စာစားသောက်နေစဉ် နာရီကို လှည့်မကြည့်ဘဲ ဇိမ်ဆွဲလုပ်တတ်တဲ့ အကျင့်ကိုလည်းကြိုက်
  • ရထားပေါ်တိုး တစ်နေ့တစ်မျိုး ဂိမ်းဆော့စာဖတ်သီချင်းနားထောင် မရိုးအောင်ကြံမှတ် အချိန်တွေကို တတိတိသတ်ရတာကိုလည်းကြိုက်
  • ရုံးပေါ်အရောက် ဆယ့်ငါးမိနစ်လောက် နောက်ကျနေလည်း မျက်နှာမပျက်ဘဲ အလုပ်စားပွဲကို ခပ်ရဲရဲဝင်ထိုင်ပစ်လိုက်တဲ့ ကိုယ့်စရိုက်ကိုလည်းကြိုက်
  • စာရေးကိရိယာ ဖိုင်တွေဖွထား ဟိုဒီလမ်းသလား အလုပ်များချင်ယောင် ဟန်ဆောင်ရတာကိုလည်းကြိုက်
  • အဲဒီနောက် နေ့လည်စာဆင်း တစ်နာရီအတွင်း အခန်းထဲမှာထည့်စား အင်တာနက်သွား ဂျီစကားပွားရတာလည်းကြိုက်
  • ညနေစောင်းလျှင် အချိန်တွေကိုယ့်ဘက်ဝင် သိမ်းရင်းဆည်းရင်း ရုံးဆင်းရတော့မှာကိုလည်းကြိုက်
  • အိမ်အပြန်လမ်း ဟိုဒီဆိုင်ခန်း ပြတင်းပေါက်ကငန်းရင်း ခြေတလှမ်းချင်း လှိမ့်ရတာကိုလည်းကြိုက်
  • ရထားပေါ်မှာ ဒီညနေစာ ဘာချက်ပြုတ်မလဲ တွေးရင်းတောရင်း ဟင်းစားတွေကို မြင်ယောင်နေရတာလည်းကြိုက်
  • အိမ်ရောက်တဲ့အခါ အ၀တ်အစားမလဲခင် လက်ပတော့ကိုမြင် ဖြတ်ကနဲပြေးဖွင့် နားစွင့်လိုက်မိတာကိုလည်းကြိုက်
  • ချက်ပြုတ်ပြီးတဲ့အခါ တီဗွီရှေ့နား ကိုယ့်အိမ်သားနဲ့ သတင်းစကား အတင်းပွားရင်း ထမင်းစားရတာကိုလည်းကြိုက်
  • ညမအိပ်ခင် ဘလော့ဂ်ဝင် ဖေ့စ်ဘွတ်ခ်ဝင် ချက်တင်ထိုင်ပြော လေဖောဖောနဲ့ အရည်ရောအဖတ်ပါ ရမလာတာကိုလည်းကြိုက်
  • ဟိုစာလိုက်ဖတ် ဒီစာလိုက်ဖတ် တဂွပ်ဂွပ်လက်မထောင် မမောနိုင်အောင် မပန်းနိုင်အောင် လိုက်လိုက်ကြိုက်ရတာကိုလည်းကြိုက်
  • အဲသည်လိုနဲ့ ညဉ့်နက်လွန်ကျူး မဟန်နိုင်ရီဝေမူးမှ အိပ်ဦးမှပဲ အိပ်မက်ကမ္ဘာထဲ တုံးကနဲ လဲသွားရတာကိုလည်းကြိုက်။

ပန်ဒိုရာ
5 April 2011

Expand..

Sunday, April 3, 2011

ဟစ်တလာနဲ့ ချေဂွေဗားရား ဘီယာဘားမှာ စကားစမြည်ပြောကြတယ်


ဟစ်တလာနဲ့ ချေဂွေဗားရား ဘီယာဘားမှာ စကားစမြည်ပြောကြတယ်

ရှုံးသွားလို့ ရှုံးသွားသူနဲ့ - ရှုံးသွားလို့ နိုင်သွားသူ။ ဒီနေရာမှာ စစ်ရှုံးမသွားခဲ့ဘူးဆိုရင်- ဒီနေရာမှာ အဖမ်းမခံခဲ့ရဘူးဆိုရင် - စစ်ခုံရုံးအတင်မခံရဘူးဆိုရင် - ပစ်သတ်မခံရဘူးဆိုရင် - တော်လှန်ရေးကြီး မပြီးဆုံးခဲ့ဘူးဆိုရင်၊ ဆိုရင် ဆိုရင်..၊ ဘီယာဘားထဲမှာ စီးကရက်ငွေ့တွေက သီးမွှန်ချင်စရာ မှိုင်းမှုန်ဖြာဝေတယ်။ ဝေ့တေ့တေ့ ၀ါးတားတား လေထုထဲမှာ အားလုံးဟာ အတူတူပါပဲ။ ရယ်မောလိုက်ကြတယ်။ ချီးယားစ်။ ဟစ်တလာ အရှင်လတ်လတ်နဲ့ ချေဂွေဗားရား အရှင်လတ်လတ် စကားပြောကြတယ်။ အသည်းစွဲဘရန်းတွေနဲ့ ရော့ခ်စတားတွေ ။ နှုတ်ခမ်းမွှေးတိုစိစိ ဆေးပြင်းလိပ်ခဲပြီး ဘယ်ရီဦးထုပ်ပြားပေါ် စကြာတံဆိပ် ခပ်နှိပ်လိုက်ရင် လူငယ်တွေ အရူးအမူးဖက်ရှင်ပဲ။ လူငယ်တွေ လူငယ်တွေ၊ ကမ္ဘာမြေရဲ့ အနာဂတ်မျိုးဆက်သစ်တွေ။ ဂက်စ်ချိန်ဘာကို မကြုံဖူးလိုက်တဲ့ မျိုးဆက်သစ်တွေ။ တောတွေပြုန်းသွားလို့ ပြောက်ကြားတိုက်ခိုက်ရေးကို မလေ့ကျင့်ဖူးလိုက်တဲ့ မျိုးဆက်သစ်တွေ။ အရူးအမူးပဲ - တစ်ခွက်၊ တစ်ခွက် ထပ်ဖြည့်တယ်။ လူငယ်တွေ နားရွက်မခတ်တမ်း နားစွင့်ကြတယ်။ ဟိုင်း ဟစ်တလာ - ဟိုင်း ချေ ၊ အဲဒီတုန်းက အင်တာနက်ဆိုတာ ရှိခဲ့ရင် ဂျူးတွေ မြန်မြန် မျိုးပြုတ်သွားဖို့ အကြောင်းရှိတယ်။ အွန်လိုင်း အက်တီဗစ်စ်တွေကို အားပြုပြီး ခင်ဗျာ့ တော်လှန်ရေး အောင်မြင်သွားခဲ့ရင် ဘာဆက်လုပ်မှာတုန်း ချေ။ ဒါနဲ့ ဂျူးတွေကို ပြောက်ကြားစနစ်နဲ့ ချေမှုန်းရင် ဘယ့်နှယ်နေမလဲ။ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံဖို့ - ငွေကြေး အကြပ်အတည်းတွေ ဖြေရှင်းဖို့ - ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ - လူဦးရေကို လျှော့ချရတော့မယ့် အချိန်တန်လာရင် ဂက်စ်ချိန်ဘာဟာ ပြန်ရေပန်းစားလာနိုင်မယ့် ဆိုလူးရှင်းပဲ။ သူတို့ဟာ အတိတ်ကို မော့ချတယ် (တစ်စက်မကျန်) - အနာဂတ်ကို တသွင်သွင် ထပ်ငှဲ့တယ်။ နောက်ဆုံးတော့ နှစ်ဦးသဘောတူလိုက်တဲ့ အကြောင်းချင်းရာ တစ်ခု ရှိတယ်။ သူတို့ နှစ်ယောက်တည်း တိုးတိုးတိတ်တိတ် - ထည့်ပါဦး- နောက်တစ်ခွက်၊ သိလား။ ခင်ဗျားတို့ရော စိတ်ဝင်စားလား၊ သိချင်လား- ပြောပြရမလား။ ညှိနှိုင်းစရာတောင် မလိုဘဲ တသမတ်တည်း သူတို့ သဘောချင်း ညီသွားကြတာ။ ခင်ဗျားတို့ သိမှာပါ- ကျုပ်တို့ဆီက လူတွေတော့ အကုန်သိကြပြီးသား။ ဘီယာဟာ အရက်တော့ မဟုတ်ပါ- အဲဒါပဲ။

ပန်ဒိုရာ
၂၀၁၁ မတ် ၃၀

Expand..