စာတမ်းခေါင်းစဉ် ။ ။ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ
စာတမ်းပြုစု ဖတ်ကြား တင်သွင်းသူ ။ ။ ပန်ဒိုရာ
စာတမ်းတင်သွင်းသည့်အခမ်းအနား ။ ။ ၂ဝ၁၂ ကမ္ဘာ့ကဗျာနေ့အခမ်းအနား
ရက်စွဲနှင့် အချိန် ။ ။ ၂၁.၃.၂ဝ၁၂ နံနက် ၉ နာရီမှ ညနေ ၅ နာရီ
နေရာ ။ ။ ယုဒဿန်ခန်းမ၊ ပြည်လမ်း၊ ရန်ကုန်မြို့
…………………………………………………………………………………………………………………………………………
မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ
လေးစားအပ်တဲ့ အမျိုးသမီးအမျိုးသားကဗျာဆရာများ၊ ကဗျာမြတ်နိုးသူများ၊ ကြွရောက်လာကြသူများ အားလုံး မင်္ဂလာပါ။ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ကဗျာနေ့အခမ်းအနားမှာ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ ဆိုတဲ့ စာတမ်းကို ကျွန်မ ပန်ဒိုရာက ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ စာတမ်းရဲ့ ရည်ရွက်ချက်ကတော့ “မြန်မာကဗျာလောက ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍကို ဆန်းစစ်ရန်” ဖြစ်ပါတယ်။ ဒီစာတမ်းမှာ အပိုင်း ၅ ပိုင်းခွဲခြားထားပါတယ်။
၁။ ကဗျာဆရာများ၏ အရေအတွက်နှင့် အရည်အသွေး
ဒီစာတမ်းဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ကတော့ မြန်မာကဗျာသမိုင်းတလျှောက် ရှေးခေတ်ကရော ယနေ့ခေတ်မှာပါ အမျိုးသမီးကဗျာရေးသူတွေ နည်းပါးနေတယ်လို့ တွေ့မြင်မိတဲ့အတွက်ဖြစ်ပါတယ်။ ဒါကတော့ အရေအတွက်ပိုင်းဆိုင်ရာကို ဆိုလိုပါတယ်။ စာရင်းဇယားများနဲ့ တွက်စစ်ကြည့်ရင်လည်း သိသာ ထင်ရှားပါတယ်။ ဥပမာအားဖြင့် ညိုသစ်ငယ် စီစဉ်တဲ့ မြန်မာကဗျာ၂ဝ၁ဝ ဆိုတဲ့ စာအုပ်ထဲက မြန်မာကဗျာဆရာ ၁၆၃ ယောက်မှာ အမျိုးသမီးကဗျာဆရာ ၁ဝ ဦးခန့်ကိုသာ တွေ့မြင်ရပါတယ်။ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ တွေ့မြင်နေရတဲ့ ကဗျာတွေနဲ့ ပုံနှိပ်ထုတ်ဝေထားတဲ့ ကဗျာစာအုပ်တွေကို စစ်တမ်းကောက်ကြည့်မယ် ဆိုရင်လည်း အရေအတွက်အားဖြင့် မြန်မာနိုင်ငံမှာ အမျိုးသားကဗျာဆရာ အများအပြားရှိပေမယ့် အမျိုးသမီးကတော့ အတော်နည်းပါးနေတယ်ဆိုတာ ငြင်းချက်ထုတ်စရာမရှိပါဘူး။
အရည်အသွေးပိုင်းဆိုင်ရာကတော့ ဆန်းစစ်ဝေဖန်ဖို့အတွက် ပိုပြီးခက်ခဲပါတယ်။ “ယနေ့ခေတ်မှာ နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်အောင် အားကောင်းတဲ့ မြန်မာအမျိုးသမီးကဗျာဆရာတွေ ရှိပါသလား” ဆိုတာ မေးခွန်းထုတ်သင့်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဒီမေးခွန်းကို တရားမျှတစေဖို့ ဆက်စပ်နေတဲ့ နောက်မေးခွန်းတစ်ခုကတော့ “ယနေ့ခေတ်မှာ နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်အောင် အားကောင်းတဲ့ မြန်မာအမျိုးသားကဗျာဆရာတွေရော ရှိပါသလား” လို့ပဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့အတွက်တော့ မြန်မာကဗျာတွေ ကမ္ဘာပေါ်မှာ ကျော်ဇောထင်ရှားလူသိများမှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရမှု အပေါ်မှာ မူတည်သတ်မှတ်မှာလား၊ ဒါမှမဟုတ် ကဗျာတွေကိုယ်တိုင်ရဲ့ ကဗျာမြောက်မှုစွမ်းရည်ကို နိုင်ငံတကာကဗျာတွေနဲ့ နှိုင်းယှဉ်တိုင်းတာပြီး သတ်မှတ်မှာလားဆိုတာ ပညာရှင်တွေသုံးသပ်ဖို့ ချန်လှပ်ထားခဲ့ပါမယ်။ မြန်မာ့ကဗျာလောကရဲ့ လက်ရှိအနေအထားမှာတော့ ပိုပြီးများပြားတဲ့ ကဗျာပုဒ်ရေတွေ၊ ပြည်တွင်းအသိအမှတ်ပြု ကဗျာဆုတွေကို ချီးမြှင့်ခံရသူတွေ၊ ကဗျာရေးသားခြင်းသာမက ကဗျာနဲ့ပတ်သက်တဲ့ သီအိုရီ၊ အသိပညာ၊ ခွဲခြမ်းစိတ်ဖြာမှု၊ ဝေဖန်ရေး၊ နိုင်ငံတကာကဗျာ အစရှိတဲ့ ကဗျာကိစ္စ ကဗျာရေးရာတွေ၊ ဒါတွေအားလုံးမှာ ဦးဆောင်နေသူတွေဟာ အမျိုးသားတွေ အများစုဖြစ်နေပါတယ်။
အဲဒီတော့ အခြေအနေတစ်ရပ်ဟာ မြန်မာပြည်မှာပဲ ထူးခြားဖြစ်ပေါ်နေတာလား။ နိုင်ငံတကာ ကဗျာနယ်ပယ်မှာရော အခြေအနေဘယ်လိုရှိသလဲဆိုတာကို တစေ့တစောင်း အကဲခတ်ကြည့်ဖို့ လိုအပ်လာပါတယ်။ ပြီးပြည့်စုံတဲ့ သုတေသနမဟုတ်ပေမယ့် အနီးစပ်ဆုံး နမူနာ စစ်တမ်းတစ်ခုအဖြစ် Poetry Foundation website (http://www.poetryfoundation.org) ထဲမှာ ကိန်းဂဏန်းတွေ ထုတ်နုတ်ပြီး ရှာဖွေကြည့်ခဲ့ပါတယ်။
အင်္ဂလိပ်ကဗျာတွေသာမက အင်္ဂလိပ်ဘာသာကို ပြန်ဆိုထားတဲ့ နိုင်ငံတကာကဗျာတွေကိုပါ ဖော်ပြထားတဲ့ Poetry Foundation ဝက်ဘ်ဆိုက်မှာ ၂ဝ၁၂ မတ်လ ၁၅ ရက်က ကောက်ယူလိုက်တဲ့ စာရင်းအရ အမျိုးသားကဗျာဆရာ စုစုပေါင်း ၄ဝ၁၄ ဦးနဲ့ အမျိုးသမီးကဗျာဆရာ စုစုပေါင်း ၂၃၂၃ ဦးတွေ့ရှိရပါတယ်။
တစ်ဖန် အဲဒီဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ခေတ်အလိုက်၊ ကဗျာဂိုဏ်းအလိုက်၊ အသက်အရွယ်အလိုက် အမျိုးသမီးအမျိုးသား ကဗျာဆရာများရဲ့ အချိုးကို တွက်ထုတ်လိုက်တဲ့အခါမှာလည်း အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေလောက် မတိမ်းမယိမ်းလိုက်နေတဲ့ Romantic နဲ့ Imagist ကဗျာတွေကလွဲလို့ ကျန်တဲ့ အမျိုးအစားတိုင်းမှာ အမျိုးသမီးများရဲ့ ဦးရေဟာ သိသိသာသာ နည်းနေတာကို တွေ့ရပါတယ်။ (အသေးစိတ်ကို နောက်ဆက်တွဲ (က) တွင်ရှု။)
အမျိုးသမီးတွေရဲ့ ကဗျာအရည်အသွေးပိုင်းကို ခန့်မှန်းနိုင်ဖို့အတွက် နိုင်ငံတကာမှာ ထင်ရှားတဲ့ ကဗျာဆုအချို့ကို လေ့လာကြည့်ပါတယ်။ စာပေနိုဘဲလ်ဆုမှာ ကဗျာနဲ့ပတ်သက်လို့ ဆုရရှိတဲ့ ကဗျာဆရာ ၁၇ ယောက်မှာ အမျိုးသမီးကဗျာဆရာ ၂ ယောက်နဲ့ အမျိုးသားကဗျာဆရာ ၁၅ ယောက်ပါဝင်ပါတယ်။
ကဗျာပူလစ်ဇာဆုရရှိသူ အမေရိကန်ကဗျာဆရာ ၇၈ ယောက်ထဲမှာ အမျိုးသမီးကဗျာဆရာ ၂၆ ယောက်နဲ့ အမျိုးသားကဗျာဆရာ ၅၂ ယောက် ပါဝင်ပါတယ်။ လတ်တလောနှစ်များဖြစ်တဲ့ ၂ဝ၁ဝ နဲ့ ၂ဝ၁၁ အတွက် ကဗျာပူလစ်ဇာဆုကို အမျိုးသမီးကဗျာဆရာတွေဖြစ်ကြတဲ့ Rae Armantrout နဲ့ Kay Ryan တို့ ဆက်တိုက် ရရှိထားတာကို တွေ့ရပါတယ်။
အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအတွက် အမျိုးသမီးကဗျာ အနေအထားကို အမျိုးသမီးကဗျာများ စုစည်းမှု anthology တွေက တဆင့် အကြမ်းဖျဉ်း အကဲခတ်ကြည့်ခဲ့ပါတယ်။ လေ့လာကြည့်တဲ့အခါ အာဖရိကတိုက်ရဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံက အမျိုးသမီးကဗျာဆရာ ၄၂ ယောက်ကို စုစည်းထားတဲ့ African Women’s poetry၊ ဂျပန်အမျိုးသမီးကဗျာဆရာ ၁ဝဝကျော်ပါဝင်တဲ့ Japanese women poets: An Anthology၊ တရုတ် ပြည်မကြီးက အမျိုးသမီးကဗျာဆရာ ၁၆ ယောက်နဲ့ ထိုင်ဝမ်က အမျိုးသမီး ကဗျာဆရာ ၂၄ ယောက်ကို စုစည်းထားတဲ့ Twentieth-Century Chinese Women's Poetry: An Anthology၊ အိုမင်နိုင်ငံနဲ့ဆူဒန်နိုင်ငံတွေက လွဲလို့ ကျန်တဲ့ အာရပ်ကမ္ဘာကရော၊ ပြည်ပရောက် အာရပ်လူမျိုးတွေ ထဲကပါ အာရပ်အမျိုးသမီးကဗျာဆရာ ၈ဝ ကျော်ကို စုစည်းထားတဲ့ The Poetry of Arab Women: A Contemporary Anthology ဆိုတဲ့ ကဗျာစာအုပ်တွေ စသည်ဖြင့် ထုတ်ဝေထားခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။
ဒီတော့ ခြုံငုံသုံးသပ်ရရင် ယနေ့အချိန်အထိ နိုင်ငံတကာကဗျာမြင်ကွင်းမှာတော့ အမျိုးသမီးကဗျာဆရာတွေကို တွေ့မြင်နေရတာ အမျိုးသားကဗျာဆရာတွေနဲ့ နှိုင်းယှဉ်ရင် အရေအတွက်အားဖြင့် နည်းပါးသော်လည်း အရည်အသွေးအားဖြင့် စံချိန်မီသူ ထင်ရှားသူတွေ ထွက်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။
၂။ ဆန်းသစ်တီထွင်မှုနှင့် ရဲတင်းမှု
အမျိုးသမီးတွေ စာပေသင်ကြားမှုကို ဖိနှိပ်ချိုးနှိမ်ထားတဲ့ ဘုရင်ခေတ်ကတည်းက အမျိုးသမီးနန်းတွင်းစာဆိုများ ပေါ်ပေါက်ခဲ့ပါတယ်။ နန်းတွင်းစာဆို မိဖြူ၊ မိညို၊ မယ်ခွေ၊ မင်းကြီးကတော် ခင်ဆုံ၊ အနောက်နန်းမိဖုရား မမြကလေး၊ လှိုင်ထိပ်ခေါင်တင် စသည်တို့ ပေါ်ထွန်းခဲ့ပါတယ်။ သို့သော်လည်း မြန်မာအမျိုးသမီးတွေ ရှေးခေတ်က ရေးခဲ့တဲ့ကဗျာတွေထဲမှာ အဲဒီအချိန်အခါက လွှမ်းမိုးခဲ့တဲ့ သဘာဝတောတောင်ရေမြေ အဖွဲ့အနွဲ့တွေနဲ့ ယောင်္ကျားကို အားကိုးတဲ့စိတ် မျှော်လင့်တဲ့စိတ်နဲ့ အားနွဲ့သူမိန်းမသားအဖြစ် အချစ်အလွမ်း ဖော်ကျူးတဲ့ကဗျာတွေကို အများအပြား တွေ့ခဲ့ရပါတယ်။ သာမန်အရပ်သူဘဝကနေ နန်းတွင်းစာဆို ဖြစ်လာခဲ့တဲ့ ရှင်ငြိမ်းမယ်ကတော့ ထီးသံကြငှာန်းသံ မပါ တမူခွဲထွက်ပြီး ရိုးစင်းလှပ ခေတ်အဆက်ဆက်မှာ သစ်လွင်တောက်ပနေစေတဲ့ ကဗျာမျိုးတွေကို ရေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အချုပ်တန်းဆရာဖေတို့ရေးသလို နိုင်ငံရေး အမျိုးသားရေးနဲ့ပတ်သက်ပြီး နာနာနှက်ထားတဲ့ကဗျာ၊ ဦးပုညတို့ရေးသလို သရော်သံလေးစွက်လို့ လူ့သဘာဝကို လက်သံပြောင်ပြောင် လှစ်ဟနေတဲ့ ကဗျာမျိုးတွေကိုတော့ အဲဒီခေတ်ကာလက အမျိုးသမီးတွေရေးခဲ့တာ မတွေ့ရသလောက်ပါပဲ။
ဒီလိုနဲ့ ခေတ်တွေပြောင်းပြီး ကဗျာအကြောင်းအရာတွေ အမျိုးအစားတွေ ပုံစံတွေ ရွေ့လာကြတဲ့အခါ မြန်မာကဗျာတွေဟာလည်း ရေစီးကြောင်းအသစ်တွေထဲမှာ အရှိန်ကောင်းလာခဲ့ပါတယ်။ ငွေတာရီ၊ နုယဉ်၊ ကြည်အေး အစရှိသူတို့ဟာ လှပတဲ့ ဖွဲ့နွဲ့မှုတွေနဲ့ ခေတ်စမ်းရေစီးမှာ ထင်ရှားခဲ့တဲ့ အမျိုးသမီးကဗျာဆရာတွေပါ။ အဲဒီလိုနဲ့ နွယ်(စစ်တွေ)၊ ခင်နှင်းယု၊ ခင်လေးမြင့်(မြစ်ကြီးနား)၊ ဖြူမြင့်ဝေ(ဒိုင်အို)၊ ခင်(တိုင်းရင်းမေ)၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ သိမ့်(ဟင်္သာတ)၊ ခင်မြဇင်၊ ဧဧသန်း၊ ဖြူမွန်၊ ဂျူး၊ ဝိုင်၊ ခင်ဝင်းသစ်၊ မြသွေးရည်၊ မရီဝေ၊ မအိ၊ ချစ်ချစ်ချိုင်း၊ သင်းသင်းသာ၊ မြတ်၊ ငြိမ်း(ဒဿန)၊ သန့်စင်အေး၊ မိကောက်၊ စမ်းသီတာ၊ ကေမြနွယ်၊ မနော်ဟရီ၊ အိန္ဒြာ၊ သွေး(စစ်ကိုင်း)၊ စုမီအောင်၊ လုံမငြိမ်းချမ်း၊ ညိုပြာဝိုင်၊ ရှင်ဒေဝီ၊ မိုးဒေဝါ၊ ငယ်ငယ်(ကျောက်ဆည်)၊ မယ်ယွေး စသည်ဖြင့် အဆုံးမရှိတဲ့ ကဗျာရေစီးကြောင်းကို တွေ့နေရပါတယ်။ အရေးအသားအတွေးအခေါ်တွေလည်း ဒီဘက်ခေတ်တွေမှာ ပိုမိုလွတ်လပ် ပွင့်လင်းလာခဲ့ပါတယ်။ ဒီနေရာမှာတော့ ကဗျာအရွေ့တွေကို ဦးဆောင်ဦးရွက် လုပ်တဲ့အထဲမှာ မြန်မာအမျိုးသမီး ကဗျာဆရာတွေရဲ့ အရှိန်အဟုန်က ဘယ်လောက်နှုန်းရှိပါသလဲဆိုတာကလည်း ဆန်းစစ်သင့်တဲ့ အချက်တစ်ခုပါ။
တီထွင်ဆန်းသစ်တဲ့ ကဗျာပုံစံရေးဖွဲ့မှုတွေ၊ ကဗျာဗေဒအသစ်တွေ၊ ထင်ရှားတဲ့ ကဗျာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရပ်ခြား အမျိုးသမီးကဗျာဆရာတွေရဲ့ ပါဝင်မှုကို လေ့လာကြည့်တဲ့အခါ ၁၉၅ဝခုနှစ်တွေက Beat generation မှာတော့ အမျိုးသမီးများဟာ ဦးဆောင်လှုပ်ရှားသူများအဖြစ် အသိအမှတ်ပြုခံရတာ မတွေ့ရပါဘူး။ ဒါပေမဲ့ New York School မှာ အမျိုးသမီးကဗျာဆရာ Babara Guest ဟာဦးဆောင်သူတွေထဲမှ ပါဝင်ခဲ့ပါတယ်။ Language Poetry မှာ အမျိုးသမီးကဗျာဆရာတွေ အများအပြား ပါဝင်ပါတယ်။ ၂၁ရာစု အင်တာနက်ရဲ့ ကဗျာအသီးအပွင့်တစ်ခုဖြစ်တဲ့ flurf poetry မှာလည်း Nada Gordon တို့လို အမျိုးသမီးကဗျာဆရာတွေကို တွေ့နေရပါတယ်။ ဒီဥပမာတွေကတော့ အဓိကအားဖြင့် အနောက်တိုင်းမှာ တွေ့ရတာပါ။
အရှေ့တိုင်းယဉ်ကျေးမှုရဲ့ အကန့်အသတ်တွေဟာ အမျိုးသမီးတွေရဲ့ ကဗျာဆိုင်ရာ ဆန်းသစ်မှုနဲ့ ရဲတင်းပွင့်လင်းမှုကို တားမြစ်နေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အားနွဲ့သူ ဆိုတဲ့အယူအဆတွေ၊ လိင်နဲ့ပတ်သက်တဲ့ အရေးအသားကို လူရှေ့သူရှေ့ချပြတာ အမျိုးသမီးတစ်ယောက်အနေနဲ့ မသင့်တော်ဘူး ဆိုတဲ့ သဘောထားမျိုးတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုပတ်ဝန်းကျင် စတဲ့ ပြင်ပဗဟုသုတတွေကို အမျိုးသမီးမို့လို့ စိတ်ဝင်စားမှု နည်းပါးတယ် ဆိုတာတွေ ရှိနေသေးတယ်ဆိုရင် ကဗျာရေးတဲ့နေရာမှာ ထက်မြက်ပြတ်သားတဲ့ အမြင်တွေကို ပိတ်ပင်နေနိုင်ပါတယ်။
အဲဒီလိုယဉ်ကျေးမှုရဲ့ အကြောင်းတရားတွေဟာ မြန်မာနိုင်ငံမှာမှ ထူးခြားထင်ရှားနေသလား ဆိုတာကို အဖြေရှာဖို့ဆိုရင်တော့ အာရှတိုက်ထဲက အခြားနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား နဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ကဗျာလှုပ်ရှားမှုတွေကို ဒီ့ထက်ပိုပြီး ဆက်လက်လေ့လာရဦးမှာဖြစ်ပါတယ်။ ၂၁ရာစု တရုတ်အမျိုးသမီးကဗျာများ စုစည်းမှုစာအုပ်ရဲ့ စာမြည်းတစ်ခုမှာ ဖတ်ရှုရတာကတော့ ပြည်မကြီးနဲ့ ထိုင်ဝမ်က ၁၉၈ဝခုနှစ်များရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ အမျိုးသမီးကဗျာဆရာအချို့ဟာ မိန်းမသားဝါဒီ ပင်မရေစီးကနေ ထင်ထင်ရှားရှား ခွဲထွက်လာတဲ့ အရည်အသွေးရှိသူတွေလို့ ဆိုထားပါတယ်။ သူတို့ရဲ့ကဗျာတွေမှာ မိန်းမတွေရဲ့ လိင်မှုကိစ္စတွေကို အတိအလင်း ထည့်သွင်းရေးသားထားတာကိုလည်း ဥပမာပေး ဖော်ပြထားပါတယ်။
မြန်မာပြည်မှာ ယနေ့ခေတ်အထိ အမျိုးသမီးကဗျာဆရာတွေဟာ သိလျက်နဲ့ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ ရှေးရိုးစွဲ အချစ်အလွမ်း အားငယ်မှုတွေကို ကဗျာတွေထဲ ထင်ဟပ်နေမိဆဲဆိုတာ တွေ့ရှိမိပါတယ်။ ဒီနေရာမှာတော့ ပန်ဒိုရာကိုယ်တိုင် ရေးထားခဲ့တဲ့ ခရီးတောလမ်း ဆိုတဲ့ ကဗျာထဲက စာကြောင်းအချို့ကိုပဲ နမူနာထုတ်နုတ်ပြချင်ပါတယ်။ ဒီကဗျာကတော့ ဆရာနှင်းခါးမိုးရဲ့ တောလမ်းခရီး ဆိုတဲ့ ကဗျာကိုမူတည်ပြီး မြိုင်ထနှစ်ပါးသွားတစ်ပုဒ်မှာ မင်းသမီးဘက်က ပြန်ရေးလေဟန် ဖွဲ့ဆိုခဲ့တာဖြစ်ပါတယ်။
ညဥ့်ယံနက်နက်
မျက်လုံးဝင်းလက်လက်
တောကောင်ရဲ့ခေါ်သံ
ဖန်ဖန်ပဲ့တင်
ဟင်...ပြန်မထူးနဲ့
ထောင်ချောက်ကိုသတိထား
လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
တောကမာယာများတယ်
မိန်းမသားဆိုတော့လည်း
အားငယ်...... တဲ့။
မတွေ့ ခြေရာ
လှိုက်ဟာ မောပန်း
အနိုင်နိုင်လှမ်းစဉ်
ဘယ်စခန်းပေါက်
ဘယ်လမ်းရောက်ခဲ့ပြီလဲ
ဟိုတောင်တန်း ဟိုသောင်ကမ်းကို
မှန်းလို့မျှော်ရ ရင်ဝမှာဆို့တယ်။
ဒီကဗျာရဲ့ ဆန့်ကျင်ဘက်အနေနဲ့ မိမိရဲ့ကိုယ်ခန္ဓာကို ကဗျာအကြောင်းအရာထဲမှာ တည်ထားပြီး အားမာန်ပါပါ ရေးသားခဲ့တဲ့ အမေရိကန် လူမဲအမျိုးသမီးကဗျာဆရာ မာယာအန်ဂျလူရဲ့ phonemenal woman ဆိုတဲ့ ကဗျာထဲက တစ်ပိုဒ်ကို ဘာသာပြန်ပြီး နမူနာအဖြစ် ကောက်နုတ်ချင်ပါတယ်။
ယောင်္ကျားတွေ ကိုယ်တိုင် သိချင်ကြ
ကျွန်မဆီမှာ ဘာမြင်ရမလဲလို့
အလူးအလဲကြိုးစားကြ
ဒါပေမယ့်လည်း ကျွန်မရဲ့လျှို့ဝှက်ဆန်းကြယ်အဇ္ဈတ္တကို
ဒင်းတို့လှမ်းမထိနိုင်
ကျွန်မက ပြဖို့ ကြိုးစားတော့လည်း
ဒင်းတို့ခမျာ မြင်ကို မမြင်နိုင်ကြသေး
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မတင်ပါးရဲ့ ကောက်ကြောင်း
ကျွန်မအပြုံးရဲ့ နေခြည်
ကျွန်မရင်သားတွေရဲ့ နိမ့်တုံမြင့်တုံဖြစ်မှု
ကျွန်မစတိုင်ရဲ့ တင့်တယ်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
၃။ ကဗျာဗဟုသုတရှာမှီးမှု
မြန်မာနိုင်ငံမှာ ကဗျာစာပေကို လေ့လာလိုက်စားဖို့အတွက် ကဗျာသီအိုရီတွေ၊ ကဗျာစပ်ဆိုနည်းတွေ၊ ကဗျာခံစားမှုတွေကို ဘယ်နေရာကနေ အခြေခံပြီး အသိပညာ ရလာနိုင်သလဲဆိုတာ ရှာဖွေကြည့်ခဲ့ပါတယ်။ တချိန်ကတော့ အမျိုးသမီးတွေဟာ စာပေရဲ့အဖူးအညွန့်ဖြစ်တဲ့ ကဗျာရေးစပ်နိုင်ဖို့ဝေလာဝေး မိန်းကလေးဆိုရင် သေစာရှင်စာတတ်ပြီးရောပေါ့ဆိုတဲ့ ကာလတွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ ယနေ့ခေတ်ကာလမှာလည်း အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ငယ်ငယ်က တက်ခဲ့ရတဲ့ စာသင်ကျောင်းတွေက သင်ပေးလိုက်တဲ့ မြန်မာကဗျာသင်ရိုးဟာ ယနေ့ခေတ်နဲ့ကိုက်ညီတဲ့ ကဗျာဆရာတစ်ယောက် ဖြစ်လာဖို့ အခြေခံလုံလောက်မှု မရှိပါဘူး။
အခြေခံပညာ အထက်တန်းမှာပြဌာန်းထားတဲ့ မြန်မာကဗျာတွေထဲမှာ ခေတ်ပေါ်ကဗျာ၊ ခေတ်ပြိုင်ကဗျာတွေ မပါဝင်ပါဘူး။ အခြေခံပညာအထက်တန်း၊ မြန်မာကဗျာ လက်ရွေးစင်စာအုပ် အမှာစာမှာ ကဗျာရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို “ကဗျာဆိုသည်မှာ ခံစားမှု ရသပေါ်လွင်အောင် ကာရန်စည်းကမ်းနှင့် ဖွင့်ဆို သီကုံးရသော စာဖြစ်သည်” လို့ဆိုပါတယ်။ အဲဒီဖွင့်ဆိုချက်ဟာ အခုခေတ်ရေးသားနေတဲ့ ကဗျာတွေအတွက် အကျုံးဝင်မှု မရှိတော့ဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
ဒီလို အခြေခံပညာ စာသင်ကျောင်းတွေကနေပြီး ခေတ်ပေါ် ခေတ်ပြိုင်ကဗျာများရဲ့ အခြေခံကို သိရှိလာဖို့ အခွင့်အရေး မရှိတဲ့အခါ မြန်မာကဗျာလောကမှာ ကိုယ်ထူကိုယ်ထ ကဗျာပညာရေး စနစ် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတကာကဗျာတွေကို ဘာသာပြန်ကြ၊ ကဗျာဗေဒ ဆောင်းပါးတွေရေးကြ၊ စာအုပ်တွေထုတ်ဝေကြ၊ ကဗျာလေ့လာသူအချင်းချင်း ဗဟုသုတ အသိပညာတွေ ဝေမျှကြတာဖြစ်ပါတယ်။ ဒီတော့ အမျိုးသမီးများအနေနဲ့ အဲဒီလို ကျောင်းသင်ရိုးပြင်ပ ပညာရေးထဲမှာ ကိုယ်တိုင် လုံ့လထုတ်ပြီး ရှာဖွေလေ့လာသင်ယူကြမှသာလျှင် ကိုယ်ခံအားကောင်းတဲ့ ကဗျာဆရာတစ်ဦးဖြစ်လာဖို့ အခွင့်အလမ်းရှိပါတယ်။
ဒီနေရာမှာလည်း လူနည်းစုဖြစ်တဲ့ အမျိုးသမီးတွေက လူများစုကဗျာဆရာ အမျိုးသားတွေနဲ့ ရောနှောသွားလာ ဆွေးနွေးတိုင်ပင်တာမျိုး (ဥပမာ- လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားအများအပြား ထိုင်ပြီး စကားပြောနေကြတာမျိုး) ဟာ မြန်မာအသိုင်းအဝိုင်းမှာ အမြင်မကြည်လင်စရာ ဖြစ်နေမလားဆိုတာမျိုးတွေအထိ စဉ်းစားလာနိုင်ပါတယ်။ အဲဒီလို လူမှုဝန်းကျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နောက်ခေါင်းစဉ်အောက်မှာ ဆက်ပြီးဆွေးနွေးချင်ပါတယ်။
၎။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း၏ အမျိုးသမီးများအပေါ်ရှုမြင်မှု
လူ့အဖွဲ့အစည်းတစ်ခုဟာ မိမိတို့ရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ ရလာဒ်တွေကိုပဲ ပြန်ရလေ့ရှိပါတယ်။ နိုင်ငံအဆင့် လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ကြည့်ရရင် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ခွဲခြားမှုတွေ၊ မိန်းမဆိုရင် ဒီလိုဖြစ်မှာပဲ ဒါမှမဟုတ် ဒီလိုဖြစ်သင့်တယ် လို့ ကြိုတင်ကောက်ချက်ချထားမှုတွေ၊ လိင်နဲ့ပတ်သက်လို့ အနိုင်ကျင့်နှိမ့်ချမှုတွေ၊ စော်ကားထိပါးမှုတွေဟာ လူမှုရေးနယ်ပယ်တွေထဲမှာ ကျန်ရှိနေသေးတယ်လို့ပဲ သုံးသပ်ရပါမယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ မိန်းမကောင်းတစ်ယောက်အနေနဲ့ ညအချိန်မတော် လွတ်လပ်စွာသွားလာလို့ မသင့်သေးပုံ၊ အမျိုးသမီးသီးသန့်ယာဉ်အဖြစ် လိုအပ်လာပုံ စတဲ့ ထင်ရှားတဲ့ သာဓကတွေအများကြီးရှိပါတယ်။ အဲဒီလို အခြေအနေတွေဟာ လူ့အသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေကို ကျိုးနွံကျင့်သားရနေပြီး ထိုးဖောက်မှုမရှိတဲ့ ကဗျာတွေအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။ အလားတူပဲ ကဗျာအသိုင်းအဝိုင်းကိုယ်တိုင်ရဲ့ အမျိုးသမီးကဗျာလက်ရာတွေ အမျိုးသမီးကဗျာဆရာတွေအပေါ် ရှုမြင်ပုံဟာ ဘယ်လိုအခြေအနေမှာ ရှိသလဲဆိုတာကို သုံးသပ်ဖို့လိုအပ်ပါတယ်။
နိုင်ငံတကာမဂ္ဂဇင်းစာစောင်တွေမှာ အမျိုးသမီးတွေရဲ့ ကဗျာကို ရွေးချယ်ဖော်ပြတာနဲ့ ပတ်သက်လို့ ၂ဝဝ၇ ဆောင်းဦးမှာ ထုတ်ခဲ့တဲ့ Chicago Review မှာဖော်ပြပါရှိခဲ့တဲ့ Poetry Magazines & Women Poets ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးမှာ - အမျိုးသမီးတွေရဲ့ကဗျာတွေကို ကဗျာမဂ္ဂဇင်းတွေမှာ ဖော်ပြမှုဟာ ၁၉၇ဝ ခုနှစ်က ၁၃% ပဲရှိခဲ့ရာကနေ ၂ဝဝ၅ ခုနှစ်မှာ ၃၈% အထိတဖြည်းဖြည်း တိုးတက်လာခဲ့တယ်- လို့ဆိုပါတယ်။ Are Women Underrepresented in the Small Press? ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ထဲက ကဗျာဆရာတွေ ကဗျာအယ်ဒီတာတွေရဲ့ မှတ်ချက်စကားတွေထဲမှာတော့ - အမျိုးသမီးကဗျာနည်းပါးရခြင်းအကြောင်းတစ်ခုက ကဗျာပေးပို့မှုမှာ အမျိုးသားတွေဟာ ပိုပြီး အားတက်သရော ကြိုးပမ်းလေ့ရှိကြပေမယ့် အမျိုးသမီးတွေကတော့ ကဗျာတွေကို ရေးရုံပဲရေးပြီး မဂ္ဂဇင်းတွေကို ပေးပို့တာနည်းလို့ဖြစ်နိုင်တယ်- ဆိုတဲ့ မှတ်ချက်တစ်ခုကို ဖတ်ရှုရပါတယ်။
အမျိုးသမီးကဗျာဆရာတွေရဲ့ ကဗျာပုဒ်ရေ ပိုများများ မြင်တွေ့နိုင်ရေးနဲ့၊ လက်ရှိထက်ပိုအားကောင်းတဲ့ မြန်မာအမျိုးသမီးကဗျာတွေ ပေါ်ထွက်လာရေးမှာ မြန်မာ့ကဗျာအသိုင်းအဝိုင်း ကိုယ်တိုင်ရဲ့ သဘောထားဟာ တွန်းအားပေးစေတဲ့ရှုမြင်ပုံမျိုးလား ဒါမှမဟုတ် အားလျော့စေတဲ့ရှုမြင်ပုံမျိုးလားဆိုတဲ့ အပေါ်မှာလည်း အတိုင်းအတာတစ်ခုအထိ မူတည်နေပါတယ်။
အခြားတစ်ဖက်က ကြည့်ရင်လည်း မြန်မာ့ကဗျာစာပေမှာ အမျိုးသမီးကဗျာဆရာတွေ နည်းပါးနေပေမယ့် စာပေရဲ့အခြားနယ်ပယ်ဖြစ်တဲ့ စကားပြေနယ်ပယ်မှာတော့ ဦးဆောင်ထင်ရှားတဲ့ စာရေးဆရာမတွေအများအပြား ရှိနေကြပါတယ်။ စာပေရဲ့ပြင်ပက လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေမှာလည်း ထူးချွန်ထက်မြက်တဲ့ အသိပညာ အတတ်ပညာရှင် မြန်မာအမျိုးသမီးတွေ ရှိနေကြတယ်ဆိုတာ တွေ့မြင်နေရပါတယ်။ ဒီတော့ ထူးချွန်သူတွေ ရှိနေပေမယ့်လည်း အမျိုးသမီးတွေရဲ့ လက်တွေ့ကျမှုနဲ့ မိသားစုရေးကို တာဝန်သိ ဦးစားပေးတတ်တဲ့ သဘာဝတွေက ကဗျာကို စိတ်ရောကိုယ်ပါ တစိုက်မတ်မတ် လေ့လာရေးသားဖို့ဘက်ကို ပို့ဆောင်မပေးပဲ လမ်းကြောင်း ပြောင်းသွားစေတာလား ဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။
၅။ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အနာဂတ်
အထက်က တင်ပြသွားခဲ့တာတွေအပြင် အရေးပါတဲ့ အခြားအကြောင်းရင်းတွေကို ဆက်ပြီးလေ့လာဖို့ လိုအပ်ပါမယ်။ လေ့လာချက်တွေကို မဆီလျော် ဖြစ်သွားနိုင်စေတဲ့ မေးခွန်းတွေလည်း ရှိပါသေးတယ်။ “နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်တဲ့ မြန်မာအမျိုးသမီးကဗျာဆရာတွေ ရှိလာဖို့ ဘာကြောင့် လိုအပ်ရမှာလဲ။ မြန်မာအမျိုးသမီးတွေ ကဗျာမရေးတော့ ဘာဖြစ်သလဲ၊ ကဗျာကောင်းကောင်းတွေ မရေးတော့ရော ဘာဖြစ်သလဲ။” ဆိုတာတွေပါ။ လိုအပ်ခြင်း မလိုအပ်ခြင်း မည်သို့ပင်ဖြစ်စေကာမူ အခြေအနေတစ်ခုကို အရှိအတိုင်း လက်ခံမြင်နိုင်ကြဖို့တော့ အရေးကြီးပါတယ်။ ဒါမှလည်း ဒီအခြေအနေကနေ ပိုမိုတိုးတက် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
ဒီအခြေအနေကိုလည်း ပြဿနာ ဒါမှမဟုတ် အားနည်းချက်လို့ အပြစ်ဆိုတာမျိုးတွေထက် အခွင့်အရေး တစ်ခုလို့ မှတ်ယူကြမယ်ဆိုရင် ဘယ်သူမှ လက်မခံနိုင်စရာ မရှိဘူးလို့ ယူဆပါတယ်။ ဆိုလိုတာကတော့ အမျိုးသမီးကဗျာဆရာတွေ ပိုများလာဖို့၊ ကဗျာနဲ့ပတ်သက်တာတွေကို ပိုပြီးနှီးနှောဖလှယ်ကြဖို့၊ အခုထက်ပိုပြီး အားကောင်းမောင်းသန်တဲ့ ကဗျာတွေ ရေးဖြစ်ဖို့ အခွင့်အရေးတွေ အများကြီး ကျန်ပါသေးတယ်။ အဲဒီ အခွင့်အရေးတွေကို အကောင်အထည်ဖော်ဖို့ကတော့ ကဗျာရေးဖို့ကြိုးစားနေတဲ့ ကျွန်မပန်ဒိုရာ အပါအဝင် အမျိုးသမီးကဗျာဆရာတွေ ကိုယ်တိုင်ရဲ့ အားထုတ်မှု လိုအပ်သလို၊ အမျိုးသား ကဗျာဆရာတွေရော ပတ်သက်နှီးနွယ်နေတဲ့ လူ့အဖွဲ့အစည်းကပါ မိမိတို့သက်ဆိုင်တဲ့ ကဏ္ဍကိုယ်စီကနေ အပြုသဘောနဲ့ အားပေး ဆောင်ရွက်ကြပြီး မလိုလားအပ်တဲ့ အကန့်အသတ် အဟန့်အတားတွေကို ပယ်ဖျက်နိုင်ကြဖို့လိုပါတယ်။
ယနေ့ခေတ်မှာ ကမ္ဘာဆန်လာမှုနဲ့အတူ ဗဟုသုတတွေ၊ နိုင်ငံတကာကွန်ယက်တွေ၊ လွတ်လပ်မှု၊ လင်းပွင့်မှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ယူဆောင်လာတဲ့ “အင်တာနက်”ရဲ့ အခန်းကဏ္ဍကိုလည်း ချန်လှပ်မထားသင့်ပါဘူး။ အွန်လိုင်းကဗျာတွေထဲက ဥပမာ pemskool တို့လို ဆယ်ကျော်သက် အသက်နှစ်ဆယ်ကျော် လူငယ်ကလေးတွေဟာ ကိုယ့်လမ်းကိုယ်ထွင်ပြီး ပင်မရေစီးထဲကနေ မီဒီယာအားဖြင့်ရော အရေးအသားအားဖြင့်ပါ ခွဲထွက်လာတဲ့ ကဗျာတွေကို ရေးသားနေကြပါတယ်။ ကောင်းဖို့အတွက်ဖြစ်စေ ဆိုးဖို့အတွက်ဖြစ်စေ မျိုးဆက်သစ်တွေရဲ့ ယဉ်ကျေးမှုတွေ တန်ဖိုးတွေ ပြောင်းလာတာကိုလည်း ကဗျာတွေထဲမှာ မြင်နေရပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးငယ်တွေရဲ့ ထူးခြားတဲ့ အရေးအသားတွေကိုလည်း တွေ့မြင်နေရတာဟာ မြန်မာအမျိုးသမီးကဗျာ အနာဂတ်အတွက် အပြောင်းအလဲ သို့မဟုတ် အသစ်တစ်ခုကို ထိုးဖောက်လာဖို့ မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်။
ဒီစာတမ်းကို နိဂုံးမချုပ်ခင် ဖေ့စ်ဘွတ်ခ်မှာ ရှာတွေ့ခဲ့တဲ့ကဗျာတွေထဲက လူငယ်အမျိုးသမီးကဗျာဆရာတစ်ဦးရဲ့ ချွန်မြနေတဲ့ ကဗျာစာကြောင်းတချို့ကို မိတ်ဆက်ပေးချင်ပါတယ်။
“ကြုံဖူးကြမယ် ထင်ပါတယ်
ကျေနပ်တဲ့အခါ …..
အကြောပေါင်း တစ်သိန်းခြောက်သောင်း စိမ့်ဝင်
အပြုံးလက်လက်တွေ လျှာပေါ်တက်လာတယ်
တဒိတ်ဒိတ်သွေးတွေက
တဒုတ်ဒုတ် ရင်ကို ရှိက်ဆွဲ
ဘူတာရုံအောက်မှာ အီလက်ထရို နဲ့
လမ်း လျှောက်သင်ပြီ
ပေါင်မုန့်ကို မလိုင်ဖြစ်ဖြစ်အုပ်ပြီး
အာခံတွင်းထဲငုံ
နာကျင်သောချစ်ခြင်းများ၏ ကျောက်တိုင်
ကိုယ်ထဲကပိုးမွှားတွေ တသားထဲ ပူးကပ်
သစ်ပင်တပင် အမြစ်တွယ်ခြင်း
sex ကို ညစ်တယ်လို့  ထင်တဲ့သူတွေ
လက်သည်းဝှက်သောကျားတွေ
မြင်နေရတယ်
ကိုယ့်ခန္ဓာကို ပြန်ကြည့်
မင်းတို့ငါတို့ဟာ ချက်တော်ကို လက်တော်နဲ့သပ်ရုံ မှာ
ရင့်မှည့်လာခဲ့သောသစ်သီးတွေလား”
“လူဖြစ်ခဲ့သော လူပျိုများအတွက် ဂုဏ်ပြုမှတ်တမ်း” ဆိုတဲ့ကဗျာထဲက စာကြောင်းအချို့ ဖြစ်ပါတယ်။ ရေးဖွဲ့သူ အမျိုးသမီးကဗျာဆရာ မွန်းသူအိမ် ဟာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပါတယ်။
နိဂုံးချုပ်အနေနဲ့ အနာဂတ် မြန်မာကဗျာလောက ဖွံ့ဖြိုးတိုးတက်ရေးမှာ အမျိုးသမီးကဗျာဆရာတွေရဲ့ အခန်းကဏ္ဍဟာ ယခုထက်ပိုပြီး တစ်တပ်တစ်အား ဖြစ်လာစေဖို့ ဆန္ဒပြုလိုက်ပါတယ်။ မြန်မာကဗျာဆရာများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာနဲ့ ကဗျာကိစ္စအဝဝကို ဆက်လက် အားထုတ်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။
ရည်ညွှန်း/ကိုးကားစာရင်း
- http://www.poetryfoundation.org
- http://en.wikipedia.org/wiki/Category:Pulitzer_Prize_for_Poetry_winners
- http://en.wikipedia.org/wiki/Pulitzer_Prize_for_Poetry
- http://www.pakistan.web.pk/threads/list-of-poets-winners-of-the-nobel-prize-in-literature.452/
- http://www.amazon.com/Heinemann-Book-African-Womens-Poetry/dp/product-description/0435906801
- http://books.google.com/books/about/Japanese_women_poets.html?id=BO8sJ4TYpaUC
- http://mclc.osu.edu/rc/pubs/reviews/zhu.htm
- http://www.poets.org/viewmedia.php/prmMID/5690
- Are Women Unrepresented in the Small Press http://greatamericanpoetryshow.com/articles-and-essays/are-women-unrepresented-in-the-small-press/
- Poetry Magazines and Women Poets www.humanities.uchicago.edu/orgs/review/CR_532_Kotin_Baird.pdf
- Women Get Published and Reviewed Less Than Men in Big Magazines, Say Red-and-Blue Pie Charts http://thehairpin.com/2011/02/women-get-published-and-reviewed-less-than-men-in-big-magazines-say-red-and-blue-pie-charts
- ငြိမ်းဝေ၊ ၂၀၀၉၊ အထက်တန်း မြန်မာကဗျာလက်ရွေးစင် ပြဌာန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း စာတမ်း
(မှတ်ချက်။ ။ အချိန်နဲ့ resource မလုံလောက်မှုကြောင့် ဒီစာတမ်းငယ်ကို academic paper မဟုတ်တဲ့ အက်ဆေးတစ်ခုအဖြစ်ပဲ တင်သွင်းခဲ့တာပါ။)
Thursday, March 22, 2012
၂၀၁၂ ကမ္ဘာ့ကဗျာနေ့တွင် ပန်ဒိုရာ ဖတ်ကြားခဲ့သော စာတမ်းငယ်
Sunday, June 13, 2010
ပညာရွှေအိုးကို ဘယ်သူရွှေ့သွားသလဲ
အခုတလော ဘလော့ဂ်ထဲမှာ တခြားနေရာမှာ ဆွေးနွေးထားခဲ့တဲ့ မှတ်ချက်တွေကို ကိုယ့်ဘလော့ဂ်မှာ ပြန်တင်တာ ခေတ်စားနေတယ်။ (မှတ်ချက်။ ကိုပေါ ကို စောင်းပြောခြင်းမဟုတ်။ တည့်တည့်ပြောတာ.. ။:))
ဒီတော့ ပို့စ်အသစ်ထွက်မလာနိုင်သေးတဲ့အတူတူ ပန်ဒိုရာလည်း အားကျမခံ ကိုဧရာမသီတာတို့ ဘလော့ဂ်မှာ ရေးဖြစ်ခဲ့တဲ့ မှတ်ချက်တစ်ခုက နည်းနည်းလေး ရှည်နေတာနဲ့ ဒီဘလော့ဂ်မှာ ပို့စ်အဖြစ် ပြန်တင်လိုက်ပါတယ်။ ဆွေးနွေးလိုက လာဆွေးနွေးပေါ့။ ပြန်ပြောစရာရှိလာရင် weekdays တွေမှာတော့ အလုပ်လုပ်နေတဲ့အတွက် တမဟုတ်ချင်း အကြောင်းပြန်နိုင်မှာ မဟုတ်ဘူး။
အခုဒီစာကို မဖတ်ခင် ကိုဧရာရဲ့ ပညာရွှေအိုး လူခိုးနိုင်ပါသလား ကို အရင်ဖတ်ပါ။
-----------
ဖတ်မိမှတ်မိ နားလည်မိသလောက် …..
ဖန်တီးသူကို မူပိုင်ခွင့် ပိုင်ဆိုင်မှုပေးတဲ့နေရာမှာ အဓိက ရည်ရွယ်ချက်ကတော့ တီထွင်ဖန်တီးမှုတွေကို အားပေးဖို့နဲ့ လူသားတွေကလည်း တီထွင်မှုရဲ့ အကျိုးကို ရစေဖို့ဖြစ်ပါတယ်။ တီထွင်သူက မောင်ပိုင်မှတ်ပုံတင်ခွင့်ရသွားတဲ့အတွက် လူသားတွေရဲ့ အကျိုးခံစားခွင့်ကို ထိုက်တန်တဲ့ အဖိုးအခထက်ပိုပြီး နစ်နာသွားစေတယ်ဆိုရင်လည်း မဟုတ်သေးဘူး။ လူတွေက သုံးချင်တိုင်းသုံးခွင့်ရနေလို့ တီထွင်သူမှာ အကျိုးမရှိပဲ နောက်ထပ် တီထွင်လိုစိတ်တွေကို ဟန့်တားသွားစေတယ်ဆိုရင်လည်း မဟုတ်သေးဘူး။ အဲဒီ အစွန်းနှစ်ခုကြားမှာ မျှတပေးဖို့ ဒီစနစ်က ရည်ရွယ်တယ်။ ထုတ်လုပ်ရောင်းချတဲ့ နေရာမှာ monopoly သိပ်ဖြစ်လာတာတွေနဲ့ ပတ်သက်လို့ကတော့ တိုးတက်တဲ့နိုင်ငံတွေမှာ anti-trust law တွေ competition law တွေနဲ့ ပြန်ညှိထားပါတယ်။
အထူးသဖြင့် patent လို့ခေါ်တဲ့ သိပ္ပံနည်းပညာ တီထွင်မှုတွေမှာဆိုရင် တီထွင်သူ/ မူပိုင်ခွင့်လျှောက်ထားသူ ကို monopoly rights အနေနဲ့ အချိန်ကာလတခု အထိ ပေးလိုက်တယ်။ အပြန်အလှန် လဲလှယ်တဲ့အနေနဲ့ သူကလည်း သူ့ရဲ့တီထွင်မှုအဆင့်ဆင့်ကို လူတွေသိနိုင်အောင် ဖွင့်ထုတ်ပြီး ပြောပြရတယ်။ တစ်ခုရှိတာကတော့ patent ရယူခွင့်လျှောက်တာက ဈေးကြီးပြီး အချိန်ကြာတတ်တဲ့အတွက် ကုမ္ပဏီအသေးတွေ ပုဂလိက တွေအတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေတယ်။ ဒါကြောင့်လည်း ကုမ္ပဏီ အကြီးတွေကပဲ patent ပိုင်ဆိုင်မှုတွေ ပိုများနေတတ်တာပါ။
လူသားတွေအတွက် အကျိုးမယုတ်စေဖို့ သင့်တင့်တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ ဥပမာ scientific formula တွေကို patent လုပ်လို့မရပါဘူး။ နိုင်ငံအလိုက် လိုအပ်ချက်နဲ့အညီ ဥပဒေကို ပြင်ဆင်ကြတာလည်း ရှိပါတယ်။ အိန္ဒိယမှာဆိုရင် ဆေးဝါးနဲ့ပတ်သက်တဲ့ တီထွင်မှုတွေမှာ generic drugs တွေကို ပေးထုတ်ရပါတယ်။
Copy left တို့ Open source တို့လို နည်းပညာဝေမျှလိုတဲ့ဘက်က လှုပ်ရှားမှုတွေလည်း ရှိလာပါတယ်။ ဒါကတော့ အားလုံးနဲ့ဆိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ တဟုန်ထိုး တိုးတက်လာတဲ့ နည်းပညာနဲ့အညီ ဥပဒေက လိုက်မပြင်နိုင်သေးလို့ ဖြစ်ပါတယ်။ တချို့ တင်းကျပ်တဲ့ ဥပဒေတွေက ဒီခေတ် တိုးတက်လျှင်မြန်နေတဲ့ နည်းပညာခေတ်မှာ သဘာဝမကျတော့ဘူး။ ဒါတွေကိုလည်း ကျောင်းတွေကပညာရှင်တွေ တက်ကြွလှုပ်ရှားသူတွေ ဥပဒေပညာရှင်တွေနဲ့ အစိုးရတွေကြားမှာ ဆွေးနွေးငြင်းခုံနေကြဆဲပါ။
ဖွံ့ဖြိုးမှု မညီမျှတဲ့ နိုင်ငံတွေကြားမှာ အခွင့်ကောင်းယူတဲ့ ပြဿနာတွေလည်း ရှိလာတတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ အိန္ဒိယက ဘာစမာတီ ဆန် (ဒန်ပေါက်ချက်တဲ့ဆန်) ကို အနောက်နိုင်ငံက တယောက်ယောက်က မူပိုင်ခွင့် လျှောက်လာတယ်။ ဒါကတော့ patent ဆန်ဆန် ဖြစ်တဲ့ plant variety ဆိုတဲ့ အောက်မှာလို့ ထင်ပါတယ်။ အိန္ဒိယက ကန့်ကွက်လိုက်ရတယ် ပြောတယ်။ အဲဒီလို traditional knowledge တွေ genetic resources တွေကို အိမ်ရှင်နိုင်ငံကသာ ပိုင်ဆိုင်သင့်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း ရှိပါတယ်။ တစ်ဦးတစ်ယောက်က အတင်းဦးပြီး သွားမှတ်ပုံတင်လို့ မရပါဘူး။ ဥပမာ သနပ်ခါးရဲ့ ဆေးဖက်ဝင်ပုံတို့ ကချင်ပြည်က ခန်းတောက်မြစ်နဲ့မချစ်ဥ တို့ကို နိုင်ငံခြားသားတစ်ယောက်က သူပိုင်တဲ့နည်းပညာဆိုပြီး မှတ်ပုံသွားတင်လို့မရဘူး။ ခက်တာက အဲလို traditional knowledge တွေ genetic resources တွေက မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ အများအပြားရှိနေပြီး အဲဒီနိုင်ငံတွေ ကိုယ်တိုင်က သတိမမူမိ မမူအား ကြတာပါ။ သူများက သူပိုင်တယ်ဆိုပြီး မှတ်ပုံတင်သွားတောင် သိလိုက်မှာမဟုတ်ဘူး။ လောလောဆယ်တော့ အဲဒီကိစ္စတွေကို နိုင်ငံတကာမှာ အကြီးအကျယ် ဆွေးနွေးနေကြတုန်းပါ။
နောက်တချက်ကတော့ ဆင်းရဲတဲ့နိုင်ငံတွေမှာ နည်းပညာ ဗဟုသုတ မတိုးတက်တဲ့အတွက် တိုးတက်ပြီးသားသူတွေဆီက အစစ်တွေ မ၀ယ်နိုင်တဲ့အခါ ခိုးသုံးရတာပါပဲ။ ဆင်းရဲရာကနေ တိုးတက်ရာတိုးတက်ကြောင်းအတွက် ဗဟုသုတ နည်းပညာကို လိုချင်၊ အဲဒါကို တရားဝင်ဈေးနှုန်းတွေနဲ့ ၀ယ်ဖို့အတွက်ကလည်း ဆင်းရဲ ဆိုတော့ သံသရာက ဘယ်လိုလုပ်ပြတ်မှာလဲ။ ဒီတော့ နေရင်းထိုင်ရင်း နေ့စဉ်ဘ၀မှာပဲ မလွှဲသာမရှောင်သာ သူခိုးဖြစ်နေရသူတွေအတွက် စဉ်းစားဖို့လိုပါတယ်။ ဒါကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ အကြီးအကဲတွေက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိယူရမှာပါ။ နိုင်ငံတကာ ပဋိညာဉ်တွေ စာချုပ်တွေမှာ လက်မှတ် လုံးဝမထိုးပဲ ရှောင်နေတာထက် ကိုယ့်ပြည်သူတွေအတွက် အကျိုးမယုတ်စေဖို့ ချွင်းချက်တွေကို ကာလတစ်ခုအထိ တရားဝင် သတ်မှတ်လာအောင် ညှိနှိုင်းဖို့ ဖြစ်နိုင်ခြေတွေရှိပါတယ်။ သို့သော်လည်း ဒါတွေက ကိုယ့်နိုင်ငံအတွက် တာဝန်ရှိသူတွေ ကိုယ်တိုင် သိနားလည်ပြီး နိုင်ငံတကာမှာ ကိုယ်လိုချင်တာကို ကိုယ့်ဘာသာ တိုက်တွန်း ဆွေးနွေးဖို့ လိုပါတယ်။ ခက်တာက အဲလို မဖွံ့ဖြိုးသေးတဲ့နိုင်ငံမျိုးတွေက ဒီလိုကိစ္စတွေကို ဦးစားပေးအနေနဲ့ ဘယ်တော့မှ စဉ်းစားလေ့မရှိဘူး။ သူတို့မှာ ဒီ့ထက်အရေးကြီးတဲ့ ကိစ္စတွေက ရှိနေတယ် ဆိုတော့ကာ.....။
(အားရင်တော့ ဒီထဲက ဗွီဒီယိုလေးကြည့်ကြည့်ပါနော်။ http://pandora-and-pandora.blogspot.com/2008/10/blog-post_12.html )
ပန်ဒိုရာ
Sunday, May 16, 2010
နတ္ထိရဲ့ ကဗျာဗေဒ
ကဗျာ ဆိုတဲ့ ဝေါဟာရရဲ့ ပါဠိ အနက်နဲ့ ပတ်သက်လို့ စပ်စုခဲ့ဖူးပါတယ်။ ဘလော့ဂ်ထဲက မိတ်ဆွေ ကိုနတ္ထိက အခုလို ရှင်းပြခဲ့ဖူးတယ်။ ကိုနတ်ရဲ့ ဘလော့ဂ်က လူသူအရောက်အပေါက်နည်းတဲ့ တောရကျောင်းကြီးလို ဖြစ်နေတာမို့ မဖတ်ဖြစ်ခဲ့သူတွေ ဖတ်နိုင်အောင် ဒီဘက်မှာ ပြန်တင်လိုက်တာပါ။
အမေး - ပန်ဒိုရာ၊ စင်္ကာပူရ။ ၄ ဂျွန် ၂၀၀၇။
အခြေခံက စမေးတာပဲ ကောင်းမှာပါ။
ကာဝိယ ၊ ကာဝေယျ ၊ ကဗ္ဗ၊ ကာဗျ အဓိပ္ပါယ် အသီးသီးကို ရှင်းပြပေးပါနော်။
က၀ီနံ ဣမံ ကဗျံ ယံဂီတန္တိ ၀ုစ္စတိ
က၀ိမှီ ဘ၀ံ ကဗျံ က၀ီနံ အယံ ၀ါ ကဗျာ
အဲဒါတွေ က ဘယ်ကျမ်းက လာတာလဲ။ တခြား ဖွင့်ဆိုထားတာတွေ ရှိသေးရင်လည်း သိချင်ပါတယ်။
အဖြေ - နတ္ထိ ၊ အိန္ဒိယ။ ၅ ဂျွန် ၂၀၀၇။
နတ္ထိရဲ့ ကဗျာဗေဒ
ပန်ဒိုရာ က ကဗျာဆိုတဲ့ စကားလုံးရဲ့ အနေအထားလေးတွေကို သိချင်တယ်လို့ ကွန့်မန့် ထဲမှာ ပြောသွားလို့ ကိုယ်လဲ စပ်စပ်စုစုနဲ့ စမ်းတ၀ါးဝါး လေ့လာကြည့်လိုက်တယ်။ အဓိကအနေနဲ့ ပါဠိစာပေကို အခြေခံပြီး ကိုးကားချက်လေးတွေ စုစည်းထားပါတယ်။
သဒ္ဒါကျမ်းများ၏ အဆို
ပုဂံခေတ်က ရေးခဲ့တဲ့ သဒ္ဒနီတိသဒ္ဒါကျမ်းက အဆိုအမိန့်လေးကို ဒီနေရာမှာ သက်ဆိုင်တယ်လို့ ထင်ပြီး ကိုးကားချင်တယ်။
မနောဟရတာယ အ၀ဿံ ကုယျတိ ပဏ္ဍိတေဟီတိ ကဗ္ဗံ။ ကာဝိယံ။ ကာဝေယျံ။
စိတ်မနောကို စွဲငြိတတ်လို့ မလွဲမမှားအောင် ပညာရှိတို့ ရွတ်ဖတ်ရသည်။
ထို့ကြောင့် ကဗ္ဗ-ကဗျာ ဟု ခေါ်၏။
ကာဝိယ, ကာဝေယျ လည်း ထို့အတူ ဖြစ်၏။
အညတြ ပန က၀ီနံ ဣဒန္တိ ကဗ္ဗန္တိ တဒ္ဓိတ၀သေန အတ္ထော ဂဟေတဗ္ဗော။
တခြားသောနေရာ၌ “ကဗျာဆရာတို့၏ ဥစ္စာသည်” “ကဗ္ဗ-ကဗျာ” ဖြစ်၏ ဟု သဒ္ဒါသဘောအရ အဓိပ္ပါယ်ကို မှတ်ယူရ၏။
ကေစိ တု ကာဗျန္တိ သဒ္ဒရူပံ ဣစ္ဆန္တိ၊
တစ်ချို့က “ကာဗျ” ဟူသည့် ပုဒ်ကို ကြိုက်ကြ၏။
န တံ ပါဝစနေ ပမာဏံ သက္ကဋဘာသာဘာဝတော။
ဤပုဒ်သည် သက္ကဋဘာသာစကားဖြစ်၍ ဗုဒ္ဓဒေသနာတော်၌ အရေးမပါ။
သက္ကဋဘာသာတောပိ ဟိ အာစရိယာ နယံ ဂဏှန္တိ။
သို့သော် ဆရာတို့သည် သက္ကဋဘာသာစကားမှလည်း နည်းစနစ်ကို ရယူကြသည်။
လန်ဒန်က Pali Text Societyက ထုတ်တဲ့ Pali English dictionary ကတော့ ဒီလို ဆိုထားတယ်….
ကာေ၀ယ်….(1) poetry, the making of poems, poetry as business, one of the forbidden occupations
(2) Poetry, song, poem.
ကဗၺ…a poem, potential composition, song
ကဗ်=ကဗၺ…alankara composing in beautiful verses, a beautiful poem
ဒါဆိုရင် ကာဝိယ ၊ ကာဝေယျ ၊ ကဗ္ဗ၊ ကာဗျ အဓိပ္ပါယ် အသီးသီး ရှင်းသွားပါပြီနော်။
က၀ီနံ ဣမံ ကဗျံ ယံ ဂီတန္တိ ၀ုစ္စတိ
“ကဗျာဆရာတို့ရဲ့ ဥစ္စာသည် ကဗျ” မည်၏။ “သီချင်း” ဟု ခေါ်၏။
က၀ိမှိ ဘ၀ံ ကဗျံ က၀ီနံ အယံ ၀ါ ကဗျာ
ကဗျာဆရာ၌ ဖြစ်ပေါ်၏။ထို့ကြောင့် “ကဗျ” ဟု ခေါ်၏။
တနည်းအားဖြင့် ဆိုရလျှင် ကဗျာဆရာတို့၏ ဖန်တီးမှုသည် ကဗျာ ဟု ခေါ်၏။
ဒီစကားတွေကိုတော့ အကုန်လုံး မတွေ့ဖူးဘူး။ က၀ိမှိ ဘ၀ံ ကဗျံ ဆိုတဲ့ စကားလေးကိုပဲ ရူပသိဒ္ဓိလို့ ခေါ်တဲ့ သီရိလင်္ကာသဒ္ဒါကျမ်းမှာ တွေ့မိတယ်။ အခု လက်ထဲမှာ အလွယ်တကူ ရှိနေတဲ့ သဒ္ဒါကျမ်းတွေကိုပဲ ကြည့်နိုင်တယ်။ မြန်မာပြည်မှာလို စာအုပ်စုံစုံ ရှိရင်တော့ ပိုပြီး ပြောနိုင်မလားပဲဗျာ။
ပိဋကတ်တော်၏ အဆို
ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ္ဂ ဗြဟ္မဇာလသုတ် မဟာသီလအဖွင့်မှာ ဒီလို ပြောတယ်။
ယထာ ၀ါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧ၀ရူပါယ တိရစ္ဆာန၀ိဇ္ဇာယ မိစ္ဆာဇီဝေန ဇီဝိတံ ကပ္ပေန္တိ၊ …….ကာဝေယျံ၊ ……. ဣတိ ၀ါ ဣတိ ဧ၀ရူပါယ တိရစ္ဆာန၀ိဇ္ဇာယ မိစ္ဆာဇီဝါ ပဋိဝိရတော သမဏော ဂေါတမောတိ။
ရဟန်းပုဏ္ဏားတို့သည် သဒ္ဓါတရားဖြင့် ပေးလှူထားသော ဘောဇဉ်တို့ကို သုံးဆောင်ရင်း ………………………….. တိရိစ္ဆာန် အတတ်ပညာများဖြင့် ယုတ်မာစွာ ရှင်သန်ကြ၏။ ဗုဒ္ဓသည် ၄င်းတို့ကို ဘယ်တော့မှ မလုပ်။
အဲဒီထဲမှာ ကာဝေယျပါတယ်။ သီချင်းကဗျာရေးဖွဲ့ခြင်း။
ဒီပါဠိကို ဖွင့်ဆိုတဲ့ အဖွင့်ကျမ်းကတော့ ကာဝေယျမှာ က၀ိ လေးမျိုး ပြထားတယ်။
ကာဝေယျန္တိ စတ္တာရောမေ၊ ဘိက္ခဝေ၊ က၀ီ။ ကတမေ စတ္တာရော။ စိန္တာက၀ိ၊ သုတက၀ိ၊ အတ္ထက၀ိ၊ ပဋိဘာနက၀ီတိ…….ဇီဝကတ္ထာယ ကဗျကရဏံ။
ကိုယ်တိုင် ကြံစည်ပြီး ရေးတဲ့ ကဗျာဆရာ
ပြောတာ ကြားပြီး ရေးတဲ့ ကဗျာဆရာ
အဓိပ္ပါယ်ကို ရေးတဲ့ ကဗျာဆရာ
အကြောင်းညီညွတ်တဲ့ခါ ဖြတ်ထိုးဉာဏ်နဲ့ ရေးတဲ့ ကဗျာဆရာ
ပြီးတော့မှ ကာဝေယျကို အဓိပ္ပါယ် ရှုင်းပြတယ်။
အသက်မွေးဝမ်းကြောင်းအတွက် ကဗျာရေးတာပါတဲ့။
သံယုတ္တနိကာယ် သဂါထာဝဂ္ဂ မာရသံယုတ် ဒုတိယ၀ဂ္ဂ သကလိကသုတ်မှာ မာရ်နတ်က ဗုဒ္ဓကို ဒီလို မေးတယ်….
မန္ဒိယာ နု ခေါ သေသိ ဥဒါဟု ကာဝေယျမတ္တော၊
အတ္ထာ နု တေ သမ္ပစုရာ န သန္တိ။
ဧကော ၀ိဝိတ္တေ သယနာသနမှိ၊
နိဒ္ဒါမုခေါ ကိမိဒံ သောပ္ပသေ ၀ါတိ။
တွေဝေငေးမောလျက် အိပ်နေသလား။ ဒါမှမဟုတ် ကဗျာဆရာတစ်ယောက်လို ကဗျာရေးဖွဲ့တာ မြတ်နိုးနေသလား။ နိဗ္ဗာနဓါတ် သင့်မှာ ကောင်းကောင်း ရှိပုံ မရ။ ဆိတ်ငြိမ်ရာအရပ်မှာ တစ်ယောက်ထဲ အိပ်ရာထဲမှာ အိပ်နေလို့ ဘာလုပ်မှာလဲ။
ဗုဒ္ဓက ဒီလို ဖြေတယ်….
န မႏၵိယာ သယာမိ နာပိ ကာေ၀ယ်မေတၱာ၊
အတ္ထံ သမေစ္စာဟမပေတသောကော။
ဧကော ၀ိဝိတ္တေ သယနာသနမှိ၊
သယာမဟံ သဗ္ဗဘူတာနုကမ္ပီ။
တွေဝေငေးမောပြီး မအိပ်ပါ။ ဒါမှမဟုတ် ကဗျာရေးဖွဲ့တာကို မြတ်နိုးမှု မရှိပါ။ နိဗ္ဗာနဓါတ်ကို သက်ဝင်ပြီး သောက ကင်းကင်းနဲ့ ဆိတ်ငြိမ်ရာမှာ တစ်ယောက်ထဲ သတ္တ၀ါအားလုံးအပေါ် ကြင်နာသနားလျက် အိပ်ရာထဲမှာ ငါ လဲလျောင်းနေတာပါ။
နောက်တစ်ခုက သံယုတ္တနိကာယ်ထဲကပဲ ၀င်္ဂီသ သံယုတ် ၀င်္ဂီသသုတ်ထဲမှာ အရှင်ဝင်္ဂီသရဲ့ စကားလေးတွေ….
ကာဝေယျမတ္တာ ၀ိစရိမှ ပုဗ္ဗေ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
အထဒ္ဒသာမ သမ္ဗုဒ္ဓံ၊ သဒ္ဓါ နော ဥပပဇ္ဇထ။
ဟိုတုန်းကတော့ သီချင်းကဗျာရေးဖွဲ့တာကို မြတ်မြတ်နိုးနိုးနဲ့ တစ်ရွာပြီးတစ်ရွာ တစ်မြို့ပြီးတစ်မြို့ လှည့်လည်ခဲ့တယ်။ အဲဒီလိုနဲ့ ဗုဒ္ဓကို ဖူးတွေ့ရတော့ ယုံကြည်သက်ဝင်မှု ဖြစ်လာတယ်။
သံယုတ္တနိကာယ် နိဒါန၀ဂ္ဂ သြပမသံယုတ် အာဏိသုတ်မှာတော့…
ယေ ပန တေ သုတ္တန္တာ က၀ိကတာ ကာဝေယျာ စိတ္တက္ခရာ စိတ္တဗျဉ္ဇနာ ဗာဟိရကာ သာဝကဘာသိတာ၊ တေသု ဘညမာနေသု သုဿူသိဿန္တိ၊
ကဗျာဆရာတို့ စီရင်ဖန်တီးထားသော ဆန်းကြယ်သော ဗျည်းအက္ခရာရှိသော သာသနာတော်၏ အပြင်ပဖြစ်သော တခြားသော တပည့်များ ပြောကြားသော သုတ်များကို နားထောင်ကြလိမ့်မည်။
အင်္ဂုတ္တရနိကာယ ဒုကနိပါတ ပဌမပဏ္ဏသတ သမစိတ္တ၀ဂ်မှာ ဆိုထားတဲ့
“ယေ ပန တေ သုတ္တန္တာ က၀ိကတာ ကာဝေယျာ စိတ္တက္ခရာ စိတ္တဗျဉ္ဇနာ ဗာဟိရကာ သာဝကဘာသိတာ၊ တေသု ဘညမာနေသု သုဿူသိဿန္တိ၊” စကားရပ်မှာ ပါတဲ့ “က၀ိတာ” ကို ဒီပါဠိရဲ့ အဖွင့်ကျမ်းက…
က၀ိတာတိ က၀ီဟိ ကတာ။ ဣတရံ တေဿဝေ၀၀စနံ။
က၀ိတာ ဆိုတာဟာ ကဗျာဆရာတို့ စီရင်ထားသော ကဗျာသီချင်း။ နောက်တစ်ပုဒ်ဖြစ်တဲ့ “ကာဝေယျ” ဒီ က၀ိတာနဲ့ တူတူပဲ။
အဲဒီ အဖွင့်ကျမ်းကို ထပ်ဖွင့်တဲ့ ကျမ်းက ဒီလို ပြောတယ်…
ဣတရန္တိ ကာဝေယျာတိ ပဒံ၊ ကာဗျန္တိ ၀ုတ္တံ ဟောတိ။ ကာဗျန္တိ စ က၀ိနာ ၀ုတ္တန္တိ အတ္ထော။ တေနာဟ တေဿဝေ၀၀စနံ။
နောက်တစ်ပုဒ်ဆိုတဲ့ စကားက ကာဝေယျကို ပြောတာပါ။ ကာဗျလို့ ဆိုလိုတယ်။ ကဗျာဆရာတို့ ရွတ်ဆိုသော ကဗျာသီချင်းလို့ အဓိပ္ပါယ်ရတယ်။
ခုဒ္ဒကနိကာယ် ဥဒါနပါဠိ နန္ဒ၀ဂ္ဂ သိပ္ပသုတ်မှာလဲ ဒီလို ဆိုထားသေးတယ်….
ရဟန်းတွေ အချင်းချင်း မေးကြမြန်းကြတဲ့အခါ အတတ်ပညာတွေထဲမှာ ဘယ်အတတ်ပညာက အမြင့်ဆုံးလဲလို့ မေးခွန်းကို တစ်ချို့က…
ကာေ၀ယ်သိပၸံ သိပၸါနံ အဂၢံ။
သီချင်းကဗျာရေးးဖွဲ့ခြင်းအတတ်ပညာသည် အမြင့်ဆုံး လို့ ဖြေကြတယ်။
ဒီစကားတွေကို ဗုဒ္ဓကို လျှောက်ထားကြတော့ ဗုဒ္ဓက ပြတ်ပြတ်ပဲ ပြန်ပြောတယ်။
န ခွေတံ၊ ဘိက္ခဝေ၊ တုမှာကံ ပတိရူပံ ကုလပုတ္တာနံ သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာနံ ယံ တုမှေ ဧ၀ရူပိံ ကထံ ကထေယျာထ။ သန္နိပတိတာနံ ဝေါ၊ ဘိက္ခဝေ၊ ဒွယံ ကရဏီယံ ဓမ္မီ ၀ါ ကထာ အရိယော ၀ါ တုဏှီဘာဝေါတိ။
ရဟန်းတို့ ယုံကြည်သက်ဝင်မှုဖြင့် အိမ်ရာစွန့်ပြီး ရဟန်းဝတ်လာတဲ့ အမျိုးကောင်းသားတွေ အတွက် ဒီစကားမျိုး ပြောတာ မသင့်ပါ။ ရဟန်းများ စည်းဝေးတဲ့အခါ အလုပ် နှစ်မျိုးပဲ လုပ်ရမယ်။ တရားစကား ပြောရင်ပြော။ ဒါမှမဟုတ် မြင့်မြတ်တဲ့ တိတ်တိတ်ဆိတ်ဆိတ် နေ။
ဆက်ပြောသေးတယ်…။
အသိပ္ပဇီဝီ လဟု အတ္ထကာမော၊
ယတိန္ဒြိယော သဗ္ဗဓိ ၀ိပ္ပမုတ္တော။
ရဟန်းဆိုတာ တပ်မက်မှုကို ပယ်ဖြတ်ပြီးလို့ ပစ္စည်းဥစ္စာတွေကို မစွဲလမ်းတော့ပဲ အတတ်ပညာ တစ်စုံတစ်ရာကိုမှ မှီခိုပြီး အသက်မွေးဝမ်းကြောင်း မလုပ်တော့ဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်ထားရှိတယ်။ ဣနြေ္ဒသိက္ခာကို စောင်းစည်းပြီး ဘ၀အားလုံးမှ လွတ်မြောက်သူ ဖြစ်တယ်။
အင်း….ပြောတာတွေ များသွားပြီ။ ရှုပ်နေလား မသိဘူးနော်။ ဒါတောင် လက်လှမ်းမမှီတဲ့ နေရာတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။ မပြည့်စုံတာကတော့ ကိုယ့်ရဲ့ လိုအပ်ချက်ပါ။ အတိုင်းအတာတစ်ခုအနေနဲ့ နားလည်ပေးမယ်ဆိုရင်တော့ ၀မ်းသာမိမှာပါ။
Sunday, April 4, 2010
သံချပ်စပ်နည်း
သင်္ကြန် နီးလာပြီဆိုရင် သံချပ်တွေထိုးကြတာ မြန်မာ့ရိုးရာ ဓလေ့တစ်ခုပါ။ မိတ်ဆွေ တစ်ယောက်ကတော့ ပြောပါတယ်။ နောက်ဆိုရင် ကလေးတွေက သံချပ်ဆိုရင် သံချပ်ကာ ကား ပဲ သိတော့မယ် ထင်တယ်တဲ့။ မည်သို့ပင်ဖြစ်စေကာမူ ငယ်ငယ်ကတည်းက ဖေဖေ့ဆီက အမွေရထားတဲ့ ကဗျာဖွဲ့နည်း နိသျည်း ဆိုတဲ့ စာအုပ်ကလေးထဲက သံချပ်စပ်နည်းကို ထုတ်နုတ်ပြီး စာပြန်ရိုက်ပေးလိုက်ပါတယ်။ ဒီစာအုပ်ကို ဒီခေတ်မှာ ပြန်ထုတ်မထုတ် အသေအချာ မသိတဲ့အတွက် ရှားပါးပြီး အသုံးဝင်မယ်ထင်လို့ပါ။ သတ်ပုံတွေ အဖြတ်အတောက်တွေ က မူရင်းအတိုင်း ဖြစ်ပါတယ်။
ဥပဒေ။၁။ အတိုင်-အဖေါက် ဟူ၍ ၂-ပုဒ် ထားရမည်။
၂။ အတိုင်ကို ၇-လုံးထားပြီး, ၄-လုံး ၃-လုံး ခွဲနေစေ။
၃။ အဖေါက်ကို ၈-လုံးထားပြီး, ထက်ဝက်ခွဲနေစေ။
အထက်ပါ အင်္ဂါများနှင့် ပြည့်စုံအောင် စပ်ဆိုခဲ့ပါလျှင် သံချပ် ကဗျာဖြစ်လာနိုင်ပါတော့၏။ ။ ပုံစံကား -
(က) အတိုင်။ အပါးအောက်ကအထူခံ။
အဖေါက်။ ကုလားအပြန်-လိုက်မဲ့မိန်းမ။ ။
(ခ) တိုင်။ အင်္ကျီပါးနဲ့ - ခါးတထွာ၊
ဖေါက်။ ကစားစရာ-လှုပ်လှုပ် လှုပ်လှုပ်။ ။
အထက်ပါ သံချပ်တို့ကား ၁၃၀၀-ပြည့်နှစ် လောက်က မဟာမေဒင် ဘာသာဝင် ကုလားက,ပြား ဦးရွှေဖီဆိုသူ “မော်လ၀ီနှင့် ယောဂီစာတမ်း” စာအုပ်ကို ရေးသားမိမှုကြောင့် ကုလား-ဗမာ အဓိကရုဏ်းကြီး ဖြစ်ပြီးနောက် အင်္ကျီပါးဝတ်သည့် မိန်းမများကို ကဲ့ရဲ့ရှုံ့ချကာ ကုလားနှင့် ပေးစားပြီး ထိုးကြသော သံချပ်များမှ ကောက်နုတ်ချက်ဖြစ်သည်။
၎င်း၌ ပိုဒ်ရေနှင့် လုံးရေကို သိသာပါပြီ။ ကာရန်နေပုံမှာကား ပဌမ အတိုင်ပုဒ်မှ အဆုံးအက္ခရာနှင့် ဒုတိယ အဖောက်ပိုဒ်မှ ၄-လုံးမြောက် အက္ခရာတို့ကို ညီညွတ်စေရသည်။ ထို့ကြောင့် ပဌမ ပုံစံဝယ် “ခံ-ပြန်” ဟု ထားရသည်ကို သတိပြုပါ။
ဒုတိယ ပုံစံမှာမူ ပဌမပုံစံအတိုင်း လုံးရေနှင့် ကာရန်တို့ ညီညွတ်နေခဲ့သော်လည်း၊ ၎င်းကာရန်မှာ ပဌန ပုံစံကကဲ့သို့ ကာရန်ရိုးရိုးမျိုး မဟုတ်တော့ပေ၊ “ခါးတထွာ-ကစားစရာ” ဟု နဘေစပ်မျိုးဖြင့် စပ်ထားလေသည်။ ထို့ကြောင့်သဘောချင်း တူသော်လည်း အစပ်အဟပ် မတူသဖြင့် နည်း ၂-မျိုးသိစေရန် ပုံစံ ၂-မျိုးကို ထုတ်ပြလိုက်ရသည်။
ထိုမှတပါးလည်း ဒုတိယ အဖောက်ပိုဒ်ကို ဥပဒေအတိုင်း လုံးရေကို ထားမြဲထားပြီးလျှင် အစပ်-အဟပ်ကိုမူ တတိယမြောက် အလုံးနှင့်လည်း ကာရန်တူယူကာ စပ်-ဟပ်နိုင်လာပြန်ပါပေသည်။ ။
ပုံစံကား -
(က) တိုင်။ အင်္ကျီပါးနဲ့-ဇာဘော်ဒီ
ဖေါက်။ ငရွှေဖီနဲ့-ပြောပီးဆိုပီး။ ။
(ခ) တိုင်။ အင်္ကျီပါးနဲ့-မျက်ထားချို၊
ဖေါက်။ သက်ကြားအိုတောင် မကြိုက်မကြိုက်။ ။
ဤသို့လျှင် ပဌမအပိုဒ်မှ နောက်ဆုံး အလုံးဖြစ်သည့် “ဒီ” ကို ဒုတိယအပိုဒ်မှ ၃-လုံးမြောက် ဖြစ်သည့် “ဖီ” နှင့် စပ်ဟပ်နိင်ပြန်ကြောင်းကို မှတ်ကြလေဦး။ ။၎င်းမှာလည်း အထက်က ကဲ့သလို့ နဘေထပ် စပ်နိုင်ပြန်၏။ ဒုတိယတွင် “မျက်ထားချို-သက်ကြားအို” ဟု စပ်ထားသည်ကို သတိပြုလေ။
ပုံစံကား -
(က) တိုင်။ ။အမေ့ချွေးမ-ပျောက်လို့ရှာ၊
ဖေါက်။ ။တွေ့ပြီ တွေ့ပြီ သူဘဲသူဘဲ။ ။
(ခ) တိုင်။ ။ သူ့သ္မီးကို-ပက်မယ်ကြံ၊
ဖေါက်။ ။ သူ့အမေက-ကာဆီးကာဆီး။ ။
အထက်ပါ ပုံစံတို့၌ လုံးရေနေပုံ တချက်စာ ဥပဒေ အတိုင်းထားတော့၏။ အစပ်-အဟပ်, ကာရန်ဟူ၍ လုံးဝမရှိတော့ပေ။ သို့သော် အတိုင်, အဖောက် ၂-ပိုဒ် ပေါင်း၍ အနက်အဓိပ္ပါယ်ကို ယူလိုက်ပြန်သောအခါ၌မူ၊ ရှေ့နောက်ဆီဆိုင်ပြီး ညီညွတ်နေသည်ကိုကား တွေ့ရသဖြင့် ဤကဲ့သို့လည်း စပ်ဟပ်နိုင်သေးသည်ဟု မှတ်ယူရမည်။
(က) တိုင်။ ။ ဘဲဥနှစ်လုံး အပြုတ်ကြော်၊
ဖေါက်။ ။ ပျာတာကတော် ဆောင်းတဲ့ဦးထုပ်။ ။
(ခ) တိုင်။ ။သိကြားမင်းက-လိပ်ယောင်ဆောင်၊
ဖေါက်။ ။ ဆိတ်ဖိုနှစ်ကောင်-ထိုးတဲ့ခုံညှင်း။ ။
အထက်ပါသံချပ်မျိုး၌ လုံးရေနှင့် ကာရန်တို့မှာ ဥပဒေနှင့် ညီညွတ်စွာရှိနေခဲ့သော်လည်း၊ ရှေ့နောက် ၂-ပိုဒ်ကို စပ်၍ အဓိပ္ပါယ်ယူလိုက်သောအခါ တပိုဒ်နှင့်တပိုဒ်မှာ မည်သို့မှ မဆက်စပ်ဘဲ နေခဲ့သဖြင့်၊ ရယ်ရွှင်ဘွယ် အရာမျိုး၌သာ အသုံးပြုရတော့၏။ ။ ရှေးခေတ်သမယကလည်း ဤသံချပ်မျိုး ရှိခဲ့ဘူးသည်သာ ဖြစ်လေသည်။
ဤသို့လျှင် “သံချပ်” စပ်နည်းများကို မှတ်ယူကြရာသည်။ သံချပ်ကဗျာကို စ၍တည်ထွင်ခဲ့စဉ်က ရှေး၌ဖော်ပြထားခဲ့သည့်အတိုင်း တပါးသော သီချင်းတို့အတွင်းသို့ ညှပ်သွင်းပြီး ထိုး,ကြ ဆို,ကြဘို့ရန်သာ ဖြစ်ခဲ့သော်လည်း၊ ယခုခေတ် အခါ၌မူကား ထိုသို့ မဟုတ်တော့ဘဲ သံချပ်ချည်း သက်သက်ကိုသာ ထိုး,ကြလျက် ဒိုးပတ်ဝိုင်း, အိုးစည်ဝိုင်းတို့၌ များစွာ အသုံးပြုခဲ့လေတော့သည်။
(ဦး) တင့်ဆွေ ရေးသားသော ကဗျာဖွဲ့နည်း နိသျည်း ကျမ်း (၁၉၆၄ တတိယအကြိမ်ထုတ်) မှ။
(ဒါနဲ့ ဘလော့ဂ်ထဲမှာတော့ ရွှေပြည်ဝေး မဏ္ဍပ် ဆိုပြီး သံချပ်တွေ ထိုးမယ့် စင်တစ်စင် တွေ့ထားတယ်။ ဒီဘလော့ဂ်မှာပါ။ ဘယ်သူုမဆို ဆင်နွှဲနိုင်ပါသတဲ့။ မနှစ်ကလည်း လုပ်ခဲ့ပါသေးတယ်။)
Wednesday, April 1, 2009
April Fool Day မှာ Conficker Worm အတိုက်အခိုက် မခံရဖို့
ကိုအောင်သာငယ်၊ မိုးမခ နဲ့ တခြား ဘလော့ဂ်တွေ ၀က်ဘ်ဆိုက်တွေ တော်တော်များများမှာ Conficker ဆိုတဲ့ Worm က ကွန်ပြူတာတွေကို တိုက်ခိုက်နိုင်တဲ့အကြောင်း ဖတ်လိုက်ရပါတယ်။
ဒီ worm တိုက်ခိုက်ခံရရင် ကိုယ့်ကွန်ပြူတာကို hacker က ကြိုက်သလို ထိန်းချုပ်တာ ခံရနိုင်သတဲ့။ ဒီပိုးကို ထွင်တဲ့လူတွေကလည်း ကွန်ပြူတာတွေ သန်းနဲ့ချီ အများကြီး လိုက်ထိန်းချုပ်ဖို့ သူတို့မှာ ဘယ်လောက် အချိန်ရှိမှာလဲ။ ကိုယ့်လို ဘာမှ အရေးကြီးတာတွေ မရှိတဲ့ ကွန်ပြူတာလောက်ကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး လို့လဲ တွေးမိပါတယ်။ ဘဏ်စာရင်း password ခိုးမယ်ဆိုရင်တောင်မှ ကိုယ့်မဖြစ်ညစ်ကျယ် ပိုက်ဆံလောက်ကိုတော့ မလုပ်လောက်ပါဘူးလေလို့ စဉ်းစားမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သတိပေးထားကြတာက ကြောက်စရာကြီးပေါ့။
ဟိုးအရင်ကတော့ virus, worm, trojan ဆိုတာတွေကို ကွဲကွဲပြားပြား မသိခဲ့ဘူး။ အခု Conficker ကတော့ worm အမျိုးအစားဆိုတော့ ကပ်ပါးကောင်တွေလိုပဲ ခိုအောင်းနိုင်စွမ်း ရှိပြီး တခုကနေ တခုက ကူးသွားနိုင်တဲ့ ဂုဏ်သတ္တိရှိတယ် လို့ သိလိုက်ပါတယ်။ ကိုယ်ကလည်း ကွန်ပြူတာနဲ့ အင်တာနက်ကို ၂၄ နာရီနီးပါး ချိတ်ဆက်ထားသူဆိုတော့ အဲဒါ ၀င်နေမလားလို့ ပူမိပါတယ်။
ဖြစ်နိုင်ရင် ကွန်ပြူတာကို ဧပြီ ၁ ရက်နေ့ မတိုင်ခင် ပိတ်ပြီး ဧပြီ ၂ ရက်နေ့မှ ပြန်ဖွင့်ပါ လို့ပြောကြတယ်။ အိမ်ပြန်ရောက်ရင် ကွန်ပြူတာနဲ့ လက်နဲ့ မပြတ်နေမှ နေသာထိုင်သာ ရှိသူမို့ ဒုက္ခပါပဲ လို့တွက်မိပါတယ်။ ဒါနဲ့ပဲ ကွန်ပြူတာနဲ့တော့ မဝေးနိုင်ဘူး ပိုးမ၀င်အောင် ဒါမှမဟုတ် ၀င်နေရင်လည်း ဖယ်ရှားနိုင်အောင် အကြံပြုထားကြတဲ့ အတိုင်းလုပ်ဦးမှ ဆိုပြီး ဒီညတော့ ကိုယ့် laptop ထဲမှာ တပ်ထားတဲ့ BitDefender Internet Security ကို full scan လုပ်လိုက်ပါတယ်။ ဒီနေ့မှ ကွန်ပြူတာကလည်း ပိုနှေးနေသလိုပါပဲ။ ည ၁၀ နာရီကျော်လာပါတယ်။ scan run နေတာကလည်း အခုထိ မပြီးနိုင်သေးပါ။ စိတ်ထဲမှာ ကွန်ပြူတာအောက်က run နေတဲ့ ပန်ကာက တ၀ီးဝီးနဲ့ အသံပိုမြည်လာသလိုပဲ။ ပူလည်းပူတယ်။ ဒါနဲ့ပဲ ဖူဂျစ်ဆု လက်ပ်တော့ လေးကို ပြောင်းပြန်လှန် ပြီး ဟိုကြည့် ဒီကြည့် ကြည့်လိုက်ပါတယ်။
အခု မြားပြထားတဲ့ နေရာလေးကို သေသေချာချာ ကြည့်လိုက်တဲ့ အခါကျတော့.. လားလား..။ အဖြူရောင် တွန့်တွန့်သေးသေးလေး တလှုပ်လှုပ်ကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ပဲ ဇာဂနာလေးနဲ့ ဖြည်းဖြည်းချင်း ဆွဲနှုတ်လိုက်ပြီးတဲ့အခါ ချက်ချင်းပဲ ကွန်ပြူတာ အရှိန်လည်း ပြန်မြန်လာတယ်။ အေးလည်းအေးသွားပါတယ်။ စိတ်ထဲ သိပ်မရှင်းတာနဲ့ google ကနေ “how to kill conficker worm” လို့ ရိုက်ထည့်ပြီး ရှာကြည့်လိုက်တော့ ကိုယ့်လို ကြုံတွေ့ပြီး ဖြေရှင်းလိုက်ကြတဲ့ အကြောင်း တွေ ဖတ်လိုက်ရပါတယ်။ စိတ်ထဲမှာ matrix ရုပ်ရှင်ကိုတောင် သတိရသွားသေးတယ်။ ကွန်ပြူတာပိုးတွေက တကယ့်ကို physical အကောင် အနေနဲ့ ရောက်လာတာကိုး။ hacker တွေကိုလည်း အံ့သြမိပါတယ်။ အခုတော့ ဧပြီ ၁ ရက်မှာ ကွန်ပြူတာကို စိတ်အေးလက်အေး ဖွင့်နိုင်ပြီပေါ့။ ဒါနဲ့ပဲ ညသန်းခေါင်ကျော်အထိ ဒီစာကို ဆက်ရေးလိုက်ပါတယ်။
Deskstop ဆိုရင်တော့ CPU ပုံး ကိုစစ်ရမယ် ထင်ပါတယ်။ Laptop တွေကတော့ စောစောက ပြထားတဲ့ နေရာကို သေသေချာချာ ကြည့်ပါ။ လှုပ်လှုပ် တွန့်တွန့် အကောင်လေးတွေ တွေ့ရင်တော့ ဇာဂနာနဲ့ ဆွဲနုတ်လိုက်ပါ။ တိုးတက်နေတဲ့ နည်းပညာကြီးကလည်း အံ့သြစရာ ကောင်းလိုက်တာနော်။
ပန်ဒိုရာ
Monday, February 16, 2009
အချစ်၏ နောက်ဆက်တွဲ သို့မဟုတ် ဘလော့ဂ်များတွင် ကူးယူဖော်ပြခြင်း ပြဿနာ
ရှေ့ကပို့စ်မှာ မှတ်ချက်တွေ လာရေးသွားသူတွေကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ဒီ့ထက်ပို ရှင်းရှင်းလင်းလင်း ရေးစရာလိုတယ် ထင်လို့ ဒီစာကို ထပ်ရေးလိုက်ပါတယ်။
ပထမဦးဆုံး ကောင်းကင်ကိုရဲ့ နောက်ဆက်တွဲပို့စ်ကနေ ညွှန်းချင်ပါတယ်။
ကောင်းကင်ကိုပြောတာကို သဘောတူပါတယ်။ သူတပါးစာကို ဘလော့ပေါ်မှာ ကူးယူဖော်ပြတဲ့ လူတိုင်းကို ခိုးတယ်လို့ ၀ါးလုံးရှည်နဲ့ ရမ်းလို့မရပါဘူး။ ပန်ဒိုရာရဲ့ ရှေ့က ပို့စ်မှာလည်း အတိအလင်း ရေးထားပါတယ်။ အဲဒီပို့စ်မှာ ကိုယ့်စာကို ဖော်ပြထားတဲ့ ဘလော့ဂ်တွေ စာရင်းရေးပြီးတဲ့အခါ မောင်သစ်ဆင်းဘလော့ဂ်က စာ (အခုတော့ ဖြေရှင်းပြီး) ကလွဲလို့ “အထက်က လင့်ခ်တွေကတော့ ဘယ်ကမှန်းမသိတဲ့ စာကို နှစ်သက်လို့ ပြန်ဖော်ပြရုံလို့ ယူဆရပါတယ်။” လို့ ရေးထားခဲ့တာပါ။ အပြစ်တင်မထားပါဘူး။
ကောင်းကင်ကိုက အုပ်စု လေးမျိုးခွဲပြသွားတယ်။
(၁) တစ်အုပ်စုက ခွင့်တောင်းသည်ဖြစ်စေ၊ ခွင့်မတောင်းသည် ဖြစ်စေ နာမည်တပ်ပေးတာပါ။
(၂) နောက်အုပ်စုက မေးလ်ထဲက ရလို့ ဖြစ်စေ တစ်ခြားတစ်နည်းနည်းနဲ့ ရလို့ ရေးသူ အမည်မသိတော့ပဲ တင်တာပါ။ ဒါပေမယ့် သူတို့ က ကိုယ်တိုင်ရေးမဟုတ်ကြောင်း အသိပေးထားပါတယ်။ မေးလ်ထဲက ရတာတို့ ၊Label မှာ from a site လို့ ရေးတာတို့ (သူတို့ အရင်ရက်တွေက ဖိုင်ကို saveလုပ် ပြီး မှ ဆိုဒ်နာမည်မမှတ်မိတော့လို့ ဖြစ်လိမ့်မယ်)
အထက်ကပြောခဲ့တဲ့ နှစ်အုပ်စုကို ပြဿနာရှိတယ်လို့ ပန်ဒိုရာလည်း မယူဆပါ။ ကိုယ့်စာကို နှစ်သက်ပြီး ဖြန့်ဝေပေးတာမို့လို့ ကျေးဇူးတင်ရမယ့် အုပ်စုပါ။ အုပ်စု ၂ အနေနဲ့ကတော့ စာရေးသူ ဘယ်သူလဲ သိသွားတဲ့အခါမှာ စာရေးသူနာမည်ကို ပြန်ဖော်ပြလိုက်လို့ရပါတယ်။
(၃) နံပါတ်သုံးအုပ်စုကတော့ ကလောင်ရှင် နာမည်လည်း မတပ်၊ သူ့ နာမည်လည်း မတပ်၊ ဘယ်က ရတယ်ဆိုတာကိုလည်း တုံးတိတိကြီးလုပ်ထားတာပါ။
ကောင်းကင်ကိုက သူတို့ကိုလည်း အပြစ်တင်မစောဖို့ ပြောထားပါတယ်။ ဒါလည်း သဘောတူပါတယ်။ တချို့ကတော့ ကိုယ်ရေးတယ် အထင်ခံရအောင် မရိုးမသား အသာငြိမ်နေတာ ဖြစ်နိုင်ပေမယ့် တချို့က တကယ်ကို ရိုးရိုးသားသားနဲ့ ဒီလို တခုခု ပြောရကောင်းမှန်း မသိလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုသဘောထားလဲ ဆိုတာ ကိစ္စပေါ်မလာမချင်း အတပ်မပြောနိုင်ပါဘူး။ ရေးသူ ဘယ်သူလဲ သိရတဲ့အခါ ပို့စ်ကို ဖျက်ပစ်စရာ မလိုပါဘူး။ ရေးသူနာမည် တပ်ချင်ရင် တပ်လိုက်ရင် ပြီးပါပြီ။ ဒါကိုလည်း သေသေချာချာ နားလည်စေချင်တယ်။
(၄) ယူပြီး ကိုယ့်နာမည် တပ်ပစ်တာဖြစ်စေ၊ ပြင်ပစ်တာ ဖြစ်စေ အဲဒါတွေကိုတော့ လုံးဝ ပြင်းပြင်းထန်ထန် ဆန့် ကျင်ပါတယ်။
ဟုတ်ပါတယ်။ အခု ပြောနေကြတာက ဒီအခြေအနေကို အဓိကပါ။ အုပ်စု ၄ ရဲ့ လုပ်ရပ်ဟာ လက်ခံစရာ မရှိပါဘူး။ မရိုးသားတာ ပေါ်လွင်ပါတယ်။ ဒါတောင်မှ ပြင်ပစ်တယ် ဆိုတဲ့နေရာမှာ မူရင်းစာကို ဖော်ပြပြီး ဆင့်ပွားဖန်တီးတာပါလို့ ရိုးရိုးသားသား ပြောထားရင် လက်ခံနိုင်စရာ အကြောင်းရှိနိုင်ပါသေးတယ်။
နောက်ထပ် အုပ်စုတစ်ခု ထပ်ထည့်ချင်ပါတယ်။ အဲဒါကတော့ …
(၅) ဘလော့ဂ်ကို လာဖတ်ပြီးတဲ့အခါ ကူးယူပြီး forward mail နဲ့ စပြီး ပို့ကြတဲ့လူတွေပါပဲ။ အဲဒီ အုပ်စုကျတော့ ဘလော့ဂ်ပေါ်မှာ မြင်နေရမှာမဟုတ်ဘူး။ ဘယ်သူတွေမှန်းလည်း သိမှာမဟုတ်ဘူး။ သို့သော် သူတို့ကြောင့် နောက်ဆက်တွဲ ပြဿနာတွေကတော့ ဖြစ်သွားနိုင်တယ်။ သူတို့ကိုတော့ မသိနားမလည်ခဲ့လို့ ဆိုရင်လည်း နောက်တခါဆိုရင် ဖန်တီးသူတွေရဲ့ ကိုယ့်ဖန်တီးမှုတခု အပေါ် ထားတဲ့ သဘောထားကို ကိုယ်ချင်းစာတတ်အောင် ကြည့်စေချင်ပါတယ်။ forward လုံးဝ မလုပ်ရဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ကိုယ်နှစ်သက်ရာတခုကို ဝေမျှချင်တယ်ဆိုတာ ကောင်းတဲ့စိတ် ဖြစ်ပါတယ်။ ဖန်တီးသူ သို့မဟုတ် ဘလော့ဂ်ရဲ့ လိပ်စာလေးနဲ့တကွ forward လုပ်ပေးစေချင်ပါတယ်။ ဒါဆိုရင် ဘယ်သူ့ကိုမှ မထိခိုက်စေပဲ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဝေမျှ လို့ရတယ်။
ဒီနေရာမှာ ဆက်ပြီး anonymous နာမည်နဲ့ အင်္ဂလိပ်လို ရေးသွားတဲ့ မှတ်ချက်နဲ့ ပတ်သက်လို့လည်း နည်းနည်း ရှင်းပြချင်ပါတယ်။ (ဒီလို ပြောလို့ အပြန်အလှန်တွေ ဖြစ်ကုန်ကြပဟဲ့ လို့လည်း မမှတ်လိုက်ကြပါနဲ့ဦး။ အဲဒါ အချင်းချင်း အားနာနေစရာ မလိုပဲ ပြောနိုင်ဆိုနိုင် ခင်မင်ရတဲ့ သူငယ်ချင်း တစ်ယောက်ပါ။)
သူပြောတာကို အားလုံးတော့ ပြန်မပြောတော့ပါ။ မှတ်ချက်မှာ ပြန်ဖတ်ကြည့်ပါ။ အနှစ်ချုပ်ရရင် .. ဒီလို မူပိုင်ခွင့်ဖောက်ဖျက်နေတာတွေဟာ ကူးစက် ရောဂါလိုပဲ မနိုင်နိုင်တဲ့စစ်ပွဲ ဖြစ်တယ်ပေါ့။ ဒါက ကိုယ်ကြီးပြင်းလာတဲ့ နိုင်ငံရဲ့ ပညာရေးနဲ့လည်း ဆိုင်သလို လူတွေရဲ့ စိတ်သဘာဝနဲ့ လည်း ဆိုင်တယ်။ ဖြစ်နေတာလည်း ကြာလှပြီ။ လူတွေအတော်များများဟာလည်း အစစ်မဟုတ်တဲ့ စီဒီတွေ၊ ဆော့်ဖ်ဝဲ တွေ၊ အလကား ဒေါင်းလုဒ် ရတဲ့ သီချင်းတွေ အီးဘွတ်ခ် တွေ စတာတွေကို သုံးစွဲနေကြတာပဲပေါ့လေ။ နာမည်ကြီးတဲ့ တခြားစာရေးသူ တွေဆီကလည်းကူးနေကြတာတွေ ဒုနဲ့ဒေးပါ။ အင်တာနက်မှာဆို လူတွေက အလကားရတယ်လို့ ထင်ကြတယ်။ ကူးကြတယ်။ ဒီတော့ ပန်ဒိုရာရယ် မနိုင်နိုင်တဲ့ စစ်ပွဲမှာ ကိုယ့်စာတွေ အယူခံရလို့ ခံစားနေမယ့်အစား မင်းစာတွေ ကောင်းနေလို့ သူများက ယူတာ ယူပါစေလား ပေါ့။ အရည်အသွေးကို အဓိကမထားတဲ့ ဘလော့ဂ်တွေဟာ သူ့ဘာသာ ကွယ်ပျောက်သွားမယ်ပေါ့။
ပြဿနာတွေကို ရောထွေးမပစ်စေလိုပါ။ သူငယ်ချင်း ပြောခဲ့တဲ့ ကိစ္စများဟာ တိုးတက်တဲ့ နိုင်ငံတွေမှာတောင် ဖိုရမ်တွေ အစည်းအဝေးတွေမှာ ဆွေးနွေးငြင်းခုံကြဆဲ။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း ခေါင်းခဲနေဆဲပါ။ တကယ် စိတ်ဝင်စားကြမယ် ဆိုရင်တော့ နိုင်ငံအဆင့် အမျိုးမျိုးမှာ မူပိုင်ခွင့် အမျိုးမျိုးရဲ့ စီးပွားရေး လူမှုရေး ဆက်နွယ်နေတဲ့ လက်ရှိ ပြဿနာတွေ အကြောင်းကို အချိန်ရရင် ရေးပေးချင်ပါတယ်။
အခုဟာကတော့ အလွန် အခြေခံကျတဲ့ ကျင့်ဝတ်တခု ကိစ္စကိုပဲ ပြောနေတာပါ။ ဒါကို စောစောက ကိစ္စတွေနဲ့ ယေဘုယျ မလုပ်စေချင်ပါ။ မူပိုင်ခွင့် ပြဿနာမျိုးစုံဟာ သူ့သဘာဝနဲ့သူ သီးခြားတည်ရှိပါတယ်။ ဥပမာ ပြောရရင်.. မောင်ကကြီးဟာ မိုက်ခရိုဆော့ဖ် အတု သုံးထားတဲ့အတွက် သူဖန်တီးထားတဲ့ ကဗျာတစ်ပုဒ်ကို မောင်ခခွေးကပိုင်တယ်လို့ ပြောနေတာ ငြိမ်ခံလိုက်ပါ .. ဆိုတာမျိုး ဆက်စပ်လို့မရပါ။
အခုပြောနေတာက …
သူများပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းလို့ မပြောနဲ့။ ထင်အောင်လည်း မလုပ်နဲ့။ ….
ဒါလောက်ပါပဲ။ ဒီ့ထက်မပိုပါ။ ဒါဟာ လူတိုင်း လက်ခံနိုင်မယ့် အခြေခံ စောင့်စည်းမှု တခုလို့လည်း ယူဆပါတယ်။ ဖန်တီးသူတွေ စိတ်ပျက်မသွားစေဖို့ ဖန်တီးမှုတွေကို အားပေးဖို့အတွက် ဒီအသိုင်းအ၀ိုင်းလေးမှာ ဒီလောက်ကလေးကိုတော့ ထောက်ပြသင့်တယ် လို့လည်း ယုံကြည်ပါတယ်။ တချို့ကိစ္စတွေဟာ ပြောမှပဲ သိမယ်ဆိုရင် ပြောပြဖို့လိုအပ်ပါတယ်။
ဒီတော့ ကိုယ်က မသိလို့ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ ကိုယ်ဖန်တီးတာ မဟုတ်တဲ့ တခုခုကို ကူးယူဖော်ပြမိတဲ့အခါ အထက်မှာ ပြောပြီးခဲ့တဲ့ ဘယ်အုပ်စုမှာ ပါနေသလဲဆိုတာ ကိုယ့်ဘာသာ ကြည့်ပါ။ ပန်ဒိုရာတို့ အခု လက်မခံနိုင်တာဟာ မရိုးသားသူများကိုသာ ဖြစ်ကြောင်းပါ။ ကိုယ့်ကို မရိုးမသားလို့ အထင်မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလေးတွေကိုတော့ အကြံပြုထားဖူးပါတယ်။ သူများဟာလည်းမခိုးနဲ့ ကိုယ့်ဟာလည်း အခိုးမခံရစေနဲ့ ဆိုတဲ့ ပို့စ်မှာ ဖတ်နိုင်ပါတယ်။
နောက်ဆုံး ရှင်းပြချင်တာကတော့ ပန်ဒိုရာရဲ့ ဒီဘလော့မှာ ဖော်ပြထားတဲ့ စာတွေကို creative commons license 3.0 အောက်မှာ ထည့်ထားပြီးသားပါ။ side bar မှာတွေ့နိုင်ပါတယ်။ အဲဒါကတော့ ပန်ဒိုရာ ဘလော့ဂ်လိုမျိုး အခကြေးငွေနဲ့ မပတ်သက်တာ (အလကားဖြန့်ဝေတာ) ဆိုရင် ပန်ဒိုရာရေးတဲ့ ပို့စ်တွေကို စာရေးသူအမည် (ဖြစ်နိုင်ရင်တော့ ဘလော့ဂ်လင့်ခ်ကိုပါ) ဖော်ပြပြီး ပြန်ကူးယူ ဖော်ပြ ဖြန့်ဝေလို့ရပါတယ်။ ခွင့်လည်း တောင်းစရာ မလိုပါ။ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ နေရာမှာ သုံးမယ်ဆိုမှသာ ခွင့်ပြုချက် အရင်ယူပါ။
ကျေးဇူးတင်ပါတယ်။ မရှင်းသေးရင်လည်း မှတ်ချက်ထပ်ရေးသွားလို့ ရပါတယ်။
ပန်ဒိုရာ
Saturday, December 13, 2008
ဘလော့ဂါများအတွက် ကော်ပီရိုက် နှင့် နောက်ဆက်တွဲများ
အခုတလော မိသားစုကိစ္စလေးတွေနဲ့ အလုပ်များနေလို့ အင်တာနက် သိပ်မ၀င်ဖြစ်ခဲ့ပါဘူး။ တခါတလေတော့ ရင်းနှီးရာဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်ပါတယ်။ ရှေ့တစ်ပတ်လောက်မှ စာပြန်ရေးမယ်လို့ စဉ်းစားထားပြီး IP နဲ့ပတ်သက်တဲ့ ဗဟုသုတ ပို့စ်တွေကိုလည်း ဒီလောက်ဆို တော်သင့်ပြီ လို့ စိတ်ကူးပေမယ့် ရေးစရာက ပေါ်လာပါတယ်။
ပထမဆုံးကတော့ အမည်မသိသူတစ်ဦး မှတ်ချက်ရေးပြီး လာပေးသွားတဲ့ သတင်းပါ။ အဲဒါကတော့ ၂၀၀၇ ဧပြီ ၃၀ က ပန်ဒိုရာ ရေးခဲ့တဲ့ ချက်ခြင်းအနုပညာ ဆိုတဲ့ ပို့စ်ကို “မိုးတွေညိုတဲ့ မိုးချုပ်ညတို့ရဲ့ ဘ၀များ” ဆိုတဲ့ ဘလော့ဂ် ဒီနေရာမှာ credit မပေးပဲ တင်ထားတဲ့ ကိစ္စပါ။ သူဟာ ပန်ဒိုရာရဲ့ ဘလော့ဂ်ကနေ လာယူပြီး တင်လိုက်တာ ဖြစ်ချင်မှ ဖြစ်ပါမယ်။ forward email တခုခုကနေ ရပြီး ဘယ်သူမှန်းမသိလို့ ဒီလိုပဲ တင်လိုက်တာ ဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုဖြစ်ဖြစ်ပါ။ ဘာမှမပြောပဲ အဲဒီပို့စ်ကို တင်ထားတဲ့အတွက် သူရေးတယ်လို့ ထင်စရာ ဖြစ်နေပါတယ်။ ရှင်းလင်းပေးစေလိုပါတယ်။ သတင်းပေးသူကို ကျေးဇူးတင်ပါတယ်။
ဒီကိစ္စတွေဟာ မြန်မာ ဘလော့ဂ်ဝန်းကျင်မှာ ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါတွေကို ရှေ့မှာလည်း ပြောခဲ့ပြီးပါပြီ။ ဘယ်သူမဆို ကိုယ့်ဖန်တီးမှု မဟုတ်တာကို ပိုင်ရှင်ဆီက ခွင့်ပြုချက်မရဘဲ (သို့မဟုတ် creative common license အောက်ကနေ ခွင့်ပြုထားတာ မဟုတ်ဘဲ) ဆိုရင် ကိုယ့်ဘလော့ဂ်မှာ လုံးဝမတင်တာ အရှင်းဆုံးပါပဲ။ ဒီလိုမှ မဟုတ်ရင်လည်း ဘယ်သူဖန်တီးတယ် ဆိုတာ ဖော်ပြပြီး မူရင်းလင့်ခ်ကိုပါ ပေးထားပြီး တင်သင့်ပါတယ်။ ဒီလိုမဟုတ်လို့ ဝေမျှချင်လွန်းပြီး ဘယ်သူရေးမှန်းလည်း မသိခဲ့ရင် ပို့စ်တင်လိုက်တဲ့အခါမှာ အနည်းဆုံးတော့ ကိုယ်ရေးတာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ၀န်ခံထားသင့်ပါတယ်။
ဒီနေရာမှာ လင့်ခ် ပေးတာနဲ့ ပတ်သက်လို့ တွေးမိတာတခုရှိပါတယ်။ တကယ်လို့ နိုင်ငံခြား website တခုခုက ပုံကို ယူသုံးမိခဲ့ရင် ကိုယ်က သူ့ပုံကို ကိုယ်ဖန်တီးတာပါလို့ ပြောမထားပေမယ့်လည်း သူကမြင်သွားပြီး မြန်မာလို ကိုယ်ရေးတာတွေကိုလည်း ဖတ်မရတဲ့အခါ အထင်လွဲ နိုင်ပါတယ်။ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ကိုယ်က သူ့ပုံအောက်မှာ သူ့ website လိပ်စာ အင်္ဂလိပ်လိုရေးထားတာဖြစ်ဖြစ် click လုပ်လို့ရတဲ့ လင့်ခ် ပေးထားတာဖြစ်ဖြစ်ဆိုရင်တော့ ဒါ သူ့ဆီကလို့ ပြောထားတာပဲလို့ အနည်းဆုံး သဘောပေါက်သွားနိုင်ပါတယ်။ ပန်ဒိုရာက ကြံဖန်ပြီး သိပ်တွေးလွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ အသုံးဝင်မယ်ဆိုရင် ဒီအကြံကို လက်ခံနိုင်ပါတယ်။
တလက်စတည်း လူတွေကြားမှာ မှားယွင်းထင်နေတတ်တာလေးတွေကို ဆက်ပြောချင်ပါတယ်။ အဲဒါကတော့ ဘာသာပြန်စာတွေ ကိစ္စပါ။ ပင်ကိုယ်ရေးမဟုတ်ပဲ ဘာသာပြန်ထားတာဆိုရင် “ဒါကဘာသာပြန်ကြီးပဲ ဘာသာပြန်သူကို credit ပေးစရာမလိုဘူး” လို့ ပေါ့ပေါ့တန်တန် သဘောထားတတ်ကြပါတယ်။ တကယ်တော့ ဘာသာပြန်သူအနေနဲ့ အတိုင်းအတာ တစ်ခုအထိ အားထုတ်ခဲ့ရပါတယ်။ ဘာသာပြန်ထားတဲ့ စာဟာ သူ့ရဲ့ အားထုတ်ဖန်တီးမှု ဖြစ်ပါတယ်။ ဘာသာပြန်သူက ဘယ်က ဘာသာပြန်ထားပါတယ် လို့ ပြောပြီးရင် သူ့စာကို ထပ်ပြီး ဖြန့်ဝေသူ အနေနဲ့ကလည်း ဒီစာဟာ ဘယ်သူု ဘာသာပြန်ထားတာပါ။ ဘယ် website က ရခဲ့တာပါ လို့ credit ပေးရမှာပါ။ ထပ်ပြောရရင် ဘာသာပြန်ထားတဲ့စာ ဘယ်လောက် တိုတို ရှည်ရှည် လွယ်လွယ် ခက်ခက် ပြန်ဖြန့်ဝေခဲ့ရင် ဘာသာပြန်သူကို credit ပေးသင့်ပါတယ်။
ဆက်လက်ပြီး စာဖတ်သူတွေကိုလည်း အကူအညီ တောင်းချင်ပါတယ်။ အဲဒါကတော့ အခုလို ရှုပ်ထွေးမှုတွေကို ကူညီဖြေရှင်းပေးစေဖို့ပါ။ တကယ်လို့ ရေးသူမသိ မူလလင့်ခ်မသိတဲ့ မြန်မာ post တခုကို forward email ကနေ ရလာခဲ့ရင် ကိုယ့်ကို ပို့တဲ့လူကို “ဖတ်စရာ ဝေမျှပေးလို့ ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် စာရေးသူနဲ့ မူရင်းလင့်ခ်ကို သိလိုကြောင်း၊ နောက်တခါဆိုရင် ထည့်ပေးစေလိုကြောင်း။ တကယ်လို့ အခုစာပို့သူဟာ စတင်ပြီး ဖြန့်ဝေသူ မဟုတ်ခဲ့ရင် သူ့ကိုပို့ခဲ့တဲ့လူကို ဒီအကြောင်း ဆက်ပြောစေလိုကြောင်း၊” ။ အဲဒီလို email လေးတွေ အဆင့်ဆင့် ပြန်ပို့ပြီး သတိပေးခဲ့မယ်ဆိုရင် စာရေးသူကို credit ပေးတဲ့ အလေ့အထလေး အင်တာနက် သုံးစွဲသူ မြန်မာတွေကြားမှာ ထွန်းကားလာမယ်လို့ မျှော်လင့်မိပါတယ်။
မြန်မာတွေကြားမှာ နောက်ထပ် မှားယွင်းထင်မြင်တတ်တာ တစ်ခုကို ဆက်ပြောပါရစေဦး။ မနိုင်းနိုင်းစနေ ရဲ့ ဘလော့ဂ်မှာ ရေးထားတဲ့ပို့စ် အောက်က မှတ်ချက်တစ်ခုလို ထင်မြင်ချက်မျိုးပါ။ “မြန်မာနိုင်ငံမှာ ကော်ပီရိုက်မရှိဘူး…” ဆိုတာပါ။ အဲဒီအယူအဆဟာ မှန်ကန်တယ်လို့ မထင်ပါ။ မြန်မာနိုင်ငံမှာ ကော်ပီရိုက် ရှိပါတယ်။ ကော်ပီရိုက်ကို အတိုင်းအတာတစ်ခု အထိ လေးစားဖို့ လိုပါတယ်။ ပန်ဒိုရာရဲ့ ရှေ့က ပို့စ်တွေမှာလည်း ပြောခဲ့ပြီးပါပြီ။
မြန်မာနိုင်ငံမှာ ဥပဒေအားဖြင့်လည်း ကော်ပီရိုက် ရှိပါတယ်။ မြန်မာနိုင်ငံအတွက် ၁၉၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ကော်ပီရိုက် ဥပဒေဟာ ၁၉၁၄ ခုနှစ်ကတည်းက စပြီး အသက်ဝင်လာခဲ့ပါတယ်။ Intellectual Property နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဘာဥပဒေတွေရှိသလဲ ဆိုတာကို အတိုချုပ်သိချင်ရင် WIPO website က ဒီလင့်ခ်မှာ သွားဖတ်ကြည့်လို့ရပါတယ်။ http://www.wipo.int/about-ip/en/ipworldwide/pdf/mm.pdf
နောက်ထပ် အကြောင်းရင်းတခုကတော့ ဥပဒေ ရှိရှိမရှိရှိ ကော်ပီရိုက်ဆိုတာ သဘောသဘာဝအားဖြင့်ကို ရှိပါတယ်။ ဖန်တီးတီထွင်လိုက်တဲ့ Intellectual Property ဉာဏပစ္စည်း ဆိုတာ တခြား အိမ်၊ မြေ၊ ရွှေ၊ ငွေ၊ ယာဉ် စတဲ့ပစ္စည်းတွေလို လူသားတွေရဲ့ ပိုင်ဆိုင်မှု တမျိုးပဲဖြစ်ပါတယ်။ တခြားပစ္စည်းတွေကို ပိုင်ရှင်မသိပဲယူရင်၊ အလွဲသုံးစားလုပ်ရင် အပြစ်ရှိသလိုပဲ ဉာဏပစ္စည်းကို ပိုင်ရှင်မသိပဲယူရင်၊ အလွဲသုံးစားလုပ်ရင် အပြစ်ရှိပါတယ်။ ဒါဟာ အခြေခံစာရိတ္တနဲ့ ဆိုင်ပါတယ်။ ဒီတော့ စာရွက်ပေါ်မှာ ရေးထားထားမထားထား ကိုယ့်အသိတရားနဲ့ လုပ်သင့်မလုပ်သင့်ဆိုတာ စဉ်းစားပြီး လုပ်ကြရင် ပိုမကောင်းပေဘူးလား။ အစိုးရက ပြစ်ဒဏ်တွေ ချမှတ်ပြဋ္ဌာန်းထားမှ ကြောက်ပြီး မချိုးဖောက်ဘူးဆိုတဲ့ အဆင့်မျိုးထက် ကိုယ့်အသိဉာဏ်ကို ကိုယ်တိုင် ပြဋ္ဌာန်းတာက ပိုကောင်းမယ် ထင်ပါတယ်။
ဒီနေရာမှာ enforcement နဲ့ပတ်သက်လို့လည်း ပြောစရာ ရှိပါတယ်။ ကော်ပီရိုက် ရှိမရှိဆိုတာ ရဲတွေက အတုတွေကို လိုက်ဖမ်းနေတာတို့ တရားရုံးမှာ အမှုဖြစ်မဖြစ်တို့နဲ့ အတိအကျ တိုင်းတာလို့ မရပါဘူး။ “ရဲ” ဆိုတာတွေက ဘာတွေကို ဦးစားပေး လုပ်နေတယ် ဆိုတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘယ်တူပါ့မလဲ။ နောက်ပြီးတော့ ကော်ပီရိုက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်လာရင် တရားရုံးအထိ ရောက်ချင်မှ ရောက်ပါတယ်။ နိုင်ငံအများစုမှာ တော်ရုံအဆင့်ဆိုရင် ရုပ်ရှင် ဂီတ သဘင် စာပေ အစည်းအရုံးတွေကပဲ ဖျန်ဖြေတဲ့ နည်းလမ်းနဲ့ ဖြေရှင်းကြလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို အစည်းအရုံးတွေ ရှိပါတယ်။
နောက်ဆုံးအချက်ကတော့ မြန်မာနိုင်ငံမှာ ကော်ပီရိုက်နဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်းအတာအထိ လေးစားလိုက်နာသင့်လဲ ဆိုတာပါပဲ။ ပန်ဒိုရာလည်း ဥပဒေပညာရှင် မဟုတ်တဲ့အတွက် အကြံဉာဏ်ပေးဖို့ အရည်အချင်း မရှိပါဘူး။ အခုအချိန်မှာ မြန်မာတွေ ပြည်ပမှာ အများကြီး ရောက်နေကြပါတယ်။ မြန်မာစာ မြန်မာသီချင်း မြန်မာလက်ရာတွေကို ငတ်မွတ်နေကြတယ်။ ၀ယ်ချင်ပေမယ့် အလွယ်တကူ ၀ယ်မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ သတင်း အချက်အလက်နဲ့ ပတ်သက်တာတွေ ကျတော့လည်း လူများများသိလေ ကောင်းလေ ဆိုတာမျိုး ဖြစ်နေတယ်။ တချို့ဖန်တီးမှုတွေ ကျတော့လည်း ကိုယ်က ဆင့်ပွားဖန်တီး ကြည့်ချင်တယ်။ ဒီတော့ ကိုယ်တခုခု မကူးယူခင် မတင်ပြခင် မဖြန့်ဝေခင်မှာ ကိုယ့်ဘာသာပဲ ကျိုးကြောင်းဆင်ခြင်ပြီး တရားမျှတတယ် ထင်တာ လုပ်သင့်တယ် ထင်တာကို လုပ်ကြဖို့ပါပဲ။ အဓိက ကတော့ ကိုယ့်လုပ်ရပ်ကြောင့် တဖက်သားကို ဘယ်လိုနည်းနဲ့မှ နစ်နာမသွားစေဖို့ပဲ မဟုတ်ပါလား။
ပန်ဒိုရာ
( အမှားပါခဲ့ရင် အပြုသဘောနဲ့ ပြင်ဆင်ဖြည့်စွက် အကြံပေးချက်များ အားလုံးကို ကြိုဆိုပါတယ်။
ကော်ပီရိုက်အကြောင်း ထပ်အသေးစိတ် သိချင်ရင် ဒီပို့စ်ကို ပြန်ဖတ်ပါ။ http://pandora-and-pandora.blogspot.com/2008/11/blog-post.html)
Saturday, November 29, 2008
သူများဟာလည်း မခိုးနဲ့ ကိုယ့်ဟာလည်း အခိုးမခံရစေနဲ့
ဒီစာကိုရေးဖို့ တော်တော်စဉ်းစားပါတယ်။ ဓားခုတ်ရာ လက်လျှိုမိသလို ဖြစ်မှာစိုးလို့ပါ။ ဒါပေမယ့် အခုလိုအချိန်မှာမှ မပြောဘူးဆိုရင် ဒီလိုကိစ္စမျိုးအတွက် လူတွေ အလေးထား အာရုံစိုက်ခြင်းကို ရဖို့ နောက်တော်တော်နဲ့ မလွယ်ပါဘူး။ ဒါကြောင့် စေတနာရှေ့ထားပြီး ရေးလိုက်ပါတယ်။ လူတွေဖတ်စေချင်လို့လည်း ဒီလိုခေါင်းစဉ်မျိုး ပြူးတူးပြဲတဲ တမင်တပ်လိုက်ပါတယ်။ အကြောင်းအရာများမှာ အမှားပါရင် ၀ိုင်းဝန်းကူညီ ပြင်ပေးပါ။ မတော်တဆ တိုက်ဆိုင်မှုများကြောင့် အနာပေါ်တုတ်ကျသလို ဖြစ်သွားခဲ့ရင်လည်း ပန်ဒိုရာ အပြောအဆို မညက်ညောသေးလို့သာ ဖြစ်ကြောင်း ကြိုတောင်းပန်ပါတယ်။
အတော်များများ သိကြမယ့်အတိုင်း သူများ ဖန်တီးမှုတွေကို ကိုယ့်ဘလော့ဂ်မှာ ကိုယ်ပိုင်ဆိုင်လေဟန် လုပ်ပြီး တင်ခဲ့တဲ့အတွက် ဘလော့ဂါတစ်ယောက် ပြဿနာတက်သွားပါတယ်။ ဒီစာကိုရေးတဲ့ ရည်ရွယ်ချက်ကတော့ တစုံတယောက်ကို အပြစ်တင်ဝေဖန်ခြင်းထက် ဒီလိုမဖြစ်ရအောင် ရှောင်ရှားနိုင်တဲ့ နည်းလေးတွေကို ထပ်ပြီး သတိပေးချင်လို့ပါ။
ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပြောဆိုဝေဖန်မှု မှတ်ချက်ချခြင်းမျိုးကို မြန်မာဘလော့ဂါ အများစုဟာ အကြောင်းကြောင်းကြောင့် ကျယ်ကျယ်လောင်လောင် မပြောဖြစ် (သို့မဟုတ်) မပြောသေး (သို့မဟုတ်) မပြောရဲ (သို့မဟုတ်) မပြောတတ်.. (မည်သို့ပင်ဖြစ်စေတော့) ကြပေမယ့် ဒီလိုအဖြစ်ဟာ မကောင်းဘူးဆိုတာ အကြမ်းဖျဉ်းအားဖြင့် လက်ခံကြမယ် လို့ယူဆပါတယ်။
ပန်ဒိုရာအနေနဲ့ ကတော့ အများအားဖြင့် ကိုယ်တိုင်ဖန်တီးတဲ့ စာတွေကိုသာ ဘလော့ဂ်မှာ တင်လေ့ ရှိပါတယ်။ ကိုယ်တင်တဲ့စာတွေမှာ သရုပ်ဖော်ပုံတွေကိုလည်း ကိုယ့်ဘာသာ ဆွဲလေ့ ရှိပါတယ်။ ၉၀% လောက် အများစုကတော့ ကိုယ့်အိုင်ဒီယာသက်သက် နဲ့ ပုံမှန်းဆွဲတာပါ။ တချို့သော ပစ္စည်းတွေ နမူနာကြည့်ဖို့ လိုအပ်တဲ့အခါမှာတော့ လိုက်ရှာကြည့်ရပါတယ်။ ကိုယ်လိုချင်တဲ့ပုံမျိုးကို အင်တာနက်ထဲမှာ တွေ့မိရင် ဒေါင်းလုဒ် ကူးမယူလိုက်ပါဘူး။ ဖွဲ့စည်းပုံကို ကြည့်ပါတယ်။အိုင်ဒီယာကို ကြည့်ပါတယ်။ အချိန်ယူပြီး ကိုယ့်ဖန်တီးမှု ဖြစ်အောင် ပြန်ဆွဲလိုက်ပါတယ်။ (ဥပမာ. စစ်အတွင်းပြုသည့်သစ္စာ ပို့စ်က ဓားရှည်ပုံ။ ဒီနေရာက ကိုယ့်အိမ်မှာ ဓားရှည်မရှိ။ ဓားရှည်တွေကို သေသေချာချာလည်း မမြင်ဖူးဘူးဆိုတော့ လတ်တလောတွေ့ချင်ရင် အင်တာနက်က လိုက်ရှာရပါတယ်။ မြင်ဖူးသွားတော့မှ ကိုယ်ကြိုက်သလို အနေအထားနဲ့ ပြန်ဆွဲပါတယ်။ စက်ဘီးပုံ ဆိုရင်လည်း လတ်တလော ကိုယ့်နားမှာမရှိရင် ရှာဖွေပြီး နမူနာကြည့်ရပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ အစအဆုံး ပြန်ဆွဲပါတယ်။) ဒါဟာလည်း ကဗျာ သရုပ်ဖော်ပုံလို သေးသေးလေး အဆင့်မို့ပါ။ မောင်တိန်လုပ်သလို ပန်းချီလေ့ကျင့်ဖို့ သေသေချာချာ အသေးစိတ် ပုံကြီး ထပ်တူကူးဆွဲတာ ဆိုရင် သူပြန်ညွှန်းလေ့ရှိသလို ဘယ်သူ့ပုံကို လေ့လာရန် ကူးဆွဲသည်လို့ ဖော်ပြရဦးမှာပါ။
ဓာတ်ပုံဆိုရင်လည်း ကိုယ်ပိုင်ဆိုင်တဲ့ ပုံကို တတ်နိုင်သမျှ သုံးလေ့ ရှိပါတယ်။ အဲဒါတွေဟာ ကိုယ့်ဘာသာ ဖန်တီးချင်တဲ့ ၀ါသနာက တစ်ကြောင်း ဆိုပေမယ့် သူများ ဖန်တီးမှုကို တတ်နိုင်သမျှ မသုံးဖြစ်အောင်နဲ့ ရှု့ပ်ထွေးမှုတွေ ဖြစ်မှာစိုးလို့က ပိုပါတယ်။
ဒါက ကိုယ်လုပ်တဲ့နည်းလမ်းကို ပြောပြတာပါ။ လိုက်လုပ်ပါလို့ မဆိုလိုဘူး။ လူတိုင်းဟာ ပုံဆွဲဖို့ ၀ါသနာပါမှာ မဟုတ်ပါဘူး။ အချိန်လည်း ပေးနိုင်မှာ မဟုတ်ပါဘူး။
သူများ ဖန်တီးထားတဲ့ လက်ရာကို ကိုယ်က အမှတ်တမဲ့ပဲ ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ယူသုံးလိုက်တဲ့အခါ ရှုပ်ထွေးမှုတွေ ဖြစ်လာရင် မကောင်းပါဘူး။ ဒီလိုပဲ ကိုယ့်လက်ရာကို သူများက အလွဲသုံးစား လုပ်သွားရင်လည်း မကောင်းပါဘူး။
အနည်းဆုံး အောက်ကနည်းလမ်းများနဲ့ ကာကွယ်ဖို့အကြံပြုချင်ပါတယ်။
သူများလက်ရာကို ခိုးသလိုမဖြစ်အောင်
၁) ကိုယ်ယူချင်တဲ့ website မှာ IP Rights နဲ့ပတ်သက်တဲ့ terms & conditions တွေ ရေးထားသလား ရှာကြည့်ပါ။ တွေ့ရင်ဖတ်ကြည့်ပါ။ တချို့က မယူရဘူး လို့ကို ပါတတ်ပါတယ်။
၂) သူ့ကို ဆက်သွယ်နိုင်တဲ့ နည်းလမ်း ရှာပါ။ အီးမေးလ်ဖြစ်စေ သူ့ပို့စ်အောက်မှာ မှတ်ချက်နဲ့ဖြစ်စေ ခွင့်တောင်းပါ။ ခွင့်ပြုချက်စောင့်ပါ။
၃) သူက ဘာမှဖော်ပြမထားဘူး ဆိုရင် တတ်နိုင်ရင် မယူုပါနဲ့။ ပြဿနာ မဖြစ်လောက်ဘူး ထင်လို့ ယူချင်ရင်လည်း ကိုယ့်ဟာမဟုတ်ကြောင်း သူ့လက်ရာဖြစ်ကြောင်း ဘယ်ကယူလာကြောင်း သူ့ကို credit ပေးပါ။
၎) ဘယ်ကမှန်းမသိ ပိုင်ရှင်မသိပဲ ရလာခဲ့ရင်လည်း ကိုယ့်လက်ရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ၀န်ခံထားပါ။
၅) ဘာသာပြန်ချင် မှီငြမ်းချင်ရင်လည်း အထက်မှာ ပြောခဲ့တဲ့ နည်းလမ်းတွေလိုပဲ လုပ်ပါ။
၆) ဘယ်လိုအခြေအနေဖြစ်ဖြစ် မူလပိုင်ရှင်ကို credit ပေးပါ။
ကိုယ့်လက်ရာကို အခိုးမခံရအောင်
၁) ကိုယ့်လက်ရာမှာ ကိုယ့်နာမည် လက်မှတ် ထိုးထားပါ။ ကိုယ့်ဘလော့ဂ်ဆိုက် လင့်ခ်ကို ဖော်ပြထားလို့လည်း ရပါတယ်။
၂) Creative Commons License ကို တပ်ဆင်ထားလို့ ရပါတယ် (တရားစွဲဖို့အထိတော့ တချို့နိုင်ငံတွေ အတွက်ပဲ applicable ဖြစ်တယ်လို့ ဆိုထားပေမယ့်)။ ဒါမှမဟုတ် သူနဲ့အလားတူ ကိုယ်လိုချင်တဲ့ terms & conditions ကို ကိုယ့်ဘာသာရေးပြီး ဘလော့ဂ် တနေရာမှာ ဖော်ပြထားလို့ ရပါတယ်။
၃) ကိုယ့်ကို ဆက်သွယ်နိုင်တဲ့ လိပ်စာ သို့မဟုတ် နည်းလမ်း (comment option, c box) တခုခု ပေးထားပါ။ အဲဒီလို ဆယ်သွယ်ရေး လမ်းကြောင်း လုံးဝ ပေးမထားချင်တဲ့ ဘလော့ဂ်မျိုးဆိုရင်လည်း ဘယ်လိုအခြေအနေနဲ့ ယူသုံးနိုင်ကြောင်း မသုံးစေချင်ရင်လည်း လုံးဝမသုံးနိုင်ကြောင့် ထင်ထင်ရှားရှား ဖော်ပြပေးထားပါ။ ကိုယ်မရှင်းမရှင်းလုပ်မိလို့ သူများကိုလည်း သူခိုးမဖြစ်ပါစေနဲ့။
ဒီအကြောင်းအရာတွေကို ရှေ့မှာလည်း ရေးဖူးပါတယ်။ ဒီလိုစာမျိုးဟာ ပျင်းစရာ ကောင်းတယ်လို့ ထင်မှတ်တတ်ကြတဲ့အတွက် သတိထားပြီး လာဖတ်ခဲ့ကြသလား မဖတ်ကြသလားတော့ မသေချာပါဘူး။ ကိုယ်တိုင်လည်း ကျွမ်းကျင်သူ မဟုတ်ပါ။ ကြားဖူးသလောက် ပြန်ဝေမျှခြင်းသာ ဖြစ်ပါတယ်။ မေးခွန်းများ မေးလိုပါက ရှေ့ကပို့စ်အားလုံးကို သေသေချာချာဖတ်ပြီးမှ နားမလည်တာကို မေးဖို့ တောင်းပန်ပါတယ်။ အသေးစိတ်များကို ဖြေနိုင်မယ် လို့လည်း အာမ မခံပါ။
ရှေ့ကစာတွေ ပြန်ဖတ်ရန်
မူပိုင်ခွင့်များနှင့် ပတ်သက်၍
(http://pandora-and-pandora.blogspot.com/2008/11/blog-post.html)
မူပိုင်ခွင့်၊ Creative Commons လိုင်စင်နှင့် မြန်မာ ဘလော့ဂ်များ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons.html)
ယခုမျှဝေ၊ အနာဂတ်ကို ပုံဖော်လေ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/blog-post_03.html)
Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons_03.html )
ဘယ်လိုဖြစ်ဖြစ်ပါ။ နိုင်ငံဆင်းရဲပေမယ့် အကျင့်စာရိတ္တ အသိပညာ မဆင်းရဲသင့်ဘူး ဆိုတာ နိုင်ငံတကာအင်တာနက်ပေါ်မှာ ရှိနေသူများက နမူနာပြဖို့ မလိုအပ်ပေဘူးလား။
ပန်ဒိုရာ
Monday, November 3, 2008
Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ
May 10, 2007 7:41 PM
Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ
by Pu-htu-zin
ကျွန်တော်တင်မယ်လို့ ပြောထားခဲ့တဲ့ Creative Commons လိုင်စင်တွေနဲ့ ပတ်သက်တဲ့ ဒုတိယ ကာတွန်းလေးတွေပါ။ ဒီကာတွန်းတွေမှာတော့ ပထမ ကာတွန်းတွေမှာလို လိုင်စင် စည်းကမ်းချက်တွေ အကုန်လုံးကို ယေဘုယျခြုံပြီး ရှင်းပြတာမျိုး မဟုတ်တော့ဘဲ၊ လိုင်စင်သုံးပုံ၊ အလုပ်လုပ်ပုံကို ဥပမာတခုပေးပြီး အစကအဆုံး ရှင်းပြထားတာပါ။ ပထမကာတွန်းလေးတွေ ဖတ်ပြီး မရှင်းသေးသူများ၊ ဥပမာတခုကို အစအဆုံး သိချင်သူများ အတွက်ပေါ့။
၁။ အန်နီတာဟာ နယူးရော့ခ်မြို့မှာ နေတဲ့ ဂီတသမား တယောက်ပေါ့။ “မီးတောင်အချစ်” ဆိုတဲ့ သီချင်းကို တလောကပဲ သူစပ်ခဲ့တယ်လေ။

၂။ အဲဒီ “မီးတောင်အချစ်” သီချင်းကို အန်နီတာက သူ့ရဲ့ ၀က်ဘ်ဆိုဒ်ပေါ်မှာ တင်လိုက်တယ်။ ပြီးတော့ Creative Commons က လိုင်စင်တခု ယူမယ်လို့လည်း ဆုံးဖြတ်လိုက်တယ်၊ ဒါမှ သူ့သီချင်းနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ကို ချုပ်ကိုင်ထားနိုင်ပြီး တချို့ကိစ္စတွေမှာတော့ အများသူငါကို ဒီသီချင်း အသုံးပြုခွင့် ပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အန်နီတာဟာ လိုင်စင်ရွေးဖို့ Creative Commons ၀က်ဘ်ဆိုဒ်ကို သွားကြည့်လိုက်တယ်။
(အန်နီတာ) “လိုင်စင်ရွေးဖို့က လွယ်ပါတယ်၊ လိုင်စင်ရွေးရန် ‘choose license’ ဆိုတဲ့ ခေါင်းစီးကို နှိပ်လိုက်ရုံပဲ။”

၎။ အန်နီတာဟာ လိုင်စင်လျှောက်လွှာ ပုံစံထဲက မေးခွန်းရှင်းရှင်းလေး သုံးခုကို တခုချင်းစီ ဖြေလိုက်တယ်၊ သူ့သီချင်းနဲ့ ပတ်သက်လို့ ဘယ်လိုကိစ္စတွေကို ခွင့်ပြုပြီး၊ ဘယ်လိုကိစ္စတွေကိုတော့ ခွင့်မပြုဘူးလဲဆိုတာ မေးထားတဲ့ မေးခွန်းတွေပါ။ အန်နီတာ ရွေးထားတဲ့ အဖြေတွေပေါ် မူတည်ပြီး သူနဲ့ကိုက်မယ့် လိုင်စင်ကို ၀က်ဘ်ဆိုဒ်က ညွှန်ပါလိမ့်မယ်။
(အန်နီတာ) “ဖန်တီးသူကို ဖော်ပြစေချင်သလား၊ ဒါပေါ့၊ ဖော်ပြစေချင်တာပေါ့။ ဒီသီချင်းကို ကျွန်မရေးတယ်ဆိုတဲ့ နာမည် လိုချင်တယ်လေ။ စီးပွားရေးအတွက် အသုံးပြုခွင့် ပေးမလား၊ ဟုတ်လား။ ဟင့်အင်း… မပေးချင်ဘူး။ ကျွန်မကို ဘာမှမပြောဘဲနဲ့ ကျွန်မသီချင်းကို သုံးပြီး စီးပွားရှာမှာ မလိုချင်ဘူး။ သီချင်းကို လိုသလို ပြောင်းလဲခွင့် ပေးမလား၊ အင်း… ပေးနိုင်ပါတယ်၊ ကျွန်မသီချင်းကို လိုသလို ပြောင်းလဲပြုပြင်ပြီး ရလာတဲ့ ဖန်တီးမှုကို ကျွန်မဝေမျှခဲ့သလို ပြန်ပြီး ဝေမျှနိုင်ရင်ပေါ့။”

၅။ ဒါနဲ့ အန်နီတာလိုတဲ့ လိုင်စင်ရပါပြီ။ လိုင်စင်ကို နည်းသုံးမျိုးနဲ့ ဖော်ပြထားပါတယ်၊ ဒီသုံးမျိုးကတော့ ၁) သာမန်လူတွေ ဖတ်ပြီး နားလည်နိုင်တဲ့ စာတမ်း (Commons Deed) ၂) ရှေ့နေတွေမှ နားလည်နိုင်တဲ့ တကယ့် တရားဝင်စာချုပ် (Legal Code) နဲ့ ၃) ကွန်ပျူတာတွေကနေ တဆင့်ရှာဖွေရာမှာ စက်က ဖတ်နိုင်မယ့် ဒစ်ဂျစ်တယ်ကုဒ် (Machine-readable Digital Code) တို့ပဲ ဖြစ်ပါတယ်။

၆။ အန်နီတာက အဲဒီ ဒစ်ဂျစ်တယ်ကုဒ်ကို သူ့ဝက်ဘ်ဆိုဒ်ရဲ့ HTML နဲ့ရေးထားတဲ့ အပိုင်းမှာ ထည့်လိုက်တယ်။ ဒီကုဒ်ကြောင့် ‘အချို့ မူပိုင်ခွင့်များအား ချုပ်ကိုင်ထားသည် some rights reserved’ ဆိုတဲ့ ပုံလေး သူ့ဆိုဒ်မှာ ပေါ်နေမှာ ဖြစ်ပါတယ်။ အဲဒီပုံကို နှိပ်လိုက်ရင် အန်နီတာရဲ့ လိုင်စင် စာမျက်နှာဆီကို ရောက်သွားမှာပါ။
(အန်နီတာ) “ကောင်းလိုက်တာ၊ ကျွန်မသီချင်းကို လူတွေဘယ်လို သုံးနိုင်သလဲဆိုတာ အခုမှပဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားတော့တယ်။”

၇။ အန်နီတာက သူ့ရဲ့ဖန်တီးမှုကို ဘယ်လိုဝေမျှထားတယ် ဆိုတာကို search engine တွေက တနေ့နေ့ ရှာသိမှာ ဖြစ်ပါတယ်။ အဲဒီလို search engine တွေက ရှာတွေ့အောင် လုပ်တာတဲ့ အစိတ်အပိုင်းကတော့ အထက်မှာ ပြောတဲ့အတိုင်း ၀က်ဘ်ဆိုဒ်မှာ ထည့်ထားတဲ့ လိုင်စင်ထဲက ဒစ်ဂျစ်တယ်ကုဒ်ပဲ ဖြစ်ပါတယ်။

၈။ အစ်ဂ်နေးရှိုးဟာ ဆန်ဖရန်စစ္စကိုက ရုပ်ရှင်သင်တန်းသား တယောက်ပါ။ သူ့အတန်းအတွက် ရုပ်ရှင်ပရောဂျက်တခု လုပ်ရာမှာသုံးဖို့ သီချင်းတပုဒ်လောက် လိုက်ရှာနေပါတယ်။ ဒါနဲ့ “noncommercial song” (စီးပွားဖြစ် ရောင်းတာ မဟုတ်တဲ့ သီချင်း) မျိုး ရှာရန်လို့ search engine တခုမှာ ရိုက်ထည့်လိုက်ပါတယ်။ အဲဒီ search engine က အန်နီတာရဲ့ ၀က်ဘ်ဆိုဒ်က ဒစ်ဂျစ်တယ်ကုဒ်ကို သွားဖတ်မိပြီး အန်နီတာ့ ၀က်ဘ်ဆိုဒ်ကို အစ်ဂ်နေးရှိုးအား ပြန်ပြပါတယ်။

၉။ အစ်ဂ်နေးရှိုးက အန်နီတာ့ဝက်ဘ်ဆိုဒ်ကို သွားပြီး “မီးတောင်အချစ်” သီချင်းကို နားထောင်လိုက်တယ်။ နားထောင်ပြီးတော့ အန်နီတာ့ ၀က်ဘ်ဆိုဒ်က မူပိုင်ခွင့် အချို့ကို ထိန်းချုပ်ထားသည် “some rights reserved” ဆိုတဲ့ ပုံလေးကို နှိပ်ကြည့်လိုက်ပါတယ်။
(အစ်ဂ်နေးရှိုး) “ဒီသီချင်း မိုက်တယ်ဟ။ ငါ့ ရုပ်ရှင်အတွက်တော့ အံကိုက်ပဲ။ ဒီ ‘some rights reserved’ ဆိုတာ ဘာပါလိမ့်။”

၁၀။ အစ်ဂ်နေးရှိုးက some rights reserved ဆိုတဲ့ ပုံကို နှိပ်လိုက်တော့ သူမြင်ရတာက သာမန်လူများ ဖတ်လို့နားလည်နိုင်တဲ့ စာတမ်း (Commons Deed) ဖြစ်ပါတယ်။ ဒီ Commons Deed ဟာ လိုင်စင်နဲ့ ပတ်သတ်ပြီး သာမန်လူတွေ နားလည်နိုင်အောင် ရိုးရိုးရှင်းရှင်း စကားလုံးတွေ ရုပ်ပုံတွေနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။
(အစ်ဂ်နေးရှိုး) “ဒီလိုင်စင်ကို နားလည်ဖို့က လွယ်လွယ်လေးပဲ။ သူ့သီချင်းကို ငါလိုသလို သုံးလို့ရတာပဲ၊ သူစပ်တာပါလို့ နာမည်ဖော်ပြရင် (attribution ပေးရင်)၊ အမြတ်အစွန်းအတွက် သုံးတာမဟုတ်ရင် (commercial use မဟုတ်ဘူးဆိုရင်)၊ ပြီးတော့ သူ့သီချင်းသုံးပြီး လုပ်မယ့် ငါ့ရုပ်ရှင်ကို သူဝေမျှခဲ့လို ပြန်ပြီးဝေမျှရင် (share alike လုပ်ရင်) ပြီးတာပဲ။”

၁၁။ Commons Deed စာမျက်နှာကနေ Legal Code ဆိုတဲ့ လင့်ခ်ကို နှိပ်ရင်တော့ လိုင်စင်နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်တွေကို ဥပဒေစကားနဲ့ ရေးထားတဲ့ တကယ့် တရားဝင် လိုင်စင်ကို တွေ့မှာ ဖြစ်ပါတယ်။

၁၂။ အန်နီတာရဲ့ လိုင်စင်စည်းကမ်းချက်တွေကို သိပြီဆိုတော့ အစ်ဂ်နေးရှိုးက အန်နီတာ့သီချင်းကို ရုပ်ရှင်ပြကွက်တခုမှာ ထည့်သုံးပြီး သူ့ပရောဂျက်ကို အဆုံးသတ်လိုက်တယ်။

၁၃။ ပြီးတော့ အစ်ဂ်နေးရှိုးက သူ့ရုပ်ရှင်ကို အတန်းထဲမှာ ပြပါတယ်။ ရုပ်ရှင်မှတ်တမ်း ပြရာမှာ အန်နီတာ့ နာမည်ကို သေချာပါအောင် ထည့်လိုက်ပါတယ်။
(ဒါရိုက်တာ - အစ်ဂ်နေးရှိုး၊ တေးဂီတ - အန်နီတာ)

၁၄။ အစ်ဂ်နေးရှိုးက သူ့ရဲ့ အချောသတ်ပြီး ရုပ်ရှင်ကို သူ့ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်ပေါ်မှာ တင်လိုက်ပါတယ်။ အန်နီတာရဲ့ လိုင်စင်ထဲမှာ Share alike စည်းကမ်းချက် (ကိုယ်ဝေမျှသလို၊ သူပြန်ပြီး ဝေမျှရမယ် ဆိုတဲ့ စည်းကမ်းချက်) ပါတဲ့အတွက် အန်နီတာက သူမသီချင်းကို ဝေမျှခဲ့တဲ့ စည်းကမ်းချက် သုံးချက်အတိုင်း အစ်ဂ်နေးရှိုးက သူ့ရုပ်ရှင်ကို ပြန်ပြီး ဝေမျှရပါတယ်။ အန်နီတာ့သီချင်းအတွက် လိုင်စင်က attribution, noncommercial နဲ့ share alike စည်းကမ်းသုံးခု ပါတဲ့အတွက်၊ အစ်ဂ်နေရှိုးကလည်း သူ့ရုပ်ရှင်ကို အဲဒီ စည်ကမ်းသုံးခုအတိုင်း ပြန်ပြီး ဝေမျှရပါတယ်။ သူက Creative Commons ၀က်ဘ်ဆိုဒ်ကို သွားပြီး အန်နီတာယူခဲ့တဲ့ လိုင်စင်မျိုးကိုပဲ ပြန်ယူရပါတယ်။ အဲဒီလိုင်စင်ရဲ့ ဒစ်ဂျစ်တယ်ကုဒ်ကို အစ်ဂ်နေးရှိုးက သူ့ဝက်ဘ်ဆိုဒ်နဲ့ လိုက်အောင် ပြင်ချင်တာပြင်ပြီး တင်လိုက်ပါတော့တယ်။
(အစ်ဂ်နေးရှိုး) “Creative Commons က ကူညီလို့ ငါနဲ့မသိတဲ့ တခါမှမတွေ့ဘူးတဲ့ တစိမ်းတယောက်နဲ့ ပေါင်းပြီး အလုပ်လုပ်နိုင်ခဲ့တယ်။ အခု ငါ့ရုပ်ရှင်ကိုလည်း လိုင်စင်ပါ စည်ကမ်းချက်တွေအတိုင်း တခြားသူတွေက သုံးနိုင်တာပေါ့။”

ကဲ… ထုံးစံအတိုင်း ပထမကာတွန်းတွေ တုန်းကလိုပဲ၊ ပြောပါရစေ။ ကျွန်တော် ဥပဒေသမား မဟုတ်ပါ၊ ဘာသာပြန်ဆရာ မဟုတ်ပါ၊ ဒါ့ကြောင့် ဥပဒေနဲ့ ပတ်သတ်တဲ့၊ အာမခံဖို့လိုတဲ့၊ အရမ်းအရေးကြီးတဲ့ ကိစ္စ၊ ဒါမှမဟုတ် အငြင်းပွားမှုများ ရှိလာရင် ကိုယ့်ဘက်က သေချာအောင် ဥပဒေတတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ၊ မူရင်း အင်္ဂလိပ်လိုရေးထားတာကို ဖတ်ပါ။
ကျွန်တော့်အမြင်ကတော့ ရှင်းပါတယ်၊ Creative Commons က Big C copyright ကို အစားထိုးတာ မဟုတ်ပါ၊ ကိုယ့်ဖန်တီးမှုကို ဝေမျှလိုသူများ၊ ဥပမာ - ကျွန်တော်တို့လို ဘလော့ဂ်ရေးသူအများ - အတွက် ပေးသူရော ယူသူပါ အဆင်ပြေပြေနဲ့ စနစ်တကျ တရားဝင်ဖြစ်အောင် လုပ်ပေးတာပါ။ ဥပဒေစိုးမိုးမှုအပိုင်းမှာ အားကိုးလောက်စရာ မရှိတဲ့ မြန်မာပြည် လက်ရှိ အခြေအနေအရကတော့ ဒီလိုင်စင်တွေက အလကား သွားမရှိပါ (without teeth)။ သို့ပေမယ် ပြည်ပက ဘလော့ဂ်ရေးသူများ၊ အထူးသဖြင့် Creative Commons ရဲ့ ဥပဒေသက်ရောက်နယ်မြေ ထဲမှာပါတဲ့ နိုင်ငံများက ရေးသူများ အတွက်ကတော့ အကျိုးရှိပါတယ်၊ ရုတ်ရုတ် ရုတ်ရုတ် လုပ်ရင် တရားပါ စွဲပစ်လိုက်လို့ရတယ်။ ဟုတ်ကဲ့… မကြောက်ပါနဲ့၊ ကျွန်တော့် ဘလော့ဂ်ရဲ့ လိုင်စင် စည်းကမ်းချက်ကို မလိုက်နာရင် ကျွန်တော့်အနေနဲ့ တရားစွဲဖို့ဆိုတာ အဝေးကြီးပါ၊ စဉ်းတောင် စဉ်းစားမှာ မဟုတ်ဘူးမစွဲပါဘူး၊ (ကျွန်တော့်နေရာက jurisdiction ထဲမှာ ပါမပါတောင် မသေချာဘူး) ကျွန်တော်တင်မကဘူး ဘယ်မြန်မာမှ ကိုယ့်မြန်မာအချင်းချင်း ထစ်ကနဲရှိ တရားစွဲတာမျိုး မလုပ်ပါဘူး။ (နောက်ပြီး ကျွန်တော့် လိုင်စင်ကို မလိုက်နာဘဲ၊ ကျွန်တော့်ကို attribute မလုပ်ဘဲ တခြားတနေရာမှာ ယူသုံးထားတယ် ဆိုရင်တောင် ကျွန်တော် မသိဖို့က များပါတယ်၊ online ပေါ်မှာ အမြဲလိုက်ကြည့် နေနိုင်တာမှ မဟုတ်တာ။ တွေ့မိတဲ့ သူငယ်ချင်း မိတ်ဆွေများက ကြားက မခံချင်လို့ လာမပြောသရွေ့ပေါ့။) အဲဒီတော့… ဒီလို မြန်မာပြည်ထဲမှာ သွားမရှိတဲ့ လိုင်စင်တွေ အကြောင်းကို ဘာလို့ရေးရလဲဆိုရင် အချက်နှစ်ချက် ရှိပါတယ်။ ပထမက ကိုယ့်ဆီက တခုခုကို ပြန်သုံးလို၊ ရည်ညွှန်းလိုတိုင်း ခွင့်လာလာ တောင်းနေရသူတွေကို စာနာတဲ့အနေနဲ့ (တကယ်တမ်း ဥပဒေအရ ဘာမှလုပ်လို့ မရရင်တောင်မှ - ဥပမာ မြန်မာပြည်) သုံးလိုက သုံးနိုင်ဖို့ပါ။ ဒုတိယကတော့… copyright ကို လေးစားတဲ့ အကျင့်ပါအောင်လို့ပါ၊ ဒါမှ ကျွန်တော်တို့နိုင်ငံ ပေမီ၊ ကိုက်မီ ဖြစ်လာချိန်ကျရင်၊ ဒါမှမဟုတ် ကျွန်တော်တို့က ပေမီ ကိုက်မီတဲ့ နေရာတွေ ရောက်နေတဲ့ အချိန်ကျရင် နိုင်ငံကြီးသား ပီသနိုင်အောင်ပေါ့။
ဒီမူပိုင်ခွင့်နဲ့ ပတ်သက်ရင် ကျွန်တော်တို့ မြန်မာပြည်အတွက် ခြွင်းချက်တွေ အများကြီးရှိတယ် ဆိုတာ လက်ခံပါတယ်၊ ပထမကာတွန်းတွေ ရေးတုန်းက ပြောခဲ့သလိုပဲ၊ ဥပမာ Windows OS လို software မျိုးကို ဘယ်သူက ပိုက်ဆံပေးပြီး legal copy ၀ယ်သုံးနိုင်မလဲ။ ကျွန်တော်လည်း ခိုးခဲ့တာပဲ၊ Digital Divide ကို ဆွဲစေ့တာကွ၊ သူခိုးကြီး ငတက်ပြားလို သူဌေးဆီကခိုးပြီး ဆင်းရဲသားတွေကို ဝေပေးတာကွ ဆိုပြီး ဂုဏ်ယူပြီးတော့ကို ခိုးခဲ့တာပေါ့၊ (အခုလည်း ခိုးဆဲပဲ၊ OpenSource တွေများလာတော့ အရင်ကထက် စာရင်တော့ လျော့သွားတယ်။) နောက်ပြီး မြန်မာပြည်မှာ တချို့ကိစ္စတွေက တခြားနိုင်ငံတွေနဲ့ မတူဘူး၊ ဥပမာ ဆိုပါတော့… ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းကို ကျွန်တော်တင်တယ်၊ အမှန်က ကိုမွန်းအောင်ဆိုထားတာ၊ ကျွန်တော် သူ့ဆီက ခွင့်မတောင်းဘူး၊ ဘာလို့လဲဆိုတော့ ဒီသီချင်းဟာ အများထဲမှာ ပြန့်လေ ကောင်းလေဆိုတဲ့ အမျိုးအစားမျိုး ဖြစ်လို့ပဲ၊ အဲဒီတော့ သူ့သီချင်းကို ကျွန်တော်က Creative Commons BY-NC license ခံထားတဲ့ သီချင်းတပုဒ်အနေနဲ့ သဘောထားတယ်၊ ကိုမွန်းအောင်ဆိုတယ်ဆိုတာ ဖော်ပြသရွေ့၊ အမြတ်အစွန်းအတွက် သုံးတာမဟုတ်သရွေ့ ကျွန်တော် ယူသုံးခွင့်ရှိတယ်လို့ ယူဆတယ်။ နောက်ပြဿနာတွေက မြန်မာစာအုပ်တွေ၊ ဆောင်းပါးတွေ။ ပြည်ပမီဒီယာတွေက ပုံမှန်အားဖြင့် မြန်မာပြည်တွင်းထုတ် စာနယ်ဇင်းတွေက စာတွေကို ခွင့်မတောင်းဘဲ ပြန်သုံးတယ်၊ သာမန်အားဖြင့် အဲဒီလို ခွင့်မတောင်းတာကို ပိုင်ရှင်တွေက ပိုတောင် ကြိုက်တယ်၊ ဘာလို့လဲဆိုတော့ ခွင့်တောင်းခံရရင် အစိုးရက ငြိုငြင်ဦးမှာကိုး၊ တရာမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ် ဘာညာဆိုပြီး ရစ်ဦးမယ်လေ။
အဲဒီတော့ ချွင်းချက်များနဲ့ မြန်မာပြည် ဆိုပါတော့။ ဒါပေမယ့် တတ်နိုင်တဲ့နေရာ တတ်နိုင်တဲ့ကိစ္စမှာတော့ လိုက်နာနိုင်ရင် ကောင်းတာပေါ့ဗျာ။ ဒါပါပဲ…။
Credits:
Cartoon concept and design by Neeru Paharia.
Original illustrations by Ryan Junell, Photos by Matt Haughey.
This comic strip is licensed under a Creative Commons Attribution license.
ပုထုဇဉ်
ယခုမျှဝေ၊ အနာဂတ်ကို ပုံဖော်လေ
Last updated: May 11, 2007, 4:52PM
ယခုမျှဝေ၊ အနာဂတ်ကို ပုံဖော်လေ
by Pu-htu-zin
ဒီ Creative Commons (CC) ကပေးတဲ့ လိုင်စင်တွေအကြောင်း ဆက်ရေးဖို့ ကျန်ပါသေးတယ်၊ ဒါပေမယ့် ဘာသာပြန်တဲ့ဘက်ကို မလှည့်နိုင်သေးတာကြောင့် လောလောဆယ်အနေနဲ့ Creative Commons website က video clip လေးနှစ်ခုကို ဒီနေရာမှာ ပြန်လည်ဖောက်သည် ချလိုက်ပါတယ်။ သူတို့လိုင်စင်တွေ အကြောင်း သရုပ်ပြထားတာပါ၊ အင်္ဂလိပ်လိုပြောထားတာတဲ့ နောက်ခံအသံကို ဘာသာပြန်ပြီး စာနဲ့ဒီမှာချရေးဖို့ အဆင်မပြေတဲ့အတွက် အင်္ဂလိပ်လိုသာ နားထောင်ကြပါရန် ပန်ကြားပါတယ်။ ဗမာလိုမှ ဖတ်ချင်သူများအတွက် ဒုတိယ ကာတွန်းကို စောင့်ကြပါခင်ဗျား။
ပထမ ဗီဒီယိုက "အလုပ်အတူတူ လုပ်ချင်သလား" Wanna Work Together? လို့ အမည်ရပါတယ်။ စုပေါင်းလုပ်ကိုင် ဝေမျှခြင်းရဲ့ အကျိုးကို ထောက်ပြပြီး CC လိုင်စင်တွေက ဘယ်လိုကူညီနိုင်တယ်ဆိုတာ သရုပ်ပြထားတာပါ။ မူရင်း full copyright နဲ့၊ CC ရဲ့ လိုင်စင်တွေ ကွာခြားပုံကိုလည်း ရှင်းပြထားပါတယ်။ ပထမကာတွန်းမှာ ကျွန်တော်ဘာသာပြန်ပေးပြီးတဲ့ စည်းကမ်းတွေအကြောင်းလည်း အကျဉ်းချုံးပြီး ပြောထားပါတယ်။ ဒီဗီဒီယိုကို Creative Commons ကစုစည်း တင်ဆက်တာဖြစ်ပြီး ဖန်တီးသူများကို ဗီဒီယိုရဲ့ အဆုံးမှာ ဖော်ပြထားပါတယ်။ CC By လိုင်စင်နဲ့ ဝေမျှထားတာ ဖြစ်လို့ မူရင်းဖန်တီးသူများကို ဖော်ပြပေးသမျှ (attribute လုပ်သမျှ) မည်သူမဆို လိုသလို ယူသုံးလို့ရပါတယ်။
ဒုတိယဗီဒီယိုကတော့ CC ရဲ့ အလုပ်လုပ်ပုံကို ဖော်ပြပေးတဲ့ ဗီဒီယိုတွေကို စုပေါင်းပြီး Moving Image Contestပြိုင်ပွဲခေါ်ရာမှာ ပထမဆုရတဲ့ Justin Cone ဆိုသူရဲ့ ဖန်တီးမှုဖြစ်ပါတယ်။ Share now, Shape tomorrow "ယခုမျှဝေ၍ အနာဂတ်ကို ပုံဖော်လေ" ဆိုတဲ့စကားရယ်၊ Creativity always builds on the past "ဖန်တီးတီထွင်မှုဆိုတာ အတိတ်ကိုအခြေခံပြီး တည်ဆောက်ရတယ်" ဆိုတဲ့စကားရယ်ကို ကြိုက်မိပါတယ်။ အင်္ဂလိပ်စကားမှာ sitting on the giant's shoulder ဆိုတဲ့စကား ရှိတယ်မဟုတ်လား၊ ကိုယ်ကပုပေမယ့် ဘီလူးကြီးရဲ့ ပုခုံးပေါ်မှာ တက်ထိုင်နေရရင် ဝေးဝေးမြင်ပြီး မြင့်မြင့်နေနိုင်မယ်လေ၊ အကုန်လုံးကို အစကနေ ပြန်လုပ်နေလို့မရဘူး၊ ကိုယ့်ရှေ့က တီထွင်သူများ၊ ပညာရှိများရဲ့ ဖန်တီးတွေ့ရှိမှုကို အခြေခံပြီး တဆင့်ထက်တဆင့် မြင့်အောင် တည်ဆောက်သွားရမယ်လို့ ဆိုလိုပါတယ်။ ဒီလိုလုပ်ဖို့က အရင်ဖန်တီးမှုများကို ပြန်လည်အသုံးပြုနိုင်ခွင့် လုံလုံလောက်လောက် ရှိမှရမယ်လေ၊ အဲဒီလို ပြန်လည်ဝေမျှရာမှာ မူပိုင်ခွင့်ကိုလည်း လုံးဝစွန့်လွှတ်တာ မဟုတ်ဘဲ CC လိုင်စင်တွေနဲ့ အစားထိုးသုံးရင် ဘယ်လိုအဆင်ပြေနိုင်ကြောင်း ရိုက်ပြသွားတာပါ။
ဒီဗီဒီယို နှစ်ခုအပြင် တခြား clip တွေ ကျန်ပါသေးတယ်၊ ကြည့်လိုရင် CC site က ဒီစာမျက်နှာကို သွားပါ။
Knowledge is best used when shared မဟုတ်ပါလားဗျာ။
ပုထုဇဉ်
(မူပိုင်ခွင့်နှင့် ပတ်သက်၍ ကိုပုထုဇဉ် ရေးခဲ့သောပို့စ်များကို ဆက်လက်ဖော်ပြပါမည်။)
Sunday, November 2, 2008
မူပိုင်ခွင့်၊ Creative Commons လိုင်စင်နှင့် မြန်မာ ဘလော့ဂ်များ
May 5, 2007 2:54 PM
မူပိုင်ခွင့်၊ Creative Commons လိုင်စင်နှင့် မြန်မာ ဘလော့ဂ်များ
by Pu-htu-zin
ကျွန်တော်တို့ မြန်မာဘလော့ဂ်တွေ အရေအတွက်ရော၊ အရည်အချင်းပါ တိုးတက်လာတာ အားလုံးအသိပါ။ ဒီလိုတိုးတက်လာတာနဲ့ အမျှ ဘလော့ဂ်တစ်ခုရဲ့ ဖန်တီးမှုကို နောက်တစ်နေရာမှာ သုံးချင် ဖော်ပြချင်လာတဲ့အခါ ဘလော့ဂ်တွေနဲ့ ဆိုင်တဲ့ မူပိုင်ခွင့်၊ မှန်ကန်စွာသုံးစွဲခွင့် proper use စတာတွေဟာ အရေးကြီးလာပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အားနည်းချက်ကတော့ မူပိုင်ခွင့်နဲ့ မရင်းနှီးတာ၊ မူပိုင်ခွင့်ကို အကြောင်း အမျိုးမျိုးကြောင့် မလိုက်နာနိုင်တာ၊ သိသော်ငြား အကျင့်မရှိလို့ ဂရုမစိုက်တာ စသည်တို့ ဖြစ်ပါတယ်။ ဥပမာ ပြည်တွင်းမှာ Windows XP ကို ဘယ်သူမှ ဒေါ်လာရာချီပေးပြီး မူရင်းကို မ၀ယ်ဘူး။ ဒါမျိုးက တိုင်းပြည်ရဲ့ စီးပွားရေးအရ ဘယ်လိုမှ မတတ်နိုင်တဲ့ မူပိုင်ခွင့် ချိုးဖောက်မှုမျိုးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သွားကျပ်နေလို့ကတော့ မြန်မာတပြည်လုံးမှာ ပြတင်းပေါက်လေးတွေအစား ပန်ဂွင်းငှက်ကလေးတွေ ဖြစ်ကုန်မှာပေါ့။ ဒါပေမယ့် တချို့နေရာတွေမှာ တတ်နိုင်ရဲ့သားနဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့ ထုံးတမ်းဥပဒေတွေကို ဂရုမစိုက်တာတွေကတော့ ပြင်ချိန်တန်ပါပြီ။
မြန်မာဘလော့ဂ်လောကသားများ အားလုံးလည်း ကြားမိလိုက်မှာပါ၊ ဟိုးတလောက ပြည်တွင်းက နာမည်ကြီး မြန်မာဘလော့ဂါကြီး တစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ပြည်တွင်းဂျာနယ် တစ်ခုက ကြိုတင် ခွင့်မတောင်းဘဲ မတော်တဆ ယူသုံးမိလိုက်တဲ့ အဖြစ်။ နောက်တော့ ဂျာနယ်ကလည်း တောင်းပန်၊ ဘလော့ဂါကြီးကလည်း သဘောကောင်းဆိုတော့ အားလုံး အဆင်ပြေသွားပုံရပါတယ်။ အဲဒီတော့ ကိုယ့်ဘလော့ဂ်က ပို့စ်တွေ၊ ဓာတ်ပုံတွေ စတာတွေကို ဘယ်လိုသဘောထားမလဲ၊ ဘယ်သူတွေက ဘယ်လိုသုံးခွင့်ရှိသလဲ စတာတွေဟာ ကိုယ်ကတိတိကျကျ သတ်မှတ်ထားသင့်ပါတယ်၊ သူများတကာက သတ်မှတ်ထားတာတွေကိုလည်း လိုက်နာသင့်ပါတယ်။ အဲဒီတော့ ဒီလို မူပိုင်ခွင့်နဲ့ ပတ်သက်တာကို ကိုယ်က ဥပဒေစကား မတတ်ဘဲ ကိုယ့်စကားနဲ့ကိုယ် တလုံးချင်းပြောနေရမယ့်အစား ရှိပြီးသား လိုင်စင်တွေကို ယူလိုက်တာက ဥပဒေနည်းလမ်းကျပြီး အလုပ်ရှုပ်သက်သာပါတယ်။ အားလုံးလည်း တညီတည်းစံပုံစံ ၀င်သွားပါတယ်။
အဲဒီလို လိုင်စင်တစ်မျိုးကတော့ Creative Commons က ထုတ်တဲ့ လိုင်စင်တွေပါပဲ။ ဒီလိုင်စင်တွေရဲ့ ဥပဒေသက်ရောက်နယ်မြေ jurisdiction သုံးဆယ်ကျော် ရှိတယ်လို့ ပြောပါတယ်။ ကမ္ဘာနိုင်ငံကြီးတော်တော်များများ ပါပါတယ်။ မူပိုင်ခွင့်အားလုံးကို ထိန်းချုပ်ထားတဲ့ အဆင့် “All rights reserved” နဲ့၊ မူပိုင်ခွင့်ကို ဘာဆိုဘာမှ မယူတဲ့ “No right reserved” ကြားက ကိုယ်လိုချင်တဲ့ အဆင့်ဆင့်ကို လိုင်စင်အခမဲ့ ယူလို့ရပါတယ်။ အဲဒီလိုယူထားတဲ့ အတွက် ကိုယ့်လိုင်စင် စည်းကမ်းချက်တွေကို မလိုက်နာရင် အဲဒီ မလိုက်နာသူကို တရားစွဲလို့ရတယ်၊ (မြန်မာပြည်မှာတော့ မဟုတ်ဘူးပေါ့ဗျာ၊ ဥပမာ ယူကေ၊ ယူအက်စ်၊ အော်စီ၊ တိုင်ဝမ် စတဲ့နေရာတွေပေါ့။ ပြဿနာတစ်ခုကတော့ မြန်မာဘလော့ဂ်ကမ္ဘာရဲ့ သိပ်သည်းခြေ အများဆုံး စ လုံးမှာ ဒီဥပဒေ အကျုံးဝင်မ၀င် ကျွန်တော်မသေချာပါ။) အဲဒီတော့ ဒီ Creative Commons licensing အကြောင်း အောက်ပါ ကာတွန်းလေးတွေ ကတဆင့် ကြည့်ရအောင်ပါ၊ ကြိုက်ရင် ကိုယ့်ဘလော့ဂ်အတွက် ယူလို့ရတာပေါ့။
မူပိုင်ခွင့်အားလုံးချုပ်ကိုင်ခြင်း နဲ့ မူပိုင်ခွင့်အားလုံး စွန့်လွှတ်ခြင်း ကြားကရှိတဲ့ ဖြစ်နိုင်တဲ့ မူပိုင်ခွင့်ထိန်းချုပ်မှု အမျိုးမျိုးကို သတ်မှတ်နိုင်ဖို့ Creative Commons မှ ကူညီလိုပါတယ်။ Creative Commons ရဲ့ လိုင်စင်တွေဟာ မိတ်ဆွေရဲ့ ဖန်တီးမှုအတွက် မူပိုင်ခွင့်ကို လိုသလို ချုပ်ကိုင်နိုင်ခွင့် ပေးထားပြီး တချို့သုံးစွဲမှုများကို အခြားသူများအား အကန့်အသတ်နဲ့ ခွင့်ပြုနိုင်ပါတယ်။
မိတ်ဆွေက စာဖြစ်စေ၊ ပုံဖြစ်စေ တခုခုကို ဖန်တီးလိုက်တာနဲ့ အဲဒီဖန်တီးမှုရဲ့ မူပိုင်ခွင့်အားလုံးကို မိတ်ဆွေက အလိုအလျောက် ရရှိပြီးသား ဖြစ်ပါတယ်၊ မူပိုင်ခွင့်ရရေး လျှောက်လျှောက် မလျှောက်မလျှောက်၊ မူပိုင်ခွင့် သင်္ကတ © သုံးသုံး၊ မသုံးသုံး ဖြစ်ပါတယ်။ မူပိုင်ခွင့်အားလုံးကို ချုပ်ကိုင်လိုသူ တစ်ယောက်အတွက်တော့ ဒီလို အခြေအနေဟာ ကိစ္စမရှိပါ၊ ဒါပေမယ့် ပိုင်ရှင်က သူ့ရဲ့ဖန်တီးမှုကို စည်းကမ်းသတ်မှတ်ချက် တစုံတရာထားပြီး တခြားသူများကို ဝေမျှချင်တယ် ဆိုပါတော့၊ အဲဒီလို လူမျိုးအနေနဲ့ ဘယ်လိုလုပ်ရမလဲ။
Creative Commons ရဲ့ လိုင်စင်များဟာ အဲဒီလိုလူတွေအတွက် တည်ဆောက်ထားတာပါ။ တီထွင်ဆန်းသစ်ခြင်းနဲ့ အတွေးအခေါ်အသစ်ဆိုတာ ရှိပြီးသားတွေအပေါ်မှာ ထပ်ပြီးတည်ဆောက်ရတယ် ဆိုတာ နားလည်သဘောပေါက်တဲ့ လူတွေ အတွက်ပေါ့။
Creative Commons ရဲ့ လိုင်စင်တိုင်းဟာ သင့်ရဲ့ ဖန်တီးမှုကို တကမ္ဘာလုံး အတိုင်းအတာနဲ့ ပြန်လည်မျှဝေ ကူးယူဖော်ပြနိုင်ဖို့ ခွင့်ပြုပါတယ်၊ အဲဒီလို ကူးယူဖော်ပြသူတွေက သင်သတ်မှတ်တဲ့ စည်းကမ်းချက်တွေကိုတော့ လိုက်နာရမှာ ဖြစ်ပါတယ်။
Creative Commons လိုင်စင်တွေမှာ ရွေးချယ်စရာ စည်းကမ်းလေးမျိုးရှိပါတယ်။ ပထမဦးဆုံးစည်းကမ်းကတော့ attribution requirement ဖန်တီးမှုရဲ့ ပိုင်ရှင်ကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဥပမာ - ကျွန်တော်က တက်သစ်စ ဓာတ်ပုံဆရာတစ်ဦး ဆိုပါတော့။ ကျွန်တော်က ကျွန်တော့်နာမည်ကို ၀က်ဘ်ပေါ်မှာ ပျံ့နှံ့စေချင်တယ်။ ဒီအခြေအနေမှာ အခုပြောတဲ့ attribution requirement ကို သုံးရင် လူတွေအားလုံးဟာ ကျွန်တော့် ဓာတ်ပုံတွေကို လွတ်လွတ်လပ်လပ် ဝေမျှနိုင်မယ်၊ အဲဒီဓာတ်ပုံတွေကို ကျွန်တော်ရိုက်ခဲ့ပါတယ်ဆိုတာကို ရည်ညွှန်းပေးသရွေ့ပေါ့။
အဲဒီတော့ မောင်အစ် (IGNACIO) ကကျွန်တော့် site ကို လာကြည့်မိပြီး ဓာတ်ပုံတွေကို သူ့ site မှာ ပြန်သုံးချင်တယ် ဆိုပါတော့။ ဓာတ်ပုံပိုင်ရှင် ကျွန်တော့်နာမည်ကို သူက ရှင်းရှင်းလင်းလင်း ဖော်ပြပေးသရွေ့ အဲဒီဓာတ်ပုံကို မောင်အစ်က သုံးနိုင်ပါတယ်။ ကျွန်တော့်ဆီက ကြိုတင်ခွင့်ပြုချက် တောင်းစရာ မလိုပါ။
နောက်ရွေးနိုင်တဲ့ စည်းကမ်းသတ်မှတ်ချက် တစ်ခုက စီးပွားရေးအတွက် အသုံးပြုခွင့် မပြုခြင်း no commercial use ဖြစ်ပါတယ်။ ဒီစည်းကမ်းကို ကျွန်တော် ရွေးခဲ့ရင် ကျွန်တော့်ဓာတ်ပုံကို လူတွေက တခြားကိစ္စအမျိုးမျိုးအတွက် သုံးနိုင်ပေမယ့် အခကြေးငွေရအောင် လုပ်တဲ့ ကိစ္စတွေမှာ မသုံးနိုင်ပါ။ အဲဒီလို သုံးချင်ရင် ကျွန်တော်ထံမှ ခွင့်ပြုချက်ကို ပထမ ရယူရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်က သူတို့ဆီကပြန်ပြီး အခကြေးငွေ တောင်းနိုင်ပါတယ်။
အဲဒီတော့၊ ဆိုပါစို့၊ ဆရာအက်စ် ဆိုတဲ့ ကျောင်းဆရာက ကျွန်တော့် ဓာတ်ပုံတွေကို သူ့အတန်းရဲ့ ၀က်ဘ်ဆိုက်ဒ်မှာ သုံးချင်တယ် ဆိုပါတော့၊ အဲဒါဆိုရင် ပညာရေးဖြစ်တဲ့ အတွက် ဆရာအက်စ်ဟာ ကျွန်တော့်ကို မမေးဘဲ ယူသုံးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်နာမည်ကိုတော့ ဖော်ပြပေးရဦးမှာ ဖြစ်ပါတယ်။ ဒါမှ ဆရာအက်စ်ရဲ့ အတန်းဝက်ဘ်ဆိုက်ဒ်ကဆင့် ကျွန်တော့်ဓာတ်ပုံတွေကို တွေ့သွားတဲ့ တခြားလူတွေက ကျွန်တော့်ဓာတ်ပုံတွေကို ဘယ်လိုအခါမှာ သုံးနိုင်တယ်၊ ဘယ်လိုအခါမှာ မသုံးနိုင်ဘူးဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။
တခြားတဘက်မှာတော့ မမီရန်က ကျွန်တော့်ဓာတ်ပုံတွေကို သူထုတ်မယ့် ကော်ဖီစားပွဲစာအုပ်မှာ သုံးချင်တယ်ဆိုပါတော့။ အဲဒါဆိုရင်တော့ ကျွန်တော့်ဆီက ခွင့်ပြုချက်တောင်းရမှာ ဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ မမီရန်က သူ့စာအုပ်ကို အမြတ်အစွန်းအတွက် ပြန်လည်ရောင်းချမှာ ဖြစ်လို့ပဲ။
နောက်ရွေးလို့ရတဲ့ စည်းကမ်းကတော့ မူရင်းအတိုင်း မပြောင်းမလဲဘဲသာ ဖြန့်ဝေခွင့် no derivative works ဖြစ်ပါတယ်။ ဒီစည်းကမ်းအရ ကျွန်တော့်ဓာတ်ပုံကို ဝေမျှချင်ရင် မူရင်းအတိုင်း မပြောင်းမလဲဘဲ ဓာတ်ပုံတစ်ခုလုံးကိုပဲ ဝေမျှနိုင်ပါတယ်။
တကယ်လို့ မမာယာက ကျွန်တော့်ဓာတ်ပုံကို လိုသလောက်သာ ဖြတ်ပြီး (crop လုပ်ပြီး) သူ့ရဲ့ ဖြတ်ညှပ်ကပ် စာအုပ်မှာ ထည့်ချင်တယ်ဆိုပါတော့။ မူရင်းအတိုင်းသာ ဖြန့်ဝေခွင့် စည်းကမ်းကို ရွေးထားတဲ့ အတွက် မမာယာက ကျွန်တော့်ဆီက အရင်ခွင့်တောင်းရမှာ ဖြစ်ပါတယ်။ မဖြတ်ဘဲ crop မလုပ်ဘဲ ထည့်မယ်ဆိုရင်တော့ ကြိုပြီး ခွင့်တောင်းစရာ မလိုဘဲ ထည့်နိုင်ပါတယ်။
နောက်ဆုံးရွေးနိုင်တဲ့ စည်းကမ်းချက်ကတော့ ကိုယ်မျှသလို၊ သူပြန်မျှရမယ် ဆိုတဲ့ Share Alike စည်းကမ်းချက်ပါ။ ကျွန်တော့်ရဲ့ ဓာတ်ပုံကို ကူးယူ၊ ပြုပြင်၊ ပြန်လည်သုံးစွဲသူတွေဟာ သူတို့ အဲဒီလို ကျွန်တော့်ဓာတ်ပုံကိုသုံးပြီး ဖန်တီးထားတဲ့ ဖန်တီးမှုတွေကို ကျွန်တော်ဝေမျှတဲ့ စည်းကမ်းတွေအတိုင်း ပြန်လည်ဝေမျှရမှာ ဖြစ်ပါတယ်။ ဆိုပါစို့… ကျွန်တော်က Share Alike ရယ်၊ Attribution ရယ်၊ Non-commercial ရယ်၊ စည်းကမ်းသုံးခုအောက်မှာ ကျွန်တော့်ဓာတ်ပုံကို ဝေမျှထားတယ်ဆိုပါစို့။
အဲဒီအထက်ပါ စည်းကမ်းသုံးခုနဲ့ ကျွန်တော်က လိုင်စင်ခံထားတယ်ဆိုပါစို့။ မမာယာဟာ ကျွန်တော့်ဓာတ်ပုံကို သူမ လိုသလို ဖြတ်ညှပ်ကပ်လုပ်ပြီး သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြတ်ညှပ်ကပ်လုပ်ပြီးလို့ ထွက်လာတဲ့ သူ့ရဲ့ ဖြတ်ညှပ်ကပ်စာအုပ်ကိုလည်း ကျွန်တော်လိုင်စင်မှာ ပါတဲ့ စည်းကမ်းချက်သုံးမျိုးနဲ့ သူကအားလုံးကို ပြန်ပြီးဝေမျှရမှာ ဖြစ်ပါတယ်။ တခြားသူများက မာယာ့စာအုပ်ကို သုံးချင်ရင် မာယာ့ကို attribute လုပ်၊ အမြတ်အစွန်းအတွက် commercial use အတွက် သုံးချင်ရင် သူမဆီက အရင်ခွင့်တောင်း၊ နောက်သူတို့ ရလာတဲ့ နောက်ဆုံးဖန်တီးမှုကိုလည်း အခုစည်းကမ်းသုံးမျိုးနဲ့ ပြန်မျှရမှာဖြစ်ပါတယ်။ မာယာကလည်း ကျွန်တော့်ဓာတ်ပုံသုံးတယ်ဆိုတာကို ပြောပြရမှာ ဖြစ်သလို၊ သူမရဲ့ ဖြတ်ညှပ်ကပ်စာအုပ်ကို အမြတ်အစွန်းအတွက် ရောင်းချင်ရင်လည်း ကျွန်တော့်ထံက ခွင့်ပြုချက်ယူရမှာ ဖြစ်ပါတယ်။
ဆိုတော့ ဒီဟာတွေက Creative Commons လိုင်စင်မှာပါတဲ့ ရွေးချယ်နိုင်တဲ့ စည်းကမ်းချက် လေးမျိုးအကြောင်းပါ။ ဒီစည်းကမ်းချက်လေးမျိုးကို လိုသလိုပေါင်းစပ်ပြီး ကိုယ်လိုချင်တဲ့ လိုင်စင်ကို ရနိုင်မှာဖြစ်ပါတယ်။ ဒီလေးမျိုးကို ပေါင်းနိုင်တဲ့နည်းတွေက အောက်က ပုံပါအတိုင်း ၁၁မျိုးရှိပါတယ်။
ကဲ တကယ်လို့ ကျွန်တော်က ကျွန်တော့်ဓာတ်ပုံနဲ့ ပတ်သက်တဲ့ ဘာမူပိုင်ခွင့်ကိုမှ မလိုချင်ဘူး၊ မည်သူမဆို သုံးလိုရာသုံးစေ ဆိုပြီး ပေးချင်တယ် ဆိုပါတော့။ အဲဒါဆိုရင် ကျွန်တော့် ဓာတ်ပုံကို အများပိုင်နယ်မြေ public domain မှာထားတယ်လို့ ခေါ်ပါတယ်။ ဒီလို အများပိုင်နယ်မြေမှာ ထားခြင်းဟာ လိုင်စင်ခံခြင်းနဲ့ မတူပါ။ ဒီလိုထားခြင်းဟာ no rights reserved မူပိုင်ခွင့်အားလုံး စွန့်လွှတ်သည်လို့ ကြေငြာခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။
ဒီ Creative Commons လိုင်စင်တွေဟာ သင်လိုရာ လိုင်စင်စည်းကမ်းချက်များနဲ့ သင့်ဖန်တီးမှုများကို ဝေမျှနိုင်စေမယ်လို့ မြော်လင့်ကြောင်းပါ။
မူရင်းလင့်ခ်ကတော့ ဒီမှာပါ။ ကျွန်တော်က ဥပဒေစကား ရေးလေ့မရှိတဲ့အပြင် ကမန်းကတန်း ဘာသာပြန်ထားရတာ ဖြစ်တဲ့အတွက်လည်း မရှင်းတာလေးတွေ ရှိနိုင်ပါတယ်၊ ဒီ Creative Commons လိုင်စင်တွေအကြောင်း မကြားဖူးသေးသူ မြန်မာဘလော့ဂ်ရေးသူများ အတွက် တတ်အားသရွေ့ ဘာသာပြန်ထားခြင်းပါ၊ ကျွန်တော်ရေးသမျှ၊ ဘာသာပြန်သမျှ အားလုံးမှန်ကန် တိကျတယ်လို့ အာမ မခံနိုင်ပါ။ ဒီမှာရေးထားတာတွေနဲ့ ပတ်သက်ပြီး မသေချာရင် သံသရှိခဲ့ရင် မိမိနေထိုင်ရာဒေသမှ ဥပဒေတတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ။ မူရင်း အင်္ဂလိပ်လိုရေးသားချက်ကို ကိုးကားပါ။
ကျွန်တော်တို့လို ဘလော့ဂါတွေ ဒီ Creative Commons လိုင်စင်တွေ ဘယ်လိုယူလို့ရတယ် ဆိုတာကို သရုပ်ဖော်ထားတဲ့ နောက်ထပ် ကာတွန်းပုံလေးတွေ ရှိပါသေးတယ်။ နောက်အပတ်ထဲလောက်မှာ တင်ဖြစ်မလားမသိပါ။ တကယ်လို့ အဲဒီ ကာတွန်းပုံးလေးတွေကို ဘာသာပြန်ဖို့ စိတ်ဝင်စားရင် ဒီလင့်ခ်မှာ သွားယူပြီး ကိုယ့်ဘလော့ဂ်မှာ ကိုယ် ဘာသာပြန်ပြီး တင်ပေးပါခင်ဗျား။ ဘာသာပြန်ပြီးရင်တော့ ကျွန်တော့်ကိုလည်း လက်တို့လိုက်ပါဦး၊ ဒါမှ ဒီပို့စ်ရဲ့ နောက်ဆက်တွဲအနေနဲ့ လင့်ခ်ပေးလို့ရအောင်။ ကျွန်တော်လည်း ဘာသာပြန်ရ သက်သာတာပေါ့။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အထက်ဖော်ပြပါ မူရင်း ကာတွန်းစာမျက်နှာကို သွားကြည့်တဲ့အခါမှာ သတိထားမိမလားတော့ မသိပါ။ ကျွန်တော်က အဲဒီစာမျက်နှာက ကာတွန်းပုံတွေကို ဒီပုံမှာယူသုံးထားတာဆိုတော့ ကျွန်တော်ရော မူပိုင်ခွင့်ချိုးဖောက်သလို ဖြစ်နေမလား၊ ဘယ်လိုထင်ပါသလဲ။ အမှန်ကတော့ မဖြစ်ပါ။ အဲဒီ စာမျက်နှာရဲ့ အောက်ဆုံးမှာ “This comic strip is licensed under a Creative Commons Attribution license” ဆိုတဲ့စာသားနဲ့ ပုံတွေ့မှာ ဖြစ်ပါတယ်။ အဲဒီစာသားကို နှိပ်လိုက်ရင် လိုင်စင်ရဲ့ လူဖတ်လို့ရတဲ့ စာမျက်နှာပေါ်လာမှာ ဖြစ်ပြီး အဲဒီစာမျက်နှာပါ စည်းကမ်းချက်အရ သူတို့ကို (Creative Commons website ကို) တင်ကြိုခွင့်တောင်းစရာ မလိုဘဲ အဲဒီပုံတွေကို မည်သူမဆို ယူသုံးလို့ရတယ်၊ သူတို့ကို attribute လုပ်ပေးသရွေ့ပေါ့။ အဲဒီတော့ လိုင်စင်စည်းကမ်းချက် ညီအောင် ကျွန်တော် အောက်မှာ attribute လုပ်ပါပြီ။
Credits:
Cartoon concept and design by Neeru Paharia.
Original illustrations by Ryan Junell, Photos by Matt Haughey.
All obtained from Creative Commons website.
ကဲ ဒီနေ့အဖို့တော့ ဒီလောက်ပါပဲ။ ကျွန်တော်တို့ မြန်မာ blogosphere ကြီး မူပိုင်ခွင့်ကို လေးစားတဲ့နေရာ တစ်ခုအဖြစ် တည်တံ့နိုင်ပါစေ။
ပုထုဇဉ်
(မူပိုင်ခွင့်နှင့် ပတ်သက်၍ ကိုပုထုဇဉ် ရေးခဲ့သောပို့စ်များကို ဆက်လက်ဖော်ပြပါမည်။)




