Showing posts with label others' works. Show all posts
Showing posts with label others' works. Show all posts

Wednesday, July 31, 2013

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”

(မှတ်ချက်။ ။ ကြုံတွေ့ခဲ့တဲ့ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ သူတို့ရဲ့ လက်ရာအချို့ကို ဆက်လက်တင်ပြသွားပါမယ်။ မကြာခင်ကတော့ အီရတ်က “ဂူလာလာနိုရိ” နဲ့ နယူးဇီလန်က “ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း” တို့အကြောင်းကို ရေးသားခဲ့ပါတယ်။ အခုလို မိတ်ဆက်ပေးသွားမယ့် ကဗျာဆရာတွေ အားလုံးဟာ ဆုရသူတွေ၊ အကောင်းဆုံးတွေ၊ နာမည်အကြီးဆုံးတွေ ဟုတ်ချင်မှ ဟုတ်ကြပါမယ်။ ဟုတ်ရင်လည်း ဟုတ်ကြပါမယ်။ သေချာတာကတော့ သူတို့ဟာ သူတို့ရဲ့နိုင်ငံမှာ လက်တလော ကဗျာရေးသားနေဆဲ ယနေ့ခေတ် ကဗျာဆရာများ ဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေရဲ့ ယနေ့ခေတ် ကဗျာလောကထဲမှာ သူလိုကိုယ်လို ရေးသားနေသူတို့ရဲ့ ဘဝ၊ ပြောပြချက်တွေနဲ့ လက်ရာတွေကို မိမိဘာသာ တစေ့တစောင်း ကြည့်ချင်လို့ လက်လှမ်းမီသလောက် မေးကြည့်ခြင်းသာ ဖြစ်ပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်းရချိန်မှာ တရားဝင်ခွင့်တောင်းပြီး ဘာသာပြန်ခြင်း အလေ့အထကို နှစ်သက်လို့လည်း ဖြစ်ပါတယ်။)


(photo by Ariel Manuel)

ဖိလစ်ပိုင်နိုင်ငံက ကဗျာဆရာမ၊ စာရေးဆရာမ၊ ဘာသာပြန်သူ တစ်ဦးဖြစ်တဲ့ ဂျင်းန်ဗီး အယ်လ် အာစန်ဂျို (Genevieve L. ASENJO)  ဟာ ကျေးလက်ဒေမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ကဗျာကို ငယ်စဉ်ကတည်းက ယဉ်ပါးခဲ့ပါတယ်။ သူတို့ဆီက ကျေးလက်လူထုထဲမှာ ကဗျာစပ်ခြင်းနဲ့ ကဗျာရွတ်ခြင်းဆိုတာဟာ ရင်းနှီးကျွမ်းဝင်ပြီးသား အလေ့အထတစ်ခုဖြစ်တယ်လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။ ကျေးလက် လူမှုရေး အခမ်းအနားတွေမှာ အမျိုးသား အမျိုးသမီးတွေဟာ လက်တန်း ကဗျာတွေကို အပြိုင်အဆိုင် ရွတ်ဆိုလေ့ရှိကြတဲ့ ဓလေ့ရှိတဲ့အကြောင်း သူက ကျွန်မကို ပြောပြပါတယ်။ ဒီလိုဓလေ့မျိုးဟာ ကျွန်မတို့ မြန်မာနိုင်ငံက ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားအချို့မှာလည်း ရှိကြတယ်ဆိုတာ မှတ်သားဖူးတာမို့ ဗဟုသုတချင်း ဖလှယ်ဖြစ်ခဲ့ကြပါသေးတယ်။

ဂျင်းန်ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံး အချက်ကတော့ ကဗျာက သူ့ဘဝကို မြှင့်တင်ပေးပြီး အဆင့်အတန်းရှိတဲ့ အလုပ်အကိုင်တစ်ခုကိုပါ ဖန်တီးပေးခဲ့တယ် ဆိုတာပါပဲ။ သူ့ရဲ့ ကဗျာတွေကို တက္ကသိုလ်က နှစ်သက်သဘောကျတဲ့အတွက် သူဟာ တက္ကသိုလ်ဆရာမတစ်ဦး အဖြစ် အလုပ်ရခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်၊ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးနဲ့ သူ့ရဲ့ ထင်ရှားတဲ့ ကဗျာနှစ်ပုဒ်ကို မိတ်ဆက် တင်ပြလိုက်ပါတယ်။ အင်တာဗျူးကတော့ အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဂျင်းန် ဟာ စာအုပ် ၄ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသား စာအုပ်ဆု (National Book Award) ကို ချီးမြှင့်ခံခဲ့ရပါတယ်။ သူ့ရဲ့ ဝတ္ထုတိုတွေနဲ့ ကဗျာတွေဟာ မဂ္ဂဇင်းတွေမှာ၊ စုစည်းမှုတွေမှာ ဖော်ပြခံရပါတယ်။ ဂျင်းန် ဟာ ဖိလစ်ပိုင်ရဲ့ ဘာသာစကားတွေဖြစ်တဲ့ ကီနာရေ-အ၊ ဟီလီဂေနွန်နဲ့ ဖလစ်ပီနို ဘာသာတွေကို ဘာသာပြန်ဆိုပါတယ်။ Balay Sugidanun (Storytelling House) ရဲ့ တည်ထောင်သူဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ De La Salle University-Manila ရဲ့ စာပေနဲ့တီထွင်ဖန်တီးစာရေးသားခြင်း ဌာနမှာ လက်ထောက်ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မေး။    ။ဆရာမက စာရေးဆရာလည်းဖြစ်တယ် တက္ကသိုလ်ဆရာမ တစ်ယောက်လည်း ဖြစ်တယ် ဆိုတော့ ဘယ်အသက်မွေးဝမ်းကျောင်းကို အရင် စလုပ်ဖြစ်တာပါပဲ။ ဘယ်လိုများ လုပ်ခဲ့ပါသလဲ။
ဖြေ။     ။ကျွန်မ တက္ကသိုလ်ဆရာမ ဖြစ်လာရတာက စာရေးဆရာတစ်ယောက်မို့လို့ပါ။ ကျွန်မ ဆက်ပြီး စာရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်အတွက်ရော တက္ကသိုလ်ထဲမှာပါ လူထုနဲ့ ဆက်သွယ်မှုတွေ သုတေသနတွေ လုပ်ရလို့ပါ။ အလုပ်ရဖို့၊ အလုပ်သက်တမ်းတိုးဖို့၊ ရာထူးတက်ဖို့နဲ့ အမြဲခန့်ရာထူးကို ရဖို့ စာရေးသားထုတ်ဝေဖို့ လိုပါတယ်။ ဒါကြောင့် တချို့ အခြေအနေတွေက လွဲလို့ ကျွန်မဟာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတယ်လို့ ခံစားရပါတယ်။ ကျောင်းအလုပ်တွေနဲ့ ပင်ပန်းနေတဲ့အခါမှာတော့ စာရေးဖို့ လိုအပ်တဲ့ အာရုံစူးစိုက်မှုအတွက် အချိန်ပေးရတာ အားမွေးရတာ သိပ်ကို ခက်ခဲပါတယ်။

မေး။    ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာမ စာရေးပါသလဲ။
ဖြေ။     ။ ကျွန်မ စာတွေကို အတိတ်မှတ်တမ်းနဲ့ အနာဂတ်အမြင်အဖြစ် ရေးပါတယ်။ ဒါကြောင့်မို့ စာရေးခြင်းဆိုတာ ကျွန်မအတွက် အဓိပ္ပာယ်ရှိပြီး ထင်ရှားတဲ့ အတိတ်က ဇာတ်လမ်းတွေကို မှတ်မိခြင်းနဲ့ အဓိပ္ပာယ်ဖော်ခြင်း လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဥပမာ ငယ်ဘဝ၊ ဒေသရဲ့သမိုင်းတွေ၊ နေရာတွေ လိုမျိုးပေါ့။ ဒီတော့ ဒါတွေဟာ အဆက်မပြတ်ဖြစ်လာပြီး ကျွန်မတို့ဟာ အတွေးတွေ အပြုအမူတွေရဲ့ ပုံစံကို ခြေရာခံနိုင်မယ်။ ခေတ်ပြိုင် စာဖတ်သူတွေကလည်း အဲဒီလို သတိရခြင်းတွေမှာ ပါဝင်လာနိုင်မယ် ဒါမှမဟုတ် တူညီတဲ့ ဘာသာစကားနဲ့ အမှတ်တရတွေကတဆင့် လူ့အဖွဲ့အစည်းတွေဟာ ရှေ့ဆက်လာမယ်လို့ မျှော်လင့်ပါတယ်။  အနာဂတ်အမြင်လို့ ပြောရခြင်းကတော့...................


ဘာသာပြန်ကဗျာ ၂ ပုဒ်အပါအဝင် အပြည့်အစုံကို ရသကမ်းခြေ လပွတ္တာ အွန်လိုင်းမဂ္ဂဇင်းမှာ ဆက်ဖတ်ပါ။


http://www.lptmagazine.net/2013/07/blog-post_28.html

Expand..

Tuesday, February 19, 2013

နယူးဇီလန်မှ ကဗျာဆရာ စာရေးဆရာ “ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း”



နယူးဇီလန်မှ ကဗျာဆရာ စာရေးဆရာ “ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း”  

(မှတ်ချက်။ ။ ကြုံတွေ့ခဲ့တဲ့ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ သူတို့ရဲ့ လက်ရာအချို့ကို ဆက်လက်တင်ပြသွားပါမယ်။ မကြာခင်ကတော့ အီရတ်က ကဗျာဆရာမ “ဂူလာလာနိုရိ” အကြောင်းကို ရေးသားခဲ့ပါတယ်။ အခုလို မိတ်ဆက်ပေးသွားမယ့် ကဗျာဆရာတွေ အားလုံးဟာ ဆုရသူတွေ၊ အကောင်းဆုံးတွေ၊ နာမည်အကြီးဆုံးတွေ ဟုတ်ချင်မှ ဟုတ်ကြပါမယ်။ ဟုတ်ရင်လည်း ဟုတ်ကြပါမယ်။ သေချာတာကတော့ သူတို့ဟာ သူတို့ရဲ့နိုင်ငံမှာ လက်တလော ကဗျာရေးသားနေဆဲ ယနေ့ခေတ် ကဗျာဆရာများ ဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေရဲ့ ယနေ့ခေတ် ကဗျာလောကထဲမှာ သူလိုကိုယ်လို ရေးသားနေသူတို့ရဲ့ ဘဝ၊ ပြောပြချက်တွေနဲ့ လက်ရာတွေကို မိမိဘာသာ တစေ့တစောင်း ကြည့်ချင်လို့ လက်လှမ်းမီသလောက် မေးကြည့်ခြင်းသာ ဖြစ်ပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်းရချိန်မှာ တရားဝင်ခွင့်တောင်းပြီး ဘာသာပြန်ခြင်း အလေ့အထကို နှစ်သက်လို့လည်း ဖြစ်ပါတယ်။)

နယူးဇီလန်က ကဗျာဆရာ စာရေးဆရာ ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း(Jeffery Paparoa Holman) ရဲ့ ထူးခြားချက်ကတော့ သိုးမွေးညှပ်သူ၊ စာပို့သမား၊ စိတ်ရောဂါဌာန လူမှုဆက်ဆံရေးဝန်ထမ်း၊ စာအုပ်ရောင်းသူ စတဲ့ ဘဝမျိုးစုံ ကျင်လည်ခဲ့ပြီး အသက်အရွယ် အတော်ရကာမှ ကဗျာကို ပြန်လည်ပြီး တစိုက်မတ်မတ် ရေးသားခဲ့၊ ပညာရပ်တစ်ခုအနေနဲ့ ကျောင်းမှာ လေ့လာသင်ယူခဲ့ပြီး ခက်ခက်ခဲခဲ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ သူ့ရဲ့ကြိုးပမ်းမှုပါ။   ယခုလည်း ပင်စင်ယူတဲ့ အသက်အရွယ်ရောက်သည့်တိုင် ကဗျာကို ချစ်မြတ်နိုးစွာနဲ့ ဆက်လက် လေ့လာသင်ယူနေဆဲ၊ ခေတ်ပြိုင်ပုံစံမျိုးစုံနဲ့ ရေးသားနေဆဲ ကဗျာဆရာတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ကဗျာဖြတ်သန်းမှုကို အင်တာဗျူး အဖြေတွေမှာ ဖတ်ရှုနိုင်ပါတယ်။

သူ့ဘဝအကြောင်း အကျဉ်းချုပ်၊ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးနဲ့ သူ့ရဲ့ ထင်ရှားတဲ့ ကဗျာနှစ်ပုဒ်ကို မိတ်ဆက် တင်ပြလိုက်ပါတယ်။ အင်တာဗျူးကတော့ အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း ကို ၁၉၄၇ ခုနှစ်မှာ လန်ဒန်မြို့မှာ မွေးခဲ့ပါတယ်။ ၁၉၅၀ မှာ သူ့မိဘတွေနဲ့အတူ နယူးဇီလန်ကို ပြောင်းရွှေ့လာခဲ့တယ်။ တောင်ပိုင်းဒေသ ကမ်းရိုးတမ်းက ကျောက်မီးသွေးမိုင်းလုပ်ငန်း ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ပြီး အဲဒီ ဘဝဟာ သူ့ရဲ့ စာတွေအပေါ် ထင်ဟပ်နေခဲ့ပါတယ်။ ဂျက်ဖရီ ဟာ သူ့အချစ်ဦးဖြစ်တဲ့ ကဗျာအပြင် သမိုင်း၊ မှတ်တမ်း စတဲ့ သုတစာတွေ၊ ဝေဖန်သုံးသပ်ချက်နဲ့ ပညာရပ်ဆိုင်ရာ ဆောင်းပါးတွေ ရေးသားပါတယ်။ လတ်တလောမှာတော့ ခရစ်ချပ်ခ်ျမှာ ရှိတဲ့ ကန်တာဘာရီ တက္ကသိုလ်မှာ Senior Adjunct Fellow အဖြစ် လုပ်ကိုင်နေပါတယ်။ (၂၀၁၂ နိုဝင်ဘာမှာ ပင်စင်ယူမယ်လို့ ပြောခဲ့ပါတယ်။)

သူ့ကဗျာစာအုပ် ၇ အုပ်ထဲက ပထမဆုံး စာအုပ်ကို ၁၉၇၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ နောက်ဆုံးထုတ်ဝေခဲ့တဲ့  ကဗျာစာအုပ်ကတော့ ၂၀၁၂ ခုနှစ်မှာ ကန်တာဘာရီ တက္ကသိုလ်က ထုတ်ဝေတဲ့ “လှုပ်ခါချခြင်း ၆.၃” ဖြစ်ပါတယ်။ ငလျင်အကြောင်းကို အခြေခံတဲ့ ကဗျာတွေဖြစ်ပါတယ်။ သုတစာပေအနေနဲ့တော့ သမိုင်းစာအုပ်တစ်အုပ်ဖြစ်တဲ့ “ကမ္ဘာနှစ်ခုရဲ့ အကောင်းဆုံး” စာအုပ်ကို ၂၀၁၀ မှာ ထုတ်ဝေခဲ့ပြီး “ပျောက်ဆုံးနေတဲ့လေယာဉ်မှူး” စာအုပ်ကို ၂၀၁၃ စင်တင်ဘာမှာ ထုတ်ဝေပါမယ်။  



မေး။      ။ ဆရာက အချိန်ပြည့်စာရေးဆရာတစ်ယောက် ဖြစ်ပါသလား။ မဟုတ်ခဲ့ဘူးဆိုရင် တခြားဘာတွေများ လုပ်ပါသလဲ။
ဖြေ။       ။အခုဆိုရင်တော့ ဟုတ်ပါတယ်။ အချိန်တိုင်းလိုလိုရေးတဲ့ စာရေးဆရာပေါ့။ ဒါပေမယ့် အဲဒီလိုဖြစ်လာဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်။ ၂၀၁၂ နိုဝင်ဘာလကုန်မှာ ကျွန်တော် အသက် ၆၅ နှစ်ပြည့်လို့ အစိုးရဆီက ပင်စင်လစာ ရတော့မယ်။ အဲဒီအချိန်ကျရင်တော့ ကျွန်တော့်ရဲ့ ဘဝမှာ ပထမဆုံးအနေနဲ့ ပင်စင်စား အချိန်ပြည့် စာရေးဆရာဖြစ်တော့မယ်။   အလုပ်ကနေ အနားယူတယ် ဆိုတာကတော့ ဘာကိုဆိုလိုမလဲ မသိဘူး။ နယူးဇီလန်နဲ့ တခြားဘယ်နေရာက  စာရေးဆရာတွေမဆို စာရေးတာတစ်ခုတည်းနဲ့ အသက်မွေးဖို့ ခက်ခဲပါတယ်။ ကျွန်တော်က အချိန်ပြည့် အသက်ရှင်နေထိုင်တဲ့ လူသားတစ်ယောက်ပါ။ ဒီတော့လည်း ကျွန်တော်ဟာ ဘာသာစကားနဲ့ အတွေ့အကြုံတွေကို စုပ်ယူထားပြီး စာရေးဖို့ အမြဲအဆင်သင့် ဖြစ်နေပါတယ်။ ကျွန်တော်ထိုင်ပြီး တစ်ခုခု ရေးလိုက်တဲ့အခါ စာမျက်နှာတွေပေါ်မှာ ရောက်လာမယ့်စာတွေ တစ်နည်းနည်းနဲ့ ဖြစ်လာပါတယ်။

မေး။      ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာ စာရေးပါသလဲ။
ဖြေ။       ။ ကျွန်တော် စာရေးရတာ ပျော်ရွှင်နှစ်ခြိုက်လို့ ရေးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စကားလုံးတွေနဲ့ ကစားရတာ ကြိုက်လို့ပါ။ မူလတန်းကျောင်းသား အရွယ်ကတည်းက ကျွန်တော့် အင်္ဂလိပ်စာ စွမ်းရည်ကို မြင်ကြတဲ့ ဆရာဆရာမတွေရဲ့ အားပေးမှုကို ရခဲ့ပါတယ်။ ကျွန်တော့် အသက် ၁၁ နှစ်အရွယ်မှာ လေယာဉ်ပျံကို စတီထွင်ခဲ့တဲ့ ရိုက်ညီနောင်အကြောင်း ပထမဆုံး ကဗျာကို ရေးခဲ့တယ်။ ဒီတော့ ကျွန်တော်က ကိုယ့်အတွက်လည်း စာရေးသလို စာဖတ်ပရိသတ်သာ ရှိခဲ့ရင် သူများတွေအတွက်ပါ စာရေးတယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော့်စာအုပ်တွေကို ဘယ်သူမှ ဝယ်မဖတ်တောင်မှ  ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာဖတ်ပါမယ်။ ကျွန်တော့်အတွက်တော့ စာရေးခြင်းက အသက်ရှုခြင်းနဲ့ တူပါတယ်။ 
 .....................

 အပြည့်အစုံကို ဖတ်ရှုရန် ရသကမ်းခြေ လပွတ္တာအွန်လိုင်း မဂ္ဂဇင်း သို့သွားပါ။ 

Expand..

Saturday, January 26, 2013

အမြင့်မူးရောဂါ (ကိုရီးယား ဘာသာပြန်ဝတ္ထုတို) အပိုင်း ၃ ဇာတ်သိမ်း

(အပိုင်း ၂ မှ)
ကျွန်တော်ကလည်း သူ့ကို ပြန်ခေါင်းညွတ်လိုက်ပါတယ်။ အဲဒီ ရှာပလူမျိုး က ဆံပင်ကောက်ကောက် အသားနက်နက် ရိုးရိုးသားသားပုံစံနဲ့ တကယ့်ကို တောင်ပေါ်ရွာသားရုပ်ပါ။ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ကြတယ်။ သူ့နာမည်က ပြာဘ။ သူ့ဟာ ကက်တ်မန်ဒူမြို့က ခရီးသွားအကျိုးဆောင် ကုမ္ပဏီက ငှားထားတဲ့ ဧည့်လမ်းညွှန်ပါ။




၃။ ဒုတိယအဆင့်

လူကလာ ကနေစပြီးတော့ ၃၄၄၀ မီတာမြင့်တဲ့ နမ်ချီကို သုံးရက်လောက် လမ်းလျှောက်ပြီး ဖြတ်ခဲ့ကြတယ်။ ကျွန်တော့်ကို စားသောက်ဆိုင်မှာ တောင်တက်သမားကြီးက သတိပေးထားတဲ့အတိုင်းပါပဲ။ မီတာ၈၀၀၀ ထောင်မတ်နေတဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွေရှိတဲ့ ခမ်ဗျုဒေသကို ဖြတ်ရတဲ့ တောင်တက်သမားတွေအဖို့  အမြင့်မူးရောဂါ စွဲကပ်လာတာလောက် အန္တရာယ်ကြီးတဲ့ အရာ မရှိတော့ပါဘူး။ အမြင့်မူးရောဂါကို အကောင်းဆုံးကုသနည်းကတော့ ကြိုတင်ကာကွယ်ဖို့ပါပဲ။ အဲဒါကတော့ တစ်နေ့ကို မီတာ ၃၀၀ ထက်မပိုဘဲ ဖြည်းဖြည်းလမ်းလျှောက်ဖို့ပါ။

အမြင့် ၃၉၇၃ မီတာရှိတဲ့ မွန်လ ဆိုတဲ့ နေရာကို ရောက်တယ်ဆိုရင်ပဲ အမြင့်မူးရောဂါကို ပထမဆုံး အကြိမ် စခံစားရပါတော့တယ်။ နမ်ချီကနေ ထွက်လာတော့ နှင်းတွေလည်း ပတ်ဝန်းကျင်တစ်ခုလုံး မှုန်မှိုင်းသွားအောင် သည်းသည်းမဲမဲ ကျလာတယ်။ နှင်းတွေဟာ ကျွန်တော့ ခေါင်းပေါ်မှာ တစ်ယောက်ယောက်က ငရုပ်ကောင်းမှုန့်တွေ ဆက်တိုက် ဖြူးချလိုက်သလို တစစ်စစ်နဲ့ နာကျင်စေပါတယ်။ နှင်းထဲမှာ သုံးနာရီလောက်ကြာအောင် လမ်းလျှောက်ပြီးတဲ့အခါ ကျွန်တော်ဟာ တဖြည်းဖြည်း အာရုံတွေဝေဝါးလာပြီး အိပ်မက်ထဲမှာ လမ်းလျှောက်ရသလို ဖြစ်လာပါတယ်။

လေးနာရီလောက်ကြာအောင် လမ်းလျှောက်အပြီးမှာ နားနေခန်းကိုလည်း ရောက်ရော ကျွန်တော်ဟာ စကားဟဟတောင် မပြောနိုင်တော့ဘဲ ခြေကုန်လက်ပန်း ကျသွားပါတယ်။ မီတာ ၅၀၀ ကျော်ကို တက်လာတဲ့ အဲဒီတစ်နေ့တာအပြီးမှာ ကျောပိုးအိတ်ကို ချလိုက်တာနဲ့ မူးဝေလာတော့ပါတယ်။ ရှူးဖိနပ်နဲ့ ခြေအိတ်ကို ချွတ်ဖို့လုပ်တော့ ကျွန်တော့် လက်တွေက လိုက်မလာတော့ဘူး။ တကိုယ်လုံး တုန်တုန်ယင်ယင်နဲ့  လေကို အငန်းမရ ရှူနေရတယ်။ ထပ်ခါထပ်ခါ သုတ်ပစ်လည်း နှာရည်တွေက တုတ်တုတ်ကျနေပါတယ်။ ဝီစကီပုလင်းပေါင်းများစွာကို သောက်ထားသလို ကျွန်တော့် ကိုယ်ခန္ဓာဟာ ဒယီးဒယိုင် ဖြစ်နေပါတယ်။

အဆက်မပြတ် ချောင်းဆိုးနေတဲ့အတွက် တစ်ညလုံး အိပ်မရခဲ့ပါဘူး။ အနုတ် သုံးဆယ့်ငါး ဒီဂရီ စင်တီဂရိတ်ရှိတဲ့ အပူချိန်မှာ ပါးလျနေတဲ့ အောက်ဆီဂျင်ကို ရနိုင်ဖို့အတွက် လေအေးတွေကို တစ်ညလုံး အသက်ပြင်းပြင်း ရှူသွင်းခဲ့ရလို့ နှာခေါင်းကလည်း အေးခဲနေပါပြီ။ အိမ်က နွေးထွေးတဲ့ အိပ်ရာနဲ့ မိန်းမရဲ့ အပွေ့အဖက်ကိုသာ ပြန်တမ်းတနေမိပါတော့တယ်။

                                      …………………

လမ်းလျှောက်တာ ဆယ့်နှစ်ရက် ကြာသွားတဲ့နေ့မှာ ၄၄၅၀ မီတာမြင့်တဲ့ မက်ဟာမို တောင်ထိပ်က ရပ်နားစခန်းမှာ နေ့လည်စာစားရင်း နေပူဆာလှုံနေတုန်း သူ့ကို တွေ့လိုက်ပါတယ်။ ခေါက်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ အသက်ကြီးကြီး ရှာပလူမျိုး တစ်ယောက် ပါ။ သူဟာ ဟိုးအဝေးက နှင်းဖုံးတောင်တန်းတွေကို ငေးကြည့်ရင်း စီးကရက်သောက်ပြီး အေးအေးဆေးဆေး အပန်းဖြေနေပုံပါ။ ရာသီဥတုကလည်း သာယာနေပါတယ်။

“ဒီနေ့ရာသီဥတုက သာယာလိုက်တာဗျာ.. မဟုတ်ဘူးလား”

ရှာပအဘိုးကြီးက ကျွန်တော့်ဘက်ကို ခေါင်းလှည့်ပြီး အသိအမှတ်ပြုလိုက်ပါတယ်။ သူ့မျက်လုံးတွေကတော့ မှိတ်ထားဆဲ။ သူ့မျက်နှာက မဲပြောင်နေပြီး ပါးရေနားရေ တွန့်လိပ်နေပါတယ်။ ဒါပေမယ့် နှုတ်ခမ်းမွှေးပေါ်က သိမ်းငှက်နှုတ်သီးလို နှာခေါင်းကောက်ကြီးကတော့ သူ့ရဲ့ မာန်ကို ဆောင်နေပါသေးတယ်။ အပန်းဖြေခန်းပိုင်ရှင်ဆီမှာ ညတုန်းက ကြားခဲ့ရတာက ဒီအဘိုးကြီးဟာ နိုင်ငံပေါင်း မြောက်များစွာက တောင်တက်လာသူတွေနဲ့ အတူတူ ဒီဧဝရတ်တောင်ကို ငယ်ငယ်ကတည်းက အကြိမ်ပေါင်း များစွာ တက်ခဲ့တယ်တဲ့။ သူ့ကို နန်းတော်မှာ ဘုရင်ကတောင် မှတ်တမ်းတင်ဂုဏ်ပြု ထားရပါသတဲ့။

 “အခုတော့ သာယာနေတာပေါ့။ ဒါပေမယ့် ခဏနေရင် နှင်းတွေအများကြီး ကျတော့မယ်”

အဘိုးကြီးရဲ့အသံက ချွဲကပ်သံ ပါနေပေမယ့် အင်္ဂလိပ်စကားတော့ အတော်ကောင်းကောင်း ပြောနိုင်ပါတယ်။ ကျွန်တော်က သူ့ဘေးမှာထိုင်လိုက်တယ်။ ကျွန်တော်တို့ အတော်ကြာကြာ စကားစမြည် ပြောဖြစ်ကြတယ်။ အဲဒီအချိန်မှာပဲ တောင်ကြားထဲက ပဲ့တင်ထပ်လာတဲ့ စက်သံကြီးတစ်ခုကို ကြားလိုက်ရတယ်။

“ဘာသံလဲ”

“အဲဒါ ဟယ်လီကော်ပတာသံပေါ့။ ဒီခေတ်လူတွေက ဘယ်လို သက်တောင့်သက်သာ သဘောထားရမယ် ဆိုတာ မသိကြဘူး။ တောင်တက်တယ်ဆိုတာက ဖြစ်စဉ်တစ်ခုရယ်ပါ။ ကိုယ့်ကိုယ်ကို အရမ်း တွန်းတွန်းတိုက်တိုက် လုပ်ရင် ဒါတွေ ဖြစ်လာတတ်တယ်”

 “ဘာတွေဖြစ်လာတတ်တာလဲ။ သူတို့က ဘာလို့ ဟယ်လီကော်ပတာကို ဒီအထိ ပျံလာရတာလဲ”

“တခါတလေ ဒီလိုပဲ။ ငါလည်း တစ်ကြိမ်တော့ အဲဒီလို ဟယ်လီကော်ပတာထဲ လိုက်လာဖူးတယ်။ တစ်ကြိမ်ပါပဲ။ ရေခဲပြင်အက်ကွဲကြောင်းထဲကို ပြုတ်ကျပြီးတော့ ရေခဲတုံးညပ်ပြီး ငါ့ညာခြေထောက် ကျိုးသွားခဲ့တယ်။ ကြိုးကွင်း ကယ်ပေလို့သာပေါ့။ ဒါပေမယ့် ငါ တောင်တက်တာ နားလိုက်ရတော့တယ်။ ဒီနေရာကို နောက်တစ်ခါ အဲဒီလိုလာဖို့ မစဉ်းစားတော့ဘူး”

အဘိုးကြီးရဲ့ ဆေးလိပ်မီးခိုးငွေ့ တွေကို ရှူသွင်းရင်း ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ သူ့ဘေးမှာ တောင်ဝှေးတစ်ချောင်းချထားတာကို အခုမှ သတိထားမိတယ်။

“မင်းက ပထမဆုံးအကြိမ် တောင်တက်မယ့်လူလို့ ကြားတယ်။ နေထိုင်ကောင်းရဲ့လားကွ”

“ပြီးခဲ့တဲ့ သုံးလေးရက်ကတော့ ကျွန်တော် နည်းနည်းကြောက်နေမိတယ်။ အဲဒီနေ့မှာ ကျွန်တော် မီတာ ၅၀၀ ကျော် တက်ခဲ့တယ်။ ကျွန်တော် ရူးနေတာပဲဖြစ်မှာပါ။ အဲဒီနေ့က ညစာစားတော့ အိမ်မက်ထဲမှာ အစားအသောက်တွေက နှာခေါင်းထဲ လာဆို့နေသလိုလို ခံစားလိုက်ရတယ်”

အဘိုးကြီးက ချွဲဟပ်ပြီး နှင်းတွေပေါ်ကို ထွေးထုတ်လိုက်တယ်။ ပြီးတော့ သွားကျိုးတွေပေါ်အောင် တစ်ချက်ရယ်လိုက်တယ်။

“အေးပေါ့ကွာ စိတ်မှန်တဲ့လူဆိုရင် ဒီနေရာကို ဘယ်ရောက်လာပါ့မလဲ။ ဒီထိအရောက် တောင်တွေကို တောက်လျှောက် တက်လာနိုင်ဖို့ဆိုတာ ရူးသွပ်နေမှ ရတာ”

ကျွန်တော်က အလိုက်သင့် ထောက်ခံလိုက်တယ်။ အဘိုးကြီးက ပထမဆုံးအနေနဲ့ သူ့ခေါင်းကို ထောင်လိုက်ပြီးတော့ ကျွန်တော့်ကို ကြည့်ပါတယ်။ သူ ပြုံးလိုက်တော့ ပါးရေတွေက ကွန်တိုမြေပုံလို တွန့်လိပ်သွားတယ်။ တောင်တန်းဒေသမှာ သူ ဘယ်လောက်အချိန်ကြာအောင် နေထိုင်ခဲ့သလဲဆိုတာကို ချက်ချင်းခံစားကြည့်လို့ရတယ်။

“ငါလည်း အမြင့်ဆုံးနဲ့ အမြန်ဆုံး တောင်တက်ခဲ့ချိန်က ဒီလိုပဲနေခဲ့မှာပါ။ ဒါပေမယ့် သက်တောင့်သက်သာ သဘောထားပါကွာ။ ငါ့လိုမလုပ်နဲ့”

“ကျွန်တော် စိတ်ပူနေသေးတယ်၊ ကျွန်တော် အဲဒီနေရာကို အသက်နဲ့ခန္ဓာအိုးစားမကွဲပဲ ရောက်နိုင်ပါ့မလားမသိဘူး”

ကျွန်တော့်ရှေ့က နှင်းတွေဖုံးနေတဲ့ မြင်ကွင်းကို ငေးကြည့်နေမိတယ်။ နှင်းငွေ့လေပွေတွေနဲ့ ဖုန်မှုန့်တွေက လေတစ်ချက်တိုက်လိုက်တိုင်း ဂျုံမှုန့်တွေနဲ့ ပေါင်ဒါရိုက်နေသလို ပျံလွင့်နေတယ်။ နွားနောက်တစ်အုပ်က တောင်ကုန်းရှေ့က စားကျက်မှာ မြက်တွေစားနေကြတယ်။ သူတို့အထက်က အပြာရောင် မိုးကောင်းကင်မှာတော့ အနက်ရောင် လင်းယုန်တစ်ကောင်က ပျံဝဲနေတယ်။ ဒီမြင်ကွင်းကို မြင်ရတာ ရင်ထဲမှာ ဟာတာတာကြီး။ ဒါဟာ ပင်လယ်ရေမျက်နှာအထက် မီတာ ၄၅၀၀ အမြင့်မှာပါ။

“ဒီနေရာက ခဏစောင့်”

အဘိုးကြီးက တောင်ဝှေးကို ထောက်ပြီး ရုတ်တရက် ထရပ်လိုက်တယ်။ ပြီးတော့ နားနေဆောင်ထဲကနေ တစ်ခုခုသွားယူတယ်

“ဒီမှာ ဒါကိုယူထား၊ အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရင် ဒါကို ဖွင့်ပြီး ဟိမဝန္တာတောင်စောင့်နတ်တွေကို ဆုတောင်းပါ။ သူတို့က မင်းကို ကူညီလိမ့်မယ်”

အဲဒီလိုပြောပြီး ကျွန်တော့်လက်ထဲကို စာအိတ်မဲမှောင်မှောင်လေး တစ်လုံး လာထည့်ပါတယ်။ အဲဒီစာအိတ်က အသေပိတ်ထားတယ်။ အထဲမှာ ဘာပါသလဲဆိုတာ အတပ်မပြောနိုင်ဘူး။ ကျွန်တော်က အဘိုးကြီးကို မေးခွန်းတစ်ခွန်း ထပ်မေးချင်သေးတယ်။ သူက တံခါးဖွင့်ထွက်သွားခါနီးဆိုတော့ အော်မေးလိုက်ရတယ်။

 “တောင်စောင့်နတ်တွေက ကျွန်တော့်ဆုတောင်းကို တကယ် ကြားမှာလား”

သွားကျိုးတွေပေါ်အောင် အဘိုးကြီးက ခြောက်ကပ်ကပ်ရယ်မောလိုက်တယ်။ ပြီးတော့ ပြန်ပြောတယ်။

“မင်းမှာ ခရက်ဒစ်ကဒ် ရှိလား”

အဘိုးကြီးက နားနေခန်းထဲ ဝင်ရောက်ပျောက်ကွယ်သွားစဉ်မှာပဲ ကျွန်တော်က လက်မထောင်ပြလိုက်ပါတယ်။ ပြီးတော့ ခပ်တိုးတိုး ရယ်လိုက်မိတယ်။ လေယာဉ်စီးပြီး လူကလာ ကနေ လာခဲ့တဲ့ အချိန်ကစလို့ ဆယ့်နှစ်ရက်တာ အတွင်းမှာ အဲဒီ ပလတ်စတစ်ကဒ်ကလေးကို ဘောင်းဘီအိတ်ကပ်ထဲကနေ တစ်ခါမှ ထုတ်စရာ မလိုသေးပါဘူး။



 ၄။ ထိပ်ဆုံး အဆင့်

ပင်လယ်ရေအထက် အမြင့် မီတာပေါင်း ၄၇၅၀ ရှိတဲ့ ဂိုကျိုက နာမစတေ နားနေဆောင်ကို ကျွန်တော် ရောက်တဲ့အချိန်မှာ နောက်ထပ် ဧည့်သည် တစ်ယောက်ပဲ ရှိပါတယ်။ အိုင်ယာလန်နိုင်ငံက စကော့ လို့ခေါ်တဲ့ အသက် ၂၇ နှစ်အရွယ် လူဖြူတစ်ယောက်ပါ။ စကော့ဟာ သိပ်ကို တက်ကြွအားကောင်းတဲ့ တောင်တက်သမားတစ်ယောက်ပါ။ ကျွန်တော် ဆယ့်လေးရက်ကြာအောင် လမ်းလျှောက်ခဲ့ရတဲ့ ဆိုးဆိုးဝါးဝါး နာမည်ကျော် ချိုလတောင်ကြားကို သူက အချိန်ကောင်းမှာ ကိုးရက်နဲ့အရောက် ဖြတ်လာခဲ့တယ်။ ဒါက တကယ့်ကို မှတ်သားလောက်ဖွယ် အရှိန်နဲ့ သန်မာမှုပါ။ ကျွန်တော်က သူ့ကို ဘာကြောင့် ဒီလောက် အလျင်စလို ဖြစ်လာခဲ့တာလဲ လို့ မေးတော့ သူက ခရီးသွားစရိတ် သက်သာအောင်လို့ သူများတွေထက် မြန်တဲ့ နှုန်းနဲ့ အဲဒီနေရာတွေကို ဖြတ်လာခဲ့တာပါ လို့ပြောတယ်။

ဒါပေမယ့် ကံမကောင်းစွာပဲ စကော့ဟာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဂိုကျိုတောင်ထိပ်ကို မြင်နေရတဲ့အချိန်ကျမှ အမြင့်မူးရောဂါ ခံစာားနေရပါပြီ။ သူဟာ ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး နေကောင်းအောင် နားနေခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန်ထိ မီးဖိုဘေးမှာ ဖြူဖတ်ဖြူရော်မျက်နှာနဲ့ ချောင်းတဟွပ်ဟွပ် ဖြစ်နေတုန်းပါ။ နားနေဆောင်ပိုင်ရှင်နဲ့ စကော့ရဲ့ လမ်းပြ ရှာပလူမျိုး က သူ့ကို ပြန်ဆင်းစေချင်ပါပြီ။ ဒါပေမယ့် သူက သက်လာလာဦးမလားလို့ ဆက်စောင့်နေချင်ပါသေးတယ်။

နောက်တစ်နေ့မှာတော့ နည်းနည်းပါးပါးလောက်ပဲ ထုပ်ပိုးသယ်ဆောင်ပြီး ကျွန်တော် ဂိုကျိုတောင်ထိပ်ကို စတက်ပါတယ်။ ဒါဟာ အပျော်ထမ်း တောင်တက်သမားတစ်ယောက်အဖို့ ဧဝရတ်တောင်ရဲ့ အနောက်ဘက်စောင်းမှာ အမြင့်ဆုံး ရောက်နိုင်တဲ့နေရာပါ။ ကျွန်တော့် ခေါင်းပေါ်မှာရော အောက်မှာရော တိမ်တွေလွင့်မျောနေတယ်။ ကျွန်တော့်မျက်စိရှေ့မှာတော့ မီတာ ၈၀၀၀ မြင့်ကြတဲ့ ပူမိုရိ၊ ချန်စေ၊ ချိုမိုလမ်မာ၊ နုပါ၊ လိုစေ၊ လိုစေရှာနဲ့ မကာလုလေ တောင်ထိပ်တွေဟာ နှင်းတွေဖုံးပြီး တင့်တယ်လှပနေပါတယ်။ ဒါဟာ “ကမ္ဘာမြေရဲ့ အဖြူရောင်ကျောရိုး” လို့ တင်စားခေါ်ဝေါ်ကြတဲ့ နေရာပါပဲ။

စိတ်ကူးအိမ်မက်ထဲကအတိုင်း တောင်ထိပ်ကို အောင်အောင်မြင်မြင် ရောက်လာတဲ့အတွက် ပီတိတွေဖြာနေဖို့ ဝေးစွ။ ကျွန်တော်ဟာ ဘယ်လိုမှ ခံစားလို့မရနိုင် ဖြစ်နေပါတယ်။ ဒါဟာ ဧဝရတ်တောင်ရဲ့ ပိုဝေးတဲ့နေရာမှာ ရှိတဲ့ အမြင့်ဆုံး တောင်ထိပ်တစ်ခုကို လှမ်းကြည့်ဖို့ ပိုကောင်းတဲ့ နေရာလောက်ပါပဲ။ ကျွန်တော်က ဘီလူးကြီးတစ်ကောင်ရဲ့ ပုခုံးပေါ်ကထိုင်ကြည့်ရင် ကမ္ဘာကြီးကို ပိစိကွေးလေး လှမ်းမြင်ရမယ်လို့ ထင်ခဲ့တာပါ။ လက်တွေ့မှာတော့ ပိုမြင့်တဲ့ ဘီလူးကြီးတွေရဲ့ ပုခုံးတွေ ခေါင်းတွေက ကျွန်တော့်မြင်ကွင်းကို ကာဆီးနေတယ်။ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွေ အားလုံးကို တပြိုင်နက် မြင်ရဖို့ဆိုတာက မဖြစ်နိုင်တဲ့ ဆန္ဒတွေ စုပေါင်းထားတဲ့ တမံတစ်ခုက ကာဆီးထားသလို ဖြစ်နေတယ်။ ကျွန်တော့် ခေါင်းပေါ်က ကမ္ဘာဟာ ကျွန်တော့် ခြေထောက်အောက်က ကမ္ဘာနဲ့ ယှဉ်လိုက်ရင် ပိုခန်းနားကြီးကျယ်မယ်လို့ ထင်ခဲ့မိတာ တကယ်မဟုတ်ဘူး။ ဒီတော့ ကျွန်တော့်မျက်စိရှေ့က ဖြန့်ကျက်နေတဲ့ မြင်ကွင်းတစ်ခုလုံးဟာ လိမ်ညာနေတာ လို့ ခံစားနေရတယ်။

                                      …….

ဂိုကျိုတောင်ထိပ်က ပြန်ဆင်းလာတော့ နှင်းတွေ သည်းသည်း ကျလာပါတယ်။ ကျွန်တော်တို့ တက်ခဲ့တဲ့ လမ်းက နှင်းတွေ အများကြီးဖုံးသွားလို့ ပျောက်သွားခဲ့ပြီ။ ပြာဘ က လမ်းကို ဦးဆောင်ပြီး ဆင်းပါတယ်။ ကျွန်တော်က သူ့နောက် ထပ်ကြပ်မကွာ ခြေချပြီးတယ်ဆိုရင်ပဲ နှင်းတွေက အဆင်းလမ်းကို လိုက်ဖုံးသွားပါတယ်။ နှင်းလေပွေကလည်း ကျွန်တော့် အမြင်အာရုံကို ပိတ်ဖုံးပြီး ပါးပြင်ပေါ် ရိုက်ခတ်လာတယ်။ နောက်ဆုံးတော့ နားနေဆောင်ကို ပြန်ရောက်လာကြပါတယ်။ အဝတ်အစားတောင် မလဲနိုင်ဘဲ အခန်းထဲကို ဝင်ပြီး ခရီးဆောင်အိပ်ရာပေါ်မှာ လှဲချလိုက်ပါတော့တယ်။

အဲဒီညမှာ လုံးဝ အိပ်မရအောင်ကို နာကျင်ကိုက်ခဲနေပါတယ်။ ခေါင်းလည်းကိုက်၊ ကိုယ်တွေလက်တွေလည်းနာ၊ အသက်ရှူမဝဘဲ မူးဝေနေပါတယ်။ မွန်လ မှာ နေမကောင်းဖြစ်တုန်းက နာခဲ့တာထက်တောင် ပိုဆိုးပါတယ်။ နေ့လည်က မြင်ခဲ့တဲ့ တခြားနေရာက တောင်ထိပ်တွေဟာ ကျွန်တော် သတိမလွတ်တလွတ် ဖြစ်နေတဲ့အချိန်မှာ မျက်စိရှေ့ ဝဲလည်နေပါတယ်။ ကျွန်တော်က အားစိုက်ကြည့်လေလေ အဲဒီတောင်တွေက ပိုမြင့်လာလေလေ။ ကျွန်တော်က သူတို့ကို ပျောက်သွားအောင် လျစ်လျူရှုလိုက်လေလေ သူတို့က နှင်းရောင်ဖွေးဖွေးနဲ့ ပိုတောက်ပလေလေ ဖြစ်နေပါတယ်။ သူတို့ရဲ့ အလှအပကို ကြောက်ရွံ့မိပေမယ့် မခုခံနိုင်ဘူး ဖြစ်နေရပါတယ်။ ဟိုးအဝေးတစ်နေရာကနေ နှင်းလှိုင်းလုံးကြီးတွေ တဝေါဝေါ ကျလာသံကို ကြားနေရပါတယ်။

နှစ်ရက်တိုင်တိုင် နှင်းတွေက မရပ်မနား ကျနေခဲ့ပါတယ်။ လေထဲမှာ အာခေါင်ခြစ်လာတဲ့ နှင်းမုန်တိုင်းဟာ မီတာ ၈၀၀၀ မြင့်တဲ့ တောင်ကြားတွေကနေ ကျလာတာပါ။ နှင်းကျတာ ပြီးသွားချိန်ကို နားနေဆောင်ထဲကနေ စောင့်နေရုံကလွဲလို့ ဘာမှလုပ်လို့မရပါဘူး။ ဝမ်းသာစရာကောင်းတာကတော့ နွေးနွေးထွေးထွေးနေ၊ အစားအသောက် ကောင်းကောင်းစားပြီး သေသေချာချာ နားရတော့ ကျွန်တော့်ရဲ့ အမြင့်မူးရောဂါဟာ အတော် သက်သာပြီး ထူထူထောင်ထောင် ဖြစ်လာပါတယ်။

ကျွန်တော်က ဂိုကျိုတောင်ထိပ်ကို ရောက်ပြီးသွားပြီဆိုတော့ စကော့က ပိုပြီးတောင် သွားချင်စိတ် ပြင်းထန်လာပါတယ်။ သူ့ရောဂါလက္ခဏာတွေကတော့ တစ်နေ့တခြား ပိုဆိုးလာတယ်။ အသက်ရှူသံတွေ ချောင်းဆိုးသံတွေက ပိုပြင်းလာတယ်။ နှုတ်ခမ်းတွေ လက်သည်းတွေက ပိုပြီး မဲနက်ပြာနှမ်းလာတယ်။ လမ်းတွေလည်း နှင်းမုန်တိုင်းကြောင့် အကုန်ပိတ်ဆို့ကုန်ပြီဆိုတော့ အခုမှ တောင်အောက် ပြန်ဆင်းလို့လည်း မရတော့ပါဘူး။ မီးဖိုဘေးက စားပွဲမှာ ကျွန်တော်စာရေးနေတုန်း သူက ဘေးမှာလာထိုင်ပါတယ်။ သူ့ရဲ့ကိုယ်ခန္ဓာကလည်း တဟွပ်ဟွပ်ဆိုးနေတဲ့ ချောင်းကြောင့် အားနည်းတုန်ယင်နေပါတယ်။ မျက်တွင်းချောင်ချောင်ထဲက မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူက ဆိုလာပါတယ်။

“ရိုးရိုးသားသား ပြောရရင် ကျွန်တော် ကြောက်မိတယ်”

“ဘာကို ကြောက်တာလဲကွ”

“ဒီလိုနဲ့ သေသွားမှာကို ကြောက်တာ”

“ဟေး.. စကော့ ရာ၊ သေမယ့်အကြောင်းကို ဘယ်သူကပြောလို့လဲ”

ကျွန်တော်က သူ့ကို အားပေးနှစ်သိမ့်ချင်လာပါတယ်။ ဟိုတစ်ချိန်က ရှာပ အဘိုးကြီးဆီက ရလာတဲ့ လက်ဆောင်ကို သွားသတိရလိုက်တယ်။ အခန်းထဲ ပြေးဝင်သွားပြီး စာအိတ်မဲမှောင်မှောင်လေးကို ယူလာလိုက်တယ်။ အသက်အန္တရာယ်ကြုံလာရင် ဟိမဝန္တာတောင်စောင့်နတ်တွေဆီမှာ ဆုတောင်းပါလို့ အဘိုးကြီးက မှာလိုက်တယ်လေ။ စာအိတ်ကို ဖွင့်လိုက်တော့ စာရွက်ပါးလေးပေါ်မှာ ဆုတောင်းစာလိုလို စာတစ်ကြောင်း ရေးထားတာကို တွေ့လိုက်ရတယ်။ ပြီးတော့ ဆန်စေ့ လက်တစ်ဆုပ်စာလောက် ထည့်ထားတယ်။ လူကလာ ကို ပျံလာတဲ့ လေယာဉ်ပေါ်မှာ တွေ့ခဲ့တဲ့ နီပေါအဘွားကြီးကို အတုခိုးပြီး ဆုတောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။

 “စကော့ .. ငါ မင်းအတွက် ဆုတောင်းပေးမယ်၊ ဒါ တကယ် အလုပ်ဖြစ်မှာပါ”

ကျွန်တော်က စာရွက်ထဲမှာ ရေးထားတာကို မဖတ်တတ်တော့ လမ်းတလျှောက်မှာ သင်ထားခဲ့တဲ့ တတ်သရွေ့ မှတ်သရွေ့ နီပေါဘာသာနဲ့ ရွတ်လိုက်တယ်။

“ဟာဂျာ (ခွင့်ပြုပါခင်ဗျာ) နာမစတေ (မင်္ဂလာပါ) အွန် မနီ ပဒမီ ဟမ် (ကျွန်တော် ဆုတောင်းပါတယ်) ဘက်တီ (အလင်းရောင်) အူတနု (တိုးမြင့်လာပါစေ) ဂိုဟာ (ကူညီပါ) ဒန်ရာဘက် (ကျေးဇူးတင်ပါတယ်) ဖယ်ရီ ဘီးတိုးလ (နောက်လည်း တွေ့ဆုံကြတာပေါ့)”

ဆန်စေ့တွေကို လေထဲမြှောက်ပစ်လိုက်ချိန်မှာလည်း အဲဒီဆုတောင်းကို အထပ်ထပ် အခါခါ ခပ်မြန်မြန် ရွတ်လိုက်ပါတယ်။ စကော့ရဲ့ အမွှေးပွဦးထုပ်၊ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ဖရိုဖရဲ မုတ်ဆိပ်မွှေး ပါးသိုင်းမွှေးတွေပေါ်ကို ဆန်စေ့တွေ ကျသွားတယ်။ ကျွန်တော် ဟန်ဆောင် တောင်းလိုက်တဲ့ ဆုနဲ့ ပြည့်ပါစေကြောင်း စကော့က အသံဖျော့ဖျော့နဲ့ ရေရွတ်ပါတယ်။ ပြီးတော့ မေးခွန်းတစ်ခုကို တိုးတိုးလေး မေးလာတယ်။ အဲဒီမေးခွန်းကတော့ ကျွန်တော် အဘိုးကြီးကို မေးခဲ့တဲ့ မေးခွန်းနဲ့ ထပ်တူထပ်မျှပါပဲ။

“ဒါပေမယ့် ခင်ဗျားရဲ့ ဆုတောင်းကို နတ်တွေက တကယ်နားထောင်မှာလားဗျ”

ကျွန်တော်က အဘိုးကြီး လုပ်ခဲ့သလိုပဲ သွားတွေပေါ်အောင် ခြောက်ကပ်ကပ် တစ်ချက်ရယ်ပြီး ပြောလိုက်တယ်။

“စကော့ မင်းမှာ ခရက်ဒစ်ကဒ် ရှိသလား”

သူက ခေါင်းညိတ်ပြပါတယ်။ အားနည်းနေတဲ့ လက်ချောင်းတွေနဲ့ သူ့နောက်က ဘောင်းဘီအိတ်ကပ်ကို ထိုးပြတယ်။

“ဒါဆို ဟန်ကျပြီ။ မင်းမသေတော့ဘူး ကွ”

                                      …………

နှင်းတွေစဲသွားတဲ့ နောက်တစ်နေ့မှာ စကော့ဟာ ကယောင်ချောက်ချား ဖြစ်လာတယ်။ သူ့ကို ကက်တ်မန်ဒူ က ဆေးရုံကို ချက်ချင်းပို့ဖို့ လိုလာပါတယ်။ သူက တဖြည်းဖြည်း သေလုမျောပါး ဖြစ်လာတာတောင်မှ သူ့ဘောင်းဘီအိတ်ထဲက ခရက်ဒစ်ကဒ်ကို မထုတ်သေးဘူး။ သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး သူ့ကိုပြန်ပို့ဖို့ကလွဲလို့ တခြားရွေးစရာ နည်းလမ်းမရှိတော့ဘူး။ လူနာက စိတ်အခြေအနေ မကောင်းတော့ဘူးလေ။ နောက်ဆုံးတော့ သူ့ကို မှောက်လိုက်ပြီး ဘောင်းဘီအိတ်ထဲက ကဒ်ပြားကို ထုတ်ယူလိုက်ရတယ်။ ကဒ်ကို ပေးလိုက်တယ်ဆို လမ်းပြ ရှာပ လည်း နားနေဆောင်ထဲကနေ ချက်ချင်း ပြေးထွက်သွားတော့တယ်။

ဒီခရီးစဉ်မှာ ကျွန်တော် သိခဲ့ရတာကတော့ ကယ်ဆယ်ရေး ဟယ်လီကော်ပတာတွေဟာ လူတွေ သေခါနီး ဖြစ်နေတာတောင်မှ ပျံမလာပါဘူး။ သူတို့လာရင်လည်း အီလေးဆွဲနေတာနဲ့ နောက်ကျလေ့ ရှိပါတယ်။ ခရက်ဒစ်ကဒ်ပိုင်ရှင်က ဒေါ်လာသုံးထောင်ပေးဖို့ လက်မှတ်ထိုးလိုက်မှပဲ ကက်တ်မန်ဒူကနေ ဟယ်လီကော်ပတာက စထွက်ပါတယ်။ တောင်တက်ခရီးသွားတွေရဲ့ ဘောင်းဘီအိတ်ထဲက ခရက်ဒစ်ကဒ်ဟာ ထိုင်ချလိုက်တိုင်း တင်ပါးမှာ ထောက်မိသွားတဲ့အခါ သူတို့တွေကို အမြင့်မူးရောဂါအတွက် သတိထားဖို့ အချက်ပြလိုက်သလိုပါ။ ပြီးတော့ အဲဒီကဒ်ပြားဟာ သူတို့ အသက်အန္တရာယ်ကြုံလာရင် တောင်တန်းတွေကနေ ပြန်လာနိုင်အောင် ကယ်တင်နိုင်မယ့် လက်မှတ် ဆိုတာကိုလည်း သတိပေးနေသလိုပါ။


၅။ ကျော်ဖြတ်ပြီးသောအခါ

ဓာတ်လှေခါးက ကျွန်တော့်တိုက်ခန်းရှိရာကို တက်လာတုန်း ကျွန်တော့် ရင်တွေ ခုန်နေပါတယ်။ နောက်ဆုံးတော့ ကိုယ့်အိမ်ကိုယ့်ရာကို ဘေးမသီရန်မခ ပြန်ရောက်ခဲ့ပါပြီ။ ဓာတ်လှေခါးထဲက မှန်ထဲမှာ ကျွန်တော်ဟာ တကယ့် တောင်တက်သမားတစ်ယောက် ပုံစံပေါက်နေတယ်ဆိုတာကို မြင်နေရပါတယ်။ ပါးပြင်တွေနဲ့ နှာခေါင်းက အေးခဲနီရဲလို့။ မုတ်ဆိတ်မွှေးတွေကလည်း ပြာနှမ်းနေတဲ့ နှုတ်ခမ်းအောက်မှာ တွဲလွဲကျလို့။ ကျွန်တော့်ကိုမြင်ရင် မိန်းမမျက်နှာ ဘယ်လိုများဖြစ်သွားမလဲလို့ သိချင်နေမိပါတယ်။ အိမ်တံခါးဝမှာ ရပ်ရင်း လူခေါ်ခေါင်းလောင်းခလုတ်ကို မနှိပ်ခင်မှာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပါတယ်။

“တင်း… တောင်”

ခလုတ်ကိုနှိပ်ရင်း မှန်ဘီလူး ချောင်းကြည့်ပေါက်လေးကနေ ကြည့်လိုက်ပါတယ်။ ဒါပေမယ့် ဘာတုံ့ပြန်သံမှ မကြားရပါဘူး။ ကျွန်တော် ထပ်နှိပ်လိုက်ပြီး တစ်ယောက်ယောက် ထွက်လာမှာကို စောင့်နေလိုက်ပါတယ်။ လက်ဖျားက စီးကျတဲ့အထိ ချွေးစေးတွေ ပြန်လာပါတယ်။ သော့ရဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လုလုမှာ တံခါးက ပွင့်လာပါတယ်။

“ဟေး.. ဒီမှာ ဘယ်သူလဲ ကြည့်စမ်း”

မိန်းမက ကျွန်တော့်ကို တောက်ပတဲ့အပြုံးနဲ့ ကြိုဆိုပါတယ်။ ကျွန်တော့် ရှေ့မှာလွယ်ထားတဲ့ နေ့ခင်းလွယ်အိတ်ကို ပစ်ချလိုက်တယ်။ မိန်းမကို ပွေ့ဖက် ပါးချင်းကပ်ပြီးတဲ့အခါ သူက မီးဖိုချောင်ထဲ ဝင်သွားပြီး လှမ်းပြောပါတယ်။

“မောင့်ပစ္စည်းတွေ ချထားပြီး လက်ဆေးလေ၊ ဆာနေရောပေါ့”

ညစာက စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပါပြီ။ အိုးထဲက ဟင်းချိုရဲ့ ပွက်ပွက်ဆူသံနဲ့ အကင်ဖီးဖိုပေါ်က လတ်လတ်ဆတ်ဆတ် အသားကင်နံ့က နတ်သုဒ္ဓာလို ချိုမြိန်လှတယ်။

“ငါ့ ဇာတ်လမ်းကို နားထောင်ကြည့်ပါဦး။ ဧဝရတ်တောင်မှာ တကယ့်ကို စိတ်ဝင်စားစရာတွေ  ဖြစ်ခဲ့တယ်”

စားရင်းသောက်ရင်း မိန်းမကို ကျွန်တော်က စကော့အကြောင်း ပြောပြလိုက်ပါတယ်။ စကော့ဟာ တောင်ပေါ်ကနေ ဟယ်လီကော်ပတာနဲ့ ပျံဆင်းသွားရတဲ့ ဇာတ်ကွက်ကိုရောက်တော့ မိန်းမက သိပ်ကို အံ့သြသွားတဲ့ မျက်နှာထားကိုပြတယ်။ သူ့စိတ်ဝင်တစား တုံ့ပြန်မှုကြောင့် ကျွန်တော်လည်း အားတက်လာပြီး အသံကျယ်ကျယ်နဲ့ အားရပါးရ ဆက်ပြောပြလိုက်ပါတယ်။ ကျွန်တော့် အမူအရာတွေက အကဲပိုလာတယ်။ ဇွန်းကို လေထဲဝှေ့ယမ်းပြီး ဆက်ပြောလိုက်တယ်။

“တကယ်ပါပဲကွာ…။ အဲဒါ သိက္ခာကို မရှိတာပါ။ လူတစ်ယောက်အသက်အတွက် ဒေါ်လာသုံးထောင် ပေးရမတဲ့”

ပြီးတော့ ကျွန်တော် ရက်နှစ်ဆယ်ကြာအောင် ဖင်ခုထိုင်လာတဲ့ ခရက်ဒစ်ကဒ်ကို ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ပြလိုက်တယ်။ ကဒ်ပြားကတော့ အစင်းရာအခြစ်ရာတွေနဲ့ မမှတ်မိလောက်အောင် ဖြစ်နေပါပြီ။

“ကြည့်လေ၊ ဒါကို တစ်ကြိမ်တောင် မသုံးခဲ့ရဘူး။ ဒီတော့ ဒေါ်လာသုံးထောင် သက်သာလာတဲ့ သဘောပဲ။ မပျော်ဘူးလား မိန်းမရာ”

မိန်းမက သူ့မျက်နှာကို လက်နဲ့အုပ်ပြီး အကြာကြီး ရယ်ပါတယ်။ အစကတော့ သူက ကျွန်တော် ခရက်ဒစ်ကဒ် သုံးစရာမလိုဘဲ ဘေးမသီရန်မခ ပြန်လာနိုင်လို့ ဂုဏ်ယူပျော်ရွှင်နေတယ်လို့ ထင်လိုက်မိတယ်။ နောက်တော့ သူပြောတဲ့စကားကိုလည်း ကြားရော မီတာထောင်ပေါင်းများစွာမြင့်တဲ့ တောင်ပေါ်က ကျလာတဲ့ နှင်းလှိုင်းလုံးကြီးနဲ့ အဆောင့်ခံလိုက်ရသလို ဖြစ်သွားပါတော့တယ်။

“အိုး… မောင်ရယ်.. ရှင်မသိဘူးလား။ ဒီကဒ်က ဒေါ်လာ နှစ်ထောင်အထိပဲ ပိုက်ဆံသုံးလို့ ရတယ်လေ”



(ကိုရီးယား စာရေးဆရာ Hae Yisoo ရေးသားသော Altitude Sickness ကို Yoonna Amy Cho က ကိုရီးယားဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်ကို ပန်ဒိုရာက မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ပါသည်။ မူရင်းဝတ္ထုတိုကို စာရေးဆရာကိုယ်တိုင်က တည်းဖြတ်ကာ အတိုချုံးထားသော version ဖြစ်ပါသည်။)

 Altitude Sickness ကို အင်္ဂလိပ်လိုပြန်ထားတဲ့ version ကို ဖတ်ချင်ရင် ဒီမှာ ဖတ်ကြည့်လို့လည်းရပါတယ် http://iwp.uiowa.edu/sites/iwp.uiowa.edu/files/HAE_sample_REVISED_9_20.pdf ။ ပန်ဒိုရာ ဘာသာပြန်တဲ့ version အတိုင်း အတိအကျတော့မဟုတ်ဘူး။ ပန်ဒိုရာ ဘာသာပြန်တဲ့ version က တော့ ဟေးအီစူးက ထပ် တည်းဖြတ်ပြီး ပေးလိုက်တာပါ။


Expand..

Friday, January 25, 2013

အမြင့်မူးရောဂါ (ကိုရီးယား ဘာသာပြန်ဝတ္ထုတို) အပိုင်း -၂


စာရေးဆရာ ဟေးအီစူး အကြောင်းကို အပိုင်း (၁) မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ အခု ဝတ္ထုဘာသာပြန်ကို တင်ဆက်လိုက်ပါတယ်။



အမြင့်မူးရောဂါ


ဟိမဝန္တာရဲ့ ခမ်ဗျု တောင်တန်းဒေသ တွေပေါ်က လေထုပါးပါးလေးကို အသက်ရှူရတာ ဘယ်လိုများနေမလဲ လို့ ကျွန်တော့် မိန်းမက သိချင်ခဲ့တယ်။ ၅၃၅၇ မီတာမြင့်တဲ့ ဂိုကျိုတောင်ကို တက်ပြီးတဲ့ နောက်တစ်နေ့မှာပဲ နားနေဆောင်ထဲမှာ ထိုင်ပြီး မိန်းမဆီကို စာရေးလိုက်ပါတယ်။ အဲဒီအချိန်က ပြတင်းပေါက်အပြင်ဘက်မှာ နှင်းမုန်တိုင်း တိုက်နေတယ်။ နွားနောက်တွေရဲ့ ချေးခြောက်တွေကို လောင်စာလုပ်ပြီး မီးရှို့ထားတဲ့ သံမီးဖိုပေါ်မှာ တည်ထားတဲ့ ရေနွေးအိုးတစ်လုံးက ပွက်ပွက်ဆူနေတယ်။

အဲဒါက ဘာနဲ့တူလဲ ဆိုတော့ မင်းခေါင်းပေါ်ကို ပလတ်စတစ်အိတ်တစ်လုံး စွပ်ထားတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်။ ပြီးရင် လည်ပင်းကနေ ကြိုးနဲ့ချည်ထားလိုက်။ ဒီတော့ လေ ဝင်မလာတော့ဘူးပေါ့။ ပြီးရင် စပြီး အသက်ရှူကြည့်လိုက်။ အမြင့် မီတာ ၃၀၀၀ ဆိုရင် အဲဒီ ပလတ်စတစ်အိတ်ကို ပင်အပ်နဲ့ ၁၀ ပေါက်လောက် ဖောက်ထားသလိုပဲ။ အမြင့် မီတာ ၄၀၀၀ ဆိုရင်တော့ ပင်အပ် ၇ ပေါက်စာ၊ မီတာ ၅၀၀၀ ဆိုရင် ၅ ပေါက်စာ။ အသက်ရှူသွင်းလိုက်။ ပြီးရင် ကျောပိုးအိတ်လေးလေး တစ်လုံးကို လွယ်ပြီး လှေခါးထစ်တွေကို ၃ နာရီ ၄ နာရီလောက် တက်ကြည့်လိုက်။ ဒါဆိုရင် တော်တော့်ကို ဆင်တူတဲ့ အတွေ့အကြုံရမယ်။

အသက်ပြင်းပြင်းရှူနေရလို့ ရှုံ့မဲ့နေမယ့် မိန်းမမျက်နှာကို ကျွန်တော် မြင်ယောင်ကြည့်လိုက်တယ်။



၁။ သွင်ပြင်လက္ခဏာများ

“မောင်ရေ… တစ်နေရာရာများ ခရီးမထွက်ချင်ဘူးလား”

ကျွန်တော့်မိန်းမက ဆိုင်းမပါဗုံမဆင့် ရုတ်တရက် မေးလာတော့ ကျွန်တော် အံ့သြသွားတယ်။ နှစ်သစ်ကူးနေ့ မတိုင်ခင် တစ်ပတ်နှစ်ပတ်အလိုလောက်က ရုံးပိတ်ရက်တစ်ရက်မှာ ကျွန်တော်တို့ အိမ်မှာရှိနေကြချိန် သူက မေးလိုက်တာပါ။ သူက ကျွန်တော့်ကို “ရှင်အလုပ် ဘယ်တော့ရမှာလဲ” ဒါမှမဟုတ် “ရှင့်ကိုအိမ်က နှင်ချချင်ပြီ” ဆိုတာမျိုး ပြောခဲ့တာ မဟုတ်ဘူး။ ကျွန်တော်များ တစ်နေရာရာကို မသွားချင်ဘူးလားလို့ ချစ်စဖွယ် မျက်နှာပေးနဲ့ ညင်ညင်သာသာ မေးလာခဲ့တာပါ။

“မင်း..မင်းဆိုလိုတာက ငါ ဘယ်နေရာကိုသွားသွား ပို့ပေးမယ် ဆိုတဲ့သဘောလား”
ကျွန်တော် သူ့မျက်နှာကို ဇဝေဇဝါနဲ့ အကဲခတ်လိုက်တယ်။ မိန်းမက အေးအေးဆေးဆေး ခေါင်းညိတ်ပြီး ရှင်းပြတယ်။ နိုင်ငံတကာ အာမခံကုမ္ပဏီကြီးတစ်ခုရဲ့ ဌာနတစ်ခုမှာ မန်နေဂျာလည်းဖြစ်၊ အောင်လည်းအောင်မြင်၊ ကြင်လည်းကြင်နာတတ်သူ ကျွန်တော့် ချစ်ဇနီးရဲ့ အဆိုအရ ကျွန်တော်ဟာ ပြီးခဲ့တဲ့နှစ်က အမှတ်ကောင်းကောင်း ရခဲ့ပါတယ် တဲ့။ အလုပ်မရှိအကိုင်မရှိ အိမ်ရှင်ထီးအဖြစ် လေးနှစ်တာ အိမ်မှာကျောက်ချနေပြီးနောက်မှာ ကျွန်တော်ဟာ ဝက်ဝံရုပ်တွေရဲ့ ခြေဖဝါးမှာ အဝတ်စပြားတွေ ကော်ကပ်တဲ့အလုပ်ကို လုပ်ခဲ့တာ မနှစ်ကတော့ ဒေါ်လာ ၂၇၀၀ ကြီးများတောင် ရပြီး  ဒီနှစ် ၉ လတာ အတွက်က ဒေါ်လာ ၃၀၀ ရခဲ့ပါသတဲ့။ အခုလို အားကြိုးမာန်တက် အလုပ်ကြိုးစားမှုအတွက် ကျွန်တော့်ကို ဆုချမှာလို့ ပြောပါတယ်။

လူရှေ့သူရှေ့မှာ ထင်ရတဲ့ ကိုယ်ကျိုးစွန့် ချစ်ခင်ကြင်နာတတ်သူ လင်ယောင်္ကျားတစ်ဦး အဖြစ်ကနေ သွေဖည်လိုက်တယ်။  အခွင့်အရေးသမားပီပီ သူ့ရဲ့ ရက်ရက်ရောရော ကမ်းလှမ်းလာမှုကို ကျွန်တော်က အခွင့်ကောင်း အပြည့်အဝ ယူပစ်လိုက်ပါတယ်။
“ဧဝရတ်တောင်” လို့ ကျွန်တော်က အကျယ်ကြီး အော်လိုက်တယ်။

မိန်းမက ကျွန်တော့်ကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်တယ်။ အသက် သုံးဆယ့်သုံးနှစ် အရွယ် သူငယ်တန်းကလေးကြီး တစ်ယောက်ကို အကဲခတ်တဲ့ အကြည့်မျိုးနဲ့။ ပြီးတော့ မေးပါတယ်။

“ဧဝရတ်တောင် ဟုတ်လား။ ဘာဖြစ်လို့ ဒီနေရာကို ရုတ်တရက်ကြီး ဒီလောက် သွားချင်စိတ် ပေါ်သွားရတာလဲရှင့်”

တကယ်တော့ ဒါက ရုတ်တရက်ကြီး သွားချင်စိတ်ပေါ်တာ မဟုတ်ပါဘူး။ ကျွန်တော် အဲဒီကို သွားချင်နေခဲ့တာ ကြာလှပါပြီ။ ဘာကြောင့်လဲ ဆိုတာတော့ အသေအချာ မပြောတတ်ပါဘူး။

တကယ့်ပရော်ဖက်ရှင်နယ် တောင်တက်သမားတွေတောင်မှ ဘာကြောင့် သက်စွန့်ဆံဖျား တောင်တက်ကြတယ် ဆိုတာကို ခြေခြေမြစ်မြစ် အကြောင်းပြချက်နဲ့ ရှင်းပြနိုင်မယ်လို့ ကျွန်တော်က မထင်ပါဘူး။ ဒါပေမယ့် နှစ်အတော်ကြာ မိန်းမထဘီနား ခိုစားနေတဲ့လူ၊ မကြာခင်ကမှ မလုံမလဲစိတ်နဲ့ ဘေးဘန်းဝင်ငွေရတဲ့ ကျပန်းအလုပ်လေး လုပ်ဖြစ်သွားတဲ့ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကောင်။ အဲဒီလို လူတစ်ယောက် အဖို့တော့ ဧဝရက်တောင်ကို တက်မယ်ဆိုတဲ့ စိတ်ကူးဟာ အတော်ကို အရူးထရာ ရောက်နေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဒီအခွင့်အရေးကို အဆုံးရှုံးမခံနိုင်ဘူး။

“တကယ်တော့ ငါ့မှာ ပြင်းပြင်းထန်ထန် ရောဂါတစ်ခု ခံစားနေတာ အတော်ကြာပြီ။ တောင်တက်တာဟာ ငါ့ရောဂါပျောက်ဖို့ တစ်ခုတည်းသော ကုထုံးဖြစ်မယ် လို့ထင်တာပဲ”

“ဘယ်လိုရောဂါမျိုးလဲ”

“အမြင့်မူးရောဂါ ”

“ဟင်.. အဲဒါက အမြင့်ကိုတက်ရင် ခံစားရတာ မဟုတ်ဘူးလား”

“မဟုတ်ဘူးကွ။ အမြင့်တက်ရင်လည်း အဲဒီရောဂါ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ငါဖြစ်နေတာက အမြင့်ကို သွားချင်လွန်းလို့ ရတဲ့ ရောဂါ။ ငါက ကမ္ဘာမြေရဲ့ကျောရိုးလို့ တင်စားကြတဲ့ ဟိမဝန္တာ ခမ်ဗျုဒေသက တောင်ထိပ်တွေ ကို သွားကြည့်ချင်တာ”

စိတ်လှုပ်ရှားနေတဲ့ သူငယ်တန်းကလေး တစ်ယောက်လို ကျွန်တော်က ခေါင်းတွင်တွင်ညိတ်ရင်း တတွတ်တွတ် ပြောလိုက်တယ်။

မိန်းမကလည်း အားတက်သရော ခေါင်းညိတ်ပါတယ်။ သူလည်း သတိထားမိပြီးသားပါလေ။ တောင်တက်တဲ့အကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်တွေကို ကျွန်တော်အရမ်း စိတ်ဝင်စားတာ၊ ကုန်တိုက်တွေကို သွားရင် တောင်တက်ပစ္စည်းရောင်းတဲ့ ဆိုင်တွေရှေ့မှာ တမေ့တမော ငေးကြည့်တတ်တာ။ အဲဒါတွေကို သူ ကောင်းကောင်း သတိထားမိမှာပါ။ သူ သတိမထားမိမှာကတော့ မြင့်မားတဲ့ နှင်းဖုံးတောင်တန်းတွေကို တက်ချင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု အောက်ခြေဒုတ်ဒုတ်ထိ ကျဆင်းနေသူတွေရဲ့ စိတ်ကူးယဉ်မှုဆိုတာ၊ ပြီးတော့  အကြမ်းတမ်းအခက်ခဲဆုံး တောင်တွေကို ရှာတက်ပြီး ကမ္ဘာမြေကြီးကို ကိုယ့်ခြေထောက်အောက်မှာ အပြောင်းအလဲအနေနဲ့ ခဏလောက် ထားကြည့်ခြင်းအားဖြင့် ကိုယ့်ဖြစ်တည်မှုကို ကိုယ့်ဘာသာ ဆင်ခြေပေးချင်သူတွေရဲ့ အိပ်မက်ဆိုတာ ပေါ့။

 “ဟုတ်ပြီလေ။ ရော့ ဒါကိုယူလိုက်။ ရှင်လိုတဲ့ အသုံးအဆောင်မှန်သမျှ ဝယ်ပေတော့”

မိန်းမက သူ့ပိုက်ဆံအိတ်ထဲက ခရက်ဒစ်ကဒ်ကို ထုတ်ပေးလိုက်တယ်။ အခုမှပဲ ကျွန်တော့်ဘဝမှာ ခရက်ဒစ်ကဒ်ကို ကိုယ့်လက်နဲ့ ပထမဆုံး ကိုင်ဖူးတော့တယ်။ ကျွန်တော် ထခုန်လိုက်တယ်။ လက်တွေကို လေထဲမှာမြှောက်ပြီး အော်ပစ်လိုက်တယ်။

“ဝေးဟေးဟေး….. ဒါမှ ငါ့မိန်းမ ကွ”


…………

 “ဘေးမသီရန်မခတဲ့ ခရီးဖြစ်ပါစေ မောင်”

ကျွန်တော့်မိန်းမက ကျွန်တော်တို့ တိုက်ခန်းရဲ့ ဓာတ်လှေခါးရှေ့မှာ ရပ်ရင်း အပြုံးနွမ်းလျလျနဲ့ နှုတ်ဆက်ပါတယ်။ ဖေဖေါ်ဝါရီလရဲ့ ဆည်းဆာချိန်ဆိုတော့ ရာသီဥတုကလည်း အေးခဲနေပါတယ်။ ကျွန်တော်က လီတာ ၇၀ လောက်လေးတဲ့ ကျောပိုးအိတ်ကို နောက်မှာလွယ်၊ သူ့ထက်ပိုသေးတဲ့ နေ့ခင်းလွယ်အိတ်ကို ရှေ့မှာလွယ်ရင်း ဟန်ချက်ညီအောင် ထိန်းနေရတယ်။ ဘေးအိမ်က ခွေးက သူ့အနားကို တစ်ယောက်ယောက် ကပ်လာသလို အာရုံခံမိဟန်နဲ့ ခပ်တိုးတိုး ဟောင်ပါတယ်။

“ဒါကိုလည်း ယူသွားဦး”

မိန်းမက နိုင်ငံတကာသုံးလို့ရတဲ့ ခရက်ဒစ်ကဒ်ကို ထုတ်ပေးတယ်။ အရေးပေါ်သုံးလို့ရအောင် လို့ပြောတယ်။ ကျွန်တော်က လိုတဲ့ ခရီးစရိတ်အတွက် ငွေစက္ကူတွေ အလုံအလောက် ပါပြီးသား ဖြစ်ပေမယ့်လည်း အဲဒီကဒ်ကို အိတ်ထဲထည့်လိုက်တယ်။

“ကျေးဇူးပဲ အချစ်ရေ။ မလိုရင် မသုံးဖြစ်အောင် မောင်သတိထားပါ့မယ်”


၂။ ပထမအဆင့်

နီပေါနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ကက်တ်မန်ဒူမြို့က တာမယ်ရပ်ကွက်မှာ ကိုရီးယားဟိုတယ်နဲ့ စားသောက်ဆိုင်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီနေရာဟာ တခြားခရီးသွားတွေနဲ့ သတင်းပလင်း ဖလှယ်ရအောင် တွေ့ဆုံဖို့ အတွက်လည်း အဆင်ပြေလွယ်ကူပါတယ်။
ဒုတိယနေ့မှာ ကျွန်တော် ညနေစာ ကင်မ်ချီပေါင်း စားနေတုန်း အသက်လေးဆယ်စွန်းစွန်းလောက် ရှိမယ့် လူတစ်ယောက်နဲ့ စကားလက်ဆုံကျသွားပါတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲဒီလူဟာ ဝါရင့်တောင်တက်သမားတစ်ယောက်ဆိုတာ ဘယ်သူမဆို အကဲခတ်နိုင်မှာပါ။ မုတ်ဆိတ်မွှေးပါးသိုင်းမွှေး ဗလဗျစ်အောက်က နေလောင်ခံထားရတဲ့မျက်နှာနဲ့ ပခုံးကျယ်ကျယ်တွေက သူ့ကို ထူးခြားပေါ်လွင်နေစေပါတယ်။ ကျွန်တော့်ကို ဖမ်းအစားဆုံးကတော့ သူ့ရဲ့ စိတ်နေသဘောထားပါ။ သူ့မျက်နှာဟာ တောင်တက်ခရီးတစ်ခု လတ်တလော ပြီးဆုံး လာခဲ့တဲ့ တောင်တက်သမားတစ်ယောက်ရဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ ပေါင်းစပ်ထားတဲ့ ဂုဏ်ကျက်သရေကို ဆောင်နေပါတယ်။

“ဒါက မင်းရဲ့ ပထမဆုံးခရီးလား”

“ဟုတ်ပါတယ် ခင်ဗျာ”

“မင်းက ဘယ်ကိုသွားမှာလဲ”

“ဂိုကျိုတောင်ထိပ်ကိုပါ”

ကျွန်တော်က ဧဝရတ်တောင် နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်နဲ့ ထုတ်ထားတဲ့ ဘီယာကို သူ့ဖန်ခွက်ထဲ လောင်းထည့်ပေးလိုက်တယ်။ ပုလင်းတံဆိပ်မှာ ဧဝရတ်တောင်ထိပ်ကို ပထမဆုံး ခြေချခဲ့တဲ့ ဆာ အက်ဒမန် ဟီလာရီနဲ့ ရှာပလူမျိုး တန်းဇင်း နော်ဂေ တို့ရဲ့ပုံကို ပုံနှိပ်ထားတယ်။ သူ့ဖန်ခွက်ကို ကြည့်ရင်း တောင်တက်ခရီးအတွက် သူ့ရဲ့အကြံဥာဏ်တွေကို တောင်းလိုက်ပါတယ်။

“အတွေ့အကြုံ လုံးဝမရှိတဲ့ တောင်တက်သမားက ဒီလိုရာသီဥတုမျိုးမှာ တစ်ယောက်တည်း တက်မလို့ဆိုတာ တော်တော် အတင့်ရဲတာပဲ”

သူ့ရဲ့ ကွဲရှတဲ့ လည်ချောင်းသံက အတော့်ကို လန့်စရာပဲ။ ကျွန်တော် ဘီယာကို ငြိမ်ငြိမ်သက်သက် စုတ်သောက်ရင်း သူဘာဆက်ပြောလာမလဲဆိုတာ နားစွင့်ထားလိုက်ပါတယ်။

“ဒီနေရာမှာ ကံသာအမိ ကံသာအဖ ပဲ။ ပထမဆုံး သတိထားရမှာက လေယာဉ်ပျံ ပျက်ကျနိုင်တာကို ပဲ”

“ဒီနေရာမှာ လေယာဉ်ပျက်ကျတတ်တယ် ဟုတ်လား”

“နှစ်တိုင်းပဲလေ။ ဆာ ဟီလာရီရဲ့ မိန်းမနဲ့သမီးဟာ ဒီနေရာမှာ လေယာဉ်ပျက်ကျပြီး သေသွားရတာ”

ကျွန်တော်သောက်လက်စ ဘီယာတွေ ပါးစပ်ထဲက ထွက်ကျကုန်တယ်။ ဒါက ဘယ်လိုမှ ဖြေသိမ့်လို့ရတဲ့ သတင်းမျိုး မဟုတ်ဘူးလေ။  ကျွန်တော့်အနေနဲ့ ဘယ်လောက်ပဲ သတိကြီးကြီးထားထား လေယာဉ်ပျက်တယ်ဆိုတာမျိုးက ကျွန်တော်က တားလိုက်လို့ ရတာမဟုတ်ဘူး။ ဒီအန္တရာယ်ကို ကျွန်တော် တစ်ခါမှ တွေးမကြည့်ဖူးဘူး။ တောင်တက်သမားကြီးရဲ့ခွက်ကို ဘီယာထပ်ဖြည့်ပေးရင်း ကျွန်တော် အလေးအနက် မေးလိုက်တယ်။

“တော်တော်ကြောက်စရာကောင်းတာပဲ။ ဒီ့အပြင် ကျွန်တော် ဘာတွေ သတိထားရဦးမလဲဗျ”

“အမြင့်မူးရောဂါ ပေါ့ကွာ”

“ကျွန်တော် အဲဒီရောဂါအကြောင်း စာအုပ်တွေထဲမှာ ဖတ်ထားတယ်။ တောင်တက်ရင် ဖြည်းဖြည်း လျှောက်တက်ရမယ်။ တစ်နေ့ကို မီတာ ၃၀၀ ထက်ပို မသွားရဘူး။ ရေအများကြီး သောက်ရမယ်။ အဲဒါတွေကို မေ့မသွားအောင် ကျွန်တော် ချရေးထားတယ်”

“အေး.. ဟုတ်တယ်။ အဲဒါတွေပဲ။ မင်းသိထားသမျှကို သေသေချာချာ လိုက်နာရမယ်။ တကယ်လို့ နေထိုင်မကောင်းဖြစ်လာရင် ချက်ချင်း ပြန်ဆင်းရမယ်။ တချို့လူတွေ အဲဒီရောဂါကြောင့် သေရတဲ့အထိ ဖြစ်သွားကြတာရှိတယ်”

တောင်တက်သမားကြီးက ခွက်ကို တစ်ခါတည်း မော့ချလိုက်တယ်။ သူ့ဇလုတ်က နိမ့်လိုက်မြင့်လိုက်။ ဘာတစ်ခွန်းမှ ဆက်မပြောတော့ပဲ ဗြုန်းခနဲ ထိုင်ရာက ထလိုက်တယ်။ ကျွန်တော်လည်း လိုက်ပြီး မတ်တတ်ရပ်လိုက်တယ်။

“ခင်ဗျား သွားတော့မလား”

“ဘာမှ ပြောစရာမကျန်တော့ဘူးလေ။ ငါလည်း ပင်ပန်းနေပြီ”

ကျွန်တော်ကတော့ မေးခွန်းတွေ အများကြီး ဆက်မေးချင်စိတ် တရွရွဖြစ်နေတုန်းပဲ။ ကျွန်တော့်မျက်နှာပေါ်က စိုးရိမ်ပူပန်မှုကို တွေ့တော့ တောင်တက်သမားကြီးက နောက်ဆုံး အကြံဥာဏ်တစ်ခု ထပ်ပေးလိုက်တယ်။

“ဒါနဲ့ မင်းမှာ ခရက်ဒစ်ကဒ် ပါလား”

“ဟုတ်.. ပါပါတယ်. ဒါပေမယ့်…”

“ဟုတ်ပြီ အဲဒါ ဘောင်းဘီအိတ်ထဲ အမြဲထည့်ထား။ မလိုအပ်ရင် မသုံးဖြစ်အောင်နေ။ ကဲ.. ကံကောင်းပါစေကွာ”

အဲဒီလိုပြောပြီး ကျွန်တော့်လက်ကို သူ့ရဲ့ လက်ဖဝါးကြီးတွေနဲ့ ဆုတ်ကိုင်လှုပ်ယမ်း နှုတ်ဆက်ပြီးတော့ စားသောက်ဆိုင်ထဲက ထွက်သွားပါတယ်။ သူပျောက်သွားတော့မှ ကျွန်တော်က တောင်တက်နေရင် ခရက်ဒစ်ကဒ်ကို ဘာကြောင့် ဘောင်းဘီအိတ်ထဲ အမြဲဆောင်ထားဖို့ လိုတယ်ဆိုတာကို မတွေးတတ်အောင် ဖြစ်နေမိတယ်။


                                      ………..

ဧဝရတ်တောင် တက်မယ့်သူတွေဟာ ဟိမဝန္တာဆီ ဝင်ပေါက်ဖြစ်တဲ့ လူကလာ အထိ လေယာဉ်စီးရပါတယ်။ ကျွန်တော်လည်း အပါအဝင်ပေါ့။ အဲဒီခရီးစဉ်က ဆာ ဟီလာရီရဲ့ မိန်းမနဲ့သမီး လေယာဉ်ပျက်ကျခဲ့တဲ့ ခရီးပါပဲ။ ကျွန်တော့်ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ အဲဒီလေယာဉ်ပျံပေါ်ကို မယုံမရဲနဲ့ ခြေချလိုက်တာ ပြီးတော့မှ ရယ်မိတာပါ။ လေယာဉ်အတွင်းပိုင်းဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ခေတ်စားခဲ့တဲ့ ထိုင်ခုံ ၁၂လုံးပါတဲ့ မီနီဗင်ကားလေးနဲ့ တူနေတယ်။ တချို့နေရာတွေကို သစ်သားနဲ့ ဖာထေးထားတယ်။ ထိုင်ခုံနောက်မှီတွေ ပြုတ်ကျနေပုံက ခေါက်ကုလားထိုင်အတိုင်းပဲ။ အိုမင်းဟောင်းမြေ့နေတဲ့ လေယာဉ်မောင်း ကိရိယာတွေက ကလေးကစားစရာတွေနဲ့ တူနေတယ်။

လေယာဉ်လည်းစထွက်ရော လေယာဉ်တစ်ခုလုံး လှုပ်ခါသွားလိုက်တာ သွားတွေတောင် တဂတ်ဂတ် တုန်လာတယ်။ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ နီပေါအဘွားကြီးက ပုတီးစိတ်ရင်း ဘုရားစာတွေ စရွတ်ပါတော့တယ်။ သူရွတ်နေတာ တဖြည်းဖြည်း မြန်လာပြီး နောက်ဆုံးမှာ သူက လေထဲကို ဆန်စေ့တွေ ကြဲလိုက်တယ်။ အဲဒီလို အဘွားကြီးရဲ့ ဘုရားစာရွတ်သံနဲ့ ဆန်စေ့ကြဲပြီး ဆုတောင်းမှုက ကျွန်တော့်အကြောက်တရားကို မသက်သာစေပါဘူး။ ဆန်စေ့တွေက ကျွန်တော့် ခေါင်းနဲ့ ဂျက်ကက်အကျီင်္ပေါ် လာကျကုန်တယ်။      

လေယာဉ်က မိုးတိမ်တောင်တွေနဲ့ တွေ့တော့ ထွက်ခါစထက်တောင် ပိုပြီး လှုပ်ခါလာတယ်။ ဒီလိုအရှိန်ဟာ လေယာဉ်ကို လေထဲကနေ တစ်စစီ ပျက်ကျမတတ် ဖြစ်စေပါတယ်။ လေယာဉ်ရဲ့ ဟိုဘက်ဒီဘက် ဘေးတိုက် ကြောက်စရာ လွန့်လူးနေပုံကလည်း ပင်လယ်ထဲမှာ လှိုင်းကြီးကြီး အပုတ်ခံရတဲ့ သင်္ဘောလိုပဲ။ လေယာဉ်ပျံချိန် မိနစ်လေးဆယ်ပဲ ကြာပေမယ့် အဲဒီအတောအတွင်းမှာ ကျွန်တော် တစ်စက္ကန့်လေးတောင် စိတ်မအေးနိုင်ခဲ့ပါဘူး။

လူကလာလေဆိပ်ကို ရောက်တော့ အထုပ်အပိုးတွေ ရွေးယူရတဲ့နေရာကို ရောက်လာပါတယ်။ ဒေသခံ ရှာပလူမျိုးတစ်ယောက်က ကျွန်တော့်ဆီ လျှောက်လာပါတယ်။ ကျွန်တော်က တစ်ဦးတည်းသော အာရှတိုက်သား တောင်တက်သမားဖြစ်နေတော့ ကျွန်တော့်ကို မှတ်မိဖို့က သိပ်လွယ်ပါတယ်။ သူက “ကိုရီးယားလား” လို့မေးတာကို ခေါင်းညိတ်ပြလိုက်ပါတယ်။ သူက ခေါင်းကိုညွတ်ပြီး နှုတ်ဆက်ပါတယ်။

“မင်္ဂလာပါခင်ဗျာ”

“မင်္ဂလာပါ”

ကျွန်တော်ကလည်း သူ့ကို ပြန်ခေါင်းညွတ်လိုက်ပါတယ်။ အဲဒီ ရှာပလူမျိုး က ဆံပင်ကောက်ကောက် အသားနက်နက် ရိုးရိုးသားသားပုံစံနဲ့ တကယ့်ကို တောင်ပေါ်ရွာသားရုပ်ပါ။ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ကြတယ်။ သူ့နာမည်က ပြာဘ။ သူ့ဟာ ကက်တ်မန်ဒူမြို့က ခရီးသွားအကျိုးဆောင် ကုမ္ပဏီက ငှားထားတဲ့ ဧည့်လမ်းညွှန်ပါ။  


ပန်ဒိုရာ

(ဆက်လက်ဖော်ပြပါမည်။)


Expand..

Thursday, January 24, 2013

အမြင့်မူးရောဂါ (ကိုရီးယား ဘာသာပြန်ဝတ္ထုတို) အပိုင်း - ၁



အမြင့်မူးရောဂါ

၂၀၁၃ ဇန်နဝါရီလထုတ် စတိုင်သစ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဘာသာပြန်ဝတ္ထုပါ။ ပထမဦးဆုံး စာရေးဆရာအကြောင်း မိတ်ဆက်တင်ပြလိုက်ပါတယ်။



တောင်ကိုရီးယားမှ စာရေးဆရာ ဟေးအီစူး (Hae Yisoo)

တောင်ကိုရီးယားက စာရေးဆရာ ဟေးအီစူး(Hae Yisoo) ဟာ ၂၀၀၀ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံးဝတ္ထုကို ပုံနှိပ်ဖော်ပြခံခဲ့ရတယ်။ ၂၀၀၆ မှာ “ကန္တာရထဲက သားပိုက်ကောင် (The Kangaroo in the Desert)” နဲ့ ၂၀၀၉ မှာ “ဂျယ်လီငါး (Jelly Fish)” လို့အမည်ရတဲ့ ဝတ္ထုတိုပေါင်းချုပ် နှစ်အုပ် ထုတ်ဝေခဲ့ပါတယ်။  “အစကနေပြန်လျှောက် (Walk Again From the Beginning)” ဆိုတဲ့ လုံးချင်းဝတ္ထုရှည်ကို ဒီနှစ်ထဲမှာ အွန်လိုင်းကနေ စီးရီးစ်လိုက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သူဟာ ကိုရီးယားနိုင်ငံမှာ ၂၀၀၄ ခုနှစ်က ချီးမြှင့်တဲ့ စင်ဟွန်းစာပေဆုနဲ့ ၂၀၁၀ က ချီးမြှင့်တဲ့ မိုဆပ် စာပေဆုတွေကို ရရှိခဲ့ပါတယ်။ သူဟာ ကိုရီးယားနိုင်ငံ ဒန်ကောက် တက္ကသိုလ်ရဲ့ ဖန်တီးမှုစာပေ ဌာနမှာ အလုပ်လုပ်နေပါတယ်။ ၂၀၁၀ခုနှစ် ဆိုးလ်မြို့မှာကျင်းပတဲ့ နိုင်ငံတကာ စာရေးဆရာများ ပွဲတော်ကို စီစဉ်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ကိုရီးယားစာပေ ဘာသာပြန် အင်စတီကျုရဲ့ ပံ့ပိုးမှုနဲ့ အိုင်အိုဝါတက္ကသိုလ်ရဲ့ ၂၀၁၂ ခုနှစ် International Writing Program ကို တက်ရောက်ခဲ့ပါတယ်။ 

ဟေးအီစူးဟာ ၂၀၀၇ နှစ်ဦးပိုင်းမှာ နီပေါနိုင်ငံကို ၄၂ရက် ကြာ ခရီးသွားခဲ့ပါတယ်။ ခရီးကနေ ရလာခဲ့တဲ့ ဝတ္ထုတို ၃ ပုဒ်ဟာ အဲဒီနှစ်ကုန်ခါနီးလောက်မှာ ကိုရီးယားမဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြခံရပါတယ်။ အဲဒီ ဝတ္ထုတို ၃ ပုဒ်ကတော့ 
၁) ဧဝရတ် တောင်တက်ခရီးအကြောင်း ရေးထားတဲ့ “အမြင့်မူးရောဂါ (Altituded Sickness)”၊ 
၂) ဟိမဝန္တာတောင်တန်းတွေမှာ လေယာဉ်ပျံစောင့်နေကြတဲ့ တောင်တက်ခရီးသည်တွေအကြောင်းကို ရေးထားတဲ့ “လူကလာလေဆိပ် (Lukla Airport)” နဲ့ 
၃) နီပေါက ပြန်လာခါနီး လုဗ္ဗိနိမှာ ကြုံတွေ့ခဲ့တဲ့ နေ့ရက်တွေအကြောင်းကို ရေးထားတဲ့ “လုဗ္ဗိနိမှထွက်ခွာခြင်း (Out of Lumbini)” တို့ ဖြစ်ကြပါတယ်။

ဟေးအီစူးဟာ ကိုရီးယားလူမျိုးတစ်ယောက်ကို ဇာတ်လိုက်အနေနဲ့ ထားပြီး သူ့ရဲ့ နီပေါခရီး အတွေ့အကြုံတွေအပေါ် အခြေခံတဲ့ ဝတ္ထုတို ၃ ပုဒ်ကို ရေးခဲ့ပါတယ်။ ကိုရီးယားမှာ ဝတ္ထုတိုတွေဟာ စာမျက်နှာ ၂၀ - ၃၀ လောက်အထိ ရှည်လျားပါတယ်။ သူတို့ဆီမှာ ဝတ္ထုတိုတစ်ပုဒ် ရေးနိုင်ဖို့အတွက် အချိန်ရော ငွေကြေးပါ အတော် အားစိုက်ရတဲ့အကြောင်းကို ဟေးအီစူးက ရှင်းပြခဲ့ပါသေးတယ်။ 

နီပေါနိုင်ငံဆိုတာ တောင်တက်သမားတွေအတွက် ကမ္ဘာမြေရဲ့ကျောရိုးလို့ တင်စားကြတဲ့ ဟိမဝန္တာတောင်တန်းတွေ တည်ရှိရာဒေသ ဖြစ်နေသလို ဗုဒ္ဓဘာသာဝင် ဘုရားဖူးတွေအတွက်လည်း ဗုဒ္ဓဖွားတော်မူရာ လုဗ္ဗိနိဒေသက ဆွဲဆောင်နေပါတယ်။ ဟေးအီစူးရဲ့ “Nepal Trilogy” ဆိုတဲ့ နီပေါနောက်ခံ ဝတ္ထုတို ၃ ပုဒ်ဟာ မြင်ဖူးနေကျ ခရီးသွားနောက်ခံ ဝတ္ထုမျိုးမဟုတ်ဘဲ အာရှတိုက်သားတွေရဲ့ အကျင့်စရိုက်တွေနဲ့ ခရီးကပေးလိုက်တဲ့ အမြင်သစ်တွေလည်း ရောနှောပါဝင်နေပါတယ်။ 

“အမြင့်မူးရောဂါ” ဝတ္ထုထဲမှာ စိတ်ဝင်စားစရာကောင်းတာကတော့ တောင်ပေါ်ကို တက်သွားတဲ့အခါ မြင်တဲ့အမြင်နဲ့ အတွေ့အကြုံတွေကို ပေါ့ပေါ့ပါးပါး ဇာတ်ကြောင်းထဲမှာ ထည့်ထားတာပါပဲ။ အရှေ့တိုင်းသားတွေနဲ့ အနောက်တိုင်းသားတွေရဲ့ သဘာဝအပေါ် မတူညီတဲ့ ရှုမြင်ပုံတွေကိုလည်း ပြထားပါတယ်။ အနောက်တိုင်းသားတွေက သဘာဝကို အောင်နိုင်ချင်ကြပြီး အလွယ်လိုက်ကြ ဒါမှမဟုတ်လည်း အလွန်အကျူး အပင်ပန်းခံကြတဲ့အခါ နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရပုံကို ပြထားပါတယ်။ အရှေ့တိုင်းသား ဟိမဝန္တာသား အဘိုးကြီးတစ်ယောက်ကတော့ လူတွေဟာ သဘာဝကို အနိုင်ယူဖို့ထက် သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေထိုင်ပြီး တောင်တက်ခြင်းဆိုတဲ့ ဖြစ်စဉ်အပေါ်မှာ သက်တောင့်သက်သာ သင်ယူ ခံစားသင့်တဲ့အကြောင်း အကြံပြုထားတဲ့ အခန်းပါပါတယ်။ အဲဒါဟာ တရုတ်ပညာရှိ လောင်ဇု ရဲ့ ပုံပြင်တစ်ပုဒ်နဲ့လည်း အတွေးချင်းတူပါတယ်။ ရေတွင်းထဲက ရေကိုခပ်ချင်ရင် တစ်ခါခပ်ရင် တစ်ပုံးနဲ့ ဖြည်းဖြည်း ခပ်ယူသင့်တယ်။ ဒါဟာ ရေစုပ်စက်နဲ့ အလွယ်တကူ စုပ်လိုက်တာနဲ့စာရင် လုပ်အားရဲ့ ဖြစ်စဉ်မှာ ဥာဏ်အလင်းပွင့်လာနိုင်တယ်လို့ လောင်ဇု က ပြောခဲ့ပါတယ်။ 

“လူကလာလေဆိပ်” ဝတ္ထုထဲမှာ လေယာဉ်ပျံမလာသေးလို့ ရက်အတန်ကြာ တိုးကြိတ် စောင့်ဆိုင်းနေကြတုန်း “စန်း” လို့အမည်ရတဲ့ ထိုင်းအမျိုးသမီးလေးက ကိုရီးယားဇာတ်လိုက်ကို မေးပါတယ်။ ဒီတောင်တက်ခရီးမှာ မြင့်လာတဲ့အမျှ ဘာအပြောင်းအလဲတွေ သတိထားမိသလဲပေါ့။ သူမျှော်လင့်တာကတော့ တိမ်၊ လေထု၊ ရာသီဥတု၊ ရှုမျှော်ခင်း စတဲ့အကြောင်းအရာတွေပါ။ ဒါပေမယ့် ကိုရီးယားဇာတ်လိုက် ပြန်ဖြေလိုက်တာက နွားနောက်တွေရဲ့ ချေးတွေ တဲ့။ တောင်တက်သမားရှိတဲ့ နေရာတိုင်းမှာ နွားနောက်တွေကို တွေ့ရလေ့ရှိပါတယ်။ အနိမ့်ဒေသမှာ စားကျက် မြက်တွေပိုများတော့ နွားနောက်တွေရဲ့ ချေးတွေဟာ ရွှံ့ပျော့ပျော့တွေလိုပဲ ပိုပြီး စိုစွတ်ပျော့ပြောင်းပါတယ်။ တောင်အမြင့်ကို ရောက်လာလေလေ အစားအသောက်က ရှားလာလေလေ ဝမ်းသွားရတာ ပိုပြီး ခက်ခဲလာလေလေ ဖြစ်တဲ့အခါ သူတို့ရဲ့ ချေးတွေရဲ့ ပုံသဏ္ဍာန်ဟာလည်း ဝဲဂယက်လေးလို ကွေးညွတ်လာပြီး အရောင်ကလည်း ကြေးနီနဲ့ လုပ်ထားတဲ့ ရုပ်ထုလိုပါပဲတဲ့။ အဲဒီအခါ ဇာတ်လိုက်ဟာ အဲဒီချေးတွေကို တောင်အမြင့်ရောက်လာလေလေ အနုပညာလက်ရာတစ်ခုအဖြစ် ပြောင်းလဲလာလေလေလို့ မြင်မိတဲ့အကြောင်း ပြောထားတယ်။ ခေါင်းပေါ်က အမြင့်ကို မျှော်မှန်းတဲ့ တောင်တက်ခရီးမှာ မြေကြီးပေါ် ခေါင်းငုံ့ကြည့်ပြီး နွားချေးတွေကို ပိုစိတ်ဝင်စားမိတဲ့ အမြင်ဟာ အံ့သြစရာပါ။ “ခရီးသွားခြင်းဆိုတာ အသစ်တွေ မြင်ရဖို့ထက် အမြင်သစ်တွေ ရဖို့” ဆိုတဲ့ အရှေ့တိုင်း အတွေးအခေါ်တစ်ခုကို ရည်ညွှန်းတယ်လို့ ဟေးအီစူးက ရှင်းပြခဲ့ပါတယ်။

“လုဗ္ဗိနိမှထွက်ခွာခြင်း” ဝတ္ထုထဲမှာ ဇာတ်လိုက်ဟာ လုဗ္ဗိနိဒေသမှာ ခရီးသွားနေတုန်း အိပ်မက်တစ်ခုကို မက်လိုက် နိုးလိုက်ဖြစ်နေတဲ့ အခန်းတွေ ပါဝင်ပါတယ်။ ဇာတ်လိုက်ဟာ “ဘဝကို ဘယ်လိုချိန်ဆရမလဲ” ဆိုတဲ့ အကြောင်းအရာတစ်ခုကို ရေးသားဖို့ အလုပ်အပ်ထားခံရပါတယ်။ ဒါပေမယ့် သူဟာ အချိန်မီ မရေးနိုင်လို့ စိတ်မကောင်းဖြစ်နေရတယ်။ လုဗ္ဗိနိက အပြန် ဆိုက္ကားပေါ်မှာ သူအိပ်ငိုက်နေတုန်း ခရီးမှာ ကြားခဲ့ရတဲ့ သိဝိဘုရင်နဲ့ ခိုငှက် ဆိုတဲ့ ဇာတ်လမ်းကို အိပ်မက်မက်ပါတယ်။ လက်မောင်းမှာ နားနေတဲ့ခိုငှက်ကို ကယ်တင်ဖို့အတွက် သိဝိဘုရင်က ဆာလောင်နေတဲ့ သိန်းငှက်တွေကို သူ့အသားကို စားစေတဲ့ အကြောင်းပါ။ အဲဒီ အိပ်မက်က နိုးတော့ ဇာတ်လိုက်ဟာ ဘဝကို ဘယ်လိုချိန်ဆရမလဲ ဆိုတာကို ဘယ်လို ရေးရမလဲဆိုတာ အကြံဥာဏ်ရသွားပါတယ်။ ဇာတ်လိုက်ဟာ အနောက်နိုင်ငံမှာ ကြီးပြင်းခဲ့ပြီး အရာရာကို သွက်လက် မြန်ဆန်စွာ ဆန္ဒစောပြီး လုပ်ကိုင်လေ့ရှိသူပါ။ သူ့ရဲ့ နာရီကို ဆယ်မိနစ် စောထားပါတယ်။ ဝတ္ထုအဆုံးမှာတော့ ဆယ်မိနစ် စောထားတဲ့ သူ့အဖိုးတန်နာရီကို ဆိုက္ကားသမားရဲ့ တစ်နာရီကျော်နောက်ကျနေတဲ့ ဒစ်ဂျစ်တယ် နာရီ အပေါစားနဲ့ လဲလိုက်ပါတယ်။ အရှေ့တိုင်းမှာ နှေးကွေးမှုရဲ့ တန်ဖိုးအကြောင်း၊ အသိပညာတစ်ခုဟာ အချိန်တစ်ခုပြီးမြောက်တဲ့အခါမှ ရောက်လာတတ်တယ်ဆိုတာ ဇာတ်လိုက်က သဘောပေါက် သွားကြောင်း စတာတွေကိုလည်း ဒီဝတ္ထုမှာ ပြထားခဲ့ပါတယ်။ 

နီပေါနောက်ခံဝတ္ထုတို ၃ ပုဒ်ထဲက “အမြင့်မူးရောဂါ” ကို မြန်မာမှုပြုလိုက်ပါတယ်။ အဲဒီ ဝတ္ထုတိုရဲ့ မူရင်းအင်္ဂလိပ်ဘာသာပြန်ဟာ Calibri ဖောင့်ဆိုက် ၁၂ နဲ့ဆိုရင် ၂၅ မျက်နှာရှိပါတယ်။ အဲဒါကို ဟေးအီစူးက ပြန်ချုံ့ထားတဲ့ မူကို ဆီလျော်အောင် ဘာသာပြန်ပေးလိုက်ပါတယ်။
ဒီဝတ္ထုနဲ့ ပတ်သက်လို့ ဟေးအီစူးက မြန်မာ စာဖတ်ပရိသတ်ကိုလည်း အခုလို နှုတ်ဆက်စကား ပြောလိုက်ပါတယ်။

“နှင်းတွေဖုံးနေတဲ့ ဟိမဝန္တာတောင်တန်းတွေဟာ မြန်မာလူမျိုး စာဖတ်ပရိသတ်တွေ အတွက် စိမ်းကောင်းစိမ်းနေပါလိမ့်မယ်။
ဧဝရတ်တောင်ထိပ်မှာ ကျွန်တော်ကိုယ်တိုင် အမြင့်မူးရောဂါ ရခဲ့စဉ်က ဒီဝတ္ထုကို ရေးဖို့ အာရုံရခဲ့ပါတယ်။
ဒါပေမယ့်လည်း အမြင့်မူးရောဂါ အမှန်တကယ် စတင်ခဲ့တဲ့နေရာဟာ ဧဝရတ်တောင် မဟုတ်ဘဲ ကျွန်တော့်ရဲ့ တကယ့်ဘဝတည်ရှိရာ ဆိုးလ်မြို့ပဲ ဖြစ်ပါလိမ့်မယ်။” 

ပန်ဒိုရာ

(ဆက်လက် ဖော်ပြသွားပါမည်။)

Expand..

Wednesday, January 2, 2013

အီရတ်နိုင်ငံက ကဗျာဆရာမ “ဂူလာလာ နိုရိ” ရဲ့ အင်တာဗျူးနဲ့ ကဗျာများ ~ ရသကမ်းခြေ (လပွတ္တာ အွန်လိုင်းမဂ္ဂဇင်း)



အီရတ်နိုင်ငံက ကဗျာဆရာမ “ဂူလာလာ နိုရိ” ရဲ့ အင်တာဗျူးနဲ့ ကဗျာများ


အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လာရင် မေးခွန်းထုတ်စရာတွေ တပုံကြီးရှိနေတဲ့ အာရပ်ကမ္ဘာမှာ အောင်မြင်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ အီရတ်နိုင်ငံက “ဂူလာလာ နိုရိ (Gulala Nouri)” ဟာ အောင်မြင်တဲ့  အမျိုးသမီးကဗျာဆရာ တစ်ဦးသာမက စာနယ်ဇင်း၊ ရုပ်မြင်သံကြား၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ အရေးပါတဲ့ နေရာတွေကနေ တာဝန်ထမ်းဆောင်နေခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဂူလာလာဟာ အီရတ်နိုင်ငံက စာရေးဆရာများသမဂ္ဂ၊ စာနယ်ဇင်းအစည်းအရုံးနဲ့ အီရတ်ဘာသာပြန်သူများ သမဂ္ဂတို့မှာ တက်ကြွတဲ့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ အီရတ်နိုင်ငံတွင်းနဲ့ အခြားနိုင်ငံတကာမှာကျင်းပတဲ့ စာပေပွဲတော်တွေမှာလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဂူလာလာဟာ သူမရဲ့ ကိုယ်ပိုင်ကဗျာစုစည်းမှု စာအုပ် ၄အုပ်၊ ဆိုဗီယက်ကဗျာဆရာ ဗီဆိုစကီ (Vysotsky) ရဲ့ ဘဝနဲ့ကဗျာတွေကို  ရုရှားဘာသာကနေ အာရဘီ ဘာသာကို ပြန်ဆိုတဲ့ ကဗျာစာအုပ် ၁အုပ် နဲ့ ရုရှားဘာသာကနေ ကာဒီ ဘာသာကို ပြန်ဆိုတဲ့ စာအုပ် ၁အုပ် ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ အဒီ ဘာသာပြန်စာအုပ် ၂ အုပ်ဟာ ၂၀၁၁ ခုနှစ်မှာ ပိုလန်နိုင်ငံက စာပေပွဲတော်မှာ best product ဆုကို ရရှိခဲ့ပါတယ်။ ဂူလာလာရဲ့ ပထမဆုံးသော ဝတ္ထုတို စုစည်းမှုစာအုပ်နဲ့ ဆဒန်ဟူစိန်လက်ထက်က ဓာတုပေါက်ပွဲမှုတစ်ခုအကြောင်းဖြစ်တဲ့  Halabja Disaster အကြောင်းကို ကာဒီ ကနေ အင်္ဂလိပ်ကို ပြန်ထားတဲ့ ဘာသာပြန် ဝတ္ထုတိုစာအုပ်တို့ကို မကြာမီထုတ်ဝေမှာဖြစ်ပါတယ်။   ဂူလာလာရဲ့စာတွေကို အင်္ဂလိပ်ဘာသာ၊ ပါရှန်း၊ ရုရှား၊ မွန်ဂိုလီးယန်း စသည်ဖြင့် ဘာသာစကား အတော်များများကို ပြန်ဆိုခဲ့ကြပါတယ်။
ဂူလာလာဟာ အီရတ်နိုင်ငံမှာ ရင်ဆိုင်တွေ့ခဲ့တဲ့ စစ်ပွဲကြီး ၃ ပွဲလုံးကို မျက်မြင်တွေ့ကြုံ ဖြတ်သန်းခဲ့တဲ့ မျိုးဆက်တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေကတော့ အီရန်-အီရန်စစ်ပွဲ၊ အီရတ်-ကူဝိတ် စစ်ပွဲနဲ့ အခုနောက်ဆုံး ဆဒန်ဟူစိန်ကို ဖယ်ရှားခဲ့တဲ့ စစ်ပွဲတို့ဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေအားလုံးကို ဖြတ်သန်းခဲ့ရတဲ့ စာရေးဆရာမျိုးဆက်တွေရဲ့ စာပေတွေကို အဲဒီကာလရဲ့ သက်ရှိ ပညာတတ် သက်သေခံတွေလို့ တင်စားကြတယ်လို့ ဂူလာလာက ပြောပြခဲ့ပါတယ်။

အမျိုးသမီးတွေအပေါ်မှာ တင်းကျပ်တဲ့ ထုံးတမ်းစဉ်လာတွေကို ဆန့်ကျင်ခဲ့တဲ့ ဂူလာလာ ဟာ အသက် တစ်ဆယ့်ရှစ်နှစ် အရွယ်ကတည်းက သူ့ဇာတိ ကာကတ်မြို့ကနေ ထွက်လာပြီး ဘဂ္ဂဒက်မှာ မိမိဘာသာ လွတ်လွတ်လပ်လပ် နေထိုင်ခဲ့တယ်။ ဒီလိုနဲ့ မြို့တော် ဘဂ္ဂဒက်မှာ ကဗျာဆရာအဖြစ်ရော သတင်းထောက်အဖြစ်ပါ လုပ်ကိုင်နေတုန်း ဆဒန်ဟူစိန်အတွက် ဘုန်းတော်ဘွဲ့ကဗျာ ရေးပေးဖို့ သူ့ကို အထက်လူကြီးက ခိုင်းလာတာကို ကြုံခဲ့ဖူးပါတယ်။ ဂူလာလာက မရေးချင်ကြောင်း ပြောတော့ ဒါဆို မရေးချင်ဘူးဆိုတာကို စာနဲ့ရေး လက်မှတ်ထိုးပြီး ပြောရမယ်တဲ့။ လူတစ်ယောက်ရဲ့ အသက်ဆိုတာ စက္ကန့်ပိုင်းအတွင်း ဖက်ရွက်လို ကြွေသွားနိုင်တဲ့နေရာမှာ ဂူလာလာဟာ အခက်အခဲကြုံရတော့တယ်။ အဲဒီစာကို ရေးဖို့ နေ့ရွှေ့ညရွှေ့ အချိန်ဆွဲပြီး နောက်တော့ သူအိမ်ထောင်ပြုတော့မယ် လို့ ညာပြောပြီး အလုပ်က ထွက်လာခဲ့တယ်။

ဂူလာလာရဲ့ဘဝမှာ အလှည့်အပြောင်းတွေ အများကြီးပါ။ နေရာတွေလည်း အတော်များများ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။  အောင်မြင်လာတာနဲ့အမျှ ခြိမ်းခြောက်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။ တစ်ခါကတော့ ဘဂ္ဂဒက်မြို့မှာ တက္ကစီစီးလာတုန်း သူ့နောက်ကို လက်နက်ကိုင်လူတစ်ခုက လိုက်ခဲ့တယ်။ ပါးနပ်တဲ့ ကားဒရိုင်ဘာရဲ့ ကူညီမှုကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်။  အဲဒီနောက် ယူကရိန်းနိုင်ငံမှာ ပညာဆက်သင်ခဲ့ပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ ပီအိတ်ခ်ျဒီ ပါရဂူဘွဲ့ကို အပြီးသတ်ဖို့ ကြိုးစားနေပါတယ်။

ဂူလာလာရဲ့ လက်ရာတွေကို မတင်ပြခင် အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် သူဖြေခဲ့တဲ့ အင်တာဗျူးကို ဘာသာပြန်ပေးလိုက်ပါတယ်။ မေးခွန်းတွေကို ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။

မေး။ ။ ဆရာမက ဘယ်ဒေသကပါလဲ။ ဘယ်လိုကြီးပြင်းခဲ့ပြီးတော့ အခု ဘယ်နေရာမှာ နေထိုင်ပါသလဲ။
ဖြေ။ ။ ကျွန်မက အီရတ်-ကာဒစ်စတန် ဒေသကပါ။ ကာဒစ်စတန်ဒေသဆိုတာ အီရတ်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ပါတယ်။ အရှေ့ဘက်မှာ အီရန်နိုင်ငံ၊ မြောက်ဘက်မှာ တူရကီနိုင်ငံ၊ အနောက်ဘက်မှာ ဆီးရီးယားနိုင်ငံနဲ့ တေင်ဘက်မှာတော့ အီရတ်နိုင်ငံထဲက အခြားဒေသတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ အီရတ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်မှာ အီရတ်-ကာဒစ်စတန်ကို အီရတ်ရဲ့ ဖယ်ဒရယ်ဒေသတစ်ခုလို့ အဓိပ္ပာယ် သတ်မှတ်ထားပါတယ်။ အာရဘီဘာသာနဲ့ ကာဒီဘာသာကိုလည်း ရုံးသုံးဘာသာစကားတွေအဖြစ် ပူးတွဲသတ်မှတ်ထားပါတယ်။ အမျိုးသားရေးဝါဒီနဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေ အများကြီးရှိပြီး အာရပ်လူမျိုးကြီးဝါဒ ထွန်းကားနေတဲ့အချိန်မှာ ကာကပ်ဒေသမှာ ကြီးပြင်းခဲ့ရပါတယ်။ (အာရပ်လူမျိုးကြီးဝါဒ ဆိုတာ ကျွန်မတို့ရဲ့ ကာဒီ ဘာသာစကားကို သင်ခွင့်မရတာ၊ ပြီးတော့ ကာ့ဒ်လူမျိုးတွေကို မြို့ပြင်ထွက်စေပြီး အာရပ်မိသားစုတွေရဲ့ အိမ်တွေ မြေတွေကို မြို့ထဲမှာ နေရာချလာတာပါ။) အဲဒီလို လူမျိုးရေးဝါဒကို အာဏာရှင် ဆဒန်ဟူစိန်က မျိုးစေ့ချခဲ့တာပါ။

မေး။ ။ဆရာမက အချိန်ပြည့်စာရေးဆရာတစ်ယောက် ဖြစ်ပါသလား။ မဟုတ်ခဲ့ဘူးဆိုရင် တခြားဘာတွေများ လုပ်ပါသလဲ။
ဖြေ။ ။တကယ်တော့ ကျွန်မတို့နိုင်ငံမှာ အချိန်ပြည့်စာရေးဆရာဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ သေချာတာပေါ့။ ကျွန်မ ရှင်သန်နေထိုင်ဖို့ (စာရေးခြင်းအပြင်)တခြားအလုပ်တစ်ခု လုပ်သင့်တယ်လေ။ ကျွန်မ မီဒီယာလုပ်ငန်းတွေမှာ (ရုပ်မြင်သံကြားရော၊ သတင်းနဲ့စာနယ်ဇင်းမှာရော) လုပ်ခဲ့ပါတယ်။ အခုလောလောဆယ်တော့ ကာဒစ်စတန်ဒေသရဲ့ အာဘေလ် မြို့မှာရှိတဲ့ High Commotion of Erbil Citadel Revitalization ရဲ့ လူထုဆက်ဆံရေးနဲ့ မီဒီယာ ဌာနမှာ လုပ်နေပါတယ်။ (အဲဒီ နေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကတည်းက အခုအထိ လူနေထိုင်မှု မပြတ်ခဲ့တဲ့ ကမ္ဘာ့အဟောင်းဆုံး မြို့လို့ သတ်မှတ်ခံရပါတယ်။) အဲဒီအပြင် Berma Company ရဲ့ ဆောက်လုပ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဌာနမှာ လူထုဆက်ဆံရေး မန်နေဂျာအဖြစ်လည်း လုပ်ကိုင်နေပါတယ်။ 

မေး။ ။ကျားမဖြစ်တည်မှုနဲ့ လူ့အခွင့်အရေးကိစ္စတွေဟာ ဆရာမရဲ့ စာတွေထဲမှာ ထင်ဟပ်နေပါသလား။ ဘယ်လိုများ ထင်ဟပ်နေပါသလဲ။
ဖြေ။ ။ကျားမဖြစ်တည်မှုနဲ့ ပတ်သက်လို့တော့ ကျွန်မ စပြီး စာရေးချိန်မှာ ကိုယ့်ကိုယ်ကို ယောင်္ကျားလား မိန်းမလားဆိုတာ မှန်ထဲမှာရော ကျွန်မရဲ့အတွင်းစိတ်ထဲမှာရော ပြန်မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် ........................


အင်တာဗျုးအပြည့်အစုံနှင့် ဘာသာပြန်ကဗျာများကို ဆက်ဖတ်ရန် ရသကမ်းခြေ လပွတ္တာအွန်လိုင်းမဂ္ဂဇင်း လင့်ခ်ကိုသွားပါ။

http://www.lptmagazine.net/2013/01/blog-post.html





ပန်ဒိုရာ






Expand..