Thursday, August 30, 2007

ဒီမြို့ထဲမှာ - ၆

ဒီမြို့ထဲမှာ - ၆

မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး^
ဖြူညစ်ညစ်အင်္ကျီလည်း အမွှာမွှာကွဲ
အာရုံတွေေ၀၀ါးကုန်ပြီ
လုံးတီးဘ၀ ရှက်ကြသတဲ့
ဖုန်တွေကိုပဲ လုံခြုံနိုးနဲ့
တချို့လူးလှိမ့်ဝတ်ဆင်ကုန်ကြတယ်
မဲ မှောင် စွန်း ထင်း
တစ်ယောက်နဲ့တစ်ယောက်လည်း
မမှတ်မိတော့ဘူး
အချင်းချင်း ကုတ်ခြစ်ဖို့
မာန်ဖီသံတွေကြားနေရတယ်
အုတ်ခဲရင့်ရောင်မိုးတွေရယ်
ပိန်းပိန်းပိတ်ပိတ် လွှမ်းခြုံသွားအောင်
ရွာချလိုက်
ရွာချလိုက်
ရွာချလိုက် ပါ ကွယ်။

ပန်ဒိုရာ

^Byronic unhappiness

Expand..

Wednesday, August 29, 2007

ဒီမြို့ထဲမှာ - ၅

ဒီမြို့ထဲမှာ - ၅

အတူတူဆက်ထွက်လာခဲ့ကြတယ်
အဲလ်ဘက်ထရော့စ် အပုပ်ကောင်ကို
လည်ပင်းမှာဆွဲထားတဲ့ကောင်တွေလည်းပါတယ်
တရွက်တိုက် လမ်းမကြီးက အိပဲ့အိပဲ့နဲ့ လိုက်လာတယ်
တစ်ချက်အကွေ့ ငါတို့ကျောအလစ်မှာ
လမ်းမကြီးက ငါတို့ကို
ကျောက်စရစ်ခဲတစ်လုံးလို
ပိုးစိုးပက်စက် ကန်ထုတ်လိုက်တယ်
အုတ်ခဲရင့်ရောင်တွေ ဖိတ်လျှံ အန်ကျကုန်တယ်
အုတ်ခဲရင့်ရောင် စွန်းထင်းပေပွ ဒီလမ်းမဟာ
အော့ကြောလန်စရာ ဖြစ်လာလိမ့်မယ်လို့
ဘယ်သူကထင်ခဲ့ကြမှာလဲ
ရင်ဘတ်အောင့်နေအောင် နံရံကိုဝင်တိုးမိမှ
မျက်မှန်တစ်လက်ကို ဆွေးဆွေးမြေ့မြေ့ တမ်းတမိတယ်။

ပန်ဒိုရာ

Expand..

ဒီမြို့ထဲမှာ - ၎

ဒီမြို့ထဲမှာ - ၎

မျက်ရည်ငန်ပျပျတွေကို
ဝေမျှသောက်သုံးသူတွေဟာ
ရဲဘော်ရဲဘက်ဖြစ်တယ်
အတိတ်ကိုအတိတ်မှာပဲ ထားလိုက်ကြမယ်
ပင်လယ်ကိုဖြတ်သန်းမှတော့
ပင်လယ်ရဲ့အနမ်းကိုခံနိုင်ရည်ရှိရမယ်
လက်တွေ့အရ ဖြစ်မလာဘူး
သဘောတရားအရ မှန်ကန်တယ်
ဒါဆိုငါတို့မှန်ခဲ့တယ်
ဒါဆိုငါတို့မှားခဲ့တယ်
သွေးရူးသွေးတန်း ဓာတ်ပြားဟောင်းတစ်ချပ်
ဖြတ်ခနဲ အက်ရာထင်သွားတယ်။

ပန်ဒိုရာ

Expand..

Tuesday, August 28, 2007

ဒီမြို့ထဲမှာ - ၃

ဒီမြို့ထဲမှာ - ၃

နေကမြင့်မြင့်လာတယ်
ဆိုင်ကနေ လမ်းအခွဲ
တံလျှပ်ရဲ့ဖမ်းစားမှုမှာ
ဘာဖြစ်သွားလဲမသိဘူး
အုတ်ခဲရင့်ရောင်တွေ ကြည်လင်
ရွှေအိုရောင် ဖိတ်ဖိတ်စင်သွားတယ်
လမ်းမကြီးက ဒယိမ်းဒယိုင်လိုက်လာတယ်
အဲဒီမှာ
အဲလ်ဘက်ထရော့စ်* (ငှက်) ကို
ငါတို့ထဲကတချို့ဟာ
မြင်ရာမဆိုင်း ပစ်ချလိုက်မိတယ်
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
သူ့အရိပ်တွေ ထင်နေတယ်..
အဲလ်ဘက်ထရော့စ်.. အဲလ်ဘက်ထရော့စ်..
ငါတို့ရဲ့စိတ်လိုက်မာန်ပါရယ်
ကျိန်စာတွေခ သွေးမြေကျခဲ့တယ်။

ပန်ဒိုရာ

*Albatross

Expand..

Monday, August 27, 2007

ဒီမြို့ထဲမှာ -၂

ဒီမြို့ထဲမှာ -၂

ဝမ်းမီးတောက်ဖို့တောင်
မီးစာကုန် ဆီခန်းတော့
လည်ပင်းတွေ ညောင်းနေအောင် မော့မော့ကြည့်နေရတယ်
ထသွား ထလာ ၀တ်သင့်တဲ့
ဖြူညစ်ညစ် အင်္ကျီတစ်ထည် ကိုတောင်
နောက်ဆုံးညစာအတွက် ရှို့ပစ်ဖို့စဉ်းစားနေပြီ
ကဲ ဘာဆက်လုပ်ကြမလဲ
ယုံကြည်ချက်ဆိုတာ
မနက်ဖြန် ဆိုတဲ့ ဝေါဟာရ ခေါင်းပါးရာဒေသမှာ
မရှင်သန်နိုင်ဘူး
ဟိုကောင်တွေလည်း ငေးငေးငိုင်ငိုင်
လွယ်အိပ်ထဲက လက်ကျန်အကြွေတွေ
ချိုးချိုးချွင်ချွင်နဲ့ စားပွဲပေါ်ကလိမ့်ကျ
ဘယ်သူမှ ထမကောက်ကြဘူး
အဲဒီအခိုက် ကားတစ်စီး ဝေါခနဲအဖြတ်
ဖုန်တထောင်းထောင်းထသွား
အဲဒီင်္ဖုန်တွေ အမှိုက်တွေပါ
အုတ်ခဲရင့်ရောင်ထဲ ဖျော်စပ်လို့
ပျစ်ပျစ်နှစ်နှစ်ကြီး
ရင်ဘတ်ထဲအရောက် မော့ချလိုက်ကြတယ်။

ပန်ဒိုရာ

Expand..

Sunday, August 26, 2007

လရောင်ဆမ်းတဲ့လမ်းတစ်ပုဒ်

ဒီညနေမှာ မလျှောက်တာ ကြာပြီဖြစ်တဲ့ လမ်းကလေးတစ်ခုကို ရောက်လာခဲ့တယ်။ တံတားလေး တစ်စင်းရယ်၊ ဖြည်းဖြည်း စီးဆင်းနေတဲ့ ရေတချို့ရယ်၊ မြောင်းနံဘေးမှာ အေးအေးဆေးဆေး လမ်းလျှောက်နေတဲ့ ငှက်ဖြူဖြူလေးတွေရယ်၊ ခပ်လှမ်းလှမ်းကနေ ကိုယ့်ကို ခပ်တည်တည်ကြည့်နေတဲ့ မြို့ပြရဲ့ သေသပ်လှပတဲ့ အဆောက်အဦ တချို့ရယ်ဟာ ရင်ကို ငြိမ်းသွားဖို့ မလုံလောက်စေခဲ့ဘူး။ တံတားလေးပေါ်မှာ ရပ်ရင်း ကိုယ်ဟာ လမ်းကလေးကို ငေးနေတုန်းပဲ။ လမ်းကလေးကတော့ မျက်လုံး စုံမှိတ်ထားလေရဲ့။ ကိုယ့်ကို ဘယ်အထိ ခေါ်သွားနိုင်မလဲ ။ မေးခွန်းကို သူပြန်မဖြေဘူး။ အဲဒီခဏ လေပြေအေးလေးက ရှုပ်ထွေးနေတဲ့ ကိုယ့်စိတ်ထဲ အထိ ကြည်ကြည်လင်လင် ပွတ်သပ်ဖြတ်တိုက်သွားတယ်။ ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်တယ်။ ညမှ ထွက်ခွင့်ရမယ့် လဟာ တိမ်ပြာပြာ နောက်မှာ မရဲတရဲ ချောင်းကြည့်နေတာ ကိုယ်သိသွားတာပေါ့။ နွမ်းနွမ်းလျလျ အပြုံးတွေ ဖလှယ်လိုက်ကြတယ်။ ခံစားချက်ဆိုတာ တခါတခါ သိပ်ထူးဆန်းတဲ့ ရောနှောမှုတွေပဲ။ ကဗျာတစ်စ ထွက်ကျလာတယ်။


လရောင်ဆမ်းတဲ့လမ်းတစ်ပုဒ်

လရောင်ရိုးရဲ၊ ဖြန့်ကျဲပြိုကျ
တိမ်ပြာစနှင့်၊ ခွန်းဟဆိုစဉ်
ဝီရသိင်္ဂါ၊ ကဗျာမူးမူး
လမ်းဖြူးဖြူးဝယ်
ကွယ်…
လမ်း.. တဲ့
ဟိုတစ်ခြမ်းဖြင့်၊ ကြမ်းကာဆိုးဆိုး
အချိုးအကွေ့၊ အဝေ့အ၀ိုက်
ရှိုက်ရှိုက်ငင်ငင်၊ တင်တင်ကျကျ
လျှောက်ဖြစ်ရပြီ၊ ရှတစူးရဲ
လမ်းကျဲကျဲမှာ၊ လှမ်းရဲကြ..တဲ့
ကဲ..ခဏမေ့လိုက်၊ ခြေရာမိုက်တို့
တွန်းတိုက်ကျော်လွှား၊ ဘယ်သူမှားလည်း
မနားတူရူ၊ လျှောက်သူမရှိ
လမ်းမသိလျှင်၊ လမ်း၏အသွင်
လမ်းမထင်လေ၊ နီကျင်စွန်းစွန်း
ထွန်းထွန်းအိုင်အိုင်၊ ဒီလမ်းတိုင်အောင်
သံပြိုင်သီကြွေး၊ မှတ်တိုင်ရေးခဲ့
နှေးကွေးနာကျင်
နှေး ကွေး နာ ကျင်
နှေး ကွေး နာ ကျင်
ဟင်……..
ဒီလိုနှင့်ပင်၊ မိုးလျှင်စုန်းစုတ်
ချုပ်တော့မှာလား၊ အလင်းကြားက
ေ၀၀ါးထွက်ကျ၊ ပါးလျတိမ်တောင်
လေညင်းဆောင်စဉ်၊ လရောင်ရှိုက်သွင်း
ရင်တွင်းခဏ၊ အပူစဖြေ
ခရီးရှည်သေး
ခ ရီး ရှည် သေး
ခ ရီး ရှည် သေး
……..
ညနေမစောင်း၊ လမဟောင်းခင်
ချိန်ကောင်းလျှောက်ရပေဦးမည်…။

ပန်ဒိုရာ

Expand..

Friday, August 24, 2007

အကျိုးအကြောင်းများ

အကျိုးအကြောင်းများ

အစဆိုမှတော့ အစကပဲ စတာဆို။ အစက စတာ အစမှာပြန်ဆုံးနေရင်တော့ စကို မစရသေးဘူးတဲ့။ နွားနို့ကို ယူတယ်။ - ထောပတ်ချက်တယ် - ထောပတ်ရတယ်။ ဒိန်ခဲလုပ်တယ် - ဒိန်ခဲပဲရတယ်။ နို့ဆီချက်တယ် - နို့ဆီပဲရတယ်။ (ဘာများ မျှော်လင့်နေ သေးလို့လဲ)။ ထောပတ် အရည်ပျော်ချင် ပျော်မယ်။ ငါ့ဒိန်ခဲ တစ်ယောက်ယောက်က ရွှေ့ချင်ရွှေ့မယ်။ ဒိန်ခဲကတော့ နို့ဆီ ဖြစ်မလာဘူး။ သရက်ပင်ကလေး စိုက်တယ် - သရက်သီး စားရမယ်။ ရေမလောင်းဖြစ်ဘူး - ဆောရီး။ သံလွင်ကတော့ စီးနေဆဲ။ ပစွုပ္ပန်ကို အနာဂတ်ထိ ခေါ်မသွားနိုင်ခဲ့။ အတိတ်က ထပ်ချပ်လိုက်လာမှာပဲ။ ဘ၀က လွယ်တယ်။ ဥပါဒါန်က ခက်တယ်။ ယုတ္တိဗေဒ စည်းဝါးကျခဲ့တယ်။

Expand..

Monday, August 20, 2007

စစ်စစ်စီစီ

စစ်စစ်စီစီ

လူတန်းကြီးကား တမျှော်တခေါ် ရှည်လျားပေစွ။ မြန်မာဘလော့ဂါများ အားလုံး ရောက်ရှိနေကြပြီ။ သူတို့အားလုံး ဘာလို့စုံစုံလင်လင် ရောက်နေကြရသလဲ။ အကြောင်းရင်းကို မည်သူမှ ရေရေရာရာမသိကြ။ “ခဏလိုက်ခဲ့ပါ” ဆိုတော့လည်း လိုက်ခဲ့ရသည်သာ။ တချို့နိုင်ငံများမှ ဘလော့ဂါများအတွက်တော့ ညအချိန်မတော် အိပ်ချင်မူးတူးနှင့်။

“ဘာလုပ်ဖို့တဲ့လဲ”
တန်းစီကြရင်း ရှေ့နှင့်နောက် အချင်းချင်း ပွစိပွစိ ပြောနေကြသည်။


နေရာတကာ စပ်စပ်စုစုသိသော စပိုင်ဂျစ်တူးက
“ဆီစစ်ဖို့အတွက် ဆိုလားပဲ မပန်ရေ ..”
ဟု ပန်ဒိုရာကို တိုးတိုးပြောသည်။
“ဟယ် ဟုတ်ပါ့မလား။ ဆီနဲ့ တို့တွေနဲ့ ဘာဆိုင်လို့လဲဟ။ ကုန်စုံဆိုင်မှ မဟုတ်တာ။”
“ဟာ.. ကျွန်တော်ကြားတာတော့ ဆီးစစ်ဖို့လို့ထင်တာ.. ကျွန်တော်တောင် ရုံးက အမြန်လစ်လာရတော့ အရမ်း သွားချင်နေတာတောင် မသွားခဲ့ဘူး.. ဒီကျမှပဲ ဆိုပြီးတော့.. မဟုတ်ရင်တော့ ဒွတ်ခပဲ.. ။”
သတင်းမွှားများ လိုက်ရာတွင် နောက်ကောက် မကျသော ဂျာနယ်ရှော် ဂေါက်ဂေါက်ခေါ် ဘလာဂေါက်က ၀င်ပြောသည်။
“ဒါဆို စစ်စီတယ် ဆိုတာများလား ဟင်။ အဲဒါကရော ဘာအဓိပ္ပာယ်လဲ။”
ငယ်ငယ်ကတည်းက မြန်မာပြည်က ထွက်လာရသဖြင့် မြန်မာစာ သိပ်မကျွမ်းကျင်ရှာသော ဂျစ်တူးကို ပန်ဒိုရာက လူတတ်ကြီးလုပ်ကာ ရှင်းပြလိုက်သည်။
“စစ်စီတယ် ဆိုတာကတော့ စေ့စေ့ စပ်စပ် နဲ့ ကပ်စေးနည်းတာမျိုးကို သုံးကြတယ် ဂျစ်ဂျစ်ရဲ့။”
“ဟာ ဒါလည်း မဆိုင်သေးပါဘူး။ အင်း ဘာလုပ်ဖို့ပါလိမ့်။ ဆီလို အပေါက်ရှာတယ် ဆိုတာလည်း ကြားဖူးတယ်။ အဲဒါကရော..။”
“ရှုး တိုးတိုးပြော ဟိုမှာ လာပြီ.. မြန်မာစကား ဘာမှတ်နေလဲ.. ရမ်းရမ်းမပြောနဲ့ဟ..။”

မျက်နှာပေါက်ဆိုးဆိုး လူကြီးတစ်ယောက် ထွက်လာသည်။ အားလုံးလန့်သွားကြသည်။
ဘာညာလေးက တိုးတိုးပြောသည်။
“အိ အိ.. မကြီးပန် မကြီးပန်.. နရဲတားဆိုတာ အဲဒါကြီး ထင်တယ်။ အနော်တို့ တေလို့ နရဲပြည်ရောက်နေတာများလား။ အင့် အင့်..။”
လူတွေ အဖြေရှာမရ ဖြစ်နေကြသည်။ လူကြီးကလည်း မျက်နှာထားကြီးနှင့် ခပ်တည်တည်။ နောက်ထပ် လူသုံးလေးယောက် ထပ်ရောက်လာပြီး စာရွက်တစ်ရွက်ကို ဖြန့်ကာ သူတို့အချင်းချင်း ဆွေးနွေးနေကြပြန်သည်။

သတင်းထောက်ကြီး စိုးဇီယ ခေါ် စိုးဇေယျ ကိုသာ အားလုံးက မျှော်နေကြသည်။ အင်း .. သူကတော့ သိနိုင်ကောင်းပါရဲ့။ ဟော.. လာပါပြီ.. စိုးဇီယ အမောတကော။ သူက အသက်ပင် ကောင်းကောင်း မရှုနိုင်ဘဲ တိုးတိုး လိုက်ပြောပြသည်။

သြော် ဟော် ဟော်.. ။ အခုမှရှင်းသွားသည်။ မြန်မာဘလော့ဂါများ ဘလောက်ချင်တိုင်း ဘလောက်လို့ မရတော့ပြီ။ မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော ဒါမှမဟုတ် အခုခေတ်စားနေသော အ Clear Brown ဆိုလား (ကြောက်တတ်သဖြင့် ရောထီးလူမျိုးများ သုံးသော စကားဝှက်ဖြင့် ရေးထားသည်။ မသိပါက ကျွမ်းကျင်သူ ဘလာဂေါက်ကို မေးကြပါကုန်။) အဲ.. အဲဒါ ပျက်စေသော ဘလော့ဂါနာမည်တွေ မပေးရ ။ နိုင်ငံခြား ဘာသာနှင့် နာမည် ပေးထားသူတွေ အဓိပ္ပာယ်ကို ရှင်းပြနိုင်လျှင် ရှင်းပြ။ မရှင်းနိုင်လျှင် အကြောင်းသိသွားမည်။ ဘလော့ဂ်ကို ဖျက်ပစ်ရမည်။ ဟွန်း ဒါပဲ။

သို့ကလိုဖြစ်ရခြင်းမှာ ဟိုတလောက မြန်မာနိုင်ငံမှ အထင်ကရ သတင်းစာ တစ်စောင် ထဲတွင် ဥရောပ ဘာသာစကားတစ်ခု လိုလို ဘာလိုလိုနှင့် …. (ဤနေရာတွင် ဆင်ဆာ ဖြတ်ထားပါသည်။) သြော်.. ရှုပ်ထွေးပွေလီ ဤလောကီပေတကား။

“ကဲ ကဲ.. အားလုံး အဖွဲ့ခွဲရမယ်။ နာမည်ခေါ်မယ်။ ဒီခေါင်းစဉ်အောက်က လူတွေ ဒီဘက်ကိုလာ။ ဟိုခေါင်းစဉ်ကလူတွေ ဟိုဘက်ကိုသွား။”
လူတန်းကြီး လှုပ်လှုပ်ရွရွဖြစ်သွားသည်။ အားလုံးကို အဖွဲ့အမျိုးမျိုးခွဲလိုက်သည်။
“ခင်ဗျားတို့က ရဲတွေပဲ လုပ်ကြပေါ့။”
ခင်မင်တတ်တဲ့ ဇင်ကိုလတ်က ဘန်းစကား တစ်ခုကို မကြားတကြား ရွတ်သည်။

အမှန်အကန်များ (စစ်ဆေးရန်မလို) ဆိုသောခေါင်းစဉ်အောက်က လူတွေကတော့ နာမည်ရင်းများဖြင့် ဘလော့ဂ်ရေးသော ကိုရဲမွန်၊ ကိုစိုးထက်၊ ရန်အောင်၊ စိုးဇေယျထွန်း၊ မျိုးကျော်ထွန်း၊ ချမ်းမြစိုး၊ ကိုမင်းကျော် အစရှိသူတို့။
ကိုရဲမွန်က “ကျုပ်တို့ကတော့ ဘွင်းဘွင်းပဲဗျ” ဟု ပြုံးပြုံးကြီးပြောသည်။ သြော်.. စင်ပေါ်ကလူများပါပေ။

ညီညီ(သံလွင်) နှင့် နေဘုန်းလတ် ကိုတော့ အရေးကြီး ဆိုသော ခေါင်းစဉ်အောက်မှာ နှစ်စ်ယောက်တည်း ထားသည်။ ထို့နောက် လူနှစ်ဦး သုံးဦး ခြံရံကာ သီးသန့်ခန်းထဲ ခေါ်သွားကြသည်။

“ညီညီ့နာမည်က ဘာဖြစ်လို့လဲ။ ကျွန်တော်တော့ စဉ်းစားမရဘူး။”
ဇင်ကိုလတ်က ပြောသည်။
“အေးလေ ညီညီ တစ်ယောက် စပိတ်တစ် ၀တ္တုထဲမှာ ကတည်းက ကံခေနေရှာတယ်။ အဲဒီထဲမှာလည်း ခေါင်းကွဲလိုက်သေး။ အင်း ကဗျာရေးတဲ့ ကလောင်နာမည်ကို ခေလွန်း လို့ မှည့်လိုက်လို့ ကံခေနေရလား မသိပါဘူး။”
ကိုဖြိုးက မှတ်ချက်ချသည်။
“ဒါဆို နေဘုန်းလတ် ကျတော့ရော”
အားလုံးအတွေးရကျပ်နေသည်။ ကိုဖြိုးဝါးနေသော ကွမ်းတစ်ရာ ညက်သွားသည့်အချိန်မှ သူတို့နှစ်ယောက် ပြန်ထွက်လာတော့ အားလုံးက ၀ိုင်းမေးကြသည်။
“ဒီလိုခင်ဗျ။ သူမ ၏ ကဗျာဆရာ ထဲက “သူမ” ဆိုတာ ဘယ်သူ့ကို ပြောတာလဲ တဲ့ဗျာ။ ကျွန်တော့်ချစ်သူပါ ဆိုတာ တော်တော် ရှင်းပြလိုက်ရတယ်။ ဟူး…။”
နေဘုန်းလတ်ကလည်း ပြောပြသည်။
“ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်ဆိုတာ ငါတို့ကိုရွဲ့တာလား တဲ့ဗျာ။ တော်သေးတာပေါ့ ဒီနာမည်က လွှတ်ချခဲ့တဲ့မြို့တော်က အစပြုတာ ဆိုတာ သူတို့မသိလို့။ နို့မို့ရင် ပိုရှင်းရခက်မယ်။”

ဂျပန် ဆိုသော ခေါင်းစဉ်အောက်တွင် ယူဆဂိ၊ ဟနစံ တို့နှင့်အတူ ကိုအန်ဒီမြင့်တို့ မိသားစု ။
“ကျွန်တော်တို့က ဘာလို့ ဂျပန်အဖွဲ့ထဲ ရောက်နေရပါလိမ့်။”
ကိုအန်ဒီမြင့်က အိပ်ပျော်နေသော ကလေးကို လက်တစ်ဖက်က ချီကာ တစ်ဖက်က ခေါင်းကိုကုတ်ရင်း ပြောသည်။
“အသာနေလိုက်ပါ ကိုယ့်ဆရာ။ ကြည့်ရတာ ဘိုးတော်တို့ ဂျပန်အဖွဲ့က သက်သာမယ့်ပုံ။ မီးစင်ကြည့်ကလိုက်။ ကလေးမနိုးခင် ပြီးပြတ်သွားဖို့အရေးကြီးတယ်။”
တိုင်းရင်းသား ခေါင်းစဉ်အောက်က ကိုစောဘုန်းလူက လှမ်းပြောသည်။ ကိုစောဘုန်းလူနဲ့အတူရှိနေသူများကတော့ ကလိုစေးထူး၊ ခွန်မြလှိုင်၊ စိုင်းလားရှိုး၊ ခွန်မောင် စသူတို့ဖြစ်သည်။

ကိုရုပ်ဆိုးကြီး ၏ အသံကျယ်ကြီးထွက်လာသည်။
“ကဲ ကဲ ဂျပန်နာမည် ပေးထားတဲ့အဖွဲ့တွေ လာကြ။ ဂျပန်ဘာသာ အဓိပ္ပာယ်တွေတော့ တို့အထဲက ဘာသာပြန်တဲ့လူ ပြောပြလို့သိပြီးပါပြီ။ ဟန ဆိုတာက ပန်းကလေး။ ယူဆဂိ ဆိုတာက ယုန်ကလေး ဟုတ်တယ်နော်။”
မဟနစံနှင့် ယူဆဂိ တို့က ခေါင်းညိတ်ပြသည်။
“၀ီရှီမီကတော့ စားစရာပဲ။”
ကိုအန်ဒီမြင့် မျက်လုံးပြူးသွားသည်။
“ဟုတ်တယ်လေ.. ဂျပန်စာ ငါးအစိမ်း လွှာထားတာမဟုတ်လား။ သိပြီးသားပါ ဟဲဟဲ။”
ဝီရှီမီကို ဂျပန်ဘာသာစကားထင်ပြီး စာရှိမိ sashimi နဲ့ မှားပြောတာကိုး။ ကိုအန်ဒီမြင့်က သိပ်မကျေနပ်ချင်၊ ဒီလောက် အနှစ်သာရနှင့် ပြည့်စုံသော နာမည် WeSheMe သေသေချာချာ ရွေးထားတာကို စာရှိမိနဲ့များ မှားရတယ်လို့။ ရှင်းပြဖို့ တစ်ချက်ပြင်သည်။ မဒမ်အန်ဒီမြင့်က ရှင်ဘာလျှာရှည်ချင်လို့လဲ၊ အိမ်မြန်မြန်ပြန်ရဖို့အရေးကြီးတယ် ဟူသော မျက်နှာထားဖြင့် တစ်ချက်ကြည့်လိုက်မှ ငြိမ်သွားသည်။
“ကဲ အားလုံးပြန်နိုင်ပါပြီ။ နိပွန် ဘီရုမာ ဘန်ဇိုင်း။”
“နိပွန် ဘီရုမာ ဘန်ဇိုင်း”
ခါးကလေးကိုင်း ခေါင်းကလေးများညွှတ်ကာ အောင်မြင်စွာပြီးဆုံးသွားသည်။

ပါဠိ ခေါင်းစဉ်အောက်မှာတော့ ကိုပုထုဇဉ်၊ မမေဓာဝီ၊ ကိုဥပေက္ခာ၊ အဉ္ဖလီ၊ ပီတိ၊ မသဒ္ဓါ တို့စုဝေးနေကြသည်။
“နတ္တိ..”
ကိုရုပ်ဆိုးကြီးက နာမည်ခေါ်သည်။
“မရှိ”
အားလုံးက ပြန်အော်သည်။
“နတ္တိ..”
ကိုရုပ်ဆိုးကြီးက ထပ်ခေါ်သည်။
“မရှိ”
အားလုံးက ပြန်အော်သည်။ ကိုရုပ်ဆိုးကြီးက မျက်လုံးပြူးကြည့်သည်။
“ဘာလဲ နောက်စရာမဟုတ်ဘူးနော်။ နတ္တိဆိုတာ မရှိ ဆိုတာ ငါတို့ သိတယ်။”
“အာ.. အဲဒီဘလော့ဂါက ဘလော့ဂ်မရေးတော့ဘူး။ မရှိတော့ဘူး လို့ပြောတာ။”
တစ်ယောက်က၀င်ပြောတော့မှ ရှက်ရမ်းရမ်းကာ ရေရွတ်သည်။
“ဟင်း နာမည်တွေကလည်း ဘုန်းကြီးတွေ မယ်သီလရှင်တွေ ကျနေတာပဲ။ ဒီလို လှလှပပလေးဆို ဟုတ်တုတ်တုတ်။ အဉ္ဇလီတဲ့။ အဉ္ဖလီ ဆိုတာ ဘယ်သူလေးလဲကွဲ့”
မျှော်လင့်ချက် အပြည့်ပါသော မျက်လုံးကြီးဖြင့် ရီရီဝေေ၀ကြည့်သည်။ ဂျင်းဘောင်းဘီ တီရှပ်ကလေးဝတ်ကာ ဆံပင်ကုတ်ထောက်ဖြင့် ထွက်လာသူကိုတွေ့တော့ မျက်နှာကြီး ရှုံ့မဲ့သွားသည်။
“ဟင် အဉ္ဇလီ ဆိုတာ မင်းလား။”
“ဟုတ်ကဲ့ခင်ဗျ”
လူကြီးက မျှော်လင့်ချက် ပျက်သုဉ်းသွားသော သက်ပြင်းကြီးတစ်ချက်ကိုချကာ
“ဟူး.. ကဲ ကဲ ပါဠိအဖွဲ့တွေလည်း သွားကြတော့။ ဟင်း ရှာရှာဖွေဖွေ နာမည်တွေ မှည့်ကြတော့ တို့တွေက အလုပ်ရှုပ်ရတယ်။ ကလောင်နာမည်ပေးလည်း မသကာ သဲလေး တို့ ညလေးတို့ ချစ်လေပြေလို နာမည်လေးတွေဆို ရိုးရိုးလေးနဲ့ တယ်ခေါ်လို့ကောင်း.. တဲတဲရေး.. ညညရေး.. ချစ်.ချစ်..”
“ခင်ဗျားကြီး ကျုပ်နှမတွေကို ရိတိတိ မလုပ်ပါနဲ့ဗျ”
မဟုတ်မခံတတ်သော ရပ်ကွက်လူကြီးအမည်ရ ကဒေါင်းညင်သာက ဒေါပွနေသဖြင့် အနားမှ မောင်ကင်း ခေါ် ကင်းမြီးကောက်က ဆွဲထားရသည်။ သူတို့ကတော့ အကောင်ပလောင်နာမည်များ ခေါင်းစဉ်အောက်တွင် ဖြစ်သည်။

ဤသို့ဖြင့် အဖွဲ့အသီးသီးကို မေးမြန်းကြရာ ရာသီဥတု အဖွဲ့အောက်တွင် မိုးလှိုင်ည ၊ မိုးညို၊ နွေလှိုင်ဿုဉ်း၊ နှင်းမိုးဝေ စသည်ဖြင့်၊ ကျေးလက် အဖွဲ့တွင် ကိုမောင်ရင်၊ မောင်လှ၊ လေးမ စသည်ဖြင့် (ကျန်အဖွဲ့များကို စာရှည်မှာစိုးသဖြင့် ကိုယ်တိုင်တွေးတောယူနိုင်ရန် ချန်လှပ် ခဲ့ရပါသည်။) အလှည့်ကျ အသီးသီး အသက အသက ရှင်းလင်း ပြီးစီးကုန်ကြ လေသည်။

မယ်လိုဒီမောင်၊ အိုအေစစ် မစ္စတာပွတ်၊ ခရီရေတာ၊ တက်စလာ၊ မောင်တိန် (ခေါ်) Imaginary Clouds No2 နှင့် ပန်ဒိုရာတို့ကတော့ ဒွေး ဟုခေါ်သော ခေါင်းစဉ်အောက်မှာ စုရသည်။ သူတို့အဖွဲ့ကတော့ ဟိုး နောက်ဆုံးမှာဖြစ်သည်။
“အိမ်းကွယ်.. သူများအဖွဲ့တွေကတော့ ဟုတ်ပါပြီ။ တို့များက ဘာလို့ ဒွေးဖြစ်ရပါလိမ့်။ ရုပ်ရှင်မင်းသား ဒွေး ကတော့ ကွယ်လွန်ရှာပြီ။”
မောင်ပွတ်က ပညာရှိစတိုင် မေးကလေးပွတ်ကာ စဉ်းစားခန်းဖွင့်သည်။
ခရီရေတာက အလန့်တကြားထပြောသည်။
“ဟာ. ဒါဆို ကျနော်တို့ကို ဒွေးသွားရာလမ်းကို ပို့မလို့လားမသိ။”
မယ်လိုဒီမောင်က တအီးအီး နှင့် ထ ငိုတော့သည်။
“မီးမီး တေချင်တေးဝူး မီးမီးကြောက်ကြောက်။”

နောက်ဆုံးတော့ အရုပ်ဆိုးသူကြီးက ဘီလူးရယ်သို့လဖြဲတည်း စတိုင်နှင့် အားရပါးရ ရယ်ကာ ရောက်လာပါသည်။ “ဟင်းဟင်း မင်းတို့တွေက အီးဂလိပ်လို နာမည်တွေ ပေးထားလို့ အမေကျော် ဒွေးတော်လွမ်းကြတဲ့အဖွဲ့ ဆိုတော့ ဒွေး လို့ အတိုကောက် နာမည်ပေးထားတာကွ”
အဲ.. အခုမှ ရှင်းတော့သည်။ မှားပါသည်။ ဒွေးတော်လွမ်းမိ အပြစ်ရှိခဲ့သည်တကား။

“ကဲ မင်းတို့ နာမည်ကို မြန်မာလိုအဓိပ္ပာယ် သေသေချာချာ ပြောရမယ်။ မပြောနိုင်ရင်တော့ ဘလော့ဂ်ကိုဖျက်ရမယ်။ ပြောစမ်း။”
မယ်လိုဒီမောင်က သွက်သွက်လက်လက် ဖြေသည်။
“မယ်လိုဒီဆိုတာ သံစဉ်ကိုပြောတာပါရှင့်။ ဘလော့ဂ်ခေါင်းစဉ်မှာလည်း ရေးထားတယ်လေ။”
တက်စလာက သိပ္ပံပညာရှင်ကြီးတစ်ဦးထံ မှယူထားသော နာမည် ဖြစ်ကြောင်း၊ အိုအေစစ်မောင်ပွတ်ကလည်း အိုအေစစ်၏ အဓိပ္ပာယ် နှင့် ၀က်ဝံ ကာတွန်းရုပ်ကလေး အကြောင်း ခရီရေတာကလည်း ဖန်ဒီးရှင် ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောပြကြလေသည်။

မောင်တိန်အလှည့် ရောက်လာသည်။
“အင်.. အင်မေဂျင်နာ.. ဟာ.. ဒါက ဘယ်လိုနာမည်လဲ မင်းက ဘယ်လိုဖြစ်ရတာလဲ”
“ဒီလိုပါခင်ဗျ Imaginary Homelands ကို သိတယ်မဟုတ်လား”
လူကြီးက ဟမ် ခနဲ ဖြစ်သွားသည်။
“ဒါဆို Salman Rushdie ကိုတော့ သိမှာပေါ့”
“ဟာ… ဘာတွေ လာပြောနေတာလဲ”
အခြေအနေ ဟန်ပုံ မရသဖြင့် ပန်ဒိုရာက လူကြီးကို အသာမျက်ရိပ်ပြကာ လက်ဟန် ခြေဟန်ဖြင့် သင်္ကေတတစ်ခု လုပ်ပြလိုက်ရသည်။ ဒီတော့မှ ကိုရုပ်ဆိုးကြီးက ဘယ်လို သဘောပေါက် သွားသည် မသိ ခေါင်းတဆတ်ဆတ်ညိတ်ကာ
“အေးအေး ဟုတ်ပြီ မင်းသွားနိုင်ပြီ.. ညတွေဆို စောစောအိပ် ဟုတ်ပြီလား”
ဟု ဆိုကာ သွားခွင့်ပြုလိုက်လေသည်။
ထွက်သွားသော မောင်တိန် နောက်ကိုကြည့်ကာ "ငယ်ငယ်လေးရှိသေးတာပဲ ကျွတ်ကျွတ်" ဟု ခပ်တိုးတိုးညည်းသည်။

နောက်ဆုံးတော့ ပန်ဒိုရာအလှည့်ရောက်လာသည်။ အဟမ်း.. ဒွတ်ခ နဲ့ လှလှ တော့ တွေ့ကြလေပြီ။ ဂရိက သေတ္တာကြီး ကိစ္စကိုတော့ ပြောလို့မဖြစ်။ အင်္ဂလိပ်လိုတောင် မဟုတ်ဘဲ အခြားဥရောပစကားက ဆင်းသက်လာတာ ဆိုလျှင် ပြဿနာက ပြေးလွတ်မှာမဟုတ်။ တေဘီဆရာ။
….
….
….
သို့သော် ပန်ဒိုရာက လူလည်ပဲ။ ငှဲငှဲ။
“အဟဲ.. ပန်ဒိုရာဆိုတာ တကယ်တော့ အင်္ဂလိပ်စကား မဟုတ်ပါဘူး။ အိန္ဒိယက ဘာသာစကားပါ။”
“ဟမ်.. ဘာလဲ.. ကုလားစကားကို ပြောတာလား.။”
“ဟုတ်တယ်။ ပန်ဆိုတာ ကွမ်းယာကိုပြောတာ။ ဒို ဆိုတာကတော့ အေး၊ ဒို၊ တင်း၊ ကျား၊ ပန့် (ek dho theen chaar paanch) ၁ ၂ ၃ ၄ ၅ ။ ၂ ဂဏန်းကိုပြောတာပါ။ ရာ ကတော့ မြန်မာလို ရာပဲ ပေါ့။ ဒီတော့ ကွမ်းယာ၂ ယာ ကိုပြောတာပါ။”
ကိုရုပ်ဆိုးကြီးက မသင်္ကာစွာ မှုန်ကုတ်ကုတ် တချက်ကြည့်သည်။
“ဟင်း မဟုတ်သေးပါဘူး။ ဘာလို့ ယပက်လက်နဲ့မယာပဲ ရကောက်နဲ့ရာသလဲ။”
“သြော် ဒါကတော့ နိုင်ဂံဂျား ရောက်တာ ကြာပြီဆိုတော့ စာလုံးပေါင်းလေး မှားတဲ့အခါတော့ မှားပေမပေါ့။ မယုံရင် ဘလော့ဂ် လိပ်စာကိုကြည့် Pandora and Pandora နှစ်လုံးဆင့် ကွမ်း နှစ်ယာ..ကဲ”
မှတ်ထား။ ဒီလို စေ့စေ့စပ်စပ် ပြောတော့ လူကြီး ငိုင်ကျသွားသည်။
“သွားတော့ သွားတော့ တယ်လည်း ရှုပ်ရှုပ်ယှက်ယှက် နိုင်ကြတာပဲ”
ဤသို့ဖြင့် ပန်ဒိုရာ တစ်ယောက်လည်း ရင်ကော့ ခေါင်းမော့ကာ ဖြတ်ကျော် လာနိုင်ခဲ့ လေသတည်း။
ငှက် ငှက် ငှက်…


ပန်ဒိုရာ

(ဘလော့ဂါ မောင်နှမများ၏ နာမည်များကို ရင်းနှီးချစ်ခင်စွာ ထည့်သွင်းကျီစယ်ထားပါသည်။ ဖိုးချမ်းတို့ မောင်ရန်တို့ ပြောသလိုပြောရရင် “ချစ်လို့ချတာ၊ ချိတ်မချိုးနဲ့နော် အရုပ်ဆိုးတတ်တယ်ကွဲ့။ မကျေနပ်ရင် ပြန်စ။”)

Expand..

Saturday, August 18, 2007

ဒီမြို့ထဲမှာ - ၁

ဒီမြို့ထဲမှာ - ၁

မပျော်ဘူး
ဘိုင်ရွန်ဆန်ဆန်မပျော်ဘူး..တဲ့
အနီးကပ်အမှောင်ပိန်းနေမှ
ဘာကိုမြင်ရမှာလဲ
အဝေးမှုန်တာအတွက်လည်း
မျက်မှန်တစ်လက်မ၀ယ်နိုင်ဘူး
အုတ်နီခဲရင့်ရင့်အရောင်တွေပဲ
တစ်ခွက်ပြီးတစ်ခွက်သောက်ကြတယ်
လွယ်အိတ်တစ်လုံးစာ သက်ပြင်းတွေကြား
စားပွဲပုလေးတွေပဲ ဓားစာခံပြားသွားကြတယ်
အဲဒီ မုတ်ဆိတ်ကျိုးကျဲတွေရဲ့
ခြေဦးတည့်ရာနောက်က
တရွတ်တိုက်လမ်းမကြီးက ရှက်ဝမ်းနည်းမိတယ်။

ပန်ဒိုရာ

Expand..

Thursday, August 16, 2007

ကိုယ့်ဒုက္ခနဲ့ကိုယ်

(ဒီကဗျာကို ကိုမောင်ရင်က ဒီလို ဆင့်ပွားခံစားထားပါတယ်။)

ကိုယ့်ဒုက္ခနဲ့ကိုယ်

တခါတခါတော့လည်း ကိုယ့်ဦးထုပ် ကိုယ် ကိုက်စားလိုက်ချင်
ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး ဆိုပဲ
စိတ်ပျက်တောင်မှ ငါတို့လက်မပျက်စေရ
ကိုယ့်ဒေါသ ကိုယ်မျိုချတော့
တိမ်ကိုတိမ်လို့မမြင်ဘဲ
မာယာကော့ဗ်စကီးရဲ့ ဘယ်ဘက်ရင်အုံလို့မြင်တယ်
မှော်အောင်တဲ့ကောင်တွေရှိတယ်
ငှက်ဖျားတက်သူကဒုနဲ့ဒေး
ကျင်းပြိုတော့ တချို့ထွက်ပြေးကြ
အောက်ဈေးနဲ့ မိသူမိ
တရားဝင်လုပ်ကွက် ချမပေးတဲ့ နှလုံးသားတစ်ခုမှာ
အဖမ်းအဆီးတွေကလည်း တယ်များသကိုး
ငါတို့အထုပ်အပိုးပြင်တယ်
ငါတို့လက်မှတ်တွေပြတယ်
သူတို့ကလွမ်းရုံလေး လက်ပြလွမ်းနေတဲ့အချိန်မှာ
ငါတို့က ဒီဘူတာကို နောက်တစ်ခေါက် ပြန်ဆိုက်လာပြီ
အထုပ်အပိုးပြန်ချ
ကွက်လပ်ကို ပတ်ချာလည်ကြည့်
တိုင်ထောက် ကြိုးတိုင်း မြေပုံဆွဲမှတ်
ဒီလိုနဲ့
ကာကွယ်ဆေးတွေ စူးစူးရှရှ ထိုးကြ
ဖိနပ်တွေ တစတစ ပါးလာ
ညနေစာတွေ အငတ်ခံတယ်
ညတွေဆို တော်တော်နဲ့ မအိပ်ဘူး
ငါတို့ဟာ လက်တစ်ဖက်ကစိုက်ပျိုးရင်း
လက်တစ်ဖက်က ရိတ်သိမ်းနေကြပြီ။

ပန်ဒိုရာ

(ဘာကြီးလဲ ဟုမေးသူများ (ရှိခဲ့ရင်) - ကဗျာ အပါအ၀င် အနုပညာကို ရူးသွပ်ကြသူများအတွက် အနည်းငယ် ခံစားရေးပါသည်။)

Expand..

Tuesday, August 14, 2007

ကိုငှက်ကြီး





(paint brush, by pencil tool)

ဆရာမမေငြိမ်း ကိုမောင်ရင်၊ မိုးညို တို့ကို ဖတ်ပြီးတဲ့အခါ ...
ဒီကဗျာ ကိုပါ ဖတ်မိပြီး အရမ်းလွမ်းသွားလို့ ဒီပုံလေး ထွက်ကျလာတယ်။

(နည်းနည်းပြင်ထားတယ်)


ပန်ဒိုရာ

Expand..

Monday, August 13, 2007

တနင်္လာနေ့ ဂါထာ

တနင်္လာနေ့ ဂါထာ

တနင်္လာနေ့ မှာ အလုပ်လုပ်ရတာ မုန်းနေသူများအတွက် အစစအရာရာ အဆင်ပြေစေမယ့် ဂါထာတော်ကြီး လက်ဆောင် ပေးလိုက်ပါတယ်။

ဂွတ္တ မောနန္ဒ မန္ဒေ
မေ မိန္ဒ ယောဘ လဗမ္မိ
မေ မိန္ဒ ဘောစ ဟဂမ္မိ
လေစ မုဗ တုဒေစ ၀ါက တု တုမောယရ

မြန်မာပြန်

အို.. မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော တနင်္လာနံနက်
ငါ၏ အလုပ်သည် ချစ်ခြင်းတို့ ငါ့အားတည်စေသတည်း
ငါ၏ အမှုဆောင်သခင် ပွေ့ဖက်ခြင်းတို့ ငါ့အား တည်စေသတည်း
ယနေ့ ဆောင်ကြဉ်းရာ အမှုကိစ္စများ မနက်ဖြန် ပြီးမြောက်ခြင်းဖြင့် ဥာဏ်အလင်း ပွင့်ကြကုန်လော့။

(တင်စားပြီး မြန်မာပြန်ထားလို့ နားမလည်သေးပါက သိုးဆောင်းစကားဖြင့် အောက်ပါအတိုင်း အနက်ဖွင့်နိုင်၏။)

Good morning Monday!
May my job love me.
May my boss hug me.
Let’s move today’s work to tomorrow.

(ဂါထာနှင့် ပြန်လည် တွဲယှဉ် တဖွဖွ ရေရွတ်ကြကုန်။)

ပန္ဒိုရာ

Expand..

Sunday, August 12, 2007

နေ့



နေ့

အလကားရတိုင်း ကောင်းကင်ကြီးကို
မော့မော့ကြည့်မနေနဲ့
မြင်လည်းမမြင်ရဘဲနဲ့
ကြယ်တွေပြုတ်ကျ ပွန်းပဲ့ရတာ
ရင်ဘတ်နဲ့မကဘူး။

ပန်ဒိုရာ

Expand..

Friday, August 10, 2007

မင်္ဂလာတရားတော်နှင့် အညီ ဘလော့ဂ်တွင်နေထိုင်ခြင်း

မင်္ဂလာတရားတော်နှင့် အညီ ဘလော့ဂ်တွင်နေထိုင်ခြင်း

ပန်ဒိုရာ ဘလောက်ဗကေးရှင်း ယူနေတဲ့အချိန်က WeSheMe တို့က ၃၈ဖြာ မင်္ဂလာ တရားတော် အကြောင်း ဒီလို ရေးပါတယ်။ သူတို့ကို ကိုတေးအေးရိပက တက်ဂ် ထားတာပါ။ ဆရာကြီး ဦးသုခရဲ့ သုခမှတ်စုက ထုတ်နုတ်ထားတဲ့ ၃၈ဖြာ မင်္ဂလာ တရားတို့ကိုတော့ ကိုမျက်လုံး ရဲ့ ဘလော့ဂ်မှာ တွေ့နိုင်ပါတယ်။ ဒါတွေကို ဖတ်မိတော့ ပန်ဒိုရာက ဘလော့ဂ်ရေးခြင်းဖြင့် ၃၈ဖြာ မင်္ဂလာတရားတော်နဲ့အညီ ဘယ်လိုနေထိုင်နိုင်မလဲလို့ အတွေးပေါက်မိပါတယ်။ ဒါနဲ့ WeSheMe မှာ ကွန်မန့်လေး သွားချတော့ ပန်ဒိုရာကို ဒါနဲ့ပတ်သက်လို့ တစ်ခုခု ရေးဖို့ တက်ဂ်လိုက်ပါတယ်။

မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေဟာ နေ့စဉ်လူ့ဘ၀မှာ လက်တွေ့လိုက်နာ ကျင့်သုံးဖို့လို့ အကြမ်းဖျဉ်းအားဖြင့် ရိုးရိုးပဲ နားလည်မိပါတယ်။ အပြင်မှာ လူအချင်းချင်း မျက်ဝါးထင်ထင် ထိစပ်တွေ့ကြုံနေရတဲ့ လူ့လောကကနေ အခုလို virtual world အတုကမ္ဘာမှာ အဆင်းအသံမဲ့ နေထိုင်သွားလာ ကြတဲ့အခါ ဒီတရားတော်တွေကို ဘယ်လို အသုံးချလို့ ရနိုင်မလဲလို့ စဉ်းစားမိပါတယ်။ ဒါနဲ့ပဲ မင်္ဂလာတရားတော်ရဲ့ ၃၈ ဖြာလုံး မဟုတ်သော်လည်း စိတ်ကူးမိသလောက် တိုက်ဆိုင်နိုင်တာတွေကို အခုလို ချရေးလိုက်ရပါတယ်။

ဘလော့ဂ်တွေ ဖတ်တဲ့အခါ ကိုယ်မသိသေးတဲ့ အချက်အလက် တွေ၊ ကိုယ်မစဉ်းစား မိသေးတဲ့ အတွေးခေါ်တွေ၊ ကိုယ်ဂရုမပြု မိသေးတဲ့ မှတ်သားနာယူဖွယ်တွေ တွေ့ရမယ်။ ဒီလို တွေ့သိမှတ် ရခြင်းဟာ ဗာဟုသစ္စဉ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း ကိုဖြစ်စေပါတယ်။

ဒီလိုမှတ်သားခြင်းဖြင့် မရှင်းမလင်းတဲ့အခါဖြစ်စေ၊ ပိုမိုအသေးစိတ်သိချင်ရင်ဖြစ်စေ မိမိထက် တတ်သိနားလည်သူထံ ဆီပုံး ကွန်မန့်တွေကနေ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း၊ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း ဖြင့်ချဉ်းကပ်မေးမြန်းနိုင်ကြပါတယ်။ ဝေမျှသူများကလည်း မိမိသိတဲ့ ပညာဗဟုသုတကို ပေးလှုတဲ့အတွက် ဒါနဉ္စ = အလှူပေးခြင်း တစ်မျိုးပါပဲ။

ဘလော့ဂ်တွေ အချင်းချင်းဆိုတာလည်း လူအချင်းချင်း ဆက်ဆံနေကြတာပါပဲ။ ကိုယ့်သဏ္ဍာန် ကိုယ့်အသံကို မမြင်မကြားရလို့ မမြင်ကွယ်ရာ ရောက်နေတယ်လို့ ပြောချင်တာပြော သဘောမထားဘဲ အသက်ဂုဏ်ဝါကို မူတည်ပြီး တစ်ဦးနဲ့တစ်ဦး အရိုအသေလည်း မပျက်ဘဲ ချစ်ခင်စွာ ရေးသားပြောဆို ဆက်ဆံကြခြင်းဟာ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း နဲ့ညီသလို သုဘာသိတစ ယာဝါစာ = ကောင်းစွာဆိုခြင်း ကိုဆောက်တည်နိုင်တာပါပဲ။

အခုတလော အမည်မဖော်သူများက တချို့ဘလော့ဂ်တွေရဲ့ ဆီပုံးတွေထဲမှာ ရုန့်ရင်းကြမ်းတမ်းသော စကားတွေနဲ့ လာရောက် ဆဲရေးတိုင်းထွာ နေတာတွေ ကြားနေရပါတယ်။ ဒီနေရာမှာတော့ အတတ်နိုင်ဆုံး ခန္တီ = သည်းခံခြင်း တရားကို နှလုံးသွင်းနိုင်ရင်တော့ အကောင်းဆုံး ဖြစ်မှာပါလေ။ ကိုယ်တိုင် အဆဲမခံရတော့လည်း ကိုယ်လည်း တကယ့်တကယ်ဆို ခံနိုင်ရည် ရှိမရှိ မသိပါဘူး။ စိတ် ထားနိုင်ခဲ့ရင်တော့ တရားတော်အရ ဖြစ်သင့်တာကိုပဲ ပြောပြတာပါ။

လောကဓံတရားတွေဟာ လူတွေအတွက် မရှောင်လွှဲနိုင်ပါဘူး။ ဘလော့ဂ်ထဲလည်း ပြေးမလွတ်ပါဘူး။ အတိမ်အနက်သာ ကွာပါမယ်။ လောကဓံတရား ၈ ပါး ကတော့ လဘော အလဘော ယသော အယသော နိန္ဒံ ပသံသံ ဒုက္ခံ သုခံ (လာဘ်ရခြင်း - လာဘ်မရခြင်း၊ အခြွေအရံပေါများခြင်း- အခြွေအရံနည်းခြင်း၊ ချီးမွမ်းခြင်း-ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း- ဒုက္ခဖြစ်ခြင်း) တို့ဖြစ်ပါတယ်။ဒီအထဲမှာ ဘလော့ဂ်နဲ့ပတ်သက်တဲ့ ဥပမာအနေနဲ့ ပြောရရင် - သာမန်အားဖြင့် ဘလော့ဂါတွေဟာ ကိုယ့်စာကို လူတွေ လာဖတ်စေချင်ကြတယ်။ ကိုယ့်ကို ခင်စေချင်ကြတယ်။ ကိုယ့်ကို အဖက်လုပ် ဆီပုံးထဲရေးသွားတာ ကွန်မန့်ရေးထားတာ မြင်ရင် သူသူကိုယ်ကိုယ် ၀မ်းသာ တတ်ကြပါတယ်။ အကြောင်းကြောင်းကြောင့် လူလာတာနည်းတဲ့နေ့ဆိုရင် ရင်ထဲမှာ ဟာတာတာနဲ့ ရှိတတ်ကြပါတယ်။ ဒီတော့ လူတွေ လာချီးမွမ်းကြတိုင်းလည်း ၀မ်းသာလုံး မဆို့ဘူး။ လာပါ့မလားလို့လည်း မစိုးရိမ်ဘူး။ ချီးမွမ်းခန်းတွေကို မက်မက်မောမော စွဲလန်းမနေဘူး။ ကဲ့ရဲ့ဝေဖန်သွားရင်လည်း စိတ်တည်ငြိမ် နိုင်မယ်ဆိုရင် နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း၊ အသောကံ = လောကဓံ တရားတို့နှင့် တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း၊ ၀ိရဇံ = လောကဓံတရားတို့ တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း၊ ခေမံ = လောကဓံ တရားတို့ တွေ့သော် စိတ်၌ဘေးမရှိခြင်း တို့နဲ့နေထိုင်နိုင်ပါတယ်။ သတိပါပဲ။

ဒီနည်းအားဖြင့် အတုကမ္ဘာ ဘလော့ဂ်ထဲမှာလည်း အတ္တသမာပဏီဓိစ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။ အဲဒီလို လက်တွေ့ကမ္ဘာကအချိန်နဲ့ အင်တာနက်ကမ္ဘာက အချိန်ကို သင့်တင့်မျှတစွာ ဝေမျှပြီး မင်္ဂလာတရားတွေနဲ့ နေထိုင်နိုင်ရင်တော့ အင်တာနက် ကမ္ဘာဟာ ကိုယ့်အတွက် ပတိရူပ ဒေသ ၀ါသောစ = သင့်တင့်သော အရပ်၌ နေထိုင်ခြင်း ပါပဲ။

အခုပြောတာ နမူနာတွေလောက်ပဲ ဖြစ်ပါတယ်။ အများကြီး ရှိပါဦးမယ်။ အခု ဒါတွေ စဉ်းစားတဲ့နေရာမှာလည်း မှားကောင်းမှားနေဦးမယ်။ အားလုံးဖတ်ဖို့ တံခါးဖွင့်ထားတဲ့ ဘလော့ဂ်ဆိုတော့ အခုရေးထားတာတွေကို တစ်ယောက်ယောက်က အမြင်မတော်လို့များ ထောက်ပြသွားခဲ့ရင် ကိုယ်မှားတာပြုပြင်ဖို့ စိတ်ထား နိုင်ရင်တော့ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း နဲ့ ညီနိုင်ပါသေးတယ်။


အားလုံးငြိမ်းချမ်းကြပါစေ။
ပန်ဒိုရာ


(ကိုအန်ဒီက ဆက်ပြီး တက်ဂ်ပေးပါဆိုလို့ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း နဲ့ညီသွားအောင် ဆက်လက်ဆွေးနွေးဖို့ ဆရာလေး မမေဓာဝနဲ့ အလုပ်များတဲ့ မြို့စားကြီး နေဘုန်းလတ် တို့ကို တက်ဂ် လိုက်ပါတယ်။ ကဲရေးကြပေတော့။)

Expand..

Thursday, August 9, 2007

Fame

WeSheMe တို့ တက်ထားတဲ့ ၃၈ဖြာ မင်္ဂလာအကြောင်းနဲ့ တခြား ဘာဘာညာညာလေးတွေ စဉ်းစားနေတုန်းမို့ လောလောဆယ် ဒီကဗျာလေး တင်လိုက်ပါတယ်။ ဘာသာပြန်ပေးကြရင်ဖြင့် ကျေးဇူးတင်ရမှာပါ။

Fame

Getting higher,
Farther away from the closest.


ပန်ဒိုရာ

ဘာသာပြန် အနက်ဖွင့်ထားတာတွေ ဖော်ပြလိုက်ပါတယ်။



ဇနိ said...

ကျော်ကြားမှု

အောင်မြင်လေလေ
အနီးဆုံးတွေ ဝေးသွားလေလေ။

August 9, 2007 8:28 PM



Layma said...

(၁) သစ်ပင်က ပြောတယ်……“ကျွန်တော် ကြီးရင့်လာလေလေ…. မြင့်မားလာလေလေ… ကျွန်တော် အခြေတည်ခဲ့တဲ့….ကျွန်တော် အချစ်ဆုံး….ကျွန်တော်နဲ့  အနီးကပ်ဆုံး ဖြစ်ခဲ့ဖူးတဲ့ မြေကြီးနဲ့  ပိုပိုပြီးဝေးသွားခဲ့တယ်...” ။
(၂) အောင်မြင်ကျော်ကြားနေတဲ့လူတစ်ယောက်ကပြောတယ်……“ ကျွန်တော်ရဲ့ ကျော်ကြားမှုဟာ ပြောမနာဆိုမနာ အရင်းနှီးဆုံး ငယ်သူငယ်ချင်းတွေနဲ့  ဝေးရာကိုတွန်းပို့  ခဲ့တယ်…”။
(၃) အလုပ်သိပ်ကြိုးစားတဲ့ ယောက်ျားကို မိန်းမကပြောတယ်….. “ရှင့်အလုပ်မှာအောင်မြင်လေ….. ကျွန်မတို့  ၂ ယောက်ပိုဝေးသွားလေပဲ…” ။
(၄) Blogger တစ်ယောက်ကို သူ့ ကိုယ်စောင့်နတ်ကပြောတယ်……
“နင် blog မှာသာယာနေလေလေ နင်နဲ့ အနီးဆုံးဖြစ်တဲ့ အပြင်လောကနဲ့  ပိုဝေးသွားလေလေဘဲ…”။
(မပန်ရေ….ကဗျာကို ဘာသာပြန်ပါဆိုမှ ဘာတွေရေးမိမှန်းမသိပါဘူး…. ခွင့်လွှတ်တော့ မပန်….)
ပြန်ပြီ…ဘာသာ…
“အနီးဆုံးတွေနဲ့ 
ဝေးသွားသလိုဘဲ….
ဘာလို့ လဲ…
အောင်မြင်လာလို့ ဘဲ….”

August 9, 2007 10:56 PM


ရွက်ဝါ said...

မြန်မာစကားမှာ " အမြင့်ရောက်လေ၊ လေတိုးလေ" လို့တော့ကြားဖူးတယ်။
ပေထားတဲ့ ကဗျာကိုတော့ ဘာသာမပြန်တတ်ဘူး။ ကြိုးစားကြည့်ဦးမယ်။

"တိုးတတ်သည်နှင့်အမျှ
အဖေါ်မဲလာရတယ်။"

August 9, 2007 11:07 PM



ဂျစ်တူး - gyit_tu said...

လေးမ ပြောထားတာလေး ကြိုက်တယ်.. အထူးသဖြင့် အပြင်လောကနဲ့မဝေးအောင် တို့တတွေ ဘလောဂ့်ကေးရှင်း မကြာခဏ ယူသင့်တယ်း)

August 10, 2007 9:41 AM


Yan said...

Getting higher,
Farther away from the closest.

တိုက်ရိုက်ဘာသာပြန်ရင် တောင့်တောင့်ကြီး ဖြစ်နေတယ်. ဖတ်လိုက်တာနဲ့ အဓိပ္ပါယ်ပေါက်ပြီးသား ဖြစ်ကြမှာပါလေ. It’s very simple English.
ဒါပေမယ့် အဲဒါကိုပဲ မြန်မာဆန်ဆန်လေး ပြန်ပြောရမယ်ဆိုရင်တော့ ဒီလိုပြောချင်တယ်.

အောင်မြင်ကျော်ကြားလေလေ မိတ်ဆွေစစ်ရဖို့ ခဲယဉ်းလေလေပဲ…

August 10, 2007 11:04 AM



Tesla said...

"မြင့်သထက် မြင့်.မြင့်.. လာလိုက်တာများ..
အနားမှာ လေစိမ်းတွေကြီးပဲ ခပ်ရင့်ရင့် တိုက်နေလေရဲ့..။"
ထို့ကြောင့် တက်စလာ မကျော်ကြားလိုပါ :P လေစိမ်းတိုက်ခံရရင် ဖျားတတ်လို့ဗျာ... ဟီး..

August 10, 2007 12:09 PM



Andy Myint said...

ကျော်ကြားမှု

အထွတ်အထိပ် ရောက်လေလေ
ချစ်မိတ်ဆွေတွေ ဝေးလေလေ။

August 10, 2007 1:49 PM



balargout said...

လေတခွန်လေး ၀ဲပျံသွား
ချည်ရစ်ဘီးနဲ့ ဝေးကာသွား
အောင်မြင်မှု့ရဲ့ အလွမ်းသံများ

ဆိုင်ဆိုင် မဆိုင်ဆိုင် ရေးချင်တာရေးသွား တာ အဟိ

August 10, 2007 4:00 PM


Mg Yin said...

“ဥာဏ်စဉ်တက်ဖို့ 
သမုဒယတွေဖြတ်စို့ ……”

ဒီနေရာမှာ closet ကို attachment လို့ ယူလိုက်တယ်။
တရားရှုထောင့်က ဆင်ခြင်ကြည့်တာပါ… မပန်ကတော့ သံယောဇဉ်တွေခဏဖြတ်ထွက်သွားတဲ့ ဗကေးရှင်းကနေဘလော့(ဂ)ဥာဏ်စဉ်တွေတက်လာပုံရတယ်…

မောင်ရင်


Expand..

Wednesday, August 8, 2007

အဲဒီအချိန်က

အဲဒီအချိန်က…

ပန်ဒိုရာဟာ အဖြူအစိမ်းဝတ် ကျောင်းသူကလေးပဲ ရှိသေးတယ်။

အဲဒီနှစ်က တခြားမြို့တစ်မြို့မှာရှိတဲ့ အဘွားအိမ်ကနေပြီး ကျောင်းတက်တယ်။ ပထမဆုံး မိဘအိမ်ကခွဲပြီး နေရတာပေါ့။ အဘွားတို့ခြံဝင်းထဲမှာ အမျိုးတွေ အတူတူ စုနေကြတယ်။ ဘကြီးတစ်ယောက်နဲ့က သိပ်အလွမ်းသင့်တာ။ သူက စာပေတို့ နိုင်ငံရေးတို့စိတ်ဝင်စားတယ်။ သူသားသမီးတွေနဲ့ကျ ဒါတွေပြောဖို့ အဖော် မရတော့ ကိုယ့်ကိုပဲပိုချစ်တယ်။ ကိုယ့်ကိုလည်း ကလေးလို သဘောမထားဘူး။ လူကြီးစကားနဲ့ ပြောတယ်။ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ စာရွက်တွေ လက်ကမ်းစာစောင်တွေ ပေါ်လာတော့ ရရင် ယူယူလာတယ်။ ဦးအောင်ကြီးရေးတဲ့ စာတို့ဘာတို့ ရတော့ သမဂ္ဂဖြိုတဲ့ကိစ္စတွေကို သူ့အယူအဆတွေနဲ့ ပြောပြသေးတယ်။

အဲဒီအတောအတွင်း မြို့ကလေးက ဘယ်ကျောင်းမှာ စာကပ်သွားတယ်တို့ ဘယ်နေရာမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်တို့ ကြားနေရတယ်။ စာကိုကောင်းကောင်း စိတ်မပါပဲ အဲဒါတွေပဲ နားစွင့်နေမိတာပဲ။ ဒီလိုနဲ့တညမှာ လူတွေစုစုဝေးဝေး အော်သံတွေ သေနတ်သံတွေကြားတယ်။ ထောင် ဘက်ကလို့ပြောတယ်။ နောက်တနေ့မှာ ကျောင်းပိတ်တယ်လို့ ကြေညာတယ်။ ဖေဖေမေမေတို့က လာခေါ်မယ်ဆိုလို့ ၂ရက် ၃ ရက် စောင့်နေရတယ်။ အဲဒီအတောအတွင်းမှာ ဘကြီးနဲ့အတူ လမ်းထိပ်ထွက်ပြီး စီတန်းလှည့်လည်တဲ့လူတွေ သွားသွားကြည့်တယ်။

ဖေဖေမေမေတို့နဲ့ အတူ ကိုယ့်မြို့ကို သင်္ဘော(မော်တော်) စီးပြီး ပြန်လာခဲ့တယ်။ သင်္ဘောတစ်စီးလုံး စစ်သားတွေနဲ့ ပြည့်နေတာပဲ။ ပြန်ရောက်ပြီး မကြာခင်မှာ ရေကြောင်းခရီးစဉ်တွေ ပျက်သွားတော့တယ်။ အိမ်ရောက်တော့ အိမ်ထဲမှာပဲ နေနေတာပဲ။ အခြေအနေတွေက မြန်လွန်းတယ်။ တချို့ကိစ္စတွေ လိုက်မမီဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတချို့ နေ့ချင်းညချင်း ပြောင်းလဲသွားကြတယ်။ နုနယ်သူ တစ်ယောက် အတွက်တော့ အကြာကြီး စဉ်းစားစရာ ဖြစ်နေတယ်။ ဆရာမောင်သာရရဲ့ ၀တ္ထု ခေါင်းစဉ်တစ်ခုလိုပဲ။ ဘာတဲ့။ “ငါတို့ဘက်ကကြည့်တော့ သူရဲကောင်း မင်းတို့ဘက်ကကြည့်တော့ သစ္စာဖောက်” တဲ့။ ထောင်ကျတဲ့လူတွေ လွတ်လာတယ်။ (လွှတ်ပေးလိုက်တယ်။) ရပ်ကွက်ထဲမှာ ကိုယ့်ဘာသာ ကင်းစောင့်ကြတယ်။ အစ်ကိုကတော့ မြို့ကလေးမှာ စီတန်းလှည့်လည်တာတွေ လုပ်ရင် ထွက်ထွက်လိုက်သွားတယ်။ အိမ်ကိုလည်း စာရွက်တွေ ယူလာတယ်။

အိမ်မှာရှိတဲ့ စာအုပ်တွေ ပြန်ရှာဖတ်ဖြစ်တယ်။ မြန်မာ့သမိုင်းတွေ။ ဆရာနိုင်ဝင်းဆွေ ဘာသာပြန်တဲ့ အိုယန်ဟိုင်၏ တေးသံ။ ဆရာကြီး ဒဂုန်ရွှေမျှား ဘာသာပြန်တဲ့ မြို့တော်ညီနောင်(Charles Dickens’ A Tale of Two Cities )။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ။ ဆရာမင်းကျော်ရဲ့ ငါတို့ခေတ်နဲ့အပြိုင် အတွဲလိုက်။ ဆရာရန်ကုန်ဘဆွေရဲ့ ရွှေဝါပြည်။ ၁၉၆၀ ခုနှစ်များက မဂ္ဂဇင်းဟောင်းတွေ။ စတာတွေပဲ။ အဲဒီစာအုပ်မျိုးစုံ အတွေးအခေါ်မျိုးစုံ တွေက အိမ်မှာ ငုတ်တုတ်ထိုင်နေတဲ့ ကလေးတစ်ယောက်ကို ဥာဏ်မီသလောက် ရှုထောင့်မျိုးစုံက တွေးစေတယ်။ အင်း..တွေဝေစေတယ်လို့ ပြောနိုင်မယ်။ ပြီးတော့ ဖေဖေနဲ့ စကားတွေပြောတယ်။

ပါတီက လူကြီးတစ်ဦးက ဆန္ဒပြသူတွေဟာ အဆင့်အတန်းမရှိတဲ့ ဂန်ဘား တွေပါလို့ ပြောတော့ လက်သီးဆုပ်မိတယ်။ အနီးအနားမြို့တစ်မြို့မှာ ကောင်စီလူကြီးအိမ်ကို သွားဝိုင်းကြပြီး လူကြီးသမီးကိုပါ လက်ရောက် စော်ကားသွားတာကို ကြားတော့ ခေါင်းခါမိတယ်။ လူတွေ အပစ်ခံရတာကြားတော့ မျက်ရည်ဝဲပြီး သက်ပြင်းချမိတယ်။ မြစ်ကမ်းနားမှာရှိတဲ့ ကိုယ့်အိမ်ကို စက်လှေတွေ ဘာတွေ ကပ်ပြီး ၀င်လုသွားမှာ တချိန်လုံး စိုးရိမ်နေရတဲ့ တထိတ်ထိတ်ဘ၀မှာ နေနေရတယ်။ စားစရာလည်း ရှားပါးတယ်။ ပိုက်ဆံလည်း လောက်လောက်လားလား မရှိဘူး။ မနှစ်က မည်းတဲ့အထဲ အကုန်ပါသွားခဲ့ပြီ။

ဒီလိုနဲ့ သတင်းစာ စောင့်ဖတ်တယ်။ ရေဒီယို လိုင်းပေါင်းစုံနားထောင်တယ်။ ဖေဖေက ပြောတယ်။ အနုနည်းနဲ့ကိုင်မယ်။ အကြမ်းနည်းနဲ့ ကိုင်မယ်။ နောက် စစ်တပ်က အာဏာသိမ်းလိမ့်မယ်တဲ့။ ပြောတဲ့အတိုင်းပဲ မြန်မာ့အသံရေဒီယိုက စစ်ချီတေးတွေ အဆက်မပြတ် လာတဲ့တနေ့ မြို့ထဲမှာ စစ်သားတွေ နေရာအနှံ့ ရောက်လာတော့တယ်။

ပန်ဒိုရာ

Expand..

Tuesday, August 7, 2007

ကိုယ့်သမိုင်း

ကိုယ့်သမိုင်း

မအ ခဲ့ပါဘူး
ဒါပေမယ့် မလှ ခဲ့ဘူးကွယ်...

ပြီးပြည့်စုံမှုဝါဒနဲ့
အကြီးစားစိတ်ကူးယဉ်
အိပ်မက်တွေ ငြမ်းဆင်ခဲ့သူပါ...

ရီ မှောင် မည်း ဆို ကြောက်လို့
အနီရောင်လည်း မရဲတောက်ခဲ့ပါ...

လက်တွေ့နဲ့ဝေး
သဘောတရားအတွေး စာကြောင်
ဆရာယောင် ယောင်မိသူပါ...

လူသားဆန်ဆန် မာန်တရားနဲ့
ဟန်တွေကြားမှာ ပေါင်းနုတ်မြောက်စား
လော့ဂျစ်အမှား မကင်းခဲ့သူပါ...

အတ္တ ကိုဖော့တွေး
ပြုပြင်ရေးနဲ့ အကောင်းမြင်ပြောမှ
ကျောချခံခဲ့ရသူပါ...

ကိုယ်တိုင်ရေးအထုပ္ပတ္တိကျမှ
ဖွင့်ချရမယ့်အကြောင်းတွေ
အခုနေတော့ ဝေေ၀၀ါးဝါး
ခွင့်လွှတ်ဖို့ သဘောမထားလည်း
သနားစရာပဲလို့ မှတ်ပေးကြပါ...။

ပန်ဒိုရာ

Expand..

Monday, August 6, 2007

ကြွေလွင့်သွားသော ဆရာ တာရာမင်းဝေအတွက်

မြန်မာဘလော့ဂါစာအုပ်အတွက် အမှာစာလေးတောင်
ရေးမသွားလိုက်ရပါလား ဆရာရယ်..


ကောင်းကင်ကို ဆက်တည့်ကြည့်တော့
ဗုံသံတွေသဲ့သဲ့ကြားမှာ
အရှေ့မြို့ရိုးက မိုးရေစက်တွေ မခြောက်ခမ်းသေးပါ..
ကျွဲအုပ်ကြီးလည်း ငြိမ်ချက်သားကောင်းလို့
ကျွဲချိုသံတွေကို မိန်းမူးနေတုန်း..။

ပန်ဒိုရာ

Expand..

Sunday, August 5, 2007

ပန်ဒိုရာ ဘာကြောင့် ဘလော့ဂ်ရေးသလဲ

ပန်ဒိုရာ ဘာကြောင့် ဘလော့ဂ်ရေးသလဲ

ထွက်ပေါက်ဆိုပြီးပြေးမိမှ
ဟိုဘက်ကကမ္ဘာမှာ
အ၀င်တံခါးဖြစ်နေခဲ့တယ်…

တကယ်တော့ ဒီအကြောင်းအရာမျိုးကို မရေးချင်ပါဘူး။ သဘောမတိုက်ဆိုင်ရင် အငြင်းပွားဖွယ် မဖြစ်ချင်ဘူး။ သို့သော် တက်ဂ် ထားတဲ့ ညလေးကို ချစ်ခြင်းအားဖြင့် ရေးပါတယ်။

စာရေးချင်လို့ ဘလော့တစ်ခုဖန်တီးပြီး ရေးတယ်။ ဘာစာတွေရေးချင်လဲ ဆိုတော့ ကိုယ်ဖတ်ချင်တဲ့စာမျိုးတွေ။ ဒါဆိုရေးနေပြီလားဆိုရင် အားလုံး မရေးနိုင်သေးပါဘူး။ သိမှရေးလို့ရတာ။ သိပ်မှမသိပဲကိုး။

ကိုယ်ဖတ်ချင်တာဆိုတော့ သူများဖတ်ချင်တာ ဖြစ်ချင်မှဖြစ်မယ်။ အသက်ဝင်နေတဲ့ မြန်မာဘလော့ဂ်ပေါင်း ၂၀၀ ကျော် ရှိတယ်။ မြန်မာသတင်းဆိုဒ် အီးမဂ္ဂဇင်း ဆိုဒ်တွေ ကိုယ်သိတာရော မသိတာပါ အများကြီးရှိတယ်။ ရွေးစရာတွေ ဒီလောက် များတဲ့အထဲမှာ လာဖတ်ဖြစ်ကြတယ်ဆိုရင် စာဖတ်သူတွေရဲ့ ကျေးဇူးတင်စရာ ကောင်းတဲ့ ရွေးချယ်မှုသာဖြစ်ပါတယ်။ ရတာ မရတာ တွေကတော့ ပေးတိုင်းလည်း ရချင်မှရတာ။ မပေးဘဲလည်း ရချင်ရနေကြတာ။ ကိုယ်ကလည်း ပရော်ဖက်ရှင်နယ် အရေးကောင်းသူမှမဟုတ်ဘဲ။ ကိုယ့်ဆီမှာ စွဲစွဲလန်းလန်း လာဖတ်နေအောင် လက်ချည်းဗလာနဲ့တော့ စည်းရုံးထားနိုင်မှာမဟုတ်။ တကယ်တော့ ဒီခေတ်ကြီးမှာ စာဖတ်သူတွေက ပိုပညာရှိကြပါတယ်။

မျှဝေခြင်း ဆိုရင် ဘယ်သူတွေကို မျှဝေ ဖတ်စေချင်သလဲ။ စိတ်ဝင်စားက ဘယ်သူမဆို ဖတ်နိုင်ပါတယ်။ ဖတ်စေချင်ပါတယ်။ တချို့စာတွေ အတွက်တော့ တချို့သီးသန့်လူ(တွေ)ကို ဖတ်စေချင်တာပဲ။ ဒါလည်း ကိုယ့်ဆန္ဒသက်သက်ပါ။ သူ(တို့)က ဖတ်ဖို့အခြေအနေ ပေးချင်မှပေးမှာပေါ့။ ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မှာပေါ့။ စိတ်ဝင်စားချင်မှလည်း စိတ်ဝင်စားမှာပေါ့လေ။

ဘလော့ဂ်ရေးသူအတော်များများဟာ ကိုယ်တစ်ယောက်တည်းရှိတဲ့ အချိန်တွေ တနည်းနည်းနဲ့ ရထားသူ၊ တနည်းအားဖြင့် အထီးကျန်သူ တွေဖြစ်တယ် လို့မြင်မိတယ်။ ဒါမှမဟုတ်ရင်တော့ ဝေမျှလိုတဲ့ စိတ်စေတနာ အလွန်ကြီးကြသူများ ဖြစ်နိုင်တယ်။ ကိုယ့်အတွက်တော့ ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ နေရာလွတ် တစ်ခုရှိချင်တာ။ အသေသတ်မှတ်ထားတဲ့ မလွှဲမရှောင်သာ တာဝန်တွေ ပိနေတဲ့အခါ ကိုယ်ပိုင်တဲ့ နေရာလွတ် တစ်ခုကို ရှာတယ်။ တစ်နေ့ကို အချိန်နည်းနည်းလောက်တော့ ကိုယ့်ကိုယ်ကို ကိုယ်ပိုင်ချင်တယ်။ အဲဒါဟာ ထွက်ပေါက်ပဲ။ အဲဒီလိုထွက်ပေါက်မျိုးကို နည်းအမျိုးမျိုးနဲ့ ဖန်တီးနိုင်တယ်။ ရည်ရွယ်ချက်မရှိ ဈေးဝယ်ထွက်မယ်။ တီဗီဂိမ်း ကစားမယ်။ ရုပ်ရှင်တွေ ဆက်တိုက်ကြည့်မယ်။ ကိုရီးယားကားတွဲလိုမျိုးဆို ၁၂ ကား ၁၆ ကား ဆက်တိုက်ကြည့် နေ့ည လွဲချင်လွဲ။ အဲဒီလိုမျိုး။ ကိုယ်မနိုင်တဲ့ လူ့လောက က တိုက်ပွဲတွေ မဲလာတဲ့အခါ ကိုယ်ပိုင် သီးသန့်ကမ္ဘာက တိုက်ပွဲမှာ ကိုယ်နိုင်ရာ လုပ်လိုက်ရရင် လူဆိုတာ ကျေနပ်သွားတာပဲ။

ဒါကြောင့် ဖြတ်တောက်ပြုပြင်ခြင်း မခံရတဲ့ အတွေးအခေါ်ရိုင်းစစ်စစ်တွေကို ကိုယ့်ပုဂ္ဂလိက ဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ် ရေးသားချင်တယ်။ ဒါပေမယ့်လည်း လူစစ်စစ်တွေရဲ့ လူ့အသိုင်းအ၀ိုင်းထဲပဲ ရောက်နေပြန်တော့ တန်ဖိုးညှိတာတွေ တာဝန်စပ်တာတွေ အသွင်ဆောင်လာသလား တွေးမိတယ်။ စိတ်ပါပါမပါပါ (အပြင်မှာလိုပဲ) ၀တ္တရားကြောင့် လုပ်ရမှာမျိုး၊ မနိုင်ဝန် ထမ်းမိတာမျိုးဆိုရင်တော့ ဘလော့ဂ် ဆက်မရေးချင်တော့ဘူး။ ရေးတောင် ကိုယ်တစ်ယောက်တည်း ဖတ်ဖို့သက်သက်ပဲ ဖြစ်ကောင်းဖြစ်သွားမယ်။ ဒုံရင်းပေါ့။

စိတ်ထဲ တကယ်ခံစားလို့ရတာကိုပဲ ရေးပါရစေ။ လုပ်သင့်တာတွေလုပ်နေရတဲ့ ကမ္ဘာက ခဏ ထွက်လာချင်ပါတယ် ဆိုမှတော့ ဘလော့ဂ်ထဲမှာတော့ စိတ်ပါရင် ပါသလိုရေးမယ်။ စေတနာရှိရင် ရှိသလို ရေးမယ်။ စာလည်း အမျိုးစုံရင်စုံမယ်။ ဒီလိုရေးမှ အကျိုးရှိတယ်လို့ သာမန်အားဖြင့် သတ်မှတ်လေ့ရှိကြတဲ့ စာတွေ မတွေ့ရဘူးဆိုရင် စေတနာမရှိသေးလို့ လို့သာ မှတ်လိုက်ကြပါတော့။ တမျိုးပဲနော်။ လူတိုင်းဟာ တစ်ယောက်တစ်မျိုးပါပဲ။

ကြီးမားကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ (အခုအချိန်မှာ) ဖြစ်ဖြစ်မြောက်မြောက် ပြောမပြနိုင် ပြောမပြတတ် သော်လည်း စိတ်ကိုတော့ တတ်နိုင်သလောက် သန့်ရှင်းအောင်ထားပါတယ်။ တတ်နိုင်သလောက် သူများကို မထိခိုက်အောင် နေတယ်။ တွေးတယ်။ ရေးတယ်။ အားလုံးကိုလည်း လေးစားပါတယ်။ တူလို့လေးစားတယ်။ မတူလို့လေးစားတယ်။ ဒီလိုနဲ့ အချိန်ကြာလာတော့ မိတ်ဆွေသူငယ်ချင်းတွေလည်း အလိုလို တိုးလာတယ်။ မျှော်လင့်မထားခဲ့တော့ ဖြူဖြူစင်စင်နဲ့ ပိုဝမ်းသာရတယ်။ အစစအရာရာ သဘောချင်း တိုက်ဆိုင်ဖို့ ဘယ်လောက်အထိ ချည်နှောင်ခိုင်မာ ခင်မင်ဖို့ ဆိုတာတော့ မျှော်လင့်မထားဘူး။ မျှော်လင့်မိသလောက် မခံစားချင်ဘူး။ ကိုယ့်ကိုလည်း မမျှော်လင့်ကြစေချင်ဘူး။ မမျှော်လင့်ပဲ ရလာခဲ့ရင် ပိုပျော်စရာကောင်းမှာပါ။

ဘလော့ဂ်ကို စွဲလန်းလွန်းရင် ဆိုးကျိုးတွေရှိတယ်။ အချိန်ကုန်တယ်။ ဒါကတော့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဘလော့ဂ်မှမဟုတ်ပါဘူး။ ဖဲရိုက်တာ၊ တီဗီဂိမ်းကစားတာ၊ ဘောလုံးပွဲကြည့်တာ အတူတူပဲ။ အရွယ်ရောက်သူ အသိဥာဏ်ရှိသူတွေပဲ။ အစပိုင်းဆို ပိုစွဲလန်းမယ်။ အချိန်တစ်ခုရောက်ရင် ပိုပြီး စနစ်တကျ စီမံခန့်ခွဲသွားမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ကိုယ်ခံဆိုတာ သဘောပေါက်ရင် ရပါပြီ။

ဘလော့ဂ်ထဲမှာ လောလောဆယ် ရေးပြီးသလောက်မှာ စာရေးသူ အကြိုက်ဆုံး ၁၀ခု ပြောပါဆိုရင်တော့ အောက်က ပို့စ်တွေဖြစ်တယ်။ စာဖတ်သူတွေနဲ့ တိုင်ဆိုင်မလားတော့မပြောတတ်ဘူး။

Identity

ကျွန်တော်မပိုင်တဲ့အဲဒီအင်္ကျီ
မျှော်လင့်ချက်မပါတဲ့အိပ်မက်
ကိုဖိုးရမ်မဘလောက်
ချက်ခြင်းအနုပညာ
ညီအစ်ကိုမသိတသိ
ဘလော့ဂါများနှင့်ဟာသ
သင်္ကြန်တေး
ဝိဘစ္ဆ
ကြိုး

ကျေးဇူးတင်ပါတယ်။
ပန်ဒိုရာ

Expand..

Saturday, August 4, 2007

..... မှ

တခါတလေတော့လည်း... အဟဲ..





Expand..