Friday, May 28, 2010

ကကြီးခခွေးတို့ရဲ့ မဟာစကားဝိုင်း

ကကြီးက ကွေးနေအောင် ကဗျာလွတ် ကတယ်။ သူ့ကိုယ်သူ အကောင်ကြီးကြီး ဆိုပဲ။ အက္ခရာတွေမှာ ကကြီးရေက သူကစတာကွ တဲ့။ ကောင်းကင်ကြီးကို ကြည်ကြည်နူးနူး ကြည့်ရင်း ကျန်တဲ့ အက္ခရာတွေကို ကရုဏာ သက်ဟန်နဲ့ တကျွတ်ကျွတ် လုပ်နေတယ်။ သူကတော့ ကတ်သီးသတ်ကတ်နဲ့ ကြောင်တောင်တောင် နိုင်သလောက် ကြုံကြွားလည်း လုပ်တတ်တယ်။

ခွေခွေလေးနေတဲ့ ခခွေးကကြားတော့ သူ့ခမျာ ခါးခါးသီးသီး ခံစားနေရတယ်။ သူက ချိုချိုသာသာတွေကိုပဲ ချစ်ခင်ချင်သူ ။ ခံပြင်းနေပေမယ့်လည်း ကကြီးရဲ့ဘေးမှာ သူဟာ ခက်ခက်ခဲခဲ ခပ်ခွာခွာ နေနေရတယ်။

ဂငယ်က ဂုဏ်ယူတဲ့ ဂွမ်းဆီထိ အပြုံးနဲ့ပြောလိုက်တယ်။ ဂငယ်နှစ်လုံးပေါင်းရင်လည်း ကကြီးလုပ်လို့ရတာပဲ တဲ့။ ပြီးတော့ ကကြီးကို ကငယ်ဖြင့် မရှိပဲနဲ့ တစ်ယောက်တည်း ကကြီးလုပ်ချင်သေးတယ် အဓိပ္ပါယ်မရှိပါဘူး လို့ဆိုလိုက်တယ်။ သူကတော့ သူ့အစ်ကို ဃကြီး ဆိုတာ ရှိတော့ ဂိုဏ်းဖွဲ့ပြီး ပြောအားရှိတာပေါ့။

ဃကြီးက အပြောအဆို မတတ်တဲ့ ဂငယ်ကို ဃောသသံကြီးနဲ့ လှမ်းဆူတယ်။ သူကတော့ ဃရာဝါသ ကိစ္စများမြောင် မှာ သိပ်ဝင်ပါချင်တာမဟုတ်ဘူး။

င ကတစ်ခွန်းပဲဝင်ပြောတယ်။ ငါ့လို ငါစွဲမရှိတဲ့ ငါ ပဲ အေးတယ် တဲ့။ ပြီးတော့ ငူငူငေါင်ငေါင်နဲ့ ငေးရင်း ငိုင်ရင်းက ငိုက်ကျသွားတယ်။

စလုံးက မျက်စိလေးကို စွေစွေစောင်းစောင်းနဲ့ စပ်စပ်စုစုလုပ်ရုံပဲ။ စကားစကား ပြောပါများရင် စစ်ပွဲတွေ စတင်လာမှာ စိုးရိမ်လို့ထင်ပါတယ်။

ဆလိမ်ကတော့ ဆရာကြီးလေသံနဲ့ ဆုံးမလာတယ်။ ဆင်ဆင်ခြင်ခြင် တွေးတွေးဆဆ ဆိတ်ဆိတ်ငြိမ်ငြိမ် ဆွေးနွေးကြလကွယ် တဲ့။

ဇကွဲရဲ့ ဇ ကတော့ မသေးဘူး။ ဇွဲကောင်းတယ်။ ဇွတ် လုပ်တတ်တယ်။ ဇိမ်ခံချင်တာလည်း သူ့အပြင်မရှိ။ ဒါပေမယ့် ဒီလို ဇယား ရှုပ်တာတွေထဲတော့ သူဝင်မပါဘူး။

ဈမျဉ်းဆွဲ ကို စလုံးယပင့် လို့တချို့က ထင်ကြတယ်။ သူက သီးသန့်အက္ခရာပါလို့ ရှင်းပြနေတယ်။ သူပါတဲ့နေရာ နည်းပေမယ့် ဈေးဆိုတာ လူတိုင်းအတွက် မရှိမဖြစ်ပါ။ ဈာန် ဆိုတဲ့ ထူးထူးခြားခြား စာလုံးကိုလည်း သူမရှိရင် ဘယ်လိုလုပ် ပေါင်းမလဲလို့ ဆိုတယ်။

ည က ညအခါ လသာသာ ဆိုပြီး ကဗျာလေး ရွတ်မလို့လုပ်နေတုန်း သူ့ရှေ့ကို ညှပ်ဝင်လာတာ ဉကလေး ဖြစ်နေတယ်။ ဉကလေးကို ညက သူ့ညီအရင်းလို့ မသတ်မှတ်ချင်ဘူး။ ဟုတ်တယ်လေ ညကို ည လို့ပဲ ခေါ်တာ။ ညကြီးလို့မှ မခေါ်တဲ့ဟာ။ ပြီးတော့ မြန်မာအက္ခရာဗျည်း ၃၃ လုံးမှာ ဂငယ်၊ဃကြီးတို့ နငယ်၊ဏကြီးတို့လို အတွဲနဲ့ ရှိနေတာ မဟုတ်ဘူးလေ။ ဉကလေးက သူ့မှာလည်း မရှိမဖြစ် သုံးနေတဲ့ အသုံးအနှုန်းတွေ အများကြီးပါ တဲ့။ ဉာဏ် ဆိုတာ မရှိရင် လူတွေ ဘယ်လိုဖြစ်သွားမလဲ တွေးကြည့်စမ်း တဲ့။ ဉာတကာဆွေမျိုး တွေနဲ့ရော ကင်းနိုင်လို့လား တဲ့။ အားနည်းသူကို နှိမ်ချင်တဲ့ ဉာဉ်ဆိုးတွေကို ဖျောက်ပါ လို့မကျေမနပ်နဲ့ပြောတယ်။ သူ့ကို အက္ခရာဥ နဲ့ မှားမှားရေးကြတာကိုတော့ သူကစိတ်ဆိုးချင်သတဲ့။ ည က ညီညွတ်ရေးအတွက် ညှာတာပြီး ညင်ညင်သာသာပဲ ခေါင်းညိတ်လိုက်ပါတော့တယ်။ တော်ကြာ ညစ်စရာတွေ ဖြစ်လာမယ်။

ဋသန်လျင်းချိတ် ကို တတလင်းဂျိတ် လို့အသံထွက်ကြတယ်။ သူပါရင် ရှုပ်ရှုပ်ယှက်ယှက်တွေ ဖြစ်တော့တာပဲ လို့ ပြောနေကြတယ်။ ဟုတ်တယ်လေ၊ ဋီကာ ချဲ့တာက သူမဟုတ်လား။ တကယ်တော့ ဋသန်လျင်းချိတ်ခမျာ ပဋိပက္ခတွေ ဖြစ်တဲ့အခါ၊ ပဋိညာဉ်တွေ ရေးကြတဲ့အခါ၊ ပဋိသန္ဓာရစကား ဆိုကြတဲ့အခါ ကြားဝင်ရသူပါ။ (ကြားက စာလုံးကိုး။)

ဌ၀မ်းဘဲ က သူဟာ ဘယ်နေရာမှာ ၀မ်းဘဲနဲ့တူပါလိမ့်လို့ သူ့ကိုယ်သူ စောကြောပါတယ်။ ဌာန ဌာနေ ဌာနီ ဆိုတာ လူတိုင်းနဲ့ မကင်းနိုင်တဲ့ အသုံးအနှုန်းပါ တဲ့။ ဌာန်ကရိုဏ်းကျကျ စကားပြောကြလို့ သူကဆိုတယ်။ အဋ္ဌမ လို စာလုံးမျိုးမှာတော့ သူ့အလယ်မှာ အထစ်ကလေး ပါတယ် ဆိုပဲ။

ဍရင်ကောက် က အမြင်မှာ ခန့်ညားသလောက် သူ့လို ကွေးကွေးကောက်ကောက် ပုံစံတူတဲ့ ဍရင်ကောက်ပင် ဆိုတာကလွဲလို့ သူနဲ့သုံးတဲ့ စကားမရှိပါလားလို့ ပြောရှာတယ်။

ဎရေမှုတ် က ထောက်ခံတယ်။ သူ့အသုံးလည်း တွင်တွင်ကျယ်ကျယ် မရှိပဲနဲ့ ဘာကြောင့် မြန်မာဘာသာမှာ အက္ခရာ လာဖြစ်ရပါလိမ့်လို့ သူကညည်းတွားတယ်။ ဘာသာမှား ရောက်လာသလားပေါ့လေ။ အဲဒီလို မှိုင်နေတော့ သနားတတ်တဲ့ ပစောက်ကတောင် သူ့အနားကို ပြေးကပ်လာတယ်။ မင်းဘေးမှာ ငါအမြဲ ကပ်နေပေးရင်တော့ အနည်းဆုံး ဃကြီးဖြစ်လာနိုင်ပါတယ်ကွာ။ ဒါဆိုရင်တော့ နည်းနည်းပါးပါး သုံးလို့ရလာမှာပေါ့တဲ့။ (ဟုတ်တုတ်တုတ်နော်။)

ဏကြီးက တော့ အားပေးပါတယ်။ သူနဲ့စတဲ့ စကားလုံးလည်း မရှိသလောက်ပါပဲတဲ့။ ဒါပေမယ့် သူကတော့ ဘဏ်တို့ ဒဏ်တို့ ဂုဏ်တို့ ဂိုဏ်းတို့ ပဏာမတို့ ကဏ္ဍတို့ မှာ သူများတွေနဲ့ အတူပေါင်းပြီး ရပ်တည်နေပါသေးတယ်။

တ၀မ်းပူကတော့ တော်တော်တတ်တယ်။ စာလုံးတွေမှာ တ၀မ်းပူ တစ်လုံးတည်း တွဲလိုက်ရင်တောင် တော်တော် တွင်ကျယ်ကြောင်းကို ကိုးခန်းပျို့ထဲက 'အဖန်ဖန်လျှင်၊ တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း၊ တညှဉ်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသန်းဟယ်ဟယ်၊ တတွယ်တာတာ၊ တဟာလှိုက်လှိုက်၊ တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊ တဝမ်းလျားလျား၊ ...' ဆိုတဲ့ စာပိုဒ်ကို တတွတ်တွတ် ရွတ်ပြလိုက်တယ်။ တခြားဗျည်းတွေ မပါပဲ တ၀မ်းပူတွေချည်း ရပ်တည်နိုင်တဲ့ တစ်တီတူး တို့ တောက်တဲ့ တို့ပါ ဆွဲထည့်ပြလိုက်သေးတော့ အားလုံးက ခဏလောက် တိတ်သွားကြတယ်။

ထဆင်ထူးဟာ သူ့ကိုယ်သူ ၀ နှစ်လုံးပူးလို့ တစ်ယောက်ယောက်က ဘရိမ်းဝက်ရှ် လုပ်ထားတာ ခံထားရလို့ အမြဲ တထင့်ထင့် တထိတ်ထိတ် ဖြစ်နေရှာသတဲ့။ သူ့အလှည့်ရောက်တော့ ထ ထ လို့ အားလုံးက ၀ိုင်းထူလို့သာ ထိုးထိုးထောင်ထောင် ထွက် လာရတယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်မှာစိုးနေလို့ ထက်ထက်မြက်ြမက် ထင်ထင်ရှားရှား ထင်းထင်းလင်းလင်း ဖြစ်အောင် ထိန်းမထားနိုင်ရှာဘူး။ ထားလိုက်ပါတော့လေ။

ဒဒွေးကတော့ အင်္ဂလိပ်အက္ခရာ 3 ဆိုတဲ့ ၃ ဂဏန်းနဲ့ ခပ်ဆင်ဆင်မို့ သူ့ကိုယ်သူ ဘိုဆန်တယ် လို့ထင်နေသတဲ့။ ဒမ်း… ဒင်းတို့တွေ တော်တော်ဒူကြတာပဲ လို့ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဒေါသတကြီး ဆဲရေးလိုက်တယ်။

ဓအောက်ခြိုက်က ဒီဓလေ့တွေကြားမှာ ဓားခုတ်ရာလက်လျှို ဓားစာခံမဖြစ်ချင်သူပါ။ ဒါတွေကို ကြားနေရတာ ဓာတ်ပျက်ပါတယ်။

နငယ် က နစ်နစ်နာနာ နှိမ်နှိမ်ချချ နင်းပြောနေကြတာဆိုရင် နှာခေါင်းရှုံ့ပါတယ်။ နောက်တယ်ပြောင်တယ် ဆိုပေမယ့် နှုတ်ချိုသျှိုတစ်ပါး လို့ရှိတယ် မဟုတ်လား လို့ နားချကြည့်တယ်။

ပစောက်ကတော့ ပန်းပွင့်လေးလို လှလှပပ ပြုံးနေတယ်။ ပန်ဒိုရီပန်ဒိုရာမောင်နှံဟာ ပုဝါပါးပါးလေးခြားရင်တောင် ပင်လယ်ကြီးဖြစ်အောင် ပုလဲခ ကြတယ်ဆိုတဲ့ ပြင်းပြင်းထန်ထန် ပုံပြင်လေးတစ်ပုဒ်ကို ဖတ်နေတော့ သူက ဒီကိစ္စတွေမှာ ပါ မနေတော့ဘူး။

ဖဦးထုတ်က ဖခင်ဆန်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ဖိဖိစီးစီး ဖီလာကန့်လန့် ဖဲ့နေ ဖော်နေ ကြမယ့်အစား ဖေးဖေးမမ နေကြပါ လို့ ဖွင့်ပြောလိုက်တယ်။

ဗထက်ချိုက်က ဗရုတ်သုတ်ခတွေကြားမှာ ဗလာချီ ၀င်ဗျင်းလိုက်ရ လို့ ကြိမ်းတယ်။ ဟေ့.. ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဗိုလ်သင်တန်းတက်ဖို့လိုတယ်ကွ တဲ့။ ဗာဟီရတွေ များရတဲ့အထဲမှာ ဗလောင်းဗလဲတွေဆိုရင် သူမကြိုက်ဘူး။

ဘကုန်း က ဘာသိဘာသာ မနေပါဘူး။ ဘ၀ဆိုတာ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ဘယ်နေရာမှာ ဘယ်သူမဆို ဘုနဲ့ဘောက်ဖြစ်ကြစမြဲ လို့ တရားချပါတယ်။ ဘရန်ဒီလေး သောက်ပြီး ဘရိတ်အုပ်လိုက်ကြပါတော့ကွာ တဲ့။

မ က မယောင်မလည် ၀င် မ ပါတယ် (အချွန်နဲ့)။ မိုက်မိုက်မဲမဲတွေ မေးကြမြန်းကြတာများလို့ မေတ္တာတွေ မဲ့ကုန်ကြပြီနော် လို့ မောင်းထုရင်း မီးတိုက်ပေးတယ်။

ယပက်လက်က ယမကာတစ်ခွက်နဲ့ ယိုင်တိုင်တိုင် ယစ်ထွေနေရာကနေ ယီးတီးယောင်တောင်နဲ့ ၀င်ပြောတယ်။ ယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့ ယတြာခြေတာဖြစ်ဖြစ် ယဇ်ပူဇော်တာဖြစ်ဖြစ် လုပ်လိုက်ကြပါလားတဲ့။

ရကောက် ကတော့ ရည်းစားက ရိုက်ပုတ်လိုက်လို့ ရတက်ပွေပြီး ရော်ရမ်းရင်း ရူးသွပ်သွပ်ဖြစ်နေတာ။ ရောက်တတ်ရာရာတွေက ရေးကြီးခွင်ကျယ်ဖြစ်ပြီး ရေပန်းစားနေတာကို သူမသိဘူး။

လ ဟာ လောလောလတ်လတ် လုံးချာလိုက်နေတာတွေကို လုံးစေ့ပတ်စေ့မသိရင် လက်လွတ်စပယ် လွန်လွန်ကျွံကျွံ ပြောမိမှာစိုးတယ်။ လေကလေးသုံးပြီး လူလည်လုပ်နေကြတာကိုတော့ သူက လက်မခံချင်ဘူး။

ဝ က ၀ါးကနဲ သန်းလိုက်တယ်။ ၀ုန်းဝုန်းဒိုင်းဒိုင်းတွေ ၀က်ဝက်ကွဲ ဖြစ်နေတာကို ၀မ်းမသာပါဘူး လို့ ဝေ့လည်ကြောင်ပတ်ပဲ ဝေ့၀ိုက် ဝေဖန်လိုက်တယ်။

သ ကတော့ သားဟာသား သီးသန့်နေတာ သူတို့တွေသာ သဲသဲအုတ်အုတ် ဖြစ်နေကြတာတဲ့။ သတင်းတွေ သိုးသိုးသန့်သန့် ကြားတာနဲ့ သူ့ကိုယ်သူ သိုသိုသိပ်သိပ် သိမ်းထားလိုက်ပြီ။

ဟ ကတော့ ဟီးဟီးဟားဟားနဲ့ ဟောင်ဖွာဟောင်ဖွာ လိုက်ပြောနေတယ်။ ဒါတွေ ဟိုးလေးတကျော်ဖြစ်ရင် အရှက် ဟက်တက်ကွဲမှာကို သူမတွေးဘူး။

ဠကြီးက စိတ်ညစ်လို့ ဠင်းတမှိုင် မှိုင်ချင်တယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းက လင်းတ လို့ပေါင်းရတယ် ဆိုလာတော့ ပိုစိတ်ညစ်သွားတယ်။ ဒါဆို သူနဲ့စတဲ့ စာလုံး ဘာရှိသေးပါလိမ့်။ စကြ၀ဠာ လို ကြီးမားတဲ့ စကားလုံးနောက်မှာ ပါရလည်း မနည်းပါဘူးလို့ ဖြေသိမ့်ရတယ်။

အ ကတော့ အ အက္ခရာရဲ့ အဖော်အပေါင်းတွေ အောတိုက်နေတဲ့ကြားမှာ အာဏာအပြည့်နဲ့ အားအားယားယားပါပဲ။ သြဇာညောင်းတဲ့ ဧကရာဇ်ဘုရင်လို ဣနြေ္ဒတခွဲသားနဲ့ အေးအေးလူလူ အာရိုက်နေစဉ်….. ဤတွင် ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ပန်ဒိုရာ

(မသက်ဝေ တက်ဂ်ထားတာကို ရေးချင်သလို ရေးလိုက်တာပါ။ မှားတာတွေ့လည်း စေတနာရှေ့ထား ပြင်ပေးသွားကြပေါ့နော်။း))

Expand..

Monday, May 24, 2010

အခုတလော ဒါမျိုးတွေ ခေတ်စားနေတယ်


လူသားတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြသတဲ့။ လျှို့ဝှက်ချက်ကို သိလျှင် အံ့သြသွားပါလိမ့်မည်။ ထိုမျှော်လင့်ချက် ဟူသည် သူတပါး၏ မျှော်လင့်ချက်များ ဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော် လူရာဝင်၊ လူဝင်ဆန့်၊ လူတန်းစေ့၊ လူ့ဘောင်၊ လူမှုရေး၊ လူ့ဂုဏ်သိက္ခာ စသည့် သတ်မှတ်ချက်များအောက်တွင် ကိုယ်မဟုတ်သော အခြားသူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်ရန် လူတို့သည် ကျိုးနွံစွာ နေထိုင်ကြလေသည်။ လူ ဟူသည့်စကားလုံး မပါသော အခြား မျှော်လင့်ချက်များမှာ ခေတ်မီ၊ ခေတ်ပေါ်၊ ခေတ်ပြိုင်၊ ခေတ်ကျန်၊ စတိုင်၊ ဖက်ရှင်၊ စတန့် စသည်တို့ဖြစ်ကောင်းဖြစ်မည်။ ခေတ်မီနည်းပညာများ ထွန်းကားလာသောအခါ ကမ္ဘာကြီးသည် ရွာကြီးဖြစ်လာခဲ့ပြီ။ ကမ္ဘာဟာ ရွာမဖြစ်ခင်ကတော့ တော ပါပဲ။ တောထဲမှာ ဒါဝင်က မျောက်မျိုးစေ့တွေ ကြဲချလိုက်သည်။ လူတွေ လက်ဆော့ခြေဆော့ ဖြစ်လာသောအခါ ခရစ္စတိုဖာကိုလံဘတ်စ်က ကမ္ဘာလုံးလုံးပေါ်မှာ လိမ့်ရင်း အမေရိကကို တွေ့ရှိသွားသည်။ ကမ္ဘာသည် ကမ္ဘာဆန်ဆန် ဖြစ်လာပြန်တော့ (ကမ္ဘာဟာ ကမ္ဘာမဆန်လို့ ဘာဆန်ရမှာလဲ) ဂျိုးဇက်စတီးဂလစ်ဇ်က အစာမကြေမှုတွေကို ဖွင့်ချလိုက်သည်။ သောမတ်စ်ဖရီးမင်းကလည်း ကမ္ဘာကို တူဖြင့်ထုလိုက်သည်။ အိုင်စတိုင်းကတော့ ကမ္ဘာကြီး အန္တရာယ်ရှိလာတာ အန္တရာယ်ရှိအောင် လုပ်သူတွေကြောင့်သာ မကဘူး၊ ထိုင်ကြည့်နေပြီး ဘာမှမလုပ်သူတွေကြောင့်ပါ ဖြစ်တယ် ဟု စွပ်စွဲခဲ့ပါသည်။ (ထိုစကားက ကျွန်ုပ်တို့ကို ထိုင်ရမလို ထရမလို မိုးတိုးမတ်တတ် ဖြစ်စေသည်။) စတီဖင်ဟော့ကင်းက ကမ္ဘာ့အပြင်မှ ဂြိုလ်သားများက နှုတ်ဆက်လာလျှင် မသိကျိုးကျွံပြုရန် အကြုံပြုလာသည်။ သို့ဖြင့် ကမ္ဘာသည် အထီးကျန်ပြီးရင်း ကျန်ရင်းဖြစ်သည်။ အထီးကျန်ကမ္ဘာတွင် ကြည်သောရေနှင့် နုသောမြက်တို့သည် လူတို့အတွက် မက်လုံးဖြစ်သည်။ ရေနောက် မြက်ခြောက် သွားသောအခါ အခြားရေကြည်ရာ မြက်နုရာသို့ ဆက်ထွက်သွားကြပြန်သည်။ တခါတလေတော့ ဟိုဘက်ခြံက မြက်က ပိုစိမ်းခြင်းသည် မျက်မှန်စိမ်းများ တပ်ကြည့်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကမ္ဘာကြီး စိမ်းလန်းစိုပြည်စေရန် သင့်ကြောင့် ရေမခန်းပါစေနှင့်။ ရွှေကိုမလို ရေကိုသာ လိုပါသည်။ ယခုရေးလိုက်သော စာကို ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်၊ ဒန်တံဆိပ်များ လာကပ်လျှင်တော့ ကျွန်ုပ်က အပြင်းအထန် ကန့်ကွက်ရမည် ဖြစ်သည်။

ပန်ဒိုရာ

Expand..

Sunday, May 23, 2010

Navy Open House 2010

စင်္ကာပူ ရေတပ်က အများပြည်သူအတွက် ၂၂ ကနေ ၂၃ မေ အထိ တံခါးဖွင့်လှစ်ပြီး ပြသထားတဲ့ Navy Open House 2010 ပွဲကို သွားကြည့်ဖြစ်ပါတယ်။ Expo ရထားမှတ်တိုင်ကနေ ပြပွဲကစီစဉ်ထားတဲ့ အခမဲ့ဘတ်စ်ကားကို မိနစ်၂၀လောက် ဆက်စီးပြီး Changi Naval Base ဆိုတဲ့နေရာကို သွားရပါတယ်။






အထက်က ပုံတွေကတော့ ဘတ်စ်ကားပေါ်မတက်မီ Expo မှာ ပြသထားတာ ဖြစ်ပါတယ်။




Changi Naval Base ကို ရောက်ပါပြီ။ လမ်းမှာတော့ ရေဆိုးကနေ ရေသန့်ကို ထုတ်တဲ့စက်ရုံတို့ဘာတို့ ဖြတ်ခဲ့ရပါတယ်။





ဒီပုံတွေက ကုန်းပေါ်မှာ ပြသထားတာဖြစ်ပါတယ်။




အခုရေထဲက တက်လာနေတဲ့ ယာဉ်က ကုန်းပေါ်မှာရော ရေထဲမှာပါ သွားလို့ရတယ်။ Duck Tour ဆိုပြီး လူတွေကို တင်ပြီး ရေထဲမှာ ၃ ပတ်လောက် မောင်းပေးပါတယ်။ ဒါကို စီးဖို့ တန်းစီရတာတော့ အတော်ကြာတယ်။








ရွက်ဖျင်တဲကြီးတွေထဲမှာ ပြပွဲတွေ စီစဉ်ထားတယ်။ ရေယာဉ်နမူနာ အသေးစားလေးတွေ လက်နက်တွေ ရေတပ်သားတွေရဲ့ ၀တ်စုံမျိုးစုံ နမူနာတွေကို ပြထားပါတယ်။




သေနတ်ပစ် လေ့ကျင့်လို့လည်း ရပါတယ်။ ကလေး၊လူကြီး၊ကျား၊မ မရွေး ၀င်စမ်းကြတယ်။ သေနတ်တွေက တော်တော်လေးသား။ တစ်ချက်ချင်းပစ်မလား။ အတွဲလိုက်ဆွဲမလား။ လေယာဉ်ကိုပစ်ချတဲ့ အကြီးစားတွေလည်း ပါတယ်။ လေ့ကျင့်တဲ့ဂိမ်းကတော့ စင်္ကာပူက ပိုလီကျောင်းတစ်ကျောင်းက ရေးထားတဲ့ software လို့ပြောပါတယ်။ ပထမဆုံးအကြိမ် အဲဒီလောက် သေနတ်အကြီးကြီး ကိုင်ကြည့်ဖူးခြင်းပဲ။ ပစ်သမျှ ထိတာများတယ်လို့ ထင်မိပေမယ့် မပစ်ရမယ့် ဟာတွေကိုပါ ပစ်မိလို့လားမသိဘူး။ အမှတ်ထွက်လာတော့ တော်တော်နည်းတယ်။ လက်ရုံးရည်နဲ့ ပြည့်စုံချင်ရင် လေ့ကျင့်ဖို့ လိုသေးတယ် ပြောရမယ်။ :P






ကလေးတွေကစားဖို့ ပျော်စရာရွှင်စရာတွေ ဖန်တီးထားတဲ့ တဲတစ်တဲရှိပါတယ်။ အားကျလာပြီး ဓာတ်ပုံအရိုက်ခံကြတဲ့ အနာဂတ်ရဲ့ သားကောင်းကလေးတွေကိုလည်း တွေ့မိပါတယ်။




ဒီသင်္ဘောက patrol လှည့်တာလို့ ပြောပါတယ်။



အခုလှမ်းမြင်ရတဲ့ သင်္ဘောထဲမှာက ရှင်းပြနေတဲ့သူရှိတယ်။ မဲပေါက်တဲ့သူတွေပဲ ၀င်ရတယ်။ လူဦးရေကို ကန့်သတ်တဲ့အတွက်လို့ ထင်ပါတယ်။ အထူးအစီအစဉ်တွေက ကံစမ်းမဲပေါက်သူတွေပဲ သွားလို့ရပါတယ်။ မဲထည့်ထားပြီးရင် ပေါက်တဲ့အခါ သူတို့က ဖုန်းနဲ့ဆက်သွယ်ပါတယ်။ တစ်ခုမှ မပေါက်ခဲ့ပါ။




ဒီသင်္ဘောကတော့ carrier လို့ဆိုတယ်။ အဲဒီလိုသင်္ဘောမျိုး တစ်စီးအပေါ်ကို တက်ကြည့်ခဲ့ပါတယ်။




ဒီလိုတက်ပါတယ်။




သင်္ဘောပေါ်မှာ ပုစဉ်းတစ်ကောင် တင်ထားတယ်။ ကလေးတွေကတော့ တက်ကစားကြပါတယ်။




အပေါ်ကို ဆက်တက်တော့ ဒီဟာကို တွေ့ရတယ်။



ဒါက သင်္ဘောဦးကနေ ရှေ့ဘက် ကိုလှမ်းကြည့်တဲ့ မြင်ကွင်းပါ။





စက်တွေ ထိန်းချုပ်မှု စနစ်တွေ။




သင်္ဘောအတွင်းဘက်ကို လျှောက်သွားကြည့်ပါတယ်။ ဒါကတော့ နံရံမှာ ချိတ်ဆွဲထားတဲ့ ဆုတံဆိပ်တွေကို ရိုက်လာတာ။




ဒါက ရေတပ်သားတွေရဲ့ အနားယူခန်း။ တခြားနေရာတွေကိုလည်း တွေ့ခဲ့ပါတယ်။ မီးဖိုချောင်၊ ထမင်းစားခန်း၊ အိပ်စင် စသည်ဖြင့်ပေါ့။ လှေခါးမတ်စောက်စောက် ကျဉ်းကျဉ်းလေးတွေကို ဆင်းရတာ အသည်းယားစရာပဲ။




ဒီအသေးလေးက သင်္ဘောဗိုက်ထဲမှာပါ။



ဒါက သင်္ဘောအသေးလေး စီးဖို့ လူတွေစောင့်နေကြတာ။ ကိုယ်တိုင်ကတော့ Duck Tour မှာ စီးခဲ့ပြီမို့ ထပ်မစီးခဲ့တော့ဘူး။



ဗိုက်ထဲကနေ ဒီကို ထွက်သွားမှာပါ။

ဒီလောက်ပါပဲ။ ကိုယ့်လို မမြင်ဖူးသူတွေ ကြည့်ရအောင် ဓာတ်ပုံအချို့ကို ဝေမျှလိုက်တာပါ။ ၂၃ ရက်နေ့အထိ ဆိုတော့ အခုတနင်္ဂနွေအထိ ရှိပါတယ်။ မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ တဲ့။ အထူးသဖြင့် ကလေးတွေကို လိုက်ပြသင့်တဲ့ show လို့ ထင်မိပါတယ်။

ပန်ဒိုရာ



Expand..

Tuesday, May 18, 2010

The story of Pandora's life A to Z

စာရေးချင်စိတ်တွေ ပါးလျနေတဲ့အချိန်မှာ မနော်က ရေးခိုင်းလာတော့ မနော်ကို ချစ်ခြင်းများစွာနဲ့ ရေးလိုက်ပါတယ်။ ကျေးဇူးပါ မ, ရေ။ (မပြီးသေးတဲ့ ပုံလေးတစ်ပုံပါ အတူတင်လိုက်ပါတယ်။)



Alpha
Suppose this is the beginning of my life. Let’s see what’s next!

Body
I cannot exist without it. But isn’t it a burden too?

Curiosity
This is how I came to know about this world.

Duty
Oh, no! Knowing too much isn’t good too? Can I avoid it?

Ecstasy
Well, once duties are dutifully done, there can be a little reason why I should still enjoy life. But not all the time.

Flexibility
Need a bit of control in life. Without it, I will hardly survive.

Good will
This is more than control matters. It appears that I need to develop it, but how?

Hardship
There are circumstances we have to face anyway. Hope that the strong wind is to strengthen the soft wings.

Identity
A question wakes me up on my way. Yes, who am I?

Jealousy
I have to admit that this green-eyed monster is everywhere. Well, at least I’ll try to keep it inside and won’t blow it out.

Kindness
I am touched by the way you treat me. Hope you are the same. How do we name this feeling?

Love
Uh! Is it?

Mother
This is the shoulder I can cry on.

Nothingness
I exist merely because I don’t exist beyond.

Occupation
Many people talk about it. I know that it’s bringing me to where I wanna be, but the maintenance of it is something costly. Can I stay without it?

Poetry (and Pandori, of coz)
This is the heart I can rely on.

Queen
Excuse me! This is what I never aim to become.

Rural
~~~ Flowers & trees, a crystal clear stream flowing, thatched-roof huts, squirrels playing & eating nuts ~~~
I have wanted to spend my old age there.


Sea
My favourite place for relaxation. Metaphorical meanings of life are discovered there.

Truth
I think we are born to look for it. I’ve heard that it’s bitter. Well, I’m not so sure.

Universe
It reminds me of how small our world is. So are our ambitions.

Venus
Being a woman (unavoidably), it influences me at times. (I’d rather say “disturbs me”.)

War
Can we stop it? Or can we try to stop it? Is it part and parcel of human lives?

Xanadu
This place was mentioned in Coleridge’s Kubla Khan. Wanna be there, huh? Sometimes, it is good to imagine things.

You
You seem to be even more important than me in my life. How can I be “I” without “you”?

Zero
We always exit unfinished. And unfinished tasks may be as good as zero at the end of the day. Now, this may be the destination of my journey. OK. You may go home too.


ပန်ဒိုရာ


Expand..

Sunday, May 16, 2010

နတ္ထိရဲ့ ကဗျာဗေဒ

ကဗျာ ဆိုတဲ့ ဝေါဟာရရဲ့ ပါဠိ အနက်နဲ့ ပတ်သက်လို့ စပ်စုခဲ့ဖူးပါတယ်။ ဘလော့ဂ်ထဲက မိတ်ဆွေ ကိုနတ္ထိက အခုလို ရှင်းပြခဲ့ဖူးတယ်။ ကိုနတ်ရဲ့ ဘလော့ဂ်က လူသူအရောက်အပေါက်နည်းတဲ့ တောရကျောင်းကြီးလို ဖြစ်နေတာမို့ မဖတ်ဖြစ်ခဲ့သူတွေ ဖတ်နိုင်အောင် ဒီဘက်မှာ ပြန်တင်လိုက်တာပါ။

အမေး - ပန်ဒိုရာ၊ စင်္ကာပူရ။ ၄ ဂျွန် ၂၀၀၇။

အခြေခံက စမေးတာပဲ ကောင်းမှာပါ။
ကာဝိယ ၊ ကာဝေယျ ၊ ကဗ္ဗ၊ ကာဗျ အဓိပ္ပါယ် အသီးသီးကို ရှင်းပြပေးပါနော်။
က၀ီနံ ဣမံ ကဗျံ ယံဂီတန္တိ ၀ုစ္စတိ
က၀ိမှီ ဘ၀ံ ကဗျံ က၀ီနံ အယံ ၀ါ ကဗျာ
အဲဒါတွေ က ဘယ်ကျမ်းက လာတာလဲ။ တခြား ဖွင့်ဆိုထားတာတွေ ရှိသေးရင်လည်း သိချင်ပါတယ်။


အဖြေ - နတ္ထိ ၊ အိန္ဒိယ။ ၅ ဂျွန် ၂၀၀၇။


နတ္ထိရဲ့ ကဗျာဗေဒ


ပန်ဒိုရာ က ကဗျာဆိုတဲ့ စကားလုံးရဲ့ အနေအထားလေးတွေကို သိချင်တယ်လို့ ကွန့်မန့် ထဲမှာ ပြောသွားလို့ ကိုယ်လဲ စပ်စပ်စုစုနဲ့ စမ်းတ၀ါးဝါး လေ့လာကြည့်လိုက်တယ်။ အဓိကအနေနဲ့ ပါဠိစာပေကို အခြေခံပြီး ကိုးကားချက်လေးတွေ စုစည်းထားပါတယ်။

သဒ္ဒါကျမ်းများ၏ အဆို

ပုဂံခေတ်က ရေးခဲ့တဲ့ သဒ္ဒနီတိသဒ္ဒါကျမ်းက အဆိုအမိန့်လေးကို ဒီနေရာမှာ သက်ဆိုင်တယ်လို့ ထင်ပြီး ကိုးကားချင်တယ်။

မနောဟရတာယ အ၀ဿံ ကုယျတိ ပဏ္ဍိတေဟီတိ ကဗ္ဗံ။ ကာဝိယံ။ ကာဝေယျံ။

စိတ်မနောကို စွဲငြိတတ်လို့ မလွဲမမှားအောင် ပညာရှိတို့ ရွတ်ဖတ်ရသည်။
ထို့ကြောင့် ကဗ္ဗ-ကဗျာ ဟု ခေါ်၏။
ကာဝိယ, ကာဝေယျ လည်း ထို့အတူ ဖြစ်၏။

အညတြ ပန က၀ီနံ ဣဒန္တိ ကဗ္ဗန္တိ တဒ္ဓိတ၀သေန အတ္ထော ဂဟေတဗ္ဗော။

တခြားသောနေရာ၌ “ကဗျာဆရာတို့၏ ဥစ္စာသည်” “ကဗ္ဗ-ကဗျာ” ဖြစ်၏ ဟု သဒ္ဒါသဘောအရ အဓိပ္ပါယ်ကို မှတ်ယူရ၏။

ကေစိ တု ကာဗျန္တိ သဒ္ဒရူပံ ဣစ္ဆန္တိ၊

တစ်ချို့က “ကာဗျ” ဟူသည့် ပုဒ်ကို ကြိုက်ကြ၏။

န တံ ပါဝစနေ ပမာဏံ သက္ကဋဘာသာဘာဝတော။

ဤပုဒ်သည် သက္ကဋဘာသာစကားဖြစ်၍ ဗုဒ္ဓဒေသနာတော်၌ အရေးမပါ။

သက္ကဋဘာသာတောပိ ဟိ အာစရိယာ နယံ ဂဏှန္တိ။

သို့သော် ဆရာတို့သည် သက္ကဋဘာသာစကားမှလည်း နည်းစနစ်ကို ရယူကြသည်။

လန်ဒန်က Pali Text Societyက ထုတ်တဲ့ Pali English dictionary ကတော့ ဒီလို ဆိုထားတယ်….

ကာေ၀ယ်….(1) poetry, the making of poems, poetry as business, one of the forbidden occupations
(2) Poetry, song, poem.

ကဗၺ…a poem, potential composition, song

ကဗ်=ကဗၺ…alankara composing in beautiful verses, a beautiful poem

ဒါဆိုရင် ကာဝိယ ၊ ကာဝေယျ ၊ ကဗ္ဗ၊ ကာဗျ အဓိပ္ပါယ် အသီးသီး ရှင်းသွားပါပြီနော်။

က၀ီနံ ဣမံ ကဗျံ ယံ ဂီတန္တိ ၀ုစ္စတိ

“ကဗျာဆရာတို့ရဲ့ ဥစ္စာသည် ကဗျ” မည်၏။ “သီချင်း” ဟု ခေါ်၏။

က၀ိမှိ ဘ၀ံ ကဗျံ က၀ီနံ အယံ ၀ါ ကဗျာ

ကဗျာဆရာ၌ ဖြစ်ပေါ်၏။ထို့ကြောင့် “ကဗျ” ဟု ခေါ်၏။
တနည်းအားဖြင့် ဆိုရလျှင် ကဗျာဆရာတို့၏ ဖန်တီးမှုသည် ကဗျာ ဟု ခေါ်၏။

ဒီစကားတွေကိုတော့ အကုန်လုံး မတွေ့ဖူးဘူး။ က၀ိမှိ ဘ၀ံ ကဗျံ ဆိုတဲ့ စကားလေးကိုပဲ ရူပသိဒ္ဓိလို့ ခေါ်တဲ့ သီရိလင်္ကာသဒ္ဒါကျမ်းမှာ တွေ့မိတယ်။ အခု လက်ထဲမှာ အလွယ်တကူ ရှိနေတဲ့ သဒ္ဒါကျမ်းတွေကိုပဲ ကြည့်နိုင်တယ်။ မြန်မာပြည်မှာလို စာအုပ်စုံစုံ ရှိရင်တော့ ပိုပြီး ပြောနိုင်မလားပဲဗျာ။


ပိဋကတ်တော်၏ အဆို

ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ္ဂ ဗြဟ္မဇာလသုတ် မဟာသီလအဖွင့်မှာ ဒီလို ပြောတယ်။

ယထာ ၀ါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧ၀ရူပါယ တိရစ္ဆာန၀ိဇ္ဇာယ မိစ္ဆာဇီဝေန ဇီဝိတံ ကပ္ပေန္တိ၊ …….ကာဝေယျံ၊ ……. ဣတိ ၀ါ ဣတိ ဧ၀ရူပါယ တိရစ္ဆာန၀ိဇ္ဇာယ မိစ္ဆာဇီဝါ ပဋိဝိရတော သမဏော ဂေါတမောတိ။

ရဟန်းပုဏ္ဏားတို့သည် သဒ္ဓါတရားဖြင့် ပေးလှူထားသော ဘောဇဉ်တို့ကို သုံးဆောင်ရင်း ………………………….. တိရိစ္ဆာန် အတတ်ပညာများဖြင့် ယုတ်မာစွာ ရှင်သန်ကြ၏။ ဗုဒ္ဓသည် ၄င်းတို့ကို ဘယ်တော့မှ မလုပ်။
အဲဒီထဲမှာ ကာဝေယျပါတယ်။ သီချင်းကဗျာရေးဖွဲ့ခြင်း။

ဒီပါဠိကို ဖွင့်ဆိုတဲ့ အဖွင့်ကျမ်းကတော့ ကာဝေယျမှာ က၀ိ လေးမျိုး ပြထားတယ်။

ကာဝေယျန္တိ စတ္တာရောမေ၊ ဘိက္ခဝေ၊ က၀ီ။ ကတမေ စတ္တာရော။ စိန္တာက၀ိ၊ သုတက၀ိ၊ အတ္ထက၀ိ၊ ပဋိဘာနက၀ီတိ…….ဇီဝကတ္ထာယ ကဗျကရဏံ။

ကိုယ်တိုင် ကြံစည်ပြီး ရေးတဲ့ ကဗျာဆရာ
ပြောတာ ကြားပြီး ရေးတဲ့ ကဗျာဆရာ
အဓိပ္ပါယ်ကို ရေးတဲ့ ကဗျာဆရာ
အကြောင်းညီညွတ်တဲ့ခါ ဖြတ်ထိုးဉာဏ်နဲ့ ရေးတဲ့ ကဗျာဆရာ
ပြီးတော့မှ ကာဝေယျကို အဓိပ္ပါယ် ရှုင်းပြတယ်။
အသက်မွေးဝမ်းကြောင်းအတွက် ကဗျာရေးတာပါတဲ့။

သံယုတ္တနိကာယ် သဂါထာဝဂ္ဂ မာရသံယုတ် ဒုတိယ၀ဂ္ဂ သကလိကသုတ်မှာ မာရ်နတ်က ဗုဒ္ဓကို ဒီလို မေးတယ်….

မန္ဒိယာ နု ခေါ သေသိ ဥဒါဟု ကာဝေယျမတ္တော၊
အတ္ထာ နု တေ သမ္ပစုရာ န သန္တိ။
ဧကော ၀ိဝိတ္တေ သယနာသနမှိ၊
နိဒ္ဒါမုခေါ ကိမိဒံ သောပ္ပသေ ၀ါတိ။

တွေဝေငေးမောလျက် အိပ်နေသလား။ ဒါမှမဟုတ် ကဗျာဆရာတစ်ယောက်လို ကဗျာရေးဖွဲ့တာ မြတ်နိုးနေသလား။ နိဗ္ဗာနဓါတ် သင့်မှာ ကောင်းကောင်း ရှိပုံ မရ။ ဆိတ်ငြိမ်ရာအရပ်မှာ တစ်ယောက်ထဲ အိပ်ရာထဲမှာ အိပ်နေလို့ ဘာလုပ်မှာလဲ။

ဗုဒ္ဓက ဒီလို ဖြေတယ်….

န မႏၵိယာ သယာမိ နာပိ ကာေ၀ယ်မေတၱာ၊
အတ္ထံ သမေစ္စာဟမပေတသောကော။
ဧကော ၀ိဝိတ္တေ သယနာသနမှိ၊
သယာမဟံ သဗ္ဗဘူတာနုကမ္ပီ။

တွေဝေငေးမောပြီး မအိပ်ပါ။ ဒါမှမဟုတ် ကဗျာရေးဖွဲ့တာကို မြတ်နိုးမှု မရှိပါ။ နိဗ္ဗာနဓါတ်ကို သက်ဝင်ပြီး သောက ကင်းကင်းနဲ့ ဆိတ်ငြိမ်ရာမှာ တစ်ယောက်ထဲ သတ္တ၀ါအားလုံးအပေါ် ကြင်နာသနားလျက် အိပ်ရာထဲမှာ ငါ လဲလျောင်းနေတာပါ။

နောက်တစ်ခုက သံယုတ္တနိကာယ်ထဲကပဲ ၀င်္ဂီသ သံယုတ် ၀င်္ဂီသသုတ်ထဲမှာ အရှင်ဝင်္ဂီသရဲ့ စကားလေးတွေ….

ကာဝေယျမတ္တာ ၀ိစရိမှ ပုဗ္ဗေ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
အထဒ္ဒသာမ သမ္ဗုဒ္ဓံ၊ သဒ္ဓါ နော ဥပပဇ္ဇထ။

ဟိုတုန်းကတော့ သီချင်းကဗျာရေးဖွဲ့တာကို မြတ်မြတ်နိုးနိုးနဲ့ တစ်ရွာပြီးတစ်ရွာ တစ်မြို့ပြီးတစ်မြို့ လှည့်လည်ခဲ့တယ်။ အဲဒီလိုနဲ့ ဗုဒ္ဓကို ဖူးတွေ့ရတော့ ယုံကြည်သက်ဝင်မှု ဖြစ်လာတယ်။

သံယုတ္တနိကာယ် နိဒါန၀ဂ္ဂ သြပမသံယုတ် အာဏိသုတ်မှာတော့…

ယေ ပန တေ သုတ္တန္တာ က၀ိကတာ ကာဝေယျာ စိတ္တက္ခရာ စိတ္တဗျဉ္ဇနာ ဗာဟိရကာ သာဝကဘာသိတာ၊ တေသု ဘညမာနေသု သုဿူသိဿန္တိ၊

ကဗျာဆရာတို့ စီရင်ဖန်တီးထားသော ဆန်းကြယ်သော ဗျည်းအက္ခရာရှိသော သာသနာတော်၏ အပြင်ပဖြစ်သော တခြားသော တပည့်များ ပြောကြားသော သုတ်များကို နားထောင်ကြလိမ့်မည်။

အင်္ဂုတ္တရနိကာယ ဒုကနိပါတ ပဌမပဏ္ဏသတ သမစိတ္တ၀ဂ်မှာ ဆိုထားတဲ့
ယေ ပန တေ သုတ္တန္တာ က၀ိကတာ ကာဝေယျာ စိတ္တက္ခရာ စိတ္တဗျဉ္ဇနာ ဗာဟိရကာ သာဝကဘာသိတာ၊ တေသု ဘညမာနေသု သုဿူသိဿန္တိ၊” စကားရပ်မှာ ပါတဲ့ “က၀ိတာ” ကို ဒီပါဠိရဲ့ အဖွင့်ကျမ်းက…

က၀ိတာတိ က၀ီဟိ ကတာ။ ဣတရံ တေဿဝေ၀၀စနံ။

က၀ိတာ ဆိုတာဟာ ကဗျာဆရာတို့ စီရင်ထားသော ကဗျာသီချင်း။ နောက်တစ်ပုဒ်ဖြစ်တဲ့ “ကာဝေယျ” ဒီ က၀ိတာနဲ့ တူတူပဲ။

အဲဒီ အဖွင့်ကျမ်းကို ထပ်ဖွင့်တဲ့ ကျမ်းက ဒီလို ပြောတယ်…

ဣတရန္တိ ကာဝေယျာတိ ပဒံ၊ ကာဗျန္တိ ၀ုတ္တံ ဟောတိ။ ကာဗျန္တိ စ က၀ိနာ ၀ုတ္တန္တိ အတ္ထော။ တေနာဟ တေဿဝေ၀၀စနံ။

နောက်တစ်ပုဒ်ဆိုတဲ့ စကားက ကာဝေယျကို ပြောတာပါ။ ကာဗျလို့ ဆိုလိုတယ်။ ကဗျာဆရာတို့ ရွတ်ဆိုသော ကဗျာသီချင်းလို့ အဓိပ္ပါယ်ရတယ်။

ခုဒ္ဒကနိကာယ် ဥဒါနပါဠိ နန္ဒ၀ဂ္ဂ သိပ္ပသုတ်မှာလဲ ဒီလို ဆိုထားသေးတယ်….
ရဟန်းတွေ အချင်းချင်း မေးကြမြန်းကြတဲ့အခါ အတတ်ပညာတွေထဲမှာ ဘယ်အတတ်ပညာက အမြင့်ဆုံးလဲလို့ မေးခွန်းကို တစ်ချို့က…

ကာေ၀ယ်သိပၸံ သိပၸါနံ အဂၢံ။

သီချင်းကဗျာရေးးဖွဲ့ခြင်းအတတ်ပညာသည် အမြင့်ဆုံး လို့ ဖြေကြတယ်။

ဒီစကားတွေကို ဗုဒ္ဓကို လျှောက်ထားကြတော့ ဗုဒ္ဓက ပြတ်ပြတ်ပဲ ပြန်ပြောတယ်။

န ခွေတံ၊ ဘိက္ခဝေ၊ တုမှာကံ ပတိရူပံ ကုလပုတ္တာနံ သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာနံ ယံ တုမှေ ဧ၀ရူပိံ ကထံ ကထေယျာထ။ သန္နိပတိတာနံ ဝေါ၊ ဘိက္ခဝေ၊ ဒွယံ ကရဏီယံ ဓမ္မီ ၀ါ ကထာ အရိယော ၀ါ တုဏှီဘာဝေါတိ။

ရဟန်းတို့ ယုံကြည်သက်ဝင်မှုဖြင့် အိမ်ရာစွန့်ပြီး ရဟန်းဝတ်လာတဲ့ အမျိုးကောင်းသားတွေ အတွက် ဒီစကားမျိုး ပြောတာ မသင့်ပါ။ ရဟန်းများ စည်းဝေးတဲ့အခါ အလုပ် နှစ်မျိုးပဲ လုပ်ရမယ်။ တရားစကား ပြောရင်ပြော။ ဒါမှမဟုတ် မြင့်မြတ်တဲ့ တိတ်တိတ်ဆိတ်ဆိတ် နေ။

ဆက်ပြောသေးတယ်…။

အသိပ္ပဇီဝီ လဟု အတ္ထကာမော၊
ယတိန္ဒြိယော သဗ္ဗဓိ ၀ိပ္ပမုတ္တော။

ရဟန်းဆိုတာ တပ်မက်မှုကို ပယ်ဖြတ်ပြီးလို့ ပစ္စည်းဥစ္စာတွေကို မစွဲလမ်းတော့ပဲ အတတ်ပညာ တစ်စုံတစ်ရာကိုမှ မှီခိုပြီး အသက်မွေးဝမ်းကြောင်း မလုပ်တော့ဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်ထားရှိတယ်။ ဣနြေ္ဒသိက္ခာကို စောင်းစည်းပြီး ဘ၀အားလုံးမှ လွတ်မြောက်သူ ဖြစ်တယ်။

အင်း….ပြောတာတွေ များသွားပြီ။ ရှုပ်နေလား မသိဘူးနော်။ ဒါတောင် လက်လှမ်းမမှီတဲ့ နေရာတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။ မပြည့်စုံတာကတော့ ကိုယ့်ရဲ့ လိုအပ်ချက်ပါ။ အတိုင်းအတာတစ်ခုအနေနဲ့ နားလည်ပေးမယ်ဆိုရင်တော့ ၀မ်းသာမိမှာပါ။


Expand..

Sunday, May 9, 2010

သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁) ထဲက ပျံသန်းမှုတွေ


ရေကာတာတွေဆောက်လို့လား၊ ရေအားလျှပ်စစ်စက်ရုံတွေကြောင့်လား၊ သံလွင်ရေစီးက ဒီတစ်ခေါက်တော့ နည်းနည်းနှေးသွားတယ်။း) ဘယ်လိုပဲဖြစ်ဖြစ် ဇန်န၀ါရီလ ကတည်းက ထွက်ဖို့ စိုင်းပြင်းခဲ့တဲ့ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ(၄) အမှတ်(၁)ကို ဒီနေ့ကစပြီး ဖြန့်ချိလိုက်ပါပြီ။ အကျင့်ပျက်ခြစားမှုတွေ အကြောင်းကို အထူးပြု ဖော်ပြထားတဲ့ မဂ္ဂဇင်းမှာ ခြစားမှုနဲ့ ပတ်သက်တဲ့ ဘာသာပြန်အင်တာဗျုး၊ ဆောင်းပါးတွေနဲ့အတူ နေဘုန်းလတ်ရဲ့ ကဗျာတစ်ပုဒ်နဲ့ ပေးစာကိုလည်း ဖတ်ရမှာပါ။

ပန်ဒိုရာ ရေးထားတဲ့ အတောင်မပါသောပျံသန်းမှုများ ဆိုတဲ့ ၀တ္ထုတိုတစ်ပုဒ်ကိုလည်း ဖေါ်ပြထားပါတယ်။ ဘလော့ဂ်မှာ မတင်ရသေးတဲ့ အသစ်ဖြစ်ပါတယ်။ ဘလော့ဂ်ထဲမှာ ခုတလော ၀တ္ထု ကဗျာ အသစ်မတင်ဖြစ်တာမို့ အသစ်ဖတ်ချင်နေသူတွေရှိရင် အဲဒါလေးပဲ သွားဖတ်လိုက်ကြပါနော်။ :)

...........................

အတောင်မပါသောပျံသန်းမှုများ

သူတို့ ပြန်လာတော့မည်..တဲ့။ ရိုးရိုးသားသားပြောရလျှင် ဒီသတင်းကို ကြားတော့ ကျွန်တော့်ရင်ထဲမှာ လှိုက်ခနဲ လှုပ်ခတ်ပျော်ရွှင်မိတာ အမှန်ပါ။ ခဏပေါ့။ သူတို့ပြန်လာကြမယ်ပေါ့။ သူတို့ မိဘဆွေမျိုး သူငယ်ချင်းတွေ (ကျွန်တော့်ကို အပါအ၀င်) တွေ့ကြဆုံကြမှာပေါ့။ ပြီးတော့ ဒီကို ရောက်တုန်းရောက်ခိုက် ခါတိုင်း ပြန်လာလျှင်လည်း အော်ဟစ်နေကြသလို ဟိုဟာတန်တယ် ဒီဟာ တန်တယ်နဲ့ သူတို့ ရှာထားသမျှတွေထဲကနေ အပျော် သုံးသွားကြဦးမှာပေါ့။ သူတို့အားလုံး တသွေးတမွေး တောက်ပြောင် နေကြမှာပါ။

သူတို့ရောက်တော့ ကျွန်တော် သောင်တင်နေသည့် မြို့တော်ဟောင်းကြီးမှာ ခဏနားပြီး ဇာတိမြို့ကလေးဆီကို အတူ ပြန်လာခဲ့ကြတာ တစ်ခရီးတည်းပါပဲ။ ခေါင်းခန်း၊ ဘေးထိုင်ခုံတန်း၊ နောက်မှီမပါတဲ့ အလယ်ထိုးထိုင်ခုံ၊ သည်လိုတွေ ခွဲခြားထားတဲ့ အဆင့်အတန်းတွေ ရှိနေပေမယ့်လည်း ဘတ်စ် ကားအိုကြီး တစ်စီးတည်းရဲ့ တစ်မိုးထဲအောက်မှာပါပဲ။ ညဘက်မောင်းတဲ့ကားနဲ့ သွားတဲ့ခရီးမို့ လူးလိမ့်ငိုက်မျဉ်းရင်း ဇော်ပိုင်ရဲ့ “မြို့အ၀င်ည” သီချင်းလေးကို အားလုံး သတိရနေကြမှာလည်း အတူတူဖြစ်မှာပါပဲ။ ဟိုးတချိန်ကတော့ ကျောင်းပိတ်လို့ အိမ်ပြန်ချိန် ဒီလိုခရီးမျိုးတွေမှာ အဝေးပြေးလမ်းမပေါ် ပြေးလွှားနေတဲ့ ကားစက်သံနဲ့အတူ အဲဒီသီချင်းကို သံပြိုင် အော်ဆိုကြရင်း ရင်ခုန်သံတွေ စည်းဝါးညီခဲ့ဖူးသည်။ အခုတော့ ကျွန်တော့်ရင်ခွင်က သူတို့လို ပူနွေးတုန်ယင်နေမှာ မဟုတ်တော့တာ သေချာလှသည်။

ဆက်ဖတ်ရန် ဒီကို သွားပါ။

Expand..

Tuesday, May 4, 2010

ပိတောက်ပွင့်သစ်ထဲက ဒိုင်ယာရီ




ဧပြီလက ထုတ်တဲ့ ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှာ ပန်ဒိုရာရေးခဲ့တဲ့ ဒိုင်ယာရီ ဆိုတဲ့ ၀တ္ထုလေးတစ်ပုဒ် ဖော်ပြခံရပါတယ်။ အပြင်မဂ္ဂဇင်းတွေကို ပထမဆုံး ပေးပို့ဖူးခြင်း ဖြစ်ပါတယ် (ကျောင်းတုန်းက တက္ကသိုလ်မဂ္ဂဇင်းကလွဲလို့)။ အခုလို ကိုယ့်စာလေးကို ပုံနှိပ်စာလုံးအနေနဲ့ မြင်ရတော့လည်း ပျော်စရာကောင်းတာပေါ့။ စင်္ကာပူကလူတွေ စာအုပ်ကို ၀ယ်ယူအားပေးချင်ရင်တော့ မအိန္ဒြာနဲ့ ဆက်သွယ်ကြပါ။း)

၂၀၀၈ ခုနှစ်က ဒီဘလော့ဂ်မှာ တင်ဖူးတဲ့ ၀တ္ထု ဖြစ်ပါတယ်။ ပြန်ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာကို သွားပါနော်။

Expand..

Sunday, May 2, 2010

ရေပွက်ကလေးတစ်ပွက်

မေလ ၂ ရက်က ကိုယ့်အတွက်တော့ မွေးနေ့ ဖြစ်ပေမယ့်လည်း လူအတော်များများ အတွက်တော့ လူတွေ သိန်းနဲ့ချီပြီး သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ နေ့အဖြစ် အမှတ်ရနေကြမှာပါ။ နာဂစ် တိုက်ခတ်ခဲ့တဲ့ ဒေသ ဆိုတာကလည်း ကိုယ့်ဘ၀အစိတ်အပိုင်း အတော်များများမှာ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် တတ်နိုင်သမျှတော့ အစွန်းတရားတွေနဲ့ ကင်းအောင် လူဆန်ဆန်လည်းဖြစ်အောင် နေဖြစ်ပါတယ်။ လူအများကြီး သေဆုံးဒုက္ခရောက်ကြတဲ့ နေ့မို့ အလွန်အကျွံ အပျော်တွေကို ဆင်ခြင်သင့်တာ ဖြစ်နိုင်ပေမယ့် ကိုယ့်မွေးနေ့ဖြစ်နေတာမို့ ၀မ်းနည်းခြင်း မီးတိုင်လေးနဲ့ အမြဲငြိမ်သက်နေဖို့လည်း မဖြစ်နိုင်ဘူးထင်ပါတယ်။ မွေးပေးထားခဲ့တဲ့ မိဘနှစ်ပါးနဲ့ ကိုယ့်ကို ချစ်ခင်သူတွေအတွက် ပျော်ရွှင်ဖွယ်ရာ ဖန်တီးရတဲ့ အချိန်ပိုင်းတွေလည်း ရှိနေမှာပါပဲ။

တဖက်ကကြည့်ရင်လည်း မွေးနေ့ဆိုတာဟာ ခမ်းခမ်းနားနား ကျင်းပနေစရာ အလိုအပ်ကြီး မဟုတ်တောင်မှ လူ့ဘ၀ကို စတင်ခဲ့တာ ဒီလောက်တောင် ကြာခဲ့ပြီ ဆိုတာကို အမှတ်ရစေတဲ့ နေ့ဖြစ်ပါတယ်။ ဒီလောက် အချိန်အကြာကြီးမှာ ကိုယ်ဟာ ဘာဖြစ်နေပြီလဲ၊ ဘာတွေ ကောင်းတာ ဆိုးတာ လုပ်ခဲ့လဲ ဆိုတာတွေကို ဆင်ခြင်စေပါတယ်။ အရာရာဟာ ကျေနပ်စရာ အတိ မဟုတ်နိုင်ပေမယ့် အောင်မြင်ပြီးမြောက်ခဲ့တဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကို အတိုင်းအတာတစ်ခုအထိတော့ အသိအမှတ်ပြု အားပေးဖြစ်ပါတယ်။ ရှေ့အတွက် ရည်မှန်းချက်တွေ ထားတဲ့အခါမှာလည်း ဖြစ်နိုင်ခြေတွေထဲမှာ မျှမျှတတ လက်တွေ့ကျစေဖို့ ကိုယ့်ကိုယ်ကို သတိပေးရပါသေးတယ်။ ဒီလိုနဲ့ပဲ ဖြတ်သန်းနေဆဲပါ။

Wikipedia မှာ မေ၂ လို့
ရိုက်ပြီးရှာကြည့်တော့ မေ၂ မှာဖြစ်ပွားခဲ့တဲ့ အထင်ကရဖြစ်ရပ်တွေ (နာဂစ်အပါအ၀င်)၊ မေ၂ မှာ မွေးတဲ့ ထင်ရှားသူတွေ (David Beckham အပါအ၀င် :)) နဲ့ မေ၂ မှာ သေဆုံးခဲ့တဲ့ ထင်ရှားသူတွေ ကို တွေ့ရပါတယ်။

ခါတိုင်းနှစ်တွေမှာ မွေးနေ့အချိန်ရောက်တိုင်း ရေးဖြစ်ခဲ့တဲ့ပို့စ်တွေကိုတော့ အောက်ကလင့်ခ်တွေမှာ ဖတ်လို့ရပါတယ်။

၂၀၀၉ မေ ၂

၂၀၀၈ မေ ၂

၂၀၀၇ မေ ၂



ဖြည့်စွက်ချက်။
ဒီနှစ်အတွက် အမှတ်တရ ကဗျာမရေးဖြစ်ပေမယ့် အစ်မတစ်ယောက် ရေးပို့လာတဲ့ ကဗျာလေးနဲ့ မွေးနေ့ကို အလှဆင်လိုက်ပါတယ်။

.................................
မွေးနေ့ဆုတောင်း

ဘ၀ဆိုတာ ...
ကာရန်ညီညီ
ထုဆစ်သီထားတဲ့
ကဗျာလေးတပုဒ်လေလား ... ။

ဘ၀ဆိုတာ ...
ဆေးရောင်လှလှ
စုတ်ချက်ကြွနဲ့
ချယ်သထားတဲ့ ပန်းချီကားတချပ်လေလား .... ။

ဘ၀ဆိုတာ ...
ကြည်မြသံချို
သီကြွေးဆိုတဲ့
တေးသီချင်း တပုဒ်လေလား ...
တခါတခါ စဉ်းစားမိတယ် ... ။

ညီမပြောသလို
ဘ၀ဆိုတာ ...
ရေပွက်လေးတပွက်
ပေါ်ပြီး တခဏ ပျက်ပေမဲ့
ဘ၀ထဲမှာ ကျင်လည်ရင်း
တေးသီချင်းလေးတွေ ဆိုလိုဆို
ကဗျာတွေကို သီလိုသီ
ပန်းချီတွေကို ဆွဲလိုဆွဲ
ကိုယ့်ဇွဲနဲ့ ကိုယ်သန်ရာ
အမှန်ကိုသာ ရည်မျှပါစေကြောင်း ...
ပန်ဒိုရာ ညီမကို ဆုတောင်းလိုက်ပါတယ်။

မေလ၂ ရက်
မွေးနေ့မှတ်တိုင်လေးများစွာ
မင်္ဂလာရှိစွာ ကြုံတွေ့ ကျော်ဖြတ်နိုင်ပါစေ ... ။
..............................



နှုတ်ဆက်ဆုတောင်းသူတွေရော ဆုမတောင်းဖြစ်သူတွေပါ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။း)

ပန်ဒိုရာ

Expand..